April 18, 2026 | မြန်မာ

သုည၏ မူလ

သင်္ချာဆိုတာ ကျွန်တော်တို့ နေ့စဉ်သုံးနေကျ လူသားတိုင်းနားလည်တဲ့ ဘာသာစကားတစ်ရပ်ပဲဖြစ်ပါတယ်။ လူသားတိုင်းအနေနဲ့ သင်္ချာကို မကျွမ်းကျင်ကြရင်တောင် သင်္ချာရဲ့ အခြေခံသဘောဖြစ်တဲ့ ရေတွက်ခြင်းတွေကို သိကြမှာပါ။ ရေတွက်ခြင်းရဲ့ အခြေခံကတော့ ကိန်းစနစ်တွေပဲ ဖြစ်ပါတယ်။ ကိန်းစနစ်တွေလို့ ဆိုရာမှာ သုညကနေ ကိုးအထိ ဆယ်လုံးတစ်တွဲ ရေတွက်တဲ့ စနစ်ကို ခေါ်ဆိုတာပါ။ ဒီနေ့ခေတ်အသုံးအများဆုံး ကိန်းစနစ်ကတော့ 10th digit…

Text size

သင်္ချာဆိုတာ ကျွန်တော်တို့ နေ့စဉ်သုံးနေကျ လူသားတိုင်းနားလည်တဲ့ ဘာသာစကားတစ်ရပ်ပဲဖြစ်ပါတယ်။ လူသားတိုင်းအနေနဲ့ သင်္ချာကို မကျွမ်းကျင်ကြရင်တောင် သင်္ချာရဲ့ အခြေခံသဘောဖြစ်တဲ့ ရေတွက်ခြင်းတွေကို သိကြမှာပါ။ ရေတွက်ခြင်းရဲ့ အခြေခံကတော့ ကိန်းစနစ်တွေပဲ ဖြစ်ပါတယ်။ ကိန်းစနစ်တွေလို့ ဆိုရာမှာ သုညကနေ ကိုးအထိ ဆယ်လုံးတစ်တွဲ ရေတွက်တဲ့ စနစ်ကို ခေါ်ဆိုတာပါ။ ဒီနေ့ခေတ်အသုံးအများဆုံး ကိန်းစနစ်ကတော့ 10th digit numeral လို့ ခေါ်တဲ့ ဆယ်လုံးတစ်တွဲတွဲတဲ့ စနစ်ပါ။ ကိန်းစနစ်တွေက ပြောရရင်အတိတ်မှာ မြောက်များစွာရှိခဲ့တာပါ။ ဒါပေမဲ့ ဆယ်လုံးတွဲစနစ်ကို ယနေ့ခေတ်အထိ အသုံးများစေခဲ့တာကတော့ တခြားမဟုတ်ဘဲ တန်ဖိုးမဲ့တဲ့ သုညကြောင့်ပါ။ “တစ်”ရဲ့ နောက်မှာ သုညတစ်လုံးထည့်လိုက်ခြင်းအားဖြင့် တစ်ဆယ်ဆိုတဲ့ ကိန်းကို ရရှိမှာဖြစ်ပြီး နှစ်လုံးထည့်လိုက်ရင်တော့ တစ်ရာဆိုတဲ့ ကိန်းဂဏန်းကို ရရှိမှာပါ။

ဒီလိုဆန်းကြယ်တဲ့ သုညရဲ့ မူလရင်းမြစ်ကို ပြန်ရှာရင်လဲ မြေထဲပင်လယ်ပတ်ဝန်းကျင်မှာ ယဉ်ကျေးမှုအထွန်းတောက်ဆုံးအချိန်တွေဖြစ်တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း လေးထောင်လောက်ကို ပြန်ကြည့်ရမှာပါ။ “တစ်”နောက်မှာ သုညထည့်လိုက်ရင် တစ်ဆယ်ဖြစ်သွားသလို ဂုဏ်သတ္တိမျိုးရှိတဲ့ အက္ခရာမျိုးတွေကို ရှေးဟောင်း မက်ဆိုပိုတေးမီးယားဒေသတွေမှာ ရှေးအကျဆုံးအနေနဲ့ တွေ့ရှိခဲ့ကြတာပါ။ ရှေးခေတ် ဆူမားရီးယန်း စာချွန်တော်တွေဟာ ကိန်းဂဏန်းတွေရေးထိုးရာမှာ ဂဏန်းတိုင်တွေရဲ့ ကိန်းမရှိမှုတွေကို ဖော်ပြဖို့ ကွက်လပ်တွေကို သုံးကြပါတယ်။ ပထမဆုံး သုညနဲ့ ဂုဏ်ရည်တူအက္ခရာမျိုးသုံးထားတဲ့ မှတ်တမ်းကိုတော့ B.C 3 ရာစုနှစ်များလောက်က ဘေဘီလုံလူမျိုးတွေ စတင်အသုံးပြုခဲ့ကြပါတယ်။ ဘေဘီလုံတွေဟာ ကိန်းလုံး 60 ကို တစ်တွဲတွဲတဲ့ ကိန်းစုစနစ်တွေကို အသုံးပြုကြပါတယ်။ 10, 100 တို့လို “1” နောက်က “0” နဲ့ တူတဲ့ ဂုဏ်ရည်မျိုးရှိတဲ့ အက္ခရာကိုတော့ တင်းပုတ်နှစ်ခုထောင်ထားသလိုပုံစံနဲ့ ရေးဆွဲဖော်ပြခဲ့ကြပါတယ်။ ဒီလိုအသုံးမျိုးကို A.D 350 လောက်မှာ အမေရိကမှာ ပထမဖြစ်ရပ်ကို မှီခိုခြင်းမရှိဘဲ အသုံးပြုတာကို တွေ့ရှိခဲ့ရပါသေးတယ်။

သုညရဲ့ တကယ့်ယနေ့ခေတ်လို အသုံးမျိုးကတော့ A.D 7 ရာစုရောက်မှ အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာပါ။ အိန္ဒိယသင်္ချာပညာရှင်တွေဖြစ်ကြတဲ့ ဗြဟ္မဂုပ္ပတနဲ့ တခြားသူတွေဟာ သုညကို နေရာပြကိန်းအနေနဲ့ အသုံးပြုလာကြပါတယ်။ ဒါပေမဲ့ တခြားတီထွင်မှုတွေနဲ့ မတူဘဲ ကွဲပြားသွားစေတဲ့အချက်ကတော့ သူတို့ဟာ သုညကို “sŭnya”(သုံည)လို့ ခေါ်တဲ့ ဗလာတန်ဖိုးတစ်ခုပိုင်ဆိုင်တဲ့ ကိန်းအနေနဲ့ ရှုမြင်လာကြတာပါ။ ပြီးတော့ သုညကို ဗလာတန်ဖိုးအနေနဲ့ စတင်အသုံးပြုခဲ့တဲ့ ဗြဟ္မဂုပ္ပတဟာ ကိန်းတစ်ခုကို ၎င်းကိန်းနဲ့ပဲ ပြန်နုတ်ရင် သုညရကြောင်းကို ပထမဆုံးသက်သေပြခဲ့သူပါ။

သုညဟာ ဗြဟ္မဂုပ္ပတတို့စသုံးတဲ့ အိန္ဒိယကနေ တရုတ်၊ တရုတ်ကနေ အရှေ့အလယ်ပိုင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားပါတော့တယ်။ အရှေ့အလယ်ပိုင်း(မက်ဆိုပိုတေးမီးယား)က စခဲ့တဲ့အရာဟာ တစ်ပတ်လည်ပြီး အရှေ့အလယ်ပိုင်းဆီ ပြန်ရောက်သွားခဲ့တယ်လို့ ပြောလို့ရပါတယ်။ အရှေ့အလယ်ပိုင်းကို sŭnya အရောက်မှာ “မိုဟာမတ် အစ်ဘ်န မူဆာ အယ်ခါဝါရစ်ဇ်မီ” လို့ ခေါ်တဲ့ သင်္ချာပညာရှင်တစ်ယောက်ဟာ သဘောကျသွားပြီး A.D. 773 ခုနှစ်မှာတော့ al-jabr(အယ်လ်-ဂျဘ်အာ) နောက်ပိုင်းမှာ algebra(အယ်လ်ဂျီဘရာ)လို့ ခေါ်တွင်မဲ့ ပညာရပ်ကြီးမှာ sŭnya ရဲ့ အသုံးဝင်မှုတွေကို ပြသခဲ့ပါတယ်။

ဒီလိုနဲ့ အချိန်တွေရွေ့လာခဲ့ပြီးနောက်ပိုင်းမှာတော့ A.D. 10 ရာစုမှာ ကျွန်တော်တို့ ယနေ့အသုံးပြုနေတဲ့ ကိန်းဂဏန်းတွေဖြစ်လာမဲ့ အေရာဘစ်ကိန်းစနစ်ထဲကို သုညက ဘဲဥပုံစံ(“0”) အနေနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ 1100 ခုနှစ်မှာတော့ အီတလီလူမျိုးသင်္ချာပညာရှင် ဖစ်ဘိုနက်ချီလိုလူမျိုးတွေဟာ သုညရဲ့အသုံးကို ဥရောပတစ်ခွင်တွင်ကျယ်အောင် လုပ်ခဲ့ပြီးတော့ သုညကို ကမ္ဘာသုံးဖြစ်စေခဲ့ပါတော့တယ်။

 

 

Article Credits

Written by Aung Bhone Myint Htoo
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.