May 20, 2026 | မြန်မာ
Literature Explainer

၂၀၂၄ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု ဘာလဲ၊ ဘယ်လဲ . . .?

ဒီတစ်ခေါက် စာပေနိုဘယ်ဆုကို ဆွတ်ခူးရရှိသွားသူက တောင်ကိုရီးယား စာရေးဆရာမ ဟန်ကန်း (Hang Kang) ဖြစ်ပါတယ်။ စာပေနိုဘယ်ဆုရှင်ကို ရွေးချယ်ရာမှာ များသောအားဖြင့်က ဥရောပနဲ့ အမေရိကမြောက်ပိုင်းက စာရေးဆရာတွေရဲ့ ရေးဟန်တွေကိုပဲ အထူးအာရုံစိုက်ပြီး ရွေးချယ်လေ့ရှိတာပါ။

Text size
Expert Checked · Mon Myat Kyaw, Senior Fact-checker · March 12, 2026

အောက်တိုဘာလထဲ ဝင်လာတာနဲ့အမျှ နှစ်တစ်နှစ်ရဲ့ နိုဘယ်ဆုရရှိသူစာရင်း ထုတ်ပြန်ကြေညာတဲ့ အချိန်ကိုလဲ ရောက်ရှိလာပြန်ပါပြီ။ ဒီနှစ်၊ ၂၀၂၄ ခုနှစ်ရဲ့ ဆုပေးပွဲကိုလဲ ခါတိုင်းနှစ်တွေမှာလို နိုဘယ်ဆုတို့ရဲ့ ဖခင် အဲဖရက်နိုဘယ် (Alfred Nobel) သေဆုံးမှု နှစ်ပတ်လည်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဆုရရှိသူစာရင်းကိုတော့ အောက်တိုဘာလ ၇ ရက်နေ့က စလို့ တစ်ရက်ကို ခေါင်းစဉ်တစ်မျိုးစီနဲ့ စတင်ကြေညာနေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာတော့ စာပေဆိုင်ရာနိုဘယ်ဆုအတွက် ဆုရရှိသူ အမည်စာရင်း ထွက်ရှိလာပါပြီ။

ဒီတစ်ခေါက် စာပေနိုဘယ်ဆုကို ဆွတ်ခူးရရှိသွားသူက တောင်ကိုရီးယား စာရေးဆရာမ ဟန်ကန်း (Hang Kang) ဖြစ်ပါတယ်။ စာပေနိုဘယ်ဆုရှင်ကို ရွေးချယ်ရာမှာ များသောအားဖြင့်က ဥရောပနဲ့ အမေရိကမြောက်ပိုင်းက စာရေးဆရာတွေရဲ့ ရေးဟန်တွေကိုပဲ အထူးအာရုံစိုက်ပြီး ရွေးချယ်လေ့ရှိတာပါ။ ဒါပေမဲ့ အခုရရှိသွားတဲ့ ဟန်ကန်းကတော့ စာပေနိုဘယ်ဆုကို ရတဲ့ ၁၈ ယောက်မြောက် အမျိုးသမီးဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး စာပေနိုဘယ်ဆုရှင်လဲ ဖြစ်ပါတယ်။ 

သူ့အကြောင်း နည်းနည်းလောက် ပြောပြရရင် ဟန်ကန်းကို ၁၉၇၀ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး နိုဘယ်ဆုကို ရချိန်မှာ အသက် ၅၃ နှစ် ရှိနေပါပြီ။ ဟန်ကန်က သူ(မ)ရဲ့ စာရေးဆရာလမ်းကြောင်းကို “문학과사회 (Literature and Society)” အမည်ရ မဂ္ဂဇင်းမှာ ကဗျာတွေ စရေးရင်းနဲ့ အစပျိုးခဲ့ပါတယ်။ နောက်ပိုင်း၊ ၁၉၉၅ ခုနှစ်ရောက်တော့ “여수의 사랑 (Love of Yeosu)” ဝတ္ထုတိုပေါင်းချုပ်နဲ့ ၂၀၀၂ ခုနှစ်မှာတော့ “Your Cold Hands” ဆိုတဲ့ စာအုပ်ကို ထုတ်ဝေဖြန့်ချိခဲ့ရင်း တောင်ကိုရီးယားစာပေလောကမှာ နေရာရလာခဲ့တာပါ။ 

တစ်ကမ္ဘာလုံးကို ထိုးဖောက်ကျော်ကြားသွားတဲ့ ဟန်ကန်းရဲ့ ဝတ္ထုကတော့ ၂၀၀၇ ခုနှစ်မှာ ရေးသားထွက်ရှိခဲ့တဲ့ “The Vegetarian” ဖြစ်ပါတယ်။ ဒီစာအုပ်ကို ၂၀၁၅ ခုနှစ်မှာ အင်္ဂလိပ်ဘာသာ ပြန်ဆိုဖြစ်ခဲ့ပြီး နောက်နှစ် ၂၀၁၆ အရောက်မှာပဲ “The Man Booker International Prize” ကို ဆွတ်ခူးရရှိခဲ့လေရဲ့။ “The Vegetarian” စာအုပ်ဆိုရင် အသားတွေ ဆက်မစားတော့ဖို့ စိတ်ပြောင်းလိုက်တဲ့ ကောင်မလေးတစ်ယောက် ကြုံတွေ့ရတာတွေ၊ စိတ်ဒဏ်ရာတွေ၊ မိသားစုရဲ့ ပစ်ပယ်မှုတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေ . . . ဒါတွေကို သူ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်လဲဆိုတာတွေကို လက်ရာမြောက်မြောက်၊ ပေါ်ပေါ်လွင်လွင် ရေးသားထားတာပါ။ ဟန်ကန်းရဲ့ ပြောင်မြောင်တဲ့ အရေးအသားတွေကို နောက်ထပ် နာမည်ကြီးဝတ္ထုတွေဖြစ်တဲ့ “Human Acts”, “The White Flower”, “Greek Lessons” . . . စတဲ့ စာအုပ်တွေမှာလဲ တွေ့နိုင်ပါတယ်။

ဟန်ကန်းရဲ့ အရေးအသားတွေဟာ သမိုင်းအခြေခံတဲ့ စိတ်ဒဏ်ရာတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး လူသားတို့ရဲ့ အထိအခိုက်မခံတဲ့၊ ကျိုးပဲ့လွယ်တဲ့ ဘဝဇာတ်ခုံအဖုံဖုံကို ကဗျာဆန်ဆန် စကားပြေဟန်နဲ့ စမ်းသပ်ရေးသားနိုင်ခဲ့လို့ ၂၀၂၄ ခုနှစ် စာပေဆိုင်ရာ နိုဘယ်ဆုကို ရရှိတာဖြစ်ကြောင်း နိုဘယ်ဆုကော်မတီရဲ့ စာပေဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။ “Human Acts” နဲ့ “We do not part” စာအုပ်တွေမှာဆိုရင် သမိုင်းနောက်ခံတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေကို ထင်ထင်ရှားရှား ဖော်ပြထားတာ တွေ့ရပါမယ်။ ဒါ့အပြင် ဟန်ကန်းရဲ့ အရေးအသားတွေက ခန္ဓာကိုယ်နဲ့ စိတ်ဝိဉာဉ်ကြား၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းရဲ့ အစွန်းနှစ်ဖက် ဆက်နွယ်ပတ်သက်မှုတွေကို သေချာချဉ်းကပ်ပြီး ပြောင်မြောက်အောင် ရေးသားနိုင်တယ် ဆိုပါတယ်။ တောင်ကိုရီးယားသမ္မတက ဟန်ကန်းဟာ သူတို့ရဲ့ သွေးစွန်းခဲ့တဲ့ သမိုင်းနဲ့ မကျက်သေးတဲ့အနာတွေကို လက်ရာမြောက်တဲ့ စာပေအပိုင်းအစအဖြစ် ပြောင်းလဲပုံဖော်နိုင်ခဲ့တယ်လို့ ချီးကျူးထားတာပါ။ 

ဟန်ကန်းရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေ အားလုံးကလဲ လူသားတွေရဲ့ နာကျင်မှု၊ ဆုံးရှုံးမှုနဲ့ စိတ်ဒဏ်ရာတွေကို သိသာအောင် မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ စာဖတ်သူတို့လဲ ဟန်ကန်းရဲ့ စာပေတွေကို မြည်းစမ်းဖတ်ရှုကြည့်ရင်း သူ့ရဲ့ အရေးအသားတွေက လူသားတို့ရဲ့ ဘဝလည်ပတ်ပုံကို ဘယ်လိုလှစ်ဟထုတ်ပြထားလဲ၊ ကန့်သတ်နယ်မျဉ်းတို့ရဲ့ အလွန်၊ မမြင်ရတဲ့ တစ်ဖက်ခြမ်းတွေကို ဘယ်လိုဆက်ဖက်ယှက်နွယ်ထားလဲ လေ့လာကြည့်ဖို့ တိုက်တွန်းပါရစေ။         ။

Article Credits

Written by Moe Myint Phyu
Managing Editor Min Z

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.