May 20, 2026 | မြန်မာ

❝ မိုနာလီဇာ ဘာလို့ နာမည်ကြီးတာလဲ . . . ? ❞

မိုနာလီဇာ (Mona Lisa) ဆိုတာနဲ့ ပြေးမြင်မှာက ပြုံးသယောင်ယောင် နှုတ်ခမ်းတင်းတင်းနဲ့ ခမ်းနားတဲ့ အမျိုးသမီးပုံ ပန်းချီကားတစ်ချပ်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီပန်ချီကားက ကမ္ဘာကျော် အီတလီပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီ (Leonardo da Vinci) ရဲ့ ကျော်ကြားတဲ့ လက်ရာတွေထဲက တစ်ခုပါ။ ဒါဗင်ချီကို ဖရန်ချက်စ်ကိုဒေဂျော်ကွန်ဒို အမည်ရ ကုန်သည်တစ်ဦးက သူ့ဇနီးသည် လီဇာအတွက်…

Text size

မိုနာလီဇာ (Mona Lisa) ဆိုတာနဲ့ ပြေးမြင်မှာက ပြုံးသယောင်ယောင် နှုတ်ခမ်းတင်းတင်းနဲ့ ခမ်းနားတဲ့ အမျိုးသမီးပုံ ပန်းချီကားတစ်ချပ်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီပန်ချီကားက ကမ္ဘာကျော် အီတလီပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီ (Leonardo da Vinci) ရဲ့ ကျော်ကြားတဲ့ လက်ရာတွေထဲက တစ်ခုပါ။ ဒါဗင်ချီကို ဖရန်ချက်စ်ကိုဒေဂျော်ကွန်ဒို အမည်ရ ကုန်သည်တစ်ဦးက သူ့ဇနီးသည် လီဇာအတွက် ပုံတူပန်းချီကို ရေးဆွဲပေးဖို့ တောင်းဆိုတာကြောင့် ရေးဆွဲခဲ့တယ်လို့ သိရပြီး ၁၅၀၃ ခုနှစ်နဲ့ ၁၅၁၉ ခုနှစ် အတောအတွင်းမှာ ရေးဆွဲခဲ့ပါတယ်။ ပန်းချီကားကို ကြည့်လိုက်ရင် ရိုးရှင်းနေပြီး ထူးဆန်းတဲ့ အချက် မပါဘူးလို့ ထင်စရာပါပဲ။ ဒီလို ရိုးရိုးပုံတူပန်းချီကားလေးက ကမ္ဘာတစ်ဝှမ်းမှာ ထူးထူးခြားခြား နာမည်ကြီးနေတာကတော့ စဉ်းစားစရာပါ။

နာမည်ကြီးနေရတဲ့ ပထမဆုံးအချက်ကတော့ သူ(မ)ရဲ့ အပြုံးပါ။ သူ(မ)ရဲ့ အပြုံးကို တစိမ့်စိမ့်နဲ့ ဂရုစိုက်ပြီး ကြည့်ကြည့်မယ်ဆိုရင် ထူးခြားနေပါလိမ့်တယ်။ မိုနာလီဇာကို ကြည့်မိသူတိုင်း သူ(မ) ပြုံးနေလား၊ မပြုံးနေဘူးလား ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားလေ့ရှိကြပါတယ်။ ပညာရှင်တွေရဲ့ သုံးသပ်ချက်အရတော့ ဒီလိုဖြစ်ရတာက ဒါဗင်ချီရဲ့ ဆန်းသစ်တဲ့ ရေးဆွဲနည်းကြောင့်ပါတဲ့။ ဒါဗင်ချီ စပြီး မရေးဆွဲခင်ကတည်းက လူတွေရဲ့ မျက်လုံးကို စနစ်တကျလေ့လာပြီး ဘယ်ရှုထောင့်က ကြည့်ရင် ဘယ်ပုံရိပ်ယောင်ကို ဖြစ်စေနိုင်မလဲ၊ ပြုံးလိုက်မယ်ဆိုရင် မျက်နှာက ဘယ်လိုဖြစ်နေမလဲ၊ ထင်ယောင်ထင်မှားဖြစ်အောင်ဆိုရင် မျက်နှာမှာ ဘယ်လိုအရိပ်၊ ဘယ်လိုအရောင် ထည့်ရမလဲ စတဲ့ အသေးစိတ်အချက်တွေကို စနစ်တကျ လေ့လာခဲ့တဲ့အတွက်ကြောင့်လို့ သိရပါတယ်။ ဒါကြောင့်လဲ မိုနာလီဇာရဲ့ မျက်လုံးကို တစိမ့်စိမ့် စူးစိုက်ကြည့်ရင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေပုံပေါ်ပြီး နှုတ်ခမ်းကိုပဲ တစိမ့်စိမ့် ကြည့်ကြည့်ရင် ပြုံးမယောင်ယောင်လေးပဲ ဖြစ်နေတာကို တွေ့ရမှာပါ။ မိုနာလီဇာရဲ့ မျက်လုံးဟာ ကိုယ် သွားရာနောက်ကို လိုက်ကြည့်နေသလို ရွေ့လျားနေတယ်လို့လဲ ဆိုကြပါသေးတယ်။ ဒါတင်မကသေးဘဲ ဒါဗင်ချီက ပန်းချီကားကို ဖန်တီးရာမှာ ခပ်ပါးပါး ဆေးသားအလွှာတွေကို တစ်လွှာပြီးတစ်လွှာ ထပ်ကာထပ်ကာ ရေးဆွဲပါသေးတယ်။ ဒါ့ကြောင့်လဲ မိုနာလီဇာ ပန်းချီကား ပုံပေါ်ပြီးစီးဖို့အတွက်  အချိန်အတော်ကြာခဲ့တာပါ။  မိုနာလီဇာပန်းချီကား ရေးဆွဲစဉ်ကာလ ၁၅၁၉ ခုနှစ်မှာပဲ ဒါဗင်ချီ ကွယ်လွန်ခဲ့တာကြောင့် ပန်းချီကားကို အပြီးမသတ်နိုင်ခဲ့ပါဘူးလို့ ဆိုကြပါတယ်။ ဘယ်လိုပဲ မပြီးပြတ်သေးတဲ့ ပန်းချီကားပဲဖြစ်နေပါစေ ပြီးပြည့်စုံနေတာကတော့ ဒါဗင်ချီရဲ့ အံ့ဖွယ် အနုပညာလက်စွမ်းကြောင့်ပါပဲ။

နောက်တစ်ချက်က မိုနာလီဇာမှာ မျက်ခုံးတွေ မပါတာကလဲ လူတွေ စိတ်ဝင်စားကြတဲ့ တစ်ချက်ပါ။ ဒါပေမဲ့ အင်ဂျင်နီယာ ပါစကယ်ကော့ (Pascal Cotte) ရဲ့ ပြောကြားချက်အရ ပန်းချီက ကာလအတန်ကြာမြင့်နေပြီ ဖြစ်တာကြောင့်ရော၊ အကြိမ်ပေါင်းများစွာ သန့်ရှင်းရေးလုပ်တာကြောင့်ပါ မိုနာလီဇာရဲ့ မျက်ခုံးတွေ ပျက်ပြယ်သွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုနာလီဇာပန်းချီကား လူဗားပြတိုက်ကို မရောက်ရှိခင်တုန်းက တစ်ခြားနေရာတွေမှာ ချိတ်ဆွဲခံခဲ့ရပါသေးတယ်။ ဒီကိစ္စကလဲ မိုနာလီဇာကို တစ်မျိုးတစ်ဖုံ ကျော်ကြားစေပါသေးတယ်။ ၁၅၁၆ ခုနှစ်မှာ ပြင်သစ်ဘုရင် ဖရန်စွာစ် (Francois I) ရဲ့ ဖိတ်ကြားချက်အရ ဒါဗင်ချီဟာ ပြင်သစ်ကို ရောက်လာပြီး အဲ့ဒီမှာပဲ မိုနာလီဇာကို ဆက်လက်ရေးဆွဲပါတယ်။ ဒါဗင်ချီ ကွယ်လွန်ပြီးနောက်မှာတော့ ဖရန်စွာစ်က ပန်းချီကားကို ဝယ်ယူခဲ့ပြီး ဖောင်တိန်ဘလိုးနန်းတော် (Fontainebleau Palace)ရဲ့ ပြခန်းမှာ ပြသထားပါတယ်။ လူးဝစ်စ် XIV( Louis XIV) လက်ထပ်မှာပဲ အဲ့ဒီကနေ ဗာဆိုင်းနန်းတော်ဆီကို‌ ရွှေ့ပြောင်းခြင်းခံလိုက်ရပါတယ်။ နောက်ထပ် ထည့်သွင်းစဉ်းစားစရာ အချက်တွေကတော့ ပြင်သစ်တော်လှန်ရေးပြီးနောက်မှာ နပိုလီယံ ဘိုနာပတ်(Napoleon Bonaparte) ရဲ့အိပ်ခန်းထဲမှာ မိုနာလီဇာပန်းချီကားကို  ချိတ်ဆွဲခဲ့တယ် ဆိုတဲ့ စကားနဲ့ ၁၈၀၄ ခုနှစ်ကျမှပဲ လူဗားပြတိုက်(Louvre Museum)ကို ရောက်ရှိလာခဲ့တယ် ဆိုတဲ့ စကားတွေပါ။ ဒီမှာတင် ရပ်မသွားသေးဘဲ မိုနာလီဇာက ထပ်ပြီး ကမ္ဘာပတ်လိုက်ပါသေးတယ်။ ၁၉၆၃ ခုနှစ်မှာ ဝါရှင်တန်နဲ့ နယူးယော့ခ်ကို ရောက်ရှိခဲ့ပြီး ၁၉၇၄ ခုနှစ်မှာတော့ တိုကျိုနဲ့ မော်စကိုမှာ ချိတ်ဆွဲပြသခဲ့ပါသေးတယ်။ 

မိုနာလီဇာရဲ့ ကျော်ကြားမှုကို ထပ်လောင်းအားဖြည့်ပေးခဲ့တဲ့ နောက်ထပ် ကိစ္စတစ်ရပ်လဲ ရှိပါသေးတယ်။ အဲဒါကတော့ ‘အခိုးခံလိုက်ရမှု’ ပါပဲ။ ဗင်စန်ဇို ပီရူဂီးယား (Vincenzo Peruggia) လို့ ခေါ်တဲ့ အီတလီလူမျိုးတစ်ယောက် ၁၉၁၁ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့မှာ ဒီအပြစ်ကို ကျူးလွန်ခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ဒီလိုပါ။ အဲဒီအချိန်တွေတုန်းက လူဗားပြတိုက်ဟာ လုံခြုံရေးပိုင်းဆိုင်ရာမှာ အတော်လေးကို လျော့ရဲပါတယ်။ ပီရူးဂီးယားကလဲ ပန်းချီကားကို မခိုးယူခင် လူဗားပြတိုက်မှာ မှန်ဘောင်တွေကို ပြုပြင်ရတဲ့ အလုပ်သမားအဖြစ် အလုပ်လုပ်ခဲ့သေးတာပါ။ ဒီအချက်တွေကပဲ ပန်းချီကားခိုးယူဖို့ သူ့အတွက် ပိုမိုလွယ်ကူသွားစေတာပေါ့။ ဒါ့အပြင် လန်စလော့တီ ညီအစ်ကိုနှစ်ဦးကလဲ နောက်ကွယ်ကနေ ကူညီပေးခဲ့ပါသေးတယ်။ 

မိုနာလီဇာ ပျောက်ဆုံးသွားတဲ့ အမှုက သတင်းစာ‌ခေါင်းကြီးပိုင်းတွေမှာ ဝေဝေဆာဆာ ပါလာပြီး တစ်ဆထက်တစ်ဆ နာမည်ကြီးလာခဲ့ပါတော့တယ်။ ၁၉၁၃ ခုနှစ်၊ ဒီဇင်ဘာလ (ပျောက်ဆုံးသွားပြီးနောက် လပေါင်း ၂၈ လလောက် အကြာ) မှပဲ သက်ဆိုင်ရာ ရဲတွေက ပီရူးဂီးယားကို ဖမ်းမိခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာတော့ လူဗားပြတိုက်ကို ပြန်လည်ရောက်ရှိလာတဲ့ မိုနာလီဇာပန်းချီကား ဘာတွေ ပြောင်းလဲသွားသလဲ၊ အစစ်ရော ဟုတ်ရဲ့လားဆိုပြီး လူတွေ ခြိမ့်ခြိမ့်သဲသဲ လာရောက်ကြည့်ရှုကြလို့ ပိုပြီး ကျော်ကြားသွားခဲ့ပါတယ်။  ဒီအဖြစ်အပျက်ပြီးနောက်ပိုင်းမှာလဲ ပန်းချီကားကို အက်စစ်နဲ့ပက်ဖို့ ကြိုးပမ်းတာမျိုး၊ ဆေးနီနဲ့ မှုတ်ပစ်ဖို့ အတင်းအကျပ် ကြိုးစားတာမျိုးတို့လို့ ပန်းချီကားကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့တဲ့လူအချို့လဲ ရှိပါတယ်။ အခုဆိုရင်တော့ ဒါဗင်ချီရဲ့ ဂန္တဝင်လက်ရာမိုနာလီဇာပန်းချီကားကို လုံလုံခြုံခြုံဖြစ်စေဖို့အတွက် လူဗားပြတိုက်မှာပဲ သီးခြားပြခန်းထားရှိပြီး ကျည်ကာမှန်တွေနဲ့ သေချာကာကွယ်စောင့်ရှောက်ထားပါတယ်။ 

ဒီအချက်တွေကပဲ လူထုရဲ့ စိတ်ဝင်စားမှုကို သိမ်းပိုက်သွားပြီး ကမ္ဘာတစ်ဝှမ်းမှာ ဟုန်းဟုန်းတောက် ကျော်ကြားလာပါတော့တယ်။ လူဗားပြတိုက်ရဲ့ သုတေသနအရ လည်ပတ်သူအားလုံးရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းက မှော်ဆန်တဲ့ အပြုံးပိုင်ရှင် မိုနာလီဇာပန်းချီကားကို ရှုစားဖို့ လာရောက်လေ့ရှိကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလဲ နာမည်ကြီးလွန်းတဲ့ ဒီအမျိုးသမီးလေး မိုနာလီဇာပုံပါ အသုံးအဆောင်ပစ္စည်းတွေ၊ လက်ဆောင်ပစ္စည်းတွေက ကမ္ဘာတစ်ဝှမ်းမှာ မရေမတွက်နိုင်အောင် ရောင်းချနေရပါသေးတယ်။ ဒါ့အပြင် မိုနာလီဇာပန်းချီကားကို ဘဘောကျသူတွေအတွက် ဒါဗင်ချီရဲ့ “ The Last Supper” ၊ “Lady With An Ermine” ဆိုတဲ့ လက်ရာတွေကလဲ စာဖတ်သူတို့ကို စိတ်ပျက်စေမှာမဟုတ်ပါဘူး။     ။

Article Credits

Written by Moe Myint Phyu
Fact-Checking Min Z
Final Review Min Z

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.