April 18, 2026 | မြန်မာ

ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းရဲ့ မျိုးဗီဇ DNA ဟာ တစ်ယောက်နဲ့တစ်ယောက် 99 % တူညီကြပါတယ်

အခုစာဖတ်နေတဲ့သူက ဘယ်နေရာ ဘယ်အရပ်ဒေသမှာနေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ပါလဲ။ ဘယ်နေရာမှာပဲနေနေ၊ ဘယ်လိုအရပ်ဒေသမှာပဲမွေးမွေး သင်နဲ့ အခုဒီစာကိုဖတ်နေတဲ့ နောက်တစ်ယောက်ဟာ မျိုးရိုးဗီဇ DNA ချင်း ၉၉ ရာခိုင်နှုန်းခန့်တူညီပါတယ်။ အဲ့ဒီတူညီမှုဟာ မြန်မာနိုင်ငံအတွင်းက ရန်ကုန်တိုင်းမှာမွေးတဲ့ တရုတ်လူမျိုးပဲဖြစ်ဖြစ်၊ ရှမ်းပြည်နယ်မှာနေတဲ့ အင်းသားပဲဖြစ်ဖြစ်၊ တနင်္သာရီဘက်က ဆလုံလူမျိုးအတွက်ပဲဖြစ်ဖြစ် မှန်ကန်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဲ့ဒါက ဒေသတစ်ခုအတွင်း၊ နိုင်ငံတစ်ခုအတွင်းက လူဦးရေအစုအဖွဲ့အတွက်ပဲ…

Text size

အခုစာဖတ်နေတဲ့သူက ဘယ်နေရာ ဘယ်အရပ်ဒေသမှာနေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ပါလဲ။ ဘယ်နေရာမှာပဲနေနေ၊ ဘယ်လိုအရပ်ဒေသမှာပဲမွေးမွေး သင်နဲ့ အခုဒီစာကိုဖတ်နေတဲ့ နောက်တစ်ယောက်ဟာ မျိုးရိုးဗီဇ DNA ချင်း ၉၉ ရာခိုင်နှုန်းခန့်တူညီပါတယ်။ အဲ့ဒီတူညီမှုဟာ မြန်မာနိုင်ငံအတွင်းက ရန်ကုန်တိုင်းမှာမွေးတဲ့ တရုတ်လူမျိုးပဲဖြစ်ဖြစ်၊ ရှမ်းပြည်နယ်မှာနေတဲ့ အင်းသားပဲဖြစ်ဖြစ်၊ တနင်္သာရီဘက်က ဆလုံလူမျိုးအတွက်ပဲဖြစ်ဖြစ် မှန်ကန်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဲ့ဒါက ဒေသတစ်ခုအတွင်း၊ နိုင်ငံတစ်ခုအတွင်းက လူဦးရေအစုအဖွဲ့အတွက်ပဲ တူညီတာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူပေါင်း ရှစ်ဘီလျံထဲကနေပြီး ကြိုက်တဲ့လူနှစ်ယောက်ကို လက်ညိုးထိုးရွေးပါ။ သူတို့နှစ်ယောက်စလုံးရဲ့ DNA ဟာ တစ်ယောက်နဲ့တစ်ယောက် ၉၉ ရာခိုင်နှုန်းတူညီနေပါလိမ့်မယ်။

၉၉ ရာခိုင်နှုန်းဆိုတာတောင်မှ မမှန်သေးပါဘူး။ ၉၉.၉ ရာခိုင်နှုန်းတူညီတယ်လို့ ပြောမှ အတိအကျမှန်မှာဖြစ်ပါတယ်။ ဒါဆိုရင် မေးစရာက ကမ္ဘာပေါ်မှာ အသားမည်းတဲ့သူလည်းရှိတယ်၊ အသားဖြူတဲ့လူလည်းရှိတယ်၊ အရပ်မြင့်တဲ့သူရှိသလို အရပ်နိမ့်တဲ့သူလည်းရှိတာပဲ၊ မျက်လုံးပြာတဲ့သူရှိသလိုမျိုး မျက်လုံးညိုတဲ့သူ၊ ဉာဏ်ရည်မြင့်သူရှိသလို ဉာဏ်ရည်နိမ့်သူ.. စသဖြင့် အသီးသီးရှိနေကြတာပဲ။ သူတို့အကုန်လုံးက ၉၉.၉ ရာခိုင်နှုန်းတူပြီး ၀.၁ ရာခိုင်နှုန်းလေးပဲ ကွာခြားတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲလို့ မေးချင်စရာပါ။

အဖြေကတော့ အဲ့ဒီ ကွဲပြားသွားတဲ့ ၀.၁ ရာခိုင်နှုန်းရဲ့ သက်ရောက်မှုက ကြီးမားတာကြောင့် ဖြစ်ပါလိမ့်မယ်။ DNA ဆိုတာ ဆဲလ်တွေရဲ့ နယူကလိယအတွင်းမှာ ရှိတဲ့ မော်လီကျူးလေးပေါ့။ သတ္တဝါတွေ၊ အပင်တွေနဲ့ အဏုဇီဝသက်ရှိတွေအကုန်လုံးရဲ့ ဆဲလ်အတွင်းမှာရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာအချက်အလက်တွေပါဝင်တဲ့ မော်လီကျူးတွေပါ။ DNA က double helix လို့ ခေါ်ဝေါ်ကြတဲ့ ကြောင်လိမ်လှေကားသဏ္ဍာန် နှစ်ပင်လိမ် ပုံစံနဲ့ရှိကြတယ်။ အဲ့ဒီအပေါ်မှာ နယူကလီယိုတိုက်ဆိုတဲ့ အလုံးလေးတွေကို အစဉ်လိုက် (nucleotide sequence) စီစဉ်သွယ်တန်းထားတယ်။ အဲ့ဒီအလုံးလေးတွေထဲမှာ ဒီအောက်စီရိုင်ဗိုစ့် (Deoxyribose) ဆိုတဲ့ ကာဗွန်အက်တမ် ၅ လုံးပါ သကြားမော်လီကျူး၊ ဖော့စဖိတ်အုပ်စုနဲ့ နိုက်ထရိုဂျင်ဘေစ့်အတွဲလေးတွေနဲ့ ဖွဲ့စည်းထားကြတယ်။ နိုက်ထရိုဂျင်ဘေ့စ်မှာ A (adenine), T (thymine), C (Cytosine), D G (Guanine) ဆိုတဲ့ အက္ခရာလေးလုံးပါဝင်ကြတယ်။

ကမ္ဘာပေါ်မှာရှင်သန်နေထိုင်နေတဲ့ သက်ရှိတိုင်းကို ဆဲလ်ကလာပ်စည်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်။ ဇီဝဗေဒမှာ ဆဲလ်တွေက အခြေခံအကျဆုံး အသေးဆုံး ယူနစ်ဆိုရင် ဓာတုဗေဒမှာတော့ အက်တမ်လို့ ဆိုလို့ရနိုင်တယ်။ (Misunderstandable : ဆဲလ်တွေက မော်လီကျူးတွေဖွဲ့စည်းလို့ ဖြစ်လာပြီး အက်တမ်က မော်လီကျူးတွေရဲ့ အခြေခံလို့ သတ်မှတ်တာကြောင့် သူတို့နှစ်ခုကို ယှဉ်ပြောတာက တူညီတဲ့နှိုင်းယှဉ်မှုမျိုးမဟုတ်ပေမယ့် အသေးဆုံး၊ အခြေခံအဆန်ဆုံးဆိုရင်တော့ ‌အခုလိုပြောနိုင်ပါတယ်။) အဲ့ဒီဆဲလ်တွေထဲမှာ DNA မော်လီကျူးတွေရှိကြတယ်။ အဲ့ဒီ DNA မော်လီကျူးတွေဟာ သက်ရှိတို့ရဲ့ ရှင်သန်ကြီးထွားခြင်းနဲ့ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်အားလုံးကို သယ်ဆောင်ထားကြတယ်၊ အဲ့ဒီကနေမှတဆင့် ဇီဝဖြစ်စဉ်တွေအတွက် လိုအပ်တာတွေကို ညွှန်ကြားပေးတယ်။  အချုပ်သတ်မှတ်ရရင်တော့ သက်ရှိတိုင်းကို A, T, C, G ဆိုတဲ့ အက္ခရာစဉ်လေးတွေနဲ့ အခြေခံတည်ဆောက်တယ်ပေါ့။

ဒါဆိုရင် လူ‌တွေအကုန်လုံးက A, T, C, G လေးလုံးတည်းနဲ့ ဖြစ်တည်လာ‌တာတော့ ဟုတ်ပြီ။ ဒါပေမဲ့ ဘာလို့ ရုပ်ဆင်းသဏ္ဍာန်တွေ ကွဲပြားနေရလဲဆိုတဲ့ မေးခွန်းကိုဖြေရရင်ကျ အဲ့ဒီအက္ခရာစဉ်တွေရဲ့ စီတန်းတဲ့အစဉ် မတူညီလို့ ဖြစ်ပါတယ်။ မျိုးဆက်တစ်ခုအဖြစ် အသစ်ဖြစ်လာတိုင်း မိခင်ရဲ့ DNA တစ်ဝက်နဲ့ ဖခင်ရဲ့ DNA တစ်ဝက်ကို ကလေးဆီ လက်ဆင့်ကမ်းတယ်။ အဲ့တာကြောင့် မွေးလာတဲ့ကလေးမှာ မိခင်ရဲ့ အသားဖြူတဲ့ဗီဇနဲ့ ဖခင်ရဲ့ အရပ်ရှည်တဲ့ဗီဇက လာပေါ်ကောင်းပေါ်နိုင်တယ်။ ဒီလိုဆိုရင် နောက်မျိုးဆက်တိုင်းက ရှေ့မျိုးဆက်တွေထက် ပိုပိုကောင်းလာတဲ့ အခြေအနေကိုရောက်လာတာလားဆိုရင်တော့ ဘယ်ဟုတ်မလဲ။ ခုနက DNA ကိုလက်ဆင့်ကမ်းတဲ့အခါမှာ မိတ္တူကူးရင်း အယ်ရာလေး ပါသွားတတ်တယ်။ အဲ့တာကို ကျွန်တော်တို့က မျိုးဗီဇပြောင်းလဲခြင်း (Gene mutation) လို့ ခေါ်တယ်။ အဲ့ဒီပြောင်းလဲမှုမှာ ဖျက်မိခြင်း (Deletion), တိုးလာခြင်း (insertion), နဲ့ မှားယွင်းပါဝင်ခြင်း (Point mutation) ဆိုတဲ့ အခြေအနေသုံးရပ်ရှိတယ်။ ဖျက်မိတဲ့အခါမှာ AGT အစား AT ဖြစ်နေတာ၊ တိုးတဲ့အခါ CAT အစား CATT ဖြစ်လာတာ၊ မှားယွင်းပါဝင်တဲ့အခါမှာ CAT အစား CGT ဖြစ်လာတာမျိုးရှိတယ်။ အဲ့ဒီပြောင်းလဲမှုတွေမှာ evolution ကဖြစ်တည်လာတာပေါ့။ ဒါပေမဲ့ အဲ့ဒီ evolving က အခန့်မသင့်ရင်လည်း တိုင်ပတ်သွားတတ်ပါသေးရဲ့။

ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းက တစ်ယောက်နဲ့ တစ်ယောက် ၉၉.၉ ရာခိုင်နှုန်းတူညီကြတယ်။ တစ်နည်းအားဖြင့် ခုနက A, T, C, G ဆိုတဲ့ အက္ခရာစဉ် အလုံးတစ်ထောင်တိုင်းမှာ ၉၉၉ လုံးက တူပြီး ၁ လုံးလေး သွားလွဲတာပေါ့။ လူသားတွေရဲ့ မျိုးဗီဇစနစ် (genome) မှာ အဲ့ဒီအက္ခရာစဉ်စုစုပေါင်း ၃ ဘီလျံကျော်ပါဝင်တယ်။ ၀.၁ ရာခိုင်နှုန်းလောက် ပြောင်းလဲနေတယ်ဆိုတော့ A, T, C, G base pair ပေါင်း ၃ မီလီယမ်လောက်ဟာ လူသားတိုင်းရဲ့ DNA အတွင်းမှာ မတူညီဘူးဖြစ်နေတာပေါ့။ ချင်ပန်ဇီတွေနဲ့ လူသားတွေက DNA ချင်း 98.6 % တူညီတယ်လို့ သိပ္ပံအချက်အလက်တွေက ဆိုတယ်။ အဲ့ဒီသဘောဟာ လူသားတိုင်းရဲ့ DNA အတွင်းက base pair တွေနဲ့ ချင်ပန်ဇီတွေရဲ့ DNA အတွင်းက base pair တွေဟာ အလုံးတစ်ထောင်တိုင်းမှာ ၁၄၀ လောက်ကွဲနေတယ်ဆို‌တဲ့ အဓိပ္ပါယ်ပေါ့။ မျိုးရိုးဗီဇ ၁.၄ ရာခိုင်နှုန်းလောက် ကွဲရုံနဲ့တင် တိရစ္ဆာန်ရုံထဲမှာ ဟိုတွယ်တက် ဒီတွယ်တက်လုပ်နေတဲ့ မျောက်ဝံနဲ့ အခု ဒီစာကိုဖတ်တတ်တဲ့ အမွေးတုံးမျောက်ဝံအဖြစ်ကို ကွာသွားတာ ၀.၁ ရာခိုင်နှုန်းလောက်ပဲ ကွာတဲ့ လူသားအချင်းချင်းမှာဆိုရင် ရုပ်ပိုင်းဆိုင်ရာကွာခြားသွားတာလောက်က မေးခွန်းထုတ်စရာမရှိတဲ့ ကွာခြားမှုပါပဲ။

လူသားတွေရဲ့ ရုပ်ဆင်းသွင်ပြင် ကွာခြားမှုက အဲ့ဒီ Base pair လေးတွေ .. မျိုးဗီဇဆိုင်ရာအချက်အလက်တွေ သယ်ဆောင်ထားတဲ့ genetic code ကလေးတွေ ကွာခြားမှုနဲ့ ဘယ်လိုဆိုင်လဲဆိုတာကို ထပ်ဖြေရရင်ကျတော့ နောက်ထပ်စာတစ်ပုဒ်နီးပါးရှိသွားနိုင်တယ်။ အဓိကသိထားနိုင်တာက DNA ဟာ ခန္ဓာကိုယ်အတွင်းက ဇီဝဖြစ်စဉ်တွေအကုန်လုံးအတွက် အရေးကြီးတဲ့ ပရိုတိန်းကို ဘယ်လို ဘယ်လို ထုတ်ဖို့ဆိုတာကို သတ်မှတ်ပေးတယ်။ DNA အတွင်းက အက္ခရာတွေရဲ့ အတွဲလိုက် အစဉ်လိုက်အပေါ်မူတည်ပြီးတော့ ဘယ်လိုပရိုတိန်းကိုထုတ်မယ်ဆိုတာကို ဆုံးဖြတ်စေတယ်။ ပရိုတိန်းတွေအထဲမှာ အမီနိုအက်ဆစ် (Amino Acid) တွေပါဝင်တယ်။ အဲ့ဒီ amino acid တွေ မှန်မှန်ကန်ကန်ဖွဲ့စည်းပြီးတော့ ခန္ဓာကိုယ်ထဲက လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ ပရိုတိန်းကိုထုတ်နိုင်ဖို့ရာ DNA တွင်းက Genetic code လေးက ညွှန်ကြားပေးတယ်။ Genetic code တွေ အတွဲလိုက်ပါတဲ့ DNA အစဉ် အပိုင်းလေးကိုတော့ gene လို့ခေါ်တယ်။ အဲ့ဒီမှာ ပရိုတိန်းထုတ်တဲ့ ယန္တရားစနစ်တွေ၊ RNA တွေရဲ့ အလုပ်လုပ်ပုံနဲ့၊ Genetic code အက္ခရာတွေရဲ့ အတွဲအစဉ်အပေါ်မူတည်ပြီး ထုတ်လုပ်တဲ့ ပရိုတိန်းတွေအကြောင်းက နောက်ကြုံမှ ထပ်ရေးပေးပါ့မယ်။

(Design နှစ်ခုလုပ်ဖို့အချိန်မရှိတာနဲ့ ဒီဆောင်းပါးကို ဒီမှာပဲ အရှည်အနေနဲ့ တင်လိုက်ပါတယ်။ Fact Hub Magazine မှာလည်း တင်ထားပါတယ်။)

ထုံးစံအတိုင်း ဒီပေ့ချ်ကို ရီဗျူးလေးရေးဖို့ တောင်းဆိုချင်ပါတယ်၊ ပေ့ချ်နီနေလို့ပါခင်ဗျာ။

Source – Genome GOV

Image – Freepik

 

Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.