May 20, 2026 | မြန်မာ
Health Explainer

အသံတိတ်လူသတ်လက်နက်၊ သို့မဟုတ် အပူရှပ်ခြင်း (Heatstroke)

မြန်မာနိုင်ငံရဲ့ အပူအချိန် ဘယ်လို ဖြစ်နေတယ် ဆိုပြီး ရှည်ရှည်ဝေးဝေး ရှင်းပြဖို့ လိုမယ်မထင်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ အပူချိန်ဟာ အာရှတစ်ခွင်မှာတောင် အပူဆုံး နံပါတ်တစ်အဖြစ် ရပ်တည်နေတာပါ။ ဒါကြောင့် ဒီလိုနွေရာသီမှာ အတော်ပြင်းတဲ့ အပူအချိန်ကြောင့် ဖြစ်တတ်တဲ့ အပူရှပ်ခြင်း (Heatstroke) နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်နဲ့ ဘယ်လိုမျိုး ကြိုတင်ကာကွယ်လို့ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အပူရှပ်တာကို…

Text size

မြန်မာနိုင်ငံရဲ့ အပူအချိန် ဘယ်လို ဖြစ်နေတယ် ဆိုပြီး ရှည်ရှည်ဝေးဝေး ရှင်းပြဖို့ လိုမယ်မထင်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ အပူချိန်ဟာ အာရှတစ်ခွင်မှာတောင် အပူဆုံး နံပါတ်တစ်အဖြစ် ရပ်တည်နေတာပါ။ ဒါကြောင့် ဒီလိုနွေရာသီမှာ အတော်ပြင်းတဲ့ အပူအချိန်ကြောင့် ဖြစ်တတ်တဲ့ အပူရှပ်ခြင်း (Heatstroke) နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်နဲ့ ဘယ်လိုမျိုး ကြိုတင်ကာကွယ်လို့ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

အပူရှပ်တာကို သာမန်ပါပဲလို့ လူအများစုက ထင်တတ်ကြပါတယ်။ “နေမကောင်းရင် ပါရာစီတမော သောက်လိုက်လေ” လို့ ပေါ့ပေါ့လေး တွေးကြတာက တကယ်တော့ လုံးဝမှားနေပါတယ်။ လူတစ်‌ယောက်က အပူရှပ်ပြီဆိုရင် ဖျားတာ၊ သတိလစ်တာ၊ မူးလဲတာတွေကနေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အကြောသေတာ၊ အကြောဆိုင်းတာအပြင် ဦးနှောက်သွေးကြောပြတ်တာတွေအထိ ဖြစ်နိုင်ပါတယ်။ အသက်ကြီးငယ်မရွေး ဖြစ်တတ်တာမို့ အင်မတန် ဂရုစိုက်ဖို့ လိုပါတယ်။ လုံးဝ လျှော့တွက်လို့ ရတဲ့ ရောဂါမျိုးမဟုတ်လို့ မပေါ့ဆကြဖို့လဲ ထပ်ဆောင်း ပြောချင်ပါတယ်။

ဒါဆိုရင် အပူရှပ်တယ်ဆိုတာ ဘာလဲ . . . ။ ဘာကြောင့် ဖြစ်ရတာလဲ . . . ။

အပူရှပ်တယ်ဆိုတာ ခန္ဓာကိုယ်က ရုတ်တရက် မြင့်တက်လာတဲ့ အပူချိန်ကို မထိန်းချုပ်နိုင်တော့တာမျိုးပါ။  ပထမဆုံး တစ်ချက်ကတော့ ရာသီဥတုပြင်းထန်တာကြောင့်ပါ။ ပြင်ပအပူချိန် ပြင်းထန်လာတဲ့အခါ လူ့ခန္ဓာကိုယ်ဟာ မချိန်ညှိနိုင်တဲ့ အပူချိန်ကို ရောက်သွားတတ်ပါတယ်။ အဲဒီကနေ အပူရှပ်တယ်ဆိုတာ စလာတာပါ။ ဒုတိယတစ်ချက်ကတော့ အရမ်းပူနေတဲ့အချိန်မှာ လေ့ကျင့်ခန်းတွေ လုပ်တာ၊ ဆော့တာ၊ ကစား‌တာတွေနဲ့ ခန္ဓာကိုယ်ကို နေပူထဲမှာ အကြမ်းပတမ်း အလုပ်ပေးတာတွေကြောင့်ပါပဲ။‌ ဒါ့အပြင် ချွေးလုံးဝ ထွက်မလာတဲ့အခါမျိုးမှာလဲ ဖြစ်တတ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ အယူအဆအရ ချွေးအောင်းရင် ဖျားတယ်ဆိုပေမဲ့ ဆေးပညာအရတော့ ဒါတာ အပူရှပ်ခြင်းတစ်မျိုးပါ။ 

အရက်သောက်တဲ့လူတွေနဲ့ ရေသောက်နည်းတဲ့ လူတွေက ပိုပြီး သတိထားသင့်ပါတယ်။ အရက်မှာ ပါတဲ့ အယ်လ်ကိုဟော (Alcohol) က ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး ရာသီဥတုပြင်းတာနဲ့ ပေါင်းသွားတဲ့အခါမှာ အပူရှပ်တာကို ဖြစ်စေပါတယ်။ ရေသောက်နည်းလို့ ရေဓာတ်ခန်းခြောက်ပြီး အပူရှပ်တာကနေ အရက်ပါ ဆင့်ပြီး သောက်လိုက်ရင် အသက်ဆုံးရှုံးတဲ့ထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နှစ်စဉ်နှစ်တိုင်း နွေရာသီမှာ အပူရှပ်ပြီး အသက်ဆုံးရှုံးရတာမှာ ယမကာလုလင်တွေက ပိုပြီး များနေရတာပါ။ 

တကယ်လို့များ အပူရှပ်တာ သေချာပြီဆိုရင် ခန္ဓာကိုယ်အပူချိန်ဟာ ၁၀၆ ဒီဂရီဖာရင်ဟိုက် (၄၁ ဒီဂရီဆဲလ်စီးယပ်စ်ခန့်) ထိ မိနစ်နှစ်ဆယ်လောက်အတွင်း ခုန်တက်သွားမှာပါ။ ဖြစ်လာမဲ့ လက္ခဏာတွေကတော့ –

၁။ စိတ်အတက်အကျမြန်ခြင်း၊ တောင်စဉ်ရေမရ ပြောခြင်း၊ အသိစိတ်လွတ်ခြင်း

၂။ သတိလစ်မေ့မြောခြင်း

၃။ ချွေး အလွန်အမင်း ထွက်လာ‌ခြင်း

၄။ ရုတ်တရက် တက်ခြင်း

၅။ ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း တို့ပါပဲ။

ဒီလက္ခဏာတွေ ဖြစ်လာခဲ့ရင် တစ်ချက်မှားတာနဲ့ အသက်အန္တရာယ် ရှိနိုင်သလို၊ အသေအချာ ကိုင်တွယ်နိုင်ရင် အသက်ကယ်လို့လဲ ရပါတယ်။ ဆေးရုံသွားဖို့က ပထမ ဦးစားပေးပါ။ ကိုယ်နေတဲ့နေရာနဲ့ အလှမ်းဝေးနေရင်တော့ လုပ်ဆောင်ရမှာတွေက လေအေးရတဲ့နေရာ (ပန်ကာ၊ အဲကွန်း) ကို လူနာအတွက် စီစဉ်ပေးရပါမယ်။ ပြီးရင်တော့ ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးတာ၊ ရေလောင်းပေးတာတွေနဲ့ အဝတ်အစားတွေကို ရေစွတ်ပြီး ဝတ်ထားတာမျိုးတွေအပြင် လုံးဝ ဝတ်မပေးတော့ဘဲ ချွတ်ချလိုက်တာမျိုးလဲ လုပ်လို့ ရပါတယ်။ အဲဒီလိုဆိုရင်တော့ အသက်ဆုံးရှုံးဖို့ ရာခိုင်နှုန်းနည်းသွားပါတယ်။ ဒါပေမဲ့လဲ တကယ့်တကယ် ဖြစ်လာပြီးဆိုရင် စိတ်ကို အေးအေးထား၊ လူနာကို ရေအေးအေး၊ လေအေးအေးနဲ့ ထိတွေ့ပေးပြီး ဆေးရုံ ပို့ပေးဖို့တော့ လိုပါတယ်။

ဒီလို ဖြစ်တာကနေ ကာကွယ်လို့ရော ရလားဆိုရင် အဖြေကတော့ ရပါတယ်။ ရာသီဥတုပြင်းနေချိန်မှာ အပြင်ထွက်တာမျိုး ရှောင်တာ၊ အရိပ်ရ‌တဲ့ နေရာတွေမှာ နေပြီး ရေများများ သောက်တာမျိုး လုပ်လို့ရပါတယ်။ ချွေးထွက်နေရင်တော့ ဒါဟာ ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒါပေမဲ့ ‌ချွေးထွက်လွန်လာရင်တော့ ဓာတ်ဆားရည်သောက်ပြီး ရေဓာတ် ပြန်လည်ဖြည့်တင်းဖို့ လိုပါတယ်။ 

အနှစ်ချုပ်အနေနဲ့ အပူရှပ်တာ ဖြစ်လာပြီဆိုရင် လူနာကို လေအေးအေး၊ ရေအေးအေး ရမဲ့နေရာကို အမြန်ရွေ့ပြောင်းပေးရပါမယ်။ ဒုတိယတစ်ချက်အနေနဲ့ ဖြစ်လာရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားကြဖို့လဲ တိုက်တွန်းလိုက်ရပါတယ်။ ကိုယ့်ထက် တတ်သိနားလည်သူတွေက မြန်မြန်ဆန်ဆန် ကယ်တင်နိုင်ပါလိမ့်မယ်။ ရာသီဥတု ပူပြင်းတဲ့အတွက် ကျန်းမာရေးဂရုစိုက်ကြဖို့နဲ့ ကိုယ့်ပတ်၀န်းကျင်မှာ ဖြစ်ခဲ့တယ်ဆိုရင်လဲ အချိန်မီ ကယ်တင်နိုင်ဖို့ ရည်ရွယ်ပြီး Fact Hub ကနေ မျှဝေပေးလိုက်ရပါတယ်။     ။


Min Z

Zwe Thukha Min is the founder of Fact Hub Myanmar, a digital publishing platform focused on science communication and fact-checking. His work centers on making scientific knowledge accessible to the public through writing, journalism, and educational initiatives. He is interested in science communication, media literacy, and journalism.

Article Credits

Written by Myo Myat Mg Mg
Managing Editor Dr.Soe Nwe
Copy Editing Nyan WIn Htet
Final Review H of C

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.