ဆိုရှယ်မီဒီယာအသုံးပြုခြင်းက ဆယ်ကျော်သက်အရွယ် လူငယ်တွေဆီမှာ စိုးရိမ်စိတ်လွန်ရောဂါနဲ့ စိတ်ကျရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက်လာတာနဲ့ ဆက်စပ်နေတယ်လို့ သုတေသနတွေကဆိုပါတယ်။
ကမ္ဘာတစ်ဖက်က သတင်းကို ဒီဘက်ကမ္ဘာခြမ်းကနေပြီး စက္ကန့်မလပ် သိရှိနိုင်လောက်အောင်ကို သတင်းအချက်အလက် လျင်လျင်မြန်မြန်စီးဆင်းနိုင်တဲ့ ဆိုရှယ်မီဒီယာက အသုံးဝင်တဲ့ကဏ္ဍတစ်ခုအနေနဲ့ ထိပ်ကနေ ရပ်တည်နေတာ ကြာပါပြီ။ တစ်ဖက်မှာလည်း ဆိုရှယ်မီဒီယာအလွန်အကျွံသုံးစွဲမှုက စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ ထိခိုက်နိုင်တယ်ဆိုပြီး သုတေသနတွေက ဆိုလာပါတယ်။ လေ့လာမှုတစ်ခုအရ တစ်နေ့ကို နှစ်နာရီထက်ပိုပြီး ဆိုရှယ်မီဒီယာအသုံးပြုခြင်းက စိုးရိမ်လွန်စိတ်ရောဂါ (Anxiety) နဲ့ စိတ်ကျရောဂါ (Depression) တို့ ဖြစ်ပွားမှုနှုန်းမြင့်တက်လာတာနဲ့ ဆက်စပ်လျက်ရှိတယ်လို့ ဆိုပါတယ်။ (Anxiety Disorder ဆောင်းပါးကို အောက်ဆုံးမှာ လင့်ခ်ထည့်ပေးထားပါတယ်။) ဆယ်ကျော်သက်အရွယ် လူငယ်တွေအနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ပိုသုံးလေ စိုးရိမ်စိတ်လွန်နဲ့ စိတ်ကျရောဂါတွေရဲ့ ရောဂါလက္ခဏာတွေ တစ်စတစ်စ ပေါ်လာတယ်လို့ အခြားသုတေသနတစ်ခုက ဆိုပြန်ပါတယ်။ ရင်းမြစ်ကတော့ Britannica ပါ။
ဆိုရှယ်မီဒီယာအသုံးပြုခြင်းကနေ စိတ်ပိုင်းဆိုင်ရာရောဂါဝေဒနာတွေ ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲက တစ်ခုက ဆိုရှယ်မီဒီယာအသုံးပြုတာကနေ Social comparison နဲ့ FOMO လို့ခေါ်တဲ့ဖြစ်စဉ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။။ Social comparison ဆိုတာက ဆိုရှယ်မီဒီယာအသုံးပြုတဲ့သူတော်တော်များများက အခြားအသုံးပြုသူတွေရဲ့ အခြေအနေတွေနဲ့ မိမိအခြေအနေတွေကို နှိုင်းယှဉ်လေ့ရှိတာကို ဆိုလိူပါတယ်။ ဥပမာအနေနဲ့ “သူကတော့ လှလိုက်တာ၊ ငါကကျ ဘာလို့ အဲ့လောက်မလှရတာလဲ”၊ “သူကတော့ ချမ်းသာလိုက်တာ၊ ငါကတော့ အဲ့လောက်မချမ်းသာဘူး” စသဖြင့် မိမိအခြေအနေနဲ့ တစ်ပါးသူရဲ့ အခြေအနေကို နှိုင်းယှဉ်တဲ့အခါ သိမ်ငယ်စေတဲ့၊ စိတ်ဓာတ်ကျစေတဲ့ အဖြစ်မျိုးကိုရောက်စေတာပါ။ အများအားဖြင့် ဆိုရှယ်မီဒီယာအသုံးပြုသူတွေက မိမိရဲ့ အဆင်ပြေနေတဲ့ ပုံရိပ်တွေ၊ မိမိရဲ့ ကောင်းမွန်နေတဲ့ အခြေအနေတွေ၊ အကောင်းတွေကိုပဲ မျှဝေလေ့ရှိတာပါ။ အဲ့ဒီအခါမှာ Fear of missing out (FOMO) ဆိုတဲ့ သူများတွေအကုန်လုံးက အဆင်ပြေနေလိုက်တာ၊ သူတို့ ဘဝတွေက သာယာလိုက်တာ၊ ကောင်းလိုက်တာ.. ငါ့မှာတော့ စီးပွားရေးက အဆင်မပြေ၊ လူမှုရေးက အဆင်မပြေ၊ နေရထိုင်ရတာ ကြပ်တည်းလိုက်တာ စသဖြင့် အခြေအနေချင်းကို လိုက်နှိုင်းယှဉ်ပြီး မိမိကိုယ်ကိုယ်မိမိ စိတ်တိုင်းမကျတာ၊ အရှူံးသမားလို့ ခံစားရစေတာ၊ မိမိတစ်ကိုယ်တည်း အကုန်လုံးနဲ့ မတူတဲ့ အခြေအနေမှာ ရှိနေရတာ၊ ကိုယ်ကလွဲလို့ ကျန်တဲ့သူအကုန်လုံး အဆင်ပြေနေတာ စသဖြင့် ဒီလို ခံစားလာရပါတယ်။ နောက်ပြီး ဆိုရှယ်မီဒီယာအသုံးပြုခြင်းကနေ Cyberbullying ကိစ္စတွေ အများဆုံးဖြစ်ပွားနိုင်တာမလို့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိခိုက်လာနိုင်ပါတယ်။
ဆိုရှယ်မီဒီယာအသုံးပြုခြင်းကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို လျော့ပါးစေဖို့အတွက် ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ဘယ်လောက် သုံးစွဲမယ်ဆိုတာကို သတ်မှတ်ထားဖို့နဲ့၊ ဆိုရှယ်မီဒီယာကမ္ဘာငယ်လေးထဲမှာပဲ နစ်မြောနေမယ့်အစား လက်တွေ့ရှင်သန်ရမယ့် ပြင်ပကမ္ဘာထဲမှာ လူမှုဆက်ဆံရေးတွေ များများလုပ်ဖို့၊ ပြင်ပနဲ့ များများထိတွေ့ဖို့အတွက် လိုအပ်ပါတယ်။ မိမိကိုယ်ကိုယ် မိမိ ဂရုစိုက်ဖို့ လိုအပ်သလို ဇီဝကမ္မပိုင်းအတွက် လေ့ကျင့်ခန်းတွေ၊ စိတ်ကျန်းမာရေးအတွက် တရားထိုင်တာတွေကိုလည်း လုပ်ပေးဖို့လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းကနေ သိသာထင်ရှားတဲ့ ဆိုးကျိုးတွေ၊ ရောဂါဝေဒနာတွေ ခံစားနေရပြီဆိုရင်တော့ ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ သွားရောက်ပြသပြီး မိမိအခြေအနေကို ဆွေးနွေးသင့်ပါတယ်။ Fact Hub မှာရှိတဲ့ medical science နယ်ပယ်က consultant တွေကလည်း page မှာလာရောက်မေးမြန်းသမျှကို အတတ်နိုင်ဆုံးပြန်လည် ဖြေကြားနေတာဖြစ်လို့ အကြံဉာဏ်လိုအပ်တယ်ဆိုရင် လာရောက်ပြောဆိုနိုင်ပါတယ်ခင်ဗျာ။
Image – Athena Behavioral Health
စိတ်ပညာနဲ့ပတ်သက်တဲ့ တခြားပိုစ့်တွေကို ဖတ်ချင်ရင် 🔽
စိုးရိမ်လွန်စိတ်ရောဂါ (Anxiety Disorder)
Attention အရမ်းလိုချင်တဲ့ ရောဂါ ဒါမှမဟုတ် ဘောင်ဝင်ချင်တဲ့ရောဂါ (Narcissistic Personal Disorder)