April 18, 2026 | မြန်မာ
Physics Explainer

သံတစ်ကီလိုနဲ့ ဝါဂွမ်းတစ်ကီလို ဘယ်ဟာက တကယ်ပိုလေးတာလဲ . . . ?

――――――― ခေါင်းစဉ်ကို ဖတ်ကြည့်ပြီးတာနဲ့ အတော်များများရဲ့ ခေါင်းထဲမှာ အဖြေတွေ ရှိနေကြလောက်မယ် ထင်ပါတယ်။ သံတစ်ကီလိုနဲ့ ဝါဂွမ်းတစ်ကီလို . . . တစ်ကီလိုချင်း တူတူပဲမို့ ဘာကမှ ပိုလေးမှာ မဟုတ်ဘူးလို့ တွေးထားသူတွေ များမှာပါ။ ဒါပေမဲ့ ရူပဗေဒကို ထဲထဲဝင်ဝင် လေ့လာနေသူတွေရဲ့ အဖြေကတော့ အဲဒါနဲ့ ကွဲနေပါလိမ့်မယ်။  အဲဒီကွဲနေတဲ့…

Text size

―――――――

ခေါင်းစဉ်ကို ဖတ်ကြည့်ပြီးတာနဲ့ အတော်များများရဲ့ ခေါင်းထဲမှာ အဖြေတွေ ရှိနေကြလောက်မယ် ထင်ပါတယ်။

သံတစ်ကီလိုနဲ့ ဝါဂွမ်းတစ်ကီလို . . . တစ်ကီလိုချင်း တူတူပဲမို့ ဘာကမှ ပိုလေးမှာ မဟုတ်ဘူးလို့ တွေးထားသူတွေ များမှာပါ။ ဒါပေမဲ့ ရူပဗေဒကို ထဲထဲဝင်ဝင် လေ့လာနေသူတွေရဲ့ အဖြေကတော့ အဲဒါနဲ့ ကွဲနေပါလိမ့်မယ်။ 

အဲဒီကွဲနေတဲ့ အဖြေက ဘာများ ဖြစ်မလဲ . . .? သံတစ်ကီလိုနဲ့ ဝါဂွမ်းတစ်ကီလိုမှာ ဘယ်ဟာက ‘တကယ်’ ပိုလေးမှာလဲ . . . ?

=========

စနစ်သစ် ဆယ်တန်းရဲ့ ရူပဗေဒသင်ရိုး အခန်း ၃ မှာ နယူတန်ရဲ့ ဒြပ်ဆွဲအား နိယာမကို ကျောင်းသားတွေဆီ စ,မိတ်ဆက်ပေးထားတယ်။ အဲဒီ နိယာမရဲ့ ညီမျှခြင်းဖော်ပြချက်က 

F ∝ m1m2/r^2 ပါ။ 

ဒါကို ဘာသာပြန်ပြီး ချရေးလိုက်ရင် ဒြပ်ထုနှစ်ခုရဲ့ ဗဟိုကြားက အကွာအဝေးက အဲဒီ ဒြပ်ထုတွေ အပေါ် သက်ရောက်နေတဲ့ ဒြပ်ဆွဲအားပမာဏနဲ့ ပြောင်းပြန်အချိုးကျတယ်ဆိုပြီး ဖြစ်ပါမယ်။ ဒီကိစ္စကို တစ်ချက် မှတ်ထားပေးပါ။ 

သံတစ်ကီလိုနဲ့ ဝါဂွမ်း တစ်ကီလိုမှာ အားလုံး သိကြသလိုပဲ ဝါဂွမ်းက သံထက် သိပ်သည်းဆ နည်းပါတယ်။ သီအိုရီနည်းအရဆိုရင် ဝတ္ထုတစ်ခုရဲ့ သိပ်သည်းဆက အဲဒီ ဝတ္ထုရဲ့ ထုထည်နဲ့ ပြောင်းပြန်အချိုးသွားကျတာ ဖြစ်လို့ ဝါဂွမ်းအနေနဲ့ တစ်ကီလိုဆိုတဲ့ အလေးချိန် ပမာဏကိုရောက်ဖို့အတွက် သေချာပေါက် ထုထည်ခပ်ကြီးကြီး လိုပါလိမ့်မယ်။ 

ခုနက နယူတန်ရဲ့ ဒြပ်ဆွဲနိယာမဆီ ပြန်သွားကြည့်တာပေါ့။ 

ဝါဂွမ်းတစ်ကီလိုဟာ သံနဲ့ တစ်ကီလိုဆိုတဲ့ ဒြပ်ထုပမာဏ (Mass) ချင်း တူတူပါပဲ။ ဒီလို ဒြပ်ထုနှစ်ခု တူညီနေတဲ့ အခါမှာ ဘယ်ဝတ္ထုက ဘယ်လောက် ဒြပ်ဆွဲအား ပမာဏကို ခံစားရမလဲဆိုတာ အဲဒီနိယာမက ရှင်းပြပေးထားပါတယ်။ ဒီကိစ္စမှာဆိုရင် ဝါဂွမ်းနဲ့ ကမ္ဘာက အချင်းချင်း ဆွဲငင်ကြမဲ့ စနစ်တွဲ (System pair) တစ်ခုပါ။ အလားတူပဲ၊ သံနဲ့ ကမ္ဘာဟာလဲ အချင်းချင်း ဆွဲငင်ကြမဲ့ စနစ်တွဲ တစ်ခုပေါ့။ 

နယူတန်ရဲ့ ဒြပ်ဆွဲနိယာမအရ ဝတ္ထုနှစ်ခု အချင်းချင်း ဆွဲငင်ကြတဲ့အခါမှာ အဲဒီဝတ္ထုတွေရဲ့ ‘ဒြပ်ထု’ ဗဟို (Center of Mass) ကြားက အကွာအဝေးဟာ အဲဒီဝတ္ထုအပေါ်ကို သက်ရောက်မဲ့ ဒြပ်ဆွဲအား ပမာဏနဲ့ ပြောင်းပြန်အချိုးကျတယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။ လက်ရှိ ကျွန်တော်တို့ ချဉ်းကပ်မဲ့ ကိစ္စမှာဆိုရင် ဝါဂွမ်းနဲ့ ကမ္ဘာက ဒြပ်ထုအတွဲ တစ်တွဲဖြစ်ပြီး သံနဲ့ ကမ္ဘာက တစ်တွဲပါ။ 

အဲ့တော့ သံနဲ့ ဝါဂွမ်း တစ်ကီလိုစီကို မြေကြီးပေါ် ချထားကြည့်ပါမယ်။ အဲဒီလိုချထားကြည့်တဲ့ အခါမှာဆိုရင် ဝါဂွမ်းတစ်ကီလိုဟာ သံတစ်ကီလိုထက် ထုထည်အများကြီး ပိုကြီးတာကြောင့် သူ့ရဲ့ ဒြပ်ထုဗဟိုချက်နဲ့ ကမ္ဘာရဲ့ ဒြပ်ထု ဗဟိုချက်ကြားက အကွာအဝေးဟာ သံနဲ့ ကမ္ဘာ ဒြပ်ထုဗဟိုချက် အတွဲကြားက အကွာအဝေး ပမာဏထက် ပိုပြီး များနေပါတယ်။ မြင်သာအောင်လို့ သံရော ဝါဂွမ်းရောကို စက်လုံးသဏ္ဌာန်ဖြစ်နေတယ်လို့ မှတ်ယူကြည့်ပါ။ သံရဲ့ သိပ်သည်းဆက ဝါဂွမ်းထက် ပိုနည်းနေလို့ အရွယ်အစားလဲ သေချာပေါက် ပိုသေးနေမှာပါ။ အရွယ်အစားသေးတာကြောင့် ကမ္ဘာနဲ့ ပိုပြီး နီးကပ်တဲ့ နေရာမှာ ရှိနေမှာ ဖြစ်ပြီး တစ်နည်းလှည့်တွေးရင် ကမ္ဘာ့ဗဟိုချက်နဲ့ အဲဒီသံလုံးရဲ့ ဗဟိုချက်က ပိုနီးပါလိမ့်မယ်။ (ဒါမှ မမြင်သေးရင် စက်လုံးနှစ်ခုရဲ့ အချင်းအတိုင်းအတာ ကွာဟနေတာကို တစ်ချက်တွေးကြည့်ပါ။) 

အဲဒီအချက်ကို အခြေခံခြင်းအားဖြင့် သံလုံးနဲ့ ကမ္ဘာတို့ရဲ့ ဒြပ်ထုဗဟိုချက်တွေက ပိုနီးနေလို့ သံလုံးက ကမ္ဘာရဲ့ ဆွဲအားကို ပိုခံစားရတယ်ဆိုတဲ့ မှန်ကန်ချက်တစ်ချက် ထွက်လာပါတယ်။ ဘယ်ဟာ ပို ‘လေး’ လဲဆိုတဲ့ မေးခွန်းမှာဆိုရင် လေးတယ်ဆိုတာ အဲဒီ ဝတ္ထုရဲ့ အလေးချိန် (Weight) ဘယ်လောက် ရှိလဲဆိုတာကို ဆိုလိုတာ ဖြစ်ပါလိမ့်မယ်။ အလေးချိန်ဆိုတာ ဝတ္ထုတစ်ခုအပေါ်ကို သက်ရောက်နေတဲ့ ဒြပ်ဆွဲအား ပမာဏအပေါ် အခြေခံပြီး တိုင်းတာတွက်ထုတ်တာ မဟုတ်လား။ ဒါကြောင့် ဒြပ်ဆွဲအားကို ပိုပြီး ခံစားရတဲ့ သံလုံးဟာ သေချာပေါက် ပိုပြီး အလေးချိန်များမှာပါ။ 

ဒါက တစ်ပိုင်းပါ။ 

မေးခွန်းရဲ့ ဝေါဟာရ အသုံးအနှုန်းပိုင်းနဲ့ တစ်ချက် ယှဉ်ထိုးကြည့်မယ်ဆိုရင် ‘လေးတယ်’ ဆိုတာက အတော်လေး တွေးစရာ များပါတယ်။ 

အဘိဓာန်တွေမှာ လေးတယ် . . . heavy ဖြစ်တယ် . . . heaviness ဆိုတာကို weight – အလေးချိန်နဲ့ နှိုင်းယှဉ်ပြီး ရေးသားဖော်ပြကြတယ်။ လေးတယ်ဆိုတာ အလေးချိန်များတာ။ အလေးချိန်ဆိုတာ ‘အဲဒါဘယ်လောက် လေးလဲ’ ဆိုတာ ပြောတာပေါ့။ 

တကယ့် တကယ်တမ်းတော့ အလေးချိန်ဆိုတဲ့ weight ကို စနစ်တကျအဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါ ဝတ္ထုတစ်ခုအပေါ် သက်ရောက်နေတဲ့ ဒြပ်ဆွဲအားပမာဏဆိုပြီး ဖြစ်ပါမယ်။ ဒါပေမဲ့ Heaviness – လေးတယ်ဆိုတာကျတော့ စနစ်တကျ သတ်မှတ်ချက်မျိုး မရှိတော့ပါဘူး။ ‘လေးတယ်’ ဆိုတာ ခံစားချက် တစ်ရပ်၊ အပြင်ပန်းအသွင်အပြင်တစ်ခု . . . Apperance တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီတော့ လေးတယ်ဆိုတာဟာ ရူပဗေဒရဲ့ Apperant Weight ဆိုတာနဲ့ ယေဘုယျအားဖြင့် သွားညီနေပါတယ်။ 

Apperant Weight ကို မြန်မာလို နှိုင်းရအလေးချိန်၊ တိုင်းထွာရအလေးချိန်၊ တွေ့ကြုံရ အလေးချိန် . . . စသဖြင့် အမျိုးမျိုး ခေါ်ဝေါ်နိုင်ပါလိမ့်မယ်။ ဒီကိစ္စမှာတော့ တိုင်းထွာရအလေးချိန်လို့ သုံးပါမယ်။ 

ဓာတ်လှေကားတွေ စီးတဲ့အခါမှာ အပေါ်ကို တက်ရင် ခန္ဓာကိုယ်က လေးကျလာသလို ခံစားရပြီး အောက်ဆင်းတဲ့အခါ မူလထက် ပေါ့သွားသလို ခံစားရတာ အဲဒီ တိုင်းထွာရအလေးချိန်ကြောင့်ပါ။ ဓာတ်လှေကား စီးတဲ့အခါမှာ အပေါ်တက်ရင် ဒြပ်ဆွဲအားကို ဆန့်ကျင်တက်ရသလို အောက်ဆင်းရင်တော့ မူလရှိနေပြီးသား ဒြပ်ဆွဲအားကိုပဲ အလိုက်သင့်လေး တိုးမြှင့်လိုက်ပါသွားပါတယ်။ ဘယ်လိုနည်းနဲ့ စီးစီး acceleration တစ်ရပ်တော့ ရှိလာပါမယ်။ ဒီ acceleration ပါဝင် သက်ရောက်မှု အပေါ် အခြေခံပြီး ဝတ္ထုအပေါ် ရှိနေတဲ့ အသားတင်အား (ဒြပ်ဆွဲအား) ပမာဏက ကွဲပြားသွားတာပါ။ (အဲဒီ ဓာတ်လှေကား ကိစ္စမှာဆိုရင် လိုက်စီးတဲ့ သူတွေကို ကတ္တားနဲ့ ချိန်ကြည့်ရင် ပြလာတဲ့ အလေးချိန်က မူရင်းအလေးချိန် – Actual Weight နဲ့ မတူတော့ပါဘူး။) 

အဲဒီ တိုင်းထွာရ အလေးချိန်က ဝတ္ထုတစ်ခု အရည်ဒြပ်ထဲကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အဝဖြစ်စေ နစ်မြုပ်သွားတဲ့အခါမှာလဲ အပြောင်းအလဲ ရှိလာပါတယ်။ ဆယ်တန်းရဲ့ သိပ်သည်းဆအခန်း မှာ သင်ရတဲ့ အာခိမိဒိစ်နိယာမနဲ့ ဖော့ဂုဏ်မှာ ဖော်ပြထားချက်အရ အရည်ဒြပ်တစ်ခုထဲကို ဝတ္ထုတစ်ခု မြှုပ်လိုက်မယ်ဆိုရင် အဲဒီဝတ္ထုရဲ့ ထုထည်နေရာဝင်ယူလာတာကြောင့် ဖယ်ရှားခံလိုက်ရတဲ့ အရည်ဒြပ်ရဲ့ ပမာဏနဲ့ ညီမျှတဲ့ တွန်းကန်အားတစ်ခု ဝတ္ထုအပေါ်ကို ပြန်သက်ရောက်တယ် ဆိုပါတယ်။ ဒီနေရာမှာ လူအများစု အမှတ်မှားတာက ဒီဖော့ဂုဏ်ဟာ အရည်တွေထဲပဲ သက်ရောက်မှုရှိတယ် ဆိုတာပါ။ တကယ့်တကယ်တမ်းတော့ ဖော့ဂုဏ်သတ္တိက ကျွန်တော်တို့ ပတ်ဝန်းကျင်ရဲ့ လေထုထဲမှာလဲ သက်ရောက်မှုရှိနေပါတယ်။ လေထုထဲမှာလဲ သိပ်သည်းဆ တစ်ရပ် ရှိတာကိုး။ (ဒီတော့ ဟီလီယမ်ဘောလုံးတစ်လုံး လေထဲမှာ မြောနေနိုင်တာနဲ့ ငါးတွေ ရေလည်ခေါင်မှာ ကူးခတ်သွားလာနေနိုင်တဲ့ သဘောတရားခြင်းက တူတူဖြစ်နေတာပေါ့။)

လေထုဟာလဲ Fluid တွေလိုပဲ အရည်သဘော ဆောင်တာဖြစ်လို့ လေထုနဲ့ ဆက်စပ်နေတဲ့ မြေပြင်နားက ဝတ္ထုမှန်သမျှဟာ အဲဒီဝတ္ထုရဲ့ ထုထည်နေရာ ရနိုင်ဖို့အတွက် လေပမာဏတချို့ကို ဖယ်ရှားရပါတယ်။ ဖယ်ရှားခံလိုက်ရတဲ့ လေထုအလေးချိန်နဲ့ ညီမျှတဲ့ တွန်းကန်အားတစ်ခုက အဲဒီဝတ္ထုကို ပြန်သက်ရောက်ပါတယ်။ တစ်နည်းအားဖြင့် ဖော့ဂုဏ်ရှိလာပါတယ်။ သံနဲ့ ဝါဂွမ်းကိစ္စမှာဆိုရင် ဝါဂွမ်းဟာ သံထက် ထုထည်ပမာဏ ပိုများတာကြောင့် နေဖို့ နေရာပိုလိုတာပေါ့။ တစ်နည်းအားဖြင့် လေထုအနေနဲ့ သူရှိနေတဲ့ နေရာကို ဝင်ယူလာတဲ့ ထုထည်ရဲ့ ပမာဏအပေါ် လိုက်လို့ ဖယ်ရှားခံလိုက်ရတဲ့ လေထုအလေးချိန်ကို မူတည်ပြီး တူညီတဲ့ အားတစ်ရပ်ကို ဝါဂွမ်းအပေါ် ပြန်သက်ရောက်စေမှာပါ။

တစ်ဖက်မှာတော့ သံတစ်ကီလိုက ဝါဂွမ်းထက် ပိုသိပ်သည်းပြီး ထုထည်လဲ ပိုသေးတာကြောင့် သူနေဖို့အတွက် ဖယ်လိုက်ရတဲ့ လေထုပမာဏက ဝါဂွမ်းလောက် မများပါဘူး။ ဒီတော့ ဝါဂွမ်းလောက် ဖော့ဂုဏ် မရှိဘူးပေါ့။ ဒီနေရာမှာ ထည့်ပြောဖို့ လိုလာတာက ဖော့ဂုဏ်ဆိုတာ အပေါ်ကို ပင့်တင်တဲ့ အားတစ်ရပ် ဖြစ်ပြီး ဒြပ်ဆွဲအားနဲ့ ဆန့်ကျင်ဘက်ပါ။ ဒြပ်ဆွဲအားဟာ ဝတ္ထုနှစ်ခုအပေါ် တူညီတဲ့ အားနဲ့ သက်ရောက်မယ်ဆိုရင်တောင် ဝါဂွမ်းမှာ ရှိတဲ့ လေထုပင့်အား . . . တစ်နည်း ဖော့ဂုဏ်ကြောင့် ဝါဂွမ်းအပေါ် သက်ရောက်တဲ့ တိုင်းထွာရ အလေးချိန်က နည်းသွားပါတယ်။ ဒါဟာ ဒြပ်ဆွဲအားကို ဆန့်ကျင်ပြီး သက်ရောက်တဲ့ ပြင်ပ အားတစ်ရပ်ဖြစ်လို့ ဝတ္ထုပေါ် သက်ရောက်နေမဲ့ အသားတင်ဒြပ်ဆွဲအားက နယူတန်ရဲ့ ဒုတိယနိယာမ F=ma အရ သေချာပေါက် နည်းသွားတာပါ။ ဒြပ်ဆွဲအားလျော့သွားတာသည် ဝတ္ထုရဲ့ အလေးချိန်နည်းသွားတာဆိုပြီး ကောက်ချက်ဆွဲနိုင်လို့ ဒီကိစ္စမှာလဲ ဝါဂွမ်းက သံထက် ပေါ့သွားပြန်တာပေါ့။ 

ဒီတော့ သံတစ်ကီလိုနဲ့ ဝါဂွမ်းတစ်ကီလို ဘယ်ဟာက ပိုလေးလဲလို့ မေးလာရင် အပေါ်က နိယာမတွေနဲ့ မှန်ကန်ချက်တွေအရတော့ သံတစ်ကီလိုက ပိုလေးပါတယ်။ ပုံမှန်ကြည့်ရင်တော့ ဘယ်လိုကွာဟမှုမျိုးမှ ထင်သာမြင်သာ မရှိနေပေမဲ့ အတိအကျ တိုင်းတာပြီး တွက်ထုတ်ကြည့်ရင် ပမာဏတစ်ခု ကွာနေတာကို တွေ့နိုင်ပါတယ်။ (သင်္ချာနည်းအရ တွက်ပြီး သက်သေပြလို့ ရနိုင်တဲ့ နည်းလဲ ရှိပါတယ်။) 

ပေါ့တယ်၊ လေးတယ်ဆိုပြီး ယှဉ်ထိုးပြောတဲ့အခါမှာလဲ ဘာသာစကားနဲ့ ရူပဗေဒရဲ့ အသွားအလာအရ ‘သိပ်သည်းမှု’ ကို သွယ်ဝိုက်ရည်ညွှန်းနေတာဖြစ်လို့ ယောင်ပြီး သံက ပိုလေးတယ်လို့ ဖြေမိတာက တပ်အပ်မှားယွင်းနေတာမျိုး ဘယ်ဟုတ်ပါတော့မလဲ။ 


Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.