May 10, 2026 | မြန်မာ
Biology Explainer

ဆေးမင်ကြောင်နဲ့ အရေပြားကြားက တိုက်ပွဲ

ဆေးမင်ကြောင်ဆိုတာ မြန်မာတွေနဲ့ မစိမ်းတဲ့ အရာတစ်ခုပါ။ ရှေးအစဉ်အဆက်ကတည်းက ထိုးကွင်းတွေ ရေးထိုးလာကြတဲ့ မြန်မာတွေအဖို့ ဆေးမင်ကြောင် မထိုးရင်  ယောက်ျားမပီသ,သလိုတောင် ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဒီလို ဘိုးဘေးအစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဆေးမင်ကြောင်ဟာ လူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးနေတဲ့ တပ်သားလေးတွေကို ဖျက်ဆီးပစ်နေကြတယ်ဆိုတာကိုရော သိကြပါသလား . . . ။ လူ့အရေပြားက ခံတပ်ကြီးတစ်ခုနဲ့…

Text size

ဆေးမင်ကြောင်ဆိုတာ မြန်မာတွေနဲ့ မစိမ်းတဲ့ အရာတစ်ခုပါ။ ရှေးအစဉ်အဆက်ကတည်းက ထိုးကွင်းတွေ ရေးထိုးလာကြတဲ့ မြန်မာတွေအဖို့ ဆေးမင်ကြောင် မထိုးရင်  ယောက်ျားမပီသ,သလိုတောင် ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဒီလို ဘိုးဘေးအစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဆေးမင်ကြောင်ဟာ လူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးနေတဲ့ တပ်သားလေးတွေကို ဖျက်ဆီးပစ်နေကြတယ်ဆိုတာကိုရော သိကြပါသလား . . . ။

လူ့အရေပြားက ခံတပ်ကြီးတစ်ခုနဲ့ တူပါတယ်။ အရေပြားကို အပိုင်းကြီး ၃ ပိုင်းခွဲပြီး ကြည့်ကြည့်ပါ။ အပေါ်ယံမြင်ရတဲ့ အလွှာ၊ အတွင်းဖက် အလယ်လွှာနဲ့ အတွင်းဆုံးအလွှာ ဆိုပြီးပဲ ခေါ်ကြပါမယ်။ အပေါ်ယံအလွှာရဲ့ ပထမဆုံးအပိုင်မှာတော့ Conveyor Belt ဆိုတာ ရှိပါတယ်။ အဲဒီအပိုင်းမှာ Stem Cell လို့ ခေါ်တဲ့ Cell တွေဟာ အချိန်နဲ့အမျှ ပုံတူပွားခြင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်နေပြီး Cell အသစ်တွေကို ထုတ်လွှတ်နေပါတယ်။ Cell အသစ်ထုတ်လုပ်မှုဟာ ရှိပြီးသား Cell တွေကို အပေါ်တွန်းတင်သလို ဖြစ်လာပါတယ်။ အဲဒီအခါမှာတော့ Cell တွေ စုပုံလာပြီး အချင်းချင်း ပိတ်မိရင်း သေဆုံးသွားပါတယ်။ ဒီအပိုင်းက အလွှာက အမြဲအသစ်ဖြစ်နေမှာမို့ ဆေးမင်ကြောင်ဆွဲရင် ခဏနဲ့ ပျက်သွားမှာပါ။ ဒါကြောင့် နောက်တစ်လွှာကို ဆက်သွားကြည့်ကြပါမယ်။

အလယ်လွှာမှာတော့ အာရုံခံဆဲလ်တွေ၊ သွေးကြောမျှင်ထုံးတွေနဲ့ ပြည့်နေပါတယ်။ ဒီအပိုင်းက သိပ်လဲ မတိမ်၊ သိပ်လဲ မနက်လွန်းတဲ့ အလယ်ပိုင်းဖြစ်တာမို့ ဆေးမင်ကြောင်အတွက် အသင့်တော်ဆုံးပါပဲ။ ဆေးမင်ကြောင် စထိုးကြည့်ကြပါမယ်။ ဆေးမင်ကြောင်အပ်ဆိုတာ ဆေးထိုးအပ်နဲ့ အလားတူပါတယ်။ သူက အပ်ထိပ်မှာ မင်သုတ်ပြီး အရေပြားအလယ်လွှာထိ ရောက်အောင် ထိုးသွင်းတာမျိုးပါ။ ဒီလို ထိုးသွင်းလိုက်တာကြောင့် အရေပြားပေါက်ပြဲမှု စဖြစ်လာပါတယ်။ အရေပြားပေါက်ပြဲမှုက ခန္ဓာကိုယ်ရဲ့ ခုခံစနစ်ကို အသက်သွင်းစေပါတယ်။ ဒီအချိန်မှာ လာကာကွယ်ပေးမဲ့ အနီးဆုံးစစ်သည်တွေကတော့ Macrophage လို့ ခေါ်တဲ့ ခုခံဆဲလ်လေးတွေပါ။ အပ်ထိုးသွင်းမှုကြောင့် ဖြစ်လာတဲ့ ပေါက်ပြဲမှုတွေကတစ်ဆင့် Bacteria လေးတွေက ဝင်ရောက်လာတတ်ပါသေးတယ်။ Macrphage ရဲ့ ပထမ ဦးစားပေးတာဝန်ကတော့ ဒီကျူးကျော်လာတဲ့ Bacteria တွေကို ချေမှုန်းဖို့ပါပဲ။ Macrophage ရဲ့ လုပ်ဆောင်ပုံကလဲ ရိုးရှင်းပါတယ်။ အနီးနားက အရာတွေကို အရင်ဆုံး ထောက်လှမ်းပါတယ်။ ဒီအရာတွေထဲမှာ ကိုယ်တွင်းပစ္စည်း မဟုတ်ဘူး လို့ ယူဆရတာ တွေ့ရင် လက်တုလေးတွေ ထုတ်ပြီး ဖမ်းယူစားသုံးလိုက်ပါတယ်။ စားသုံးခံလိုက်ရတဲ့ အရာတွေကို ဆဲလ်တွင်း အက်စစ်တွေက ချေဖျက်ပေးပါတယ်။ ဒါပေမဲ့ Macrophage အတွက် အဓိကပြဿနာက Bacteria မဟုတ်ဘဲ ဆေးမင်ကြောင်ကနေ ဝင်လာမဲ့ မင်ရည်တွေ ဖြစ်နေတာပါ။ မင်ရည်တွေကို Bacteria နည်းတူ ချေဖျက်လို့ မရပါဘူး။ အကြောင်းကတော့ မင်ရည်တွေကို အက်စစ်ကြောင့် မပျော်ဝင်နိုင်တဲ့ သတ္တုတွေဖြစ်တဲ့ ခဲ၊ ခရိုမီယမ်တို့ကနေ ထုတ်လုပ်ထားလို့ပါပဲ။ တကယ်လို့ မင်အချို့ကို ပျော်ဝင်သွားအောင် လုပ်နိုင်ရင်တောင် ပြဿနာရှိနေတာကတော့ တော်တော့်ကို ကြီးမားတဲ့ မင်ရည်ခဲတွေပါ။ မင်ရည်တွေဟာ Macrophage တွေအတွက် ဖမ်းယူဖို့ ကြီးလွန်းနေပါတယ်။ မြင်သာအောင် ပြောပြရရင် Macrophage ကို သာမန်လူတစ်ယောက်အရွယ်အစားနဲ့ ထားရင်တောင် မင်ရည်ခဲတွေက သုံးထပ်တိုက်တစ်လုံးစာ ဖြစ်နေတာပါ။ ဒီတော့ Macrophage တွေဟာ အင်အားမမျှတဲ့ တိုက်ပွဲမှာ အလံဖြူပြရပါတော့တယ်။ ဒါပေမဲ့ Macrophage တွေရဲ့ ကာကွယ်မှုကတော့ ရပ်တန့်မသွားပါဘူး။ Macrophage တွေအနေနဲ့ မင်ရည်တွေဟာ သွေးကြောထဲ ပြန့်သွားလို့ မဖြစ်တာကို သိတာကြောင့် မင်ရည်တွေကို သူ့နေရာမှာပဲ ရပ်တန့်နေအောင် စတေးမှုတွေ လုပ်လာကြတယ်။ Macrophage တွေဟာ အချင်းချင်းစုပေါင်းသွားကြပြီး မင်ရည်ခဲအကြီးကြီးတွေပေါ် ကပ်သွားပါတယ်။ အဲဒီနောက် သူတို့ကိုယ်ကို ခဲအောင် လုပ်လိုက်ပြီး မင်ရည်တွေကို အဲဒီနေရာမှာပဲ ရပ်နေစေပါတယ်။ ဒီလိုနဲ့ပဲ မင်ရည်တွေက နေရာမရွေ့၊ ပုံစံမပျက်ဘဲ တည်ရှိနေနိုင်တာ‌ပေါ့။ Macrophage တွေရဲ့ စတေးမှုဟာ ဆေးမင်ကြောင်တွေ မြဲမြံရခြင်းရဲ့ အကြောင်းရင်းပါ။ ဒါပေမဲ့ အနိစ္စသဘောအရ အရာရာဟာ မမြဲပါဘူး။ တစ်ခါတစ်ရံမှာ မင်ရည်ကို ကပ်နေတဲ့ Macrophage တွေက သေဆုံးသွားပြီး ကွာကျသွားတာကြောင့် မင်ရည်တွ နေရာရွေ့သွားတတ်ပါတယ်။ ဒါကြောင့်ပဲ ဆေးမင်ကြောင်တွေက ဆေးပြန့်သလိုတွေ ဖြစ်ရတာပါ။ 

ဒီလို Macrophage တွေက စတေးခံပြီး ကာကွယ်ပေးလို့သာပဲ သင့်ခန္ဓာကိုယ်က အဆိပ်သင့်မှုတွေ မဖြစ်ပွားတာပါ။ ဒါကြောင့် နောက်နောင် အထီးကျန်တယ်လို့များ ခံစားနေရရင် သင့်အတွက် အသက်စတေးပေးမဲ့ အရာလေးတွေ ရှိနေသေးကြောင်း သတိရပါ။ ဆေးမင်ကြောင် မထိုးမဖြစ်လို့ ထိုးရတော့မယ်ဆိုရင်လဲ Macrophage တွေ စတေးပေးရတာနဲ့ တန်အောင် ဆွဲမဲ့ ဆေးပုံစံကို အသေအချာလေး ဂရုတစိုက် ရွေးချယ်ပါလို့ အကြံပြုလိုက်ချင်ပါတယ်။ ။


Article Credits

Written by Aung Bhone Myint Htoo 
Copy Editing Ingyin Khin 

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.