May 20, 2026 | မြန်မာ
Science Communication Featured Featured Story

သိပ္ပံအကြောင်း သိပ္ပံအရာနှင့် လူထုအသိ (အယ်ဒီတာ့အာဘော်)

ကျွန်တော်တို့ မြန်မာနိုင်ငံက လူတွေက သိပ္ပံနဲ့ ပတ်သက်လာရင် သိပ္ပံအသိ၊ သိပ္ပံပညာ အင်မတန်မှ ခေါင်းပါးလွန်းပါတယ်။ ဒီလိုပြောရတာက မသိရ‌ကောင်းလားဆိုပြီး ဝေဖန်ရှုံ့ချအပြစ်တင်လိုစိတ်နဲ့ ပြောရခြင်းမဟုတ်ပါ။ ခေတ်အဆက်ဆက်က လူတွေရဲ့ သိမှုအဆင့်အတန်းက ဟိုးး မွေးကင်းစကလေးကနေစလို့ အသက် ၈၀ အရွယ်ရှိ သက်ကြီးရွယ်‌အိုတွေအထိ ဘာသာရေး လွှမ်းမိုးမှုနဲ့ မလွတ်ကင်းနိုင်လို့လို့ ကျွန်တော်က‌တော့ ယူဆပါတယ်။ ပညာရေးစနစ်နိမ့်ပါးတာရယ်…

Text size

ကျွန်တော်တို့ မြန်မာနိုင်ငံက လူတွေက သိပ္ပံနဲ့ ပတ်သက်လာရင် သိပ္ပံအသိ၊ သိပ္ပံပညာ အင်မတန်မှ ခေါင်းပါးလွန်းပါတယ်။ ဒီလိုပြောရတာက မသိရ‌ကောင်းလားဆိုပြီး ဝေဖန်ရှုံ့ချအပြစ်တင်လိုစိတ်နဲ့ ပြောရခြင်းမဟုတ်ပါ။ ခေတ်အဆက်ဆက်က လူတွေရဲ့ သိမှုအဆင့်အတန်းက ဟိုးး မွေးကင်းစကလေးကနေစလို့ အသက် ၈၀ အရွယ်ရှိ သက်ကြီးရွယ်‌အိုတွေအထိ ဘာသာရေး လွှမ်းမိုးမှုနဲ့ မလွတ်ကင်းနိုင်လို့လို့ ကျွန်တော်က‌တော့ ယူဆပါတယ်။ ပညာရေးစနစ်နိမ့်ပါးတာရယ် ခေတ်အဆက်ဆက် သိမှုဘောင်ကို ကန့်သတ်ခံထားရပြီး ဘိုးစဉ်ဘောင်ဆက် ယုံကြည်ရာအတိုင်းကို ကိုယ်တိုင်ဝေဖန်ဆန်းစစ်မှုမရှိဘဲ မျက်စိမှိတ်စွတ်ယုံပြီး ဘောင်ထပ်ချဲ့ဖို့မကြိုးစားဘဲ ရှိရင်းစွဲအတိုင်း အမှန်တရားလို့ လက်ခံလိုက်တာမျိုးတွေကြောင့် ဘယ်လိုပဲ အမှန်တရားက ရှိနေပါစေ၊ မိမိထင်ရာသည်သာ မှန်ကန်တယ်ဆိုတဲ့ အယူစွဲလွန်တစ်မျိုးက ကပ်တွယ်နေခဲ့ရတာပေါ့။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၈ ဘီလျံခန့်မှာ မဟာပေါက်ကွဲမှုကြီးကနေတဆင့် စကြာဝဠာစတင်တယ်၊ ပေါက်ကွဲမှုကနေ ထွက်လာတဲ့ ရောင်စဉ်လှိုင်းတွေကို ခြေရာခံပြီး စကြာဝဠာရဲ့ အစကို သိပ္ပံပညာက ခန့်မှန်းနိုင်ခဲ့တယ်။ ဓာတ်ငွေ့တိမ်တိုက်တွေထဲမှာ ဓာတ်ငွေ့တွေ၊ ဖုန်မှုန့်တွေက ဒြပ်ဆွဲအားကြောင့် ဆွဲမိစုမိကြရင်း ကြယ်ကြီး‌တွေ ဖြစ်တည်လာတယ်။ ကြယ်တွေရဲ့ ဘေးနားက အကြွင်းအကျန်တွေ ဂြိုဟ်တွေအဖြစ် စုလုံးမိလာကြရင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၅ ဘီလျံလောက်မှာ ကမ္ဘာဂြိုဟ်ပေါ် သက်ရှိတို့ရဲ့ ဦးဆုံး ဘိုးအေကြီးဖြစ်တဲ့ ဆဲလ်တစ်လုံးသက်ရှိ (Single celled organism) လေးတွေ စတင်ဖြစ်တည်လာခဲ့တယ်။ အဲ့ဒီ ဆဲလ်တစ်လုံးသက်ရှိလေးတွေက နှစ်ခြမ်းကွဲပြီး နောက်ထပ် ဆဲလ်တစ်လုံးသက်ရှိတွေအဖြစ်… အဲ့ကနေမှ ဆင့်ကာဆင့်ကာ ကွဲထွက်မျိုးပွားလာကြရင်း ဆဲလ်အချင်းချင်း ပေါင်းစည်းသွားကြရာ‌ကနေ တာဒီဂရိတ်လိုအကောင်တွေကနေစလို့ ဒိုင်နိုဆောတွေအလယ် ကျွန်တော်တို့ လူသားတွေ အဆုံး အမျိုးမျိုး ဆင့်ကဲပြောင်းလဲလာခဲ့တယ်။ သက်ရှိအားလုံးက မျိုးဗီဇတစ်ခြမ်းတည်းပါတဲ့ ဆဲလ်တစ်လုံးသက်ရှိလေးကနေ ဖြစ်လာတယ်ဆိုတာကို ပြောထားတဲ့ သိပ္ပံရဲ့ evolution theory ပေါ့။ လောကဓာတ်သိပ္ပံပညာဆိုတာ လူသားတွေရဲ့ သိလိုစိတ်နဲ့ မေးခွန်းတွေရဲ့ ယုတ္တိကျအဖြေကို ရှာရင်း ဖြစ်တည်လာကြတာဖြစ်တယ်။ နေ့နဲ့ ည ဘယ်လိုဖြစ်တာလဲ၊ ညအခါ ကောင်းကင်ထက်မှာ လင်းလက်တောက်ပနေတဲ့ အစက်အပျောက်တွေက ဘာတွေလဲ၊ မိုးဘာလို့ ရွာတာလဲ၊ နေက ဘာလဲ၊ လက ဘာလဲ၊ ကြယ်တာရာဆိုတာ ဘာလဲ၊ ကောင်းကင်က ဘာလို့အပြာရောင်လဲ၊ မီးက ဘာလို့လောင်၊ လေက ဘာလို့တိုက်ကနေစလို့ သက်ရှိ ဘယ်လိုဖြစ်လာတာလဲ၊ ကမ္ဘာဘယ်လိုဖြစ်လာတာလဲ၊ စကြာဝဠာဘယ်လိုဖြစ်လာသလဲ၊ စတဲ့မေးခွန်းတွေ၊ သိလိုစိတ်တွေ မြစ်ဖျားခံလို့ ကိုက်ညီမယ့်အဖြေကို လိုက်ရှာရင်း လောကဓာတ်သိပ္ပံပညာက အစပြုခဲ့တယ်။ ဒါဆိုရင် ဘာသာရေးတို့ ယုံကြည်ကိုးကွယ်မှုတွေ ဘယ်လိုစတင်လဲဆိုတာ ဖြေရရင်ကျ အပေါ်က မေးခွန်းတွေအတွက် နားလည်အောင်ဖြေရှင်းနိုင်စွမ်းမရှိသေးတဲ့အခါမှာ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေအဖြစ် ယုံကြည်ကြရင်း စတင်ခဲ့တာဖြစ်တယ်။ ကျောက်ခေတ်ဂူအောင်းလူသားတွေက ဒီမေးခွန်းတွေအတွက် အဖြေမရှိတဲ့အခါ အရာအားလုံးကို ဘုရားသခင်အပေါ် ပုံချပြီး ဖြေသိမ်ခဲ့ကြတာပေါ့။ ဒီလိုဖြေသိမ့်တာက လွန်ခဲ့တဲ့ နှစ်သိန်းသောင်းချီ ကာလတုန်းက ကျောက်ခေတ်လူသားတွေရဲ့ နက်နဲလှတဲ့ မေးခွန်းတွေအတွက် ဖြေသိမ့်စရာ အိပ်ရာဝင်ပုံပြင်အဖြစ် ကြားကောင်းပေမယ့် ဒီဘက်ခေတ် သိပ္ပံနဲ့ နည်းပညာထွန်းကားနေတဲ့ အချိန်မှာတော့ နားဝင်ဆိုးလှပါတယ်။

မြန်မာနိုင်ငံက လူတော်တော်များများ ပြော‌လေ့ပြောထရှိတဲ့ အ‌ကြောင်းအရာက “သိပ္ပံက အတိအကျမသိပါဘူး ခန့်မှန်းချက်တွေသက်သက်ပါ”၊ နောက် “သိပ္ပံက မသိနိုင်တာတွေ အများကြီးရှိပါသေးတယ်” ဆိုတာပါ။ အပေါ်ယံကတော့ မှန်သလိုလိုထင်ရပေမယ့် အပြည့်အဝတော့ မမှန်ပါဘူး။ ဒီစကားတွေက ခေါင်းပါးလွန်းတဲ့ ဗဟုသုတနဲ့ သိပ္ပံကို ပုံဖျက်တယ်လို့ ကျွန်တော်ကတော့ ထင်မြင်ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သိပ္ပံရဲ့ အလုပ်လုပ်ပုံက “ဟိုးရှေးရှေးတုန်းက လူကြီးတွေပြောတာလေ၊ ဘယ်ကျမ်းစာထဲမှာ ပါတာလေ၊ ဘယ်ဘုရားဟောတာလေ” ဆိုပြီး ယူဆသတ်မှတ်တာမဟုတ်ဘဲ သက်သေသက္ကာရနဲ့ အတည်ပြုနိုင်တဲ့ အဆိုပြုချက်တွေကိုပဲ “သီအိုရီ” အဖြစ်လက်ခံတာဖြစ်လို့ပါ။ သိပ္ပံက သက်သေပြချက်မရှိဘဲ ခန့်မှန်းအဆိုပြုတာတွေကို “အဆိုကြမ်း (Hypothesis) အဆင့်မှာပဲ ထားပါတယ်။ အဲ့ဒီအဆိုကြမ်းတွေအတွက် သက်သေသက္ကာရပြနိုင်ရင်၊ လက်တွေ့စမ်းသပ်မှုတွေ မှန်ကန်နေရင် “သီအိုရီ” အဆင့်ကိုရောက်ရှိပြီးတော့ မှားသွားရင်တော့ အဲ့ဒီအဆိုပြုချက်ကို ပယ်ဖျက်ပစ်ရပါတယ်။ အဆိုကြမ်းအဆင့်မှာလည်း ပညာရှင်တွေအနေနဲ့ ထင်ရာ မြင်ရာ စိတ်ကူးပေါက်ရာကို တင်သွင်းခွင့်မရှိဘဲ အတိတ်ကဖြစ်ရပ်တွေ၊ လတ်တလောအထိတွေ့ရှိထားတာတွေနဲ့ ဖြစ်နိုင်စွမ်းအကုန်လုံးကို ကျိုးကြောင်းကျဝေဖန်ဆန်းစစ်ပြီး အသင့်တော်ဆုံး အဖြေကို ခန့်မှန်းကြတာဖြစ်ပါတယ်။ အဓိပ္ပါယ်မရှိတဲ့အဆိုပြုချက်တွေဆိုရင် hypothesis အဖြစ်တောင် လက်မခံပါဘူး။ နောက်သီအိုရီအဖြစ် တိုးမြှင့်ပြီးရင်လည်း သိပ္ပံနည်းကျသီအိုရီဖြစ်ပါပြီလို့ တန်းအတည်မပြုသေးဘဲ “Peer review” အဆင့်ကို ဆက်လုပ်ဆောင်ရပါတယ်။ Peer review အပိုင်းမှာဆိုရင် သီအိုရီကိုတင်သွင်းတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ပညာရှင်တွေက သုတေသနနဲ့ ပတ်သက်တဲ့ စာတမ်း‌တွေ၊ paper တွေ .. သီအိုရီနဲ့ စပ်လျဉ်းလို့ ပြုစုထားသမျှ အချက်အလက်အကုန်လုံးကို အခြားပညာရှင်တွေက ပြန်လည်ဆန်းစစ်ပါတယ်။ ဖော်ပြထားတဲ့ အကြောင်းအရာတွေက မှန်ကန်မှုရှိမရှိ၊ Data Analysis လုပ်တာ ၊ အဓိပ္ပါယ်ပိုင်း သတ်မှတ်ကောက်ချက်ချတာ၊ သုတေသနတစ်ခုလုံးရဲ့ အရည်အသွေးပိုင်းကို ခြုံငုံသုံးသပ်တာ .. သိပ္ပံနည်းကျ သီအိုရီတစ်ခုရဲ့ စံချိန်စံညွှန်းနဲ့ ပြည့်မီတာ ရှိ မရှိ စတာတွေကို အချိန်နှစ်နဲ့ချီယူပြီး အသေးစိတ် review လုပ်ကြပါတယ်။ ကိုက်ညီမှသာ Scientific theory တစ်ခုအဖြစ် အသိအမှတ်ပြုတာပါ။ သီအိုရီတွေက အမြဲတမ်းမမှန်ဘူးလို့ တချို့က ဆိုကြပါတယ်။ အဲ့ဒီပြောဆိုချက်ကလည်း သိပ္ပံကို သေချာနားမလည်တဲ့၊ နားလည်ဖို့ မကြိုးစားတဲ့ တချို့ရဲ့ ပုံဖျက်မှုပါပဲ။ သိပ္ပံမှာ မမှန်ကန်တဲ့ အယူအဆတွေကို အစကတည်းက ဘောင်မသွင်းပါဘူး။ သီအိုရီတွေက ဘယ်လောက်မှန်လဲ၊ ပိုမှန်လား လျော့မှန်လားဆိုတာပဲ ရှိပါတယ်။ ကမ္ဘာလုံးတယ်ဆိုတဲ့ သီအိုရီကို လက်ခံရာကနေ ကမ္ဘာကြီးက လုံးဝ လုံးဝန်းနေတာ မဟုတ်ဘဲ ဘဲဥသဏ္ဍာန်နဲ့ ခပ်ဆင်ဆင်ရှိတယ်ဆိုတာကို သိသွားလို့ အစက ကမ္ဘာလုံးတယ်ဆိုတာက မှားသွားတာမဟုတ်ပါဘူး။ ‘ပို’ မှန်သွားတာဖြစ်ပါတယ်။ ဆင့်ကဲသီအိုရီကို အခြေခံတဲ့ ဒါဝင်ရဲ့ မူလဘူတသီအိုရီ (pangenesis theory) ကို ဟူဂိုဒီဂရီးစ်က အဆင့်မြှင့်ဆန်းသစ်စေခဲ့သလို မန်ဒယ်ကလည်း မူလဘူတသီအိုရီကို အထောက်အကူပြုနိုင်မယ့် တွေ့ရှိချက်တွေနဲ့ ဆင့်ကဲသီအိုရီကြီးကို တိုးမြှင့်ဆန်းသစ်စေခဲ့တယ်။ အဲ့လို upgrade လုပ်လိုက်လို့ ဒါဝင့်ရဲ့ မူလ ဆင့်ကဲသီအိုရီက မှားသွားတာမဟုတ်ပါဘူး။ အသစ်အသစ်‌သော၊ ပိုမိုတိကျမှန်ကန်တဲ့၊ ပိုကောင်းတဲ့ သက်သေပြချက်တွေ ပေါ်လာလို့ မူလရှိနေတဲ့ သီအိုရီက မမှားပါဘူး။ “Refinement” လို့ခေါ်တဲ့ ပိုမိုမှန်ကန်တဲ့ သီအိုရီအဖြစ်ကို ဆန်းသစ်စေတာပါ။

နောက်တချို့ပြောကြတဲ့ “သိပ္ပံက မသိသေးတာ အများကြီးပါ” ဆိုတာကို ကျွန်တော်လက်လည်း လက်ခံပါတယ်၊ လက်လည်းမလက်ခံပါဘူး။ သိပ္ပံက မသိသေးတာ အများကြီးရှိပါတယ်၊ ဟုတ်ပါတယ်။ ဒါပေမဲ့ သိပ္ပံက သိပြီးသား၊ ရှိပြီးသားတွေကို ကိုယ်တိုင်ရှာဖွေလေ့လာကြည့်တာမျိုး မလုပ်ဖူးသေးဘဲ မသိသေးတာ အများကြီးပါဆိုပြီး ပြောကြတာက ဗဟုသုတဘယ်လောက်နည်းပါတယ်ဆိုတာ သိနိုင်ပါတယ်။ သိပ္ပံက အမြဲတမ်းလိုလို အသစ်အသစ်သော မေးခွန်းတွေအတွက် အဖြေတွေကို ရှာဖို့ကြိုးစားနေဆဲပါပဲ။ မသိသေးတာ အများကြီးပါ။ မသိတာကိုလည်း သိဟန်မဆောင်သလို ကျမ်းစာထဲလည်း သွားမဖတ်ခိုင်းပါဘူး။ အမြဲတမ်းလိုလို စူးစမ်းလေ့လာဆန်းစစ်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံက သူတချို့ပြောကြတဲ့ သိပ္ပံက မသိသေးတာအများကြီးပါ.. ဒါတွေ .. ဒါတွေ မသိသေးဘူးမလားဆိုတဲ့ အရာတော်တော်များများက သိပ္ပံက ဖြေပြီးသား ကိစ္စတွေချည်းဖြစ်‌နေတတ်ပါတယ်။။ ဥပမာအနေနဲ့ ဒီနိုင်ငံက လူတော်တော်များများက လူတွေက မျောက်ဝံတွေနဲ့ တူညီတဲ့ ဘိုးဘေးတွေကနေ ဆင်းသက်လာတယ်ဆိုတာကို အယုံအကြည်မရှိကြပါဘူး။ အကြောင်းအရင်းကတော့ သက်ရှိအားလုံးရဲ့ ထိပ်မှာရှိတဲ့ ဉာဏ်ရည်မြင့်မျိုးစိတ်က တိရစ္ဆာန်ရုံထဲက မျောက်ဝံကြီးနဲ့ လွန်ခဲ့တဲ့ နှစ်သန်းချီ သိန်းချီတုန်းက အမျိုးတော်ခဲ့တယ်ဆိုတာကို လက်မခံနိုင်လို့ဖြစ်ပါတယ်။ ကြီးကျယ်မြင့်မြတ်လှတဲ့ ဒီလူသားမျိုးစိတ်ကြီးက ရေထဲက ဗီဇတစ်ခြမ်းပါတဲ့ ဆဲလ်တစ်လုံးသက်ရှိကလေးကနေ အခုလိုအထိဆင့်ကဲပြောင်းလဲလာတယ်ဆိုတာကို လက်မခံချင်တာ မိမိအပိုင်းဖြစ်ပါတယ်။ သိပ္ပံကတော့ ဆင့်ကဲသီအိုရီကနေ .. ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်းအရိုးစုတွေ၊ DNA စစ်ဆေးမှုတွေနဲ့ Radiometric dating နည်းပညာတွေကနေတဆင့် ခြေရာခံပြီး သဘာဝရဲ့ ဆင့်ကဲပြောင်းလဲမှုတွေကို တိတိကျကျသိရှိလာနိုင်နေပါပြီ။ ဘာသာရေးတွေမှာဆိုရင် လူအဖြစ်ရှင်သန်နေထိုင်ရတဲ့ ဘဝက အင်မတန်ကို အစီအစဉ်ကျနပြီး အဓိပ္ပါယ်တစ်ခုစီ ရှိနေပေမယ့် သိပ္ပံမှာတော့ လူသားတွေက တိရစ္ဆာန်ရုံထဲက မျောက်ဝံတွေထက် ပိုသာတဲ့ ခေါင်းတစ်လုံးကလွဲရင် ကျန်တာ အကုန်တူနေတာ‌ဖြစ်တဲ့အပြင် ဘက်တီးရီးယားလေးကစတဲ့ ဦးတည်ရာမရှိ ရှင်သန်ခြင်းအကြောင်း ကြားသိရတဲ့အခါ မိမိကိုယ်ကိုယ် အမွေးတုံးမျောက်အဖြစ် လက်မခံနိုင်တာ မဆန်းပါဘူး။

ဒီလိုသိမှုအလွဲတွေက နိုင်ငံရဲ့ ပညာရေးစနစ်နဲ့လည်း ဆက်စပ်‌နေပါတယ်။ နှစ်လေးဆယ်ကျော် ငါးဆယ်သက်တမ်းကပ်နေတဲ့ မြန်မာ့သမိုင်းဖတ်စာအုပ်တွေက ဝါဒမှိုင်းဆိုင်ရာ အတွေးအခေါ်အကျဉ်းချမှု၊ ဘောင်ခတ်ပိတ်ပင်ထားတဲ့ သိမှုကန့်သတ်ချက်တွေနဲ့ အတူ ကျောင်းသားလူငယ်တွေရဲ့ ideology ပိုင်းကို ဝါဒမှိုင်းကို အုံလိုက်ကျင်းလိုက် ကြီးကြီးမားမား ရိုက်သွင်းခဲ့တယ်။ သမိုင်းက လူတွေရဲ့ စိတ်ကို၊ အတွေးအမြင်ကို လိုသလို ကန့်သတ်ချုပ်ချယ်နိုင်တယ်၊ အထူးသဖြင့် ခေါင်းထဲဗလာပဲရှိသေးတဲ့ ‌ကလေး‌တွေအပေါ်မှာ အသိပညာပိုင်း ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်ဖို့အတွက် အုပ်ချုပ်သူလူတစ်စုက ရည်ရွယ်ခဲ့ကြတယ်။ ဒီမဆလခေတ်ပြုစုထားတဲ့ သင်ကြားရေးစာအုပ်‌တွေက လူမျိုးကြီးဝါဒ၊ အမျိုးသားရေးမာန်မာနတွေကို တစ်ဖက်လှည့်လှုံ့ဆော်ပေးပြီးတော့ သမိုင်းဆိုင်ရာ ဗဟုသုတတွေထက် မိမိလူမျိုး၊ မိမိဘာသာ၊ မိမိအတွေးအမြင်၊ မိမိယူဆချက် စတဲ့ အမျိုးသားရေးအမြင်တွေ ကိန်းအောင်းဖို့ကို ဦးတည်ထားတဲ့ စာအုပ်တွေဆိုတာ သိနိုင်တယ်။ အချက်အလက်အလွဲအမှားတွေ၊ သင်လိုက်တာနဲ့ မြန်မာလူမျိုးဆိုတာဟာ ကိန်းခဏ်းကြီးမားလှပါတယ်၊ မြင့်မြတ်လှပါတယ်ဆိုတဲ့ နားထင်သွေးရောက် တစ်ဖက်စွန်း အတွေးအခေါ်တွေ ကိန်းဝပ်စေပြီး အဲ့ဒီကနေ မြစ်ဖျားခံလို့ လူမျိုးရေးနဲ့ ဘာသာရေးအပေါ်မှာသာ အခြေခံတည်ဆောက်ထားတဲ့ သမိုင်းစာအုပ်က အသိပညာမှိုင်းတိုက်ရေးအတွက် အကြီးမားဆုံး propaganda တစ်ခုဖြစ်ခဲ့တယ်။ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စတွေကိုမှ မလုပ်ရင် ကလေးတွေအတွက် ဘဝအဓိပ္ပာယ်မရှိတော့သလို ခံယူစေခဲ့တာကြောင့် .. ဒီဘာသာရေးအသိတွေဟာ သိပ္ပံပြန့်ပွားမှုကို ဘယ်လောက်ပဲ ကန့်လန့်ကာစည်းတိုက်နေတိုက်နေ ဘောင်ကျဉ်းကျဉ်းလေးထဲကနေ ချွတ်မရတဲ့ တစ်ယူသန်အတွေးအခေါ်တွေကြောင့် Globalization အောက်ဆုံးက နိုင်ငံတစ်နိုင်ငံအဖြစ်ကို ဦးတည်စေခဲ့တယ်။

ဆိုးရွားလွန်းလှတဲ့ ဒီလိုအသိပညာကန့်သတ်မှိုင်းတိုက်မှုတွေကြောင့် ဘယ်လိုပဲ အမှန်ကို သိသိ၊ အမှားကိုစွန့်လွှတ်နိုင်ဖို့အတွက် လုံလောက်တဲ့ အသိပညာမျိုး မရှိတဲ့အပြင် ဘာသာရေးနဲ့ ချိတ်သွားတဲ့အခါကျ အမှားကိုလက်ကိုင်စွဲပြီး အမှန်ကို စွန့်ပစ်ထားတဲ့ လူတွေဖြစ်လာကြရတယ်။ အဲ့ဒီအခါကျ ကျောက်တုံးကြီးက ရေအန်တယ်ဆိုတာကို လက်ခံပြီး မျောက်ဝံတွေက လူတွေနဲ့ အမျိုးတော်ဖူးတယ်ဆိုတာကိုတော့ လက်မခံနိုင်တဲ့ သိမှုနိမ့်ပါးလူထုအဖွဲ့အစည်းတစ်ခုဖြစ်နေတာ မဆန်းပါဘူး။

Fact Hub က လူထုကြားကို အသိပညာအစစ်အမှန်မျှဝေဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

မှတ်ချက်။ ။ စာရေးသူအနေဖြင့် ဘာသာရေးနှင့်ပတ်သက်၍ စော်ကားခြင်း၊ တိုက်ခိုက်လိုခြင်း ရည်ရွယ်ချက် အလျင်းမရှိပါ။ ပညာရေးစနစ်နိမ့်ကျပုံနှင့် ဆက်စပ်မှုရှိသည်ကို အယ်ဒီတာအတွေးအမြင်အနေဖြင့် အာဘော်ပုံစံမျှဝေခြင်းဖြစ်၏။

Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min
Managing Editor Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.