April 19, 2026 | မြန်မာ
Biology Explainer

Portuguese man o’war

ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ ၇၁ ရာခိုင်နှုန်းဟာ ရေထုကြီးဖြစ်တဲ့အလျောက် ရေထဲ ကျင်လည်ကျက်စားနေကြတဲ့ သက်ရှိတွေဟာလဲ အမျိုးအစားစုံလှပြီး ဆန်းလဲဆန်းကြယ်လှပါတယ်။ အခုဆောင်းပါးမှာတော့ man o’war လို့လဲ ခေါ်စမှတ်ပြုကြတဲ့ ထူးထူးဆန်းဆန်းဇီဝရုပ် (Organisms) တစ်မျိုးရဲ့အကြောင်းကို ဖော်ပြပေးသွားပါမယ်ဗျ။ ဒီသတ္တဝါရဲ့ သိပ္ပံအမည် (Scientific Name) ကတော့ Physalia physalis ဖြစ်ပြီးတော့ သူဟာ…

Text size

ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ ၇၁ ရာခိုင်နှုန်းဟာ ရေထုကြီးဖြစ်တဲ့အလျောက် ရေထဲ ကျင်လည်ကျက်စားနေကြတဲ့ သက်ရှိတွေဟာလဲ အမျိုးအစားစုံလှပြီး ဆန်းလဲဆန်းကြယ်လှပါတယ်။ အခုဆောင်းပါးမှာတော့ man o’war လို့လဲ ခေါ်စမှတ်ပြုကြတဲ့ ထူးထူးဆန်းဆန်းဇီဝရုပ် (Organisms) တစ်မျိုးရဲ့အကြောင်းကို ဖော်ပြပေးသွားပါမယ်ဗျ။

ဒီသတ္တဝါရဲ့ သိပ္ပံအမည် (Scientific Name) ကတော့ Physalia physalis ဖြစ်ပြီးတော့ သူဟာ အသားစားသတ္တဝါ (Carnivore) အုပ်စုဝင်လဲ ဖြစ်ပါတယ်။ Portuguese man o’war လို့လဲ ခေါ်ကြသလို “bluebottle” လို့လဲ ခေါ်ကြပါတယ်။ man o’war (ခ) man-of-war လို့ ခေါ်ဆိုကြရတာဟာလဲ အဲ့ဒီသတ္တဝါရဲ့ပုံပန်းသဏ္ဍာန်ဟာ ၁၈ ရာစုလောက်တုန်းက အသုံးပြုခဲ့ကြတဲ့ ပေါ်တူဂီ လက်နက်ကိုင်ရွက်သင်္ဘောကြီးတွေနဲ့ အသွင်တူနေလို့ပဲ ဖြစ်ပါတယ်။ “bluebottle” လို့ ခေါ်ဆိုကြတာကတော့ သူတို့လေးတွေရဲ့ ခန္ဓာအထက်ပိုင်းဟာ အပြာရောင်သမ်းနေကြပြီးတော့ ဖန်ပုလင်းသားလိုကြည်လင်နေကြလို့ပဲ ဖြစ်ပါတယ်။ ဒီသတ္တဝါလေးတွေဟာ ရှေးကျတဲ့ မျိုးစိတ်တစ်မျိုးဖြစ်ပြီးတော့ အတ္တလန္တိတ်သမုဒ္ဒရာ (Atlantic Ocean) နဲ့ အိန္ဒိယသမုဒ္ဒရာ (Indian Ocean) တွေမှာ တွေ့ရလေ့ရှိပါတယ်။ သူတို့ဟာ ဆဲလ်အလွှာ (Cell Layer) နှစ်ခုသာပါရှိပြီး အဆိပ်ဆူးတွေရှိကြတဲ့ Cnidaria လို့ခေါ်တဲ့ မျိုးပေါင်းစု (Phylum) ထဲ ပါဝင်ကြပါသေးတယ်။ သူတို့လေးတွေဟာ ထူးခြားပြီးတော့ တခြားငါးတွေလို ကိုယ်တိုင်ကိုယ်ကျရွေ့လျားနိုင်တဲ့ အကောင်မျိုးတွေတော့ မဟုတ်ပါဘူး။ သူတို့ဟာ ဇီဝစနစ်တွေ၊ ဥပမာ – အစားစားတာ၊ မျိုးပွားတာ၊ ကြီးထွားတာ၊ အညစ်အကြေးစွန့်တာ စတဲ့ စနစ်တွေ အများအပြားပါဝင်နေတဲ့ ဇီဝအသိုင်းအဝိုင်းကြီးတစ်ခုဖြစ်ပါတယ်။ သူ့ထဲမှာလဲ သက်ရှိသတ္တဝါတွေဟာ တွယ်ကပ်ပြီးကျက်စားတာ၊ နယ်ချဲ့ပြီး ဝင်ရောက်နေထိုင်နေတာတွေ ရှိပါတယ်။ ဒီသက်ရှိတွေကနေပြီးတော့ အထက်က ဖော်ပြခဲ့တဲ့ ဇီဝစနစ်တွေကိုလဲ လုပ်ဆောင်ကြပါတယ်။ အဲ့သလို ဇီဝစနစ်တွေအများကြီးပါဝင်နေတဲ့ အစုအပေါင်းကြီးတွေကို Hydrozoa လို့ ခေါ်ပါတယ်။ Hydrozoa တွေဟာ ဂျယ်လီငါးတွေ (Jelly Fish) နဲ့ သန္တာကျောက်တန်းတွေကို ဖြစ်ပေါ်စေတဲ့ သန္တာကောင်တွေ (Coral) တွေနဲ့လဲ အမျိုးတော်စပ်ပါတယ်။

Physalia physalis တွေဟာ ရေမျက်နှာပြင်ပေါ်မှာ ၄၅ ဒီဂရီစောင်းပြီး ရေစီးအတိုင်း မျောပါနေတတ်ကြသေးတာပါ။ သူတို့ကို ရေမျက်နှာပြင်ပေါ်မှာ ပေါ်နေစေတဲ့ လေအိတ်လေးထဲမှာ ကာဗွန်မိုနောက်ဆိုဒ် (carbon monoxide) ဓာတ်ငွေ့တွေရှိနေပြီး လေတိုက်ခတ်မှုတွေကြောင့် မိုင်ပေါင်းထောင်နဲ့ချီပြီး ရွက်လွှင့်သလို ခရီးသွားနိုင်ကြပါတယ်။ အဆိပ်ပါတဲ့ လက်တံရှည်ကြီးတွေရှိကြပြီးတော့ သားကောင်ဖမ်းရာမှာလဲ အဲ့ဒီလက်တံတွေကို အသုံးပြုကြပါတယ်။ အဲ့ဒီလက်တံတွေကို ဆန့်ထုတ်လိုက်တဲ့အခါမှာလဲ မယုံနိုင်လောက်အောင်ကိုပဲ ရှည်လွန်းပါတယ်။ ဆူးလက်တံတွေဟာ ပုံမှန်အားဖြင့် ပေ ၃၀ လောက်ရှိနေပြီးတော့ ပေ ၁၀၀ ကျော်အထိကို ဆန့်ထုတ်နိုင်ကြပါတယ်။ အဲ့ဒီအဆိပ်ဆူးတွေဟာ ပြင်းထန်ပြီးတော့ လူတွေကို ထိမိရင် အရေပြားလောင်တာတွေ၊ အသက်ရှူလမ်းကြောင်းပိတ်တာတွေနဲ့ အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်တာပါ။ ဒါပေမဲ့လဲ အဲ့အကောင်လေးတွေကြောင့် အသက်သေဆုံးတဲ့ ဖြစ်စဥ်ကတော့ အ‌တော်ရှားပါတယ်။ အဆိပ်ပြင်းတဲ့ မိသားစုဝင်တွေဖြစ်တာကြောင့် man o’war တွေပေါများနေတဲ့ တချို့ကမ်းခြေတွေမှာဆိုရင် သတိပေးစာကပ်ပေးထားတာတွေလဲ ရှိတတ်ပါတယ်။ အဲ့ကောင်လေးတွေဟာ မျိုးပွားမှုနှုန်းလဲ မြန်ကြပြီး၊ အကောင်ရေလဲ များပြားလှတာကြောင့် မျိုးသုဥ်းအန္တရာယ်ကိုတော့ ယခုအချိန်မှာ စိုးရိမ်စရာမလိုပါဘူးဗျ။ ဒါပေမဲ့ သူတို့တွေဟာလဲ ကျယ်ပြောလှတဲ့ ပင်လယ်သမုဒ္ဒရာအလှတရားတွေထဲက အစိတ်အပိုင်းလေးတွေဖြစ်တဲ့အတွက်ကြောင့် သူတို့ကျက်စားရာ ရေထုတွေကို ညစ်ညမ်းပျက်စီးသွားတာတွေ မဖြစ်ဖို့အတွက်တော့ လူသားတွေက ဝိုင်းဝန်းထိန်းသိမ်းပေးရမှာ ဖြစ်ပါတယ်ဗျ။

Article Credits

Written by Aye Chan Oo
Copy Editing Mori

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.