လူတိုင်းလူတိုင်းမှာ ပြဿနာတွေကို အဖြေရှာနိုင်စွမ်းရှိကြစမြဲပါ။ အဲ့တာဘာလို့လဲဆိုရင် စဉ်းစားတွေးခေါ်နိုင်တဲ့ ဦးနှောက်ဆိုတာကြီးပါနေလို့ပဲဖြစ်ပါတယ်။ ပြဿနာတွေကို အဖြေရှာတဲ့နေရာမှာကျတော့ ကျွန်တော်တို့ရဲ့ စဉ်းစားနိုင်စွမ်းက ယေဘုယျအားဖြင့် သုံးမျိုးရှိပါတယ်။ Critical Thinking (ဖြတ်ထိုးဉာဏ်) ၊ Analytical thinking (ခွဲခြမ်းစိတ်ဖြာ တွေးတောနိုင်တဲ့ဉာဏ်) နဲ့ Synthetical Thinking (ဆက်စပ်တွေးခေါ်နိုင်တဲ့ဉာဏ်) လို့ ခေါ်ပါတယ်။ (မြန်မာမှုပြုရတာ မလွယ်ကူတဲ့အတွက် အဲ့ဒီအဓိပ္ပာယ်ထက်လေးနက်တဲ့ ဘာသာပြန်အဓိပ္ပာယ်မျိုးရှိရင်ပြောခဲ့လို့ရပါတယ်။)
အခုဖော်ပြပေးသွားမှာကတော့ အဲ့ဒီဦးနှောက်ကြီးပါတိုင်း မရတတ်တဲ့အပြင် personal skill တစ်ခုဖြစ်တဲ့ Analytical thinking အကြောင်းပဲဖြစ်ပါတယ်။ Analysis ဆိုတာကို သေချာပေါက်ကြားဖူးမှာမယ်ထင်ပါတယ်။ လူငယ်တွေနဲ့ စိမ်းတဲ့စကားလုံးတစ်ခုမဟုတ်သလို၊ အထူးသဖြင့် Game analysis ဆိုတာမျိုးတွေ၊ Business analysis ဆိုတာမျိုးတွေ ရင်းနှီးကြပါလိမ့်မယ်။ Analysis ဆိုတာ ခွဲခြမ်းစိတ်ဖြာတယ်လို့ အဓိပ္ပာယ်ရပါတယ်။ အကြောင်းအရာတစ်ခုခုကို အတွင်းကျကျသိပြီး အချက်အလက်တကျ ပိုင်းခြားထားတယ်လို့လည်း ပြောလို့ရတယ်။ Analysis လုပ်တယ်ဆိုတာဟာ အကြည့်လေးနဲ့တင် မရနိုင်ပါဘူး။ အသေအချာ အချက်အလက်တွေစုရတဲ့အပြင် သူ့အပိုင်းနဲ့သူအကန့်တွေခွဲပြီး စနစ်တကျလုပ်ရတဲ့ Process တစ်ခုပါပဲ။ ဒီလောက်ဆိုရင် Analysis ကို မိတ်ဆက်သဘောမျိုးသိလောက်ပြီဆိုတော့ Analytical thinking က ဘာလဲဆိုတာကို ဆက်လက်ဖော်ပြပေးသွားပါမာ်။
Analytical thinking ဆိုတာဘာလဲ။
သူကတော့ ပြဿနာတွေကို အဖြေရှာတဲ့နေရာမှာ မှန်ကန်တိကျတဲ့အပြင် တော်တော်လေးလည်း ထိရောက်တယ်လို့ ဆိုနိုင်ပါတယ်။ အင်မတန်ရှုပ်ထွေးတဲ့ပြဿနာတွေကို အပိုင်းပိုင်းခွဲပစ်ပြီးတော့ အဆင့်ဆင့်ဖြေရှင်းသွားတာမျိုးကို ဆိုလိုပါတာပါပဲ။ စနစ်တကျပြောရမယ်ဆိုရင်တော့ အတွေးထဲမှာတင် ပထမတစ်ဆင့် ပြဿနာက ဘာလဲဆိုတာ မှတ်တယ်၊ ပြီးရင် ဘာကြောင့်ဖြစ်ရတယ်တို့၊ ဘာလိုအပ်တယ်တို့၊ အကောင်းဆုံးဖြေရှင်းဖို့က နည်းလမ်းဘယ်နှစ်ခု၊ အမှန်အကန်ဆုံးက ဘယ်အရာဖြစ်မလဲဆိုတာကို တစ်ခါတည်းတွက်ဆတာမျိုးပါပဲ။
– ဥပမာပေးရရင် မီးလောင်တယ်ဆိုပါစို့။
အဲ့ဒီအချိန်မှာ ကျွန်တော်တို့ စိတ်ပူပြီး ပျာယာခတ်နေမယ့်အပြင် အတွေးထဲမှာ မီးငြိမ်းဖို့နဲ့အသက်ဘေးက လွတ်ဖို့ ဒီနှစ်ခုပဲရှိမယ်။ ဘယ်မှာလောင်နေတာလဲတို့၊ ဘာကြောင့်လောင်နေတာလဲဆိုတာကို မတွေးမိဘူး။ ပြေးဖို့လောက်ပဲ စဉ်းစားမိနေမှာ။ Analytical thinking ရှိတဲ့သူတစ်ယောက်ဆိုရင်တော့ ဒီမီးဘယ်ကစလောင်လဲတို့၊ လျှပ်စစ်ရှော့လား၊ ဂက်စ်အိုးလား၊ မီးဘယ်လောက်များလဲတို့၊ ဘယ်နေရာမှာလောင်နေတာလဲတို့ကို အရင်လေ့လာမယ်။ ဘာဖြစ်လဲသိပြီဆိုရင် အဖြေထပ်ရှာတယ်။ ဂက်စ်အိုးက ထတောက်နေတယ်ဆိုရင် ရေစိုအဝတ်နဲ့ ပြေးအုပ်လို့ရတယ်၊ လျှပ်စစ်ရှော့ဆိုရင် သူမိန်းခလုတ်ကိုပြေးချလိမ့်မယ်။ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုတဲ့ အခြေအနေမျိုးမှာမှ လိုအပ်တာယူပြီး အသက်ဘေးအတွက်ပြေးတာမျိုးပေါ့။ ဒါက ဥပမာသဘောမျိုး။ ကိုယ့်မှာဖြစ်နေတဲ့ အကြောင်းအရာကို အတွင်းကျကျသိအောင်လုပ်တယ်။ ပြီးရင် ဖြေရှင်းနိုင်မယ့်အချက်တွေကို စဉ်းစားတယ်။ ပြီးရင်တော့ ဖြေရှင်းလိုက်တယ်။ အဲ့တာဟာ Analytical thinking ပါပဲ။ အကျဉ်းအကျပ်ထဲရောက်နေတာမျိုးဆိုရင်တောင် ရအောင်လွတ်မြောက်နိုင်တဲ့ Skill တစ်ခုဖြစ်ပါတယ်။
ဒီထက်ပိုနားလည်အောင် Analytical thinking ရဲ့ တစ်ဆင့်ပြီး တစ်ဆင့်အကြောင်းကို ဖော်ပြပေးပါဦးမယ်။
ပြဿနာတစ်ခုဖြစ်လာပြီ။ အဲ့ဒီ ပြဿနာက ဗိုက်ဆာတယ်ပဲ ဆိုကြပါစို့။
1. အချက်အလက် ရနိုင်သမျှစုပါ။
ဗိုက်ဆာတဲ့ ပြဿနာနဲ့ပတ်သက်တဲ့အချက်အလက်တွေကို အရင်စုမယ်။ ဘာလို့ဆာတာလဲ၊ ဘာမှမစားရသေးလို့လား၊ စားပြီးတာကိုထပ်ဆာနေတာလား၊ ဒါမှမဟုတ် အစာအိမ်ရောဂါကြောင့်လား ဆိုတာမျိုးပေါ့။ အဲ့ဒီလိုအပေါ်မူတည်ပြီး ရောဂါကြောင့်ဆာတာဆိုရင် အမြန်ဗိုက်ဖြည့်ရမယ်။ ထပ်စားချင်နေတာဆိုရင် အေးဆေးလုပ်ပြီးမှ စားလည်းရတယ်ဆိုတာမျိုး။ ဒီလို ခွဲခြမ်းသိအောင်လို့ အချက်အလက်စုရတာပဲဖြစ်ပါတယ်။
2. ရလာပြီး ပြန့်ကျဲနေတဲ့ အချက်အလက်တွေကို စနစ်တကျ ပထမဦးစားပေး ဒုတိယဦးစားပေးခွဲမယ်။
ကျန်းမာရေးအတွက်မဖြစ်နေစားရမှာလား၊ ဒီလိုပဲ အဆာပြေလေးစားချင်တာမျိုးလား၊ ဒါမှမဟုတ် သူများစားတာကို မြင်ပြီး ဗိုက်တကယ်မဆာဘဲနဲ့ သက်သက်ကြီးစားချင်တာမျိုးပဲလား။
3. ပြီးရင် ကိုယ်စုထားတဲ့ အချက်အလက်နဲ့ ပြဿနာနဲ့ ကိုက်ရဲ့လားဆိုတာ ပြန်စစ်ရပါမယ်။
ပြောချင်တာက ဗိုက်ဆာတာလားဘာလဲဆိုတာကို သေချာမသိဘူးဆိုရင် ဘယ်လို ဖြေရှင်းမလဲ။ အဲ့တာကြောင့် ကိုယ်စုထားတဲ့အချက်အလက်နဲ့ ကိုယ်ဖြစ်ချင်တာကို တစ်ခါပြန်စစ်ရပါလိမ့်မယ်။
4. ဘာဖြစ်တာလဲဆိုတာ သေချာပြီဆိုရင် ဗိုက်ပြည့်ဖို့ အနီးအစပ်ဆုံးရွေးစရာဘာရှိမလဲ ကြည့်ရပါမယ်။
ဥပမာ – အိမ်မှာရှိတာစားမလား၊ ဆိုင်ထွက်ဝယ်မလား၊ မှာစားမလား၊ ကိုယ်ကြိုက်တာချက်စားမလားဆိုတာမျိုး။
5. ပြီးရင်တော့ ဘယ်ဟာက ဗိုက်ပြည့်ဖို့အလွယ်ဆုံးနဲ့ အမြန်ဆုံးဖြစ်မလဲဆိုတာကို ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။
ဘာကျန်းမာရေးအခြေအနေကြောင့်မှမဟုတ်ဘဲနဲ့ ဗိုက်ပြည့်ဖို့ပဲဆိုရင်တော့ သေချာပါတယ်…အပြင်မှာ ထွက်စားတာတွေ၊ ကိုယ်ကြိုက်တာ ထချက်စားတာတွေ၊ မှာစားတာတွေက အချိန်ကြာမယ်။ အဲ့ဒီတော့ အလွယ်အကူဆုံး အိမ်မှာရှိတာ ထစားလိုက်ရင် ဗိုက်ပြည့်သွားတာမျိုး။ ဒီမှာ ပြဿနာဖြေရှင်းပြီးလျက်သားဖြစ်သွားပါပြီ။
ကိုယ်ဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး ရွေးစရာတွေထဲက အကောင်းဆုံးအခြေအနေတစ်ရပ်ကို ဆွဲထုတ်ပြီး အသုံးချတာဟာ Analytical thinking ရဲ့ ability ပါပဲ။ တော်တော်လေးကို မိုက်တယ်လို့ပြောလို့ရပါတယ်။ အဲ့ဒီလိုရဖို့အတွက်တော့ ငါးဆင့်လောက်ကို မြန်မြန်နဲ့ မှန်မှန်တွေးခေါ်တတ်ရပါမယ်။ ဒါကတော့ ဥပမာအနေနဲ့ ပြောပြထားတာမလို့ ဒီထက်ရှုပ်ထွေးတဲ့ပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင် အချက်အလက်စုဖို့အတွက်ဗဟုသုတပြည့်စုံရတယ်။ ဖြေရှင်းစရာနည်းလမ်းကောင်းတွေကိုလည်း တွေးနိုင်ရပါမယ်။ စိတ်လည်း ရှည်ရမှာဖြစ်သလို၊ အဲ့ဒီလိုမျိုး တွေးခေါ်နိုင်ဖို့ စိတ်ရဲ့ Calmest state အတည်ငြိမ်ဆုံးအခြေအနေမှာ ရှိနေဖို့လိုပါတယ်။ အရမ်းကြီးစိတ်လှုပ်ရှားတတ်တဲ့သူတွေမှာ ဒီ Thinking ကိုမရနိုင်ပါဘူး။ Management ပိုင်းမှာ အားကောင်းတဲ့သူတွေ၊ အများအားဖြင့်တော့ အထက်လူကြီးတွေနဲ့ ဦးဆောင်နိုင်စွမ်းရှိတဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ လူငယ်တွေမှာလည်း ရှိကြပေမဲ့ များများစားစားတော့မရှိဘဲ အတော်ရှားတယ်ပြောလို့ရတယ်။ နိုင်ငံတိုင်းမှာ အဲ့ဒီလို Thinking ရှိတဲ့သူတွေဟာ အလုပ်မှာဆိုရင် နေရာပိုရကြတဲ့အပြင် အလုပ်ရှင်ကလည်း ကြိုက်တယ်။ အဲ့တာကြောင့် လူတိုင်းမှာမရှိနိုင်ဘူးလို့ ကျွန်တော်အပေါ်မှာရေးခဲ့တာပေါ့။ ဒါပေမဲ့လေ့ကျင့်ယူလို့တော့ ရတယ်။
တစ်ခုခုကို စိတ်အေးအေးနဲ့ဖြေရှင်းတတ်ဖို့၊ ပြဿနာရဲ့ အတိမ်အနက်ကို သိဖို့အတွက် ဗဟုသုတအားကောင်းရပါတယ်။ အကြောင်းအရာတော်တော်များများကို တီးမိခေါက်မိလောက်ရှိဖို့လိုသလို မသိတဲ့အရာတစ်ခု၊မရင်းနှီးတဲ့အကြောင်းအရာတစ်ခုကို ဖြေရှင်းဖို့ဆိုတာလုံးဝမဖြစ်နိုင်သလောက်ရာခိုင်နှုန်နည်းတာမလို့ အခုလိုပြောရခြင်းဖြစ်ပါတယ်။ စာများများဖတ်ခြင်းအားဖြင့်၊ သေးငယ်တဲ့ကိစ္စလေးတွေတချို့မှာ ကျွန်တော်ပြောခဲ့သလို အဆင့်ဆင့်စီစစ်ပိုင်းခြားပြီး ဖြေရှင်းကြည့်ခြင်းအားဖြင့် Analytical thinking ကို ရလာပါလိမ့်မယ်။
Analytical thinking ဟာ ပုံမှန်လူတွေအတွက် အရမ်းသုံးရင် သံသယစိတ်အလွန်ကြီးမားပြီး ပေါင်းသင်းဆက်ဆံရေးမှာ အတော်ညံ့သွားတတ်ပါတယ်။ Smart ဖြစ်တဲ့သူတွေ၊ ဉာဏ်ကောင်းတဲ့သူတွေအတွက်တော့ ပြဿနာမဟုတ်ပေမဲ့ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်တော့ဘေးဖြစ်တဲ့အထဲ ဒီကောင်လည်းပါတယ်။ စနစ်တကျ လိုအပ်တဲ့နေရာမှာမတွေးဘဲနဲ့ နေရာတကာမှာ သုံးနေမယ်ဆိုရင်တော့ လူက Overthinking ဖြစ်ပြီးအရာရာတိုင်းမှာ နှောင့်နှေးတာတွေ၊ stress တွေဖြစ်ကုန်ပါမယ်။ ပါးနပ်ရင်ပါးနပ်သလို အသုံးချတတ်ဖို့နဲ့ အခြေအနေအချိန်အခါပေါ်ကြည့်ပြီးစဉ်းစားကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ နောက်မှာ ဆက်ပြီး Critical thinking နဲ့ synthetical thinking အကြောင်းလေးဖော်ပြပေးသွားဖို့ ရှိပါဦးမယ်။