May 10, 2026 | မြန်မာ

အမှုန်အရှိန်မြှင့်စက်တွေကို အသုံးပြုပြီး အက်တမ်တွင်း အမှုန်တွေကို အလင်းလျင်နီးပါး ရရှိအောင် လုပ်ဆောင်နိုင်တဲ့ လူသားတွေဟာ ဘာကြောင့် အလင်းလျင်ကို မရောက်ရှိနိုင်ရတာလဲ။

အကယ်၍ သင်က စက်ဘီးတစ်စီးကို စီးနင်းနေတယ် ဆိုပါစို့။ သင့်အနေနဲ့ စက်ဘီးကို အားနည်းနည်းပဲ သုံးပြီး နင်းရင် ဖြေးဖြေးပဲ ရွေ့မှာဖြစ်ပြီး အားများများသုံးရင်တော့ မြန်မြန်ရွေ့လာမှာပါ။ ဒီလိုမျိုး သဘောတရားအတိုင်း အားကို လုံလောက်တဲ့အထိ ခပ်များများ အသုံးပြုပြီး အလင်းလျင်နားရောက်အောင် သွားဖို့ စိတ်ကူးဖူးပါသလား။ လူအများစုကတော့ ဒီလိုတွေးမိမှာ မဟုတ်ပါဘူး။ အကယ်၍ ဒီအခြေနေတိုင်း တွေးကြည့်ဖူးရင်တော့ စက်ဘီးကို အလင်းလျင်နားရောက်ဖို့ တားဆီးနေတဲ့ အချက်နှစ်ချက်ကို ဖော်ပြသွားပါမယ်။

Text size

အကယ်၍ သင်က စက်ဘီးတစ်စီးကို စီးနင်းနေတယ် ဆိုပါစို့။ သင့်အနေနဲ့ စက်ဘီးကို အားနည်းနည်းပဲ သုံးပြီး နင်းရင် ဖြေးဖြေးပဲ ရွေ့မှာဖြစ်ပြီး အားများများသုံးရင်တော့ မြန်မြန်ရွေ့လာမှာပါ။ ဒီလိုမျိုး သဘောတရားအတိုင်း အားကို လုံလောက်တဲ့အထိ ခပ်များများ အသုံးပြုပြီး အလင်းလျင်နားရောက်အောင် သွားဖို့ စိတ်ကူးဖူးပါသလား။ လူအများစုကတော့ ဒီလိုတွေးမိမှာ မဟုတ်ပါဘူး။ အကယ်၍ ဒီအခြေနေတိုင်း တွေးကြည့်ဖူးရင်တော့ စက်ဘီးကို အလင်းလျင်နားရောက်ဖို့ တားဆီးနေတဲ့ အချက်နှစ်ချက်ကို ဖော်ပြသွားပါမယ်။

ပထမအချက်ကတော့ နည်းပညာပါ။ ကျွန်တော်တို့မှာ အလင်းလျင်ဆီ ရောက်ဖို့ မဆိုလှနဲ့၊ အလင်းလျင်ရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလောက်ကို ရောက်ဖို့တောင် နည်းပညာက မတိုးတက်သေးပါဘူး။ အလင်းရဲ့ အလျင်က တစ်နာရီကို 1, 079, 252, 848.8 ကီလိုမီတာခန့် သွားနိုင်ပြီး လူလုပ် အမြန်ဆုံးပစ္စည်းဆိုလို့ နာဆာက ပြုလုပ်ထားတဲ့ တစ်နာရီကို ကီလိုမီတာ 700, 000 ခန့်သာ သွားနိုင်တဲ့ Solar Probe ပဲရှိပါတယ်။

ဒုတိယ အချက်ကတော့ ကျွန်တော်တို့မှာ နည်းပညာရှိနေရင်တောင် သွားလို့ မရအောင် တားဆီးနေပါလိမ့်အုံးမယ်။ ဒါကတော့ ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး Albert Einstein က အဆိုပြုထားတဲ့ တစ်ကမ္ဘာလုံး မသိသူမရှိကြတဲ့ E = mc^2 ဆိုတဲ့ ညီမျှခြင်းကနေ ဆင်းသက်လာတဲ့ ဒြပ်ထု-စွမ်းအင် အခြေတူ နိယာမပဲ ဖြစ်ပါတယ်။ ဒီညီမျှခြင်းရဲ့ ဘယ်ဘက်က E က စွမ်းအင်ကို ဆိုလိုပါတယ်။ ညာဘက်က m ကတော့ ဒြပ်ထုနဲ့ c ကတော့ သက်ရောက်မှု အခြေကိန်းသေ (အလင်းရဲ့ အလျင်လို့ လူသိများ) ဆိုပြီး အသီးသီးပဲ ဖြစ်ပါတယ်။ ဒီညီမျှခြင်းက ဘာကို ဆိုလိုချင်လဲဆိုတော့ အရာဝတ္ထုတစ်ခုမှာရှိတဲ့ စွမ်းအင်နဲ့ ဒြပ်ထုတို့ဟာ အထူးအခြေနေတွေမှာ တစ်ခုကနေ တစ်ခုဆီကို အသွင်ကူးပြောင်းနိုင်ပါတယ်။ အလျင်နဲ့ ရွေ့ခြင်းဟာလဲ အထူးအခြေနေမှာ ပါဝင်ပါတယ်။ ဒါကြောင့် သင်မြန်မြန်ရွေ့လေ သင့်ဒြပ်ထုက တိုးလာလေဖြစ်ပြီး တိုးလာတဲ့ ဒြပ်ထုကို ရွေ့နေစေဖို့ကလဲ စွမ်းအင်အမြောက်အများ လိုအပ်နေမှာပါ။ အကယ်၍ ဝတ္ထုရဲ့ အလျင်ဟာ အလင်းရဲ့ အလျင်ကို ရောက်သွားရင်တော့ ဒြပ်ထုပမာဏဟာ အနန္တအဖြစ် ရောက်ရှိသွားမှာဖြစ်ပြီး ဒြပ်ထုအနန္တကို ရွေ့ဖို့ကလဲ စွမ်းအင်အနန္တ လိုအပ်လာမှာပါ။ (ဒီအချက်ဟာ Relativity အကြောင်းပြောရင်း အေးဆေးဆွေးနွေးရမဲ့ အရာမို့ ဆက်လက်မဖော်ပြလိုပါဘူး။ ဒါပေမဲ့ စူးစမ်းလိုစိတ် ပြင်းပြနေရင်တော့ Relativistic Factor ဆိုတာကို လေ့လာကြည့်နိုင်ပါတယ်။)

ဒီလိုမျိုး ကန့်သတ်ချက်တွေ ရှိနေရဲ့သားနဲ့ ဘာကြောင့် အမှုန်အရှိန်မြှင့်စက်တွေဟာ အက်တမ်တွင်းက အမှုန်တွေကို အလင်းလျင်နီးပါး မြှင့်ပေးနိုင်ရသလဲဆိုတာ ဆက်လက်ဖော်ပြပါမယ်။ ပထမဆုံးအချက်အနေနဲ့ အက်တမ်တွင်း အမှုန်တွေရဲ့ အရွယ်ဟာ အလွန်သေးငယ်ပါတယ်။ ဥပမာအနေနဲ့ ပြရမယ်ဆိုရင် ပရိုတွန်ရဲ့ဒြပ်ဟာ 1.6×10^(-27) ဝန်းကျင်သာ ရှိပါတယ်။ ဒီလိုဒြပ်ပမာဏ သေးငယ်တာမို့ ဒြပ်ထု-စွမ်းအင် အခြေတူနိယာမရဲ့ သက်ရောက်မှုဟာ မပြောပလောက်စရာပါ။ ဒါကြောင့် စွမ်းအင်ပမာဏ အသင့်အတင့်ပေးရုံနဲ့ ပရိုတွန်ကို အလင်းလျင်နားထိ ရောက်အောင် တွန်းပို့နိုင်တာပါ။ နောက်တစ်ချက်ကတော့ အမှုန်အရှိန်မြှင့်စက်အတွင်းက အမှုန်တွေက လေဟာနယ်ထဲမှာ ရွေ့လျားတာပါ။ ဒီအချက်ကြောင့် အမှုန်ရှိန်မြှင့်စက်အတွင်းက အမှုန်တွေဟာ လေထုပွတ်တိုက်မှု မရှိဘဲ သွားနိုင်ကြပါတယ်။

အပေါ်က အချက်တွေကို ပြန်ချုံ့ရရင် နေ့စဉ်ဘဝထဲက ဝတ္ထုတွေကို အလင်းလျင်နီးပါး မမြှင့်နိုင်ရတဲ့ အချက်သုံးချက် ရှိပါတယ်။ ဝတ္ထုတွေရဲ့ ဒြပ်ပမာဏ များလွန်းခြင်း၊ အလျင်တက်လာလေ ဝတ္ထုရဲ့ ဒြပ်ပမာဏ များလာလေဖြစ်ခြင်းနဲ့ လေထုပွတ်မှုအားတွေကြောင့်ပါ။ ဒီလို ကန့်သတ်ချက်တွေကိုသာ ကျော်လွန်ပြီး အလင်းလျင်နီးပါး သွားလို့ရမဲ့ နည်းပညာသာ ပေါ်လာခဲ့ရင် သင့်အနေနဲ့ ပထမဦးဆုံး သွားမဲ့ နေရာက ဘယ်နေရာ ဖြစ်မလဲဆိုတာ ပြောပြသွားခဲ့ပါအုံး။

Article Credits

Written by Aung Bhone Myint Htoo 
Copy Editing Nyan Win Htet 

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.