အကြောင်းတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်၊ စိတ်ပါဝင်စားလို့ပဲဖြစ်ဖြစ် ဒြပ်မဲ့ပန်းချီပြပွဲတွေဆီ ရောက်တဲ့အခါ ပန်းချီကားတစ်ချပ်ရှေ့မှာ ရပ်ကြည့်ပြီး အနုပညာဇိမ် အပြည့်အဝ ခံစားဖူးပါသလား . . . ? ပါဝင်တဲ့ အရောင်အသွေးအနုအရင့်၊ အလင်းအမှောင်သဘော၊ မျက်နှာပြင်အထည်သားအနုအကြမ်း၊ မျဥ်းကွေးမျဥ်းဖြောင့်၊ အစက်အပြောက် စတာတွေကို ကြည့်ရင်း ပန်းချီဆရာက ဘာအဓိပ္ပာယ်ကို လက်ဆင့်ကမ်းချင်နေတာလဲ၊ ဘာတွေ ပြောပြနေသလဲ၊ ပန်းချီရေးနေချိန် သူ ဘာတွေ ခံစားနေရသလဲ၊ ကိုယ့်စိတ်ထဲမှာရော ဘယ်လိုခံစားချက်တွေ တဖွားဖွား ထိုးတက်လာလဲ တွေးတောသုံးသပ်ဖူးပါသလား . . . ? တစ်ဆက်တည်းမှာပဲ ဘယ်လိုအကြောင်းတရားတွေ၊ ဘယ်လိုသမိုင်းနောက်ခံတွေကြောင့် ဒြပ်မဲ့ပန်းချီတွေ ပေါက်ဖွားလာသလဲဆိုတာကိုရော သိချင်ခဲ့ဖူးပါသလား . . . ?
ဒြပ်မဲ့ပန်းချီရဲ့ သမိုင်းကြောင်းကို မပြောခင် ဘာက ဒြပ်မဲ့အနုပညာလဲ၊ ဘာက သရုပ်ဖော်အနုပညာလဲ ဆိုတာကို ဦးစွာပထမ သိဖို့ လိုပါလိမ့်မယ်။ လူသားတွေ ဂူနံရံတွေမှာ ရေးခြစ်တဲ့ ခေတ်က စလို့ မျက်မှောက်ခေတ်အထိ ပန်းချီ၊ ပန်းပု၊ ဗိသုကာ စတဲ့ အနုပညာရပ်တွေဟာ ခေတ်တစ်ခေတ်ရဲ့ လူမှုရေး၊ နိုင်ငံရေး၊ စားဝတ်နေရေး၊ ကိုးကွယ်ယုံကြည်မှု၊ ယဥ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို ထင်ဟပ်ပြသပေးပါတယ်။
ဒြပ်မဲ့ပန်းချီရဲ့ သမိုင်းအစကို တူးဆွကြည့်ရင် ကလော့ဒ်မိုနေး (Claude Monet) အပါအဝင် ဖြစ်တဲ့ အင်ပရက်ရှင်းနစ်စ် (Impressionists) တို့ရဲ့ အလင်း၊ အရောင်ခြယ်သနည်းတွေ၊ ဝန်းကျင်အနေအထားကို အားပြုရေးဆွဲနည်းတွေ (Impressionism) အပြင် ပက်ဘလို ပီကာဆို (Pablo Picasso) နဲ့ ဂျော့ဘရာ့ခ် (Georges Braque) တို့ရဲ့ ကုဗပုံဝါဒ (Cubism) တွေက ၂၀ ရာစုမှာ ထွက်ပေါ်လာခဲ့တဲ့ ဒြပ်မဲ့ပန်းချီရဲ့ ရှေ့တော်ပြေးတွေပါပဲ။ ဒီနေရာမှာ အင်ပရက်ရှင်နစ်ဇင်တွေက ပန်းချီကားကို အသေးစိတ်ကျကျ ဆွဲတာထက် အလင်း၊ အရောင်နဲ့ ခံစားချက်တွေကို အသားပေးပြီး စုတ်ချက် လျော့ရဲရဲနဲ့ လျှပ်တစ်ပြက် အခိုက်အတန့်ကို ရှုမြင်သလို ခံစားရေးဆွဲတာဖြစ်လို့ ဒြပ်မဲ့ပန်းချီတွေ တိုးတက်ဖြစ်ထွန်းလာစေဖို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေကြောင်း သတိပြုရပါမယ်။
- (က) အရင်ဆုံး သရုပ်ဖော်အနုပညာ လို့ ခေါ်တဲ့ Representational Art နဲ့ စလိုက်ကြရအောင် . . . ။ ပုံမှန် ကြားဖူးနေကျ Representational Art ဆိုတာ ရေဆေး၊ ဆီဆေး၊ ခဲပန်းချီ၊ ပန်းပု၊ ကျောက်စရစ်ခဲ၊ ရွှံ့စေး၊ သစ်သား၊ ခရုခွံ၊ ကျောက်မျက်ရတနာ၊ ကြေး၊ ငွေ၊ ရွှေ၊ အဝတ်အထည်၊ ကော်ဇော စတဲ့ ဘယ်လို မီဒီယမ်မျိုး၊ ဘယ်လို ပစ္စည်းမျိုးကိုမဆို အသုံးပြုပြီး မျက်မြင်ကိုယ်တွေ့လောကမှာ အမှန်တကယ် တည်ရှိနေကြတဲ့ အရာဝတ္ထုတွေကို အရှိအတိုင်း ပုံတူကူး သရုပ်ဖော်ထုဆစ်ရေးဆွဲတာကို ဆိုလိုပါတယ်။ ဥပမာ – လူ၊ တိရစ္ဆာန်၊ သစ်ပင်၊ ပန်း၊ ရှုခင်း၊ အဆောက်အအုံ၊ ဒေးဗစ် (David) ရုပ်ထုနဲ့ အာဒမ်ကို ဖန်ဆင်းခြင်း (The Creation of Adam) လို့ အမည်ရတဲ့ နံရံဆေးရေးပန်းချီတွေ ရေးဆွဲခဲ့တဲ့ မိုက်ကယ်အိန်ဂျလို (Michelangelo)၊ မိုနာလီဆာ (Mona Lisa)၊ နောက်ဆုံးညစာ (Last Supper) ပန်းချီကားတို့နဲ့ လူသိများတဲ့ လီယိုနာဒို ဒါဗင်ချီ တို့ဟာ ထူးကဲပြောင်မြောက်လှတဲ့ ပန်းချီ၊ ပန်းပုလက်ရာ များစွာကို ဖန်တီးခဲ့တဲ့ ရီနေးဆွန်းခေတ်က သရုပ်ဖော်အနုပညာရှင်တွေ ဖြစ်ပါတယ်။
- (ခ) ဒြပ်မဲ့အနုပညာကတော့ သရုပ်ဖော်အနုပညာနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး အကောင်အထည်ရုပ်လုံး တိတိပပ မရှိတဲ့အပြင် ဓမ္မဓိဋ္ဌာန် မကျဘဲ ပုဂ္ဂလဓိဋ္ဌာန်ဖြစ်ပြီး အစဥ်အလာရိုးရာအနုပညာ (Traditional art) နဲ့ ယထာဘူတကျတဲ့ အနုပညာဟန် (Realistic art style) တွေကို ချိုးဖျက်ပစ်တဲ့ အနုပညာပုံစံတစ်ခု ဖြစ်ပါတယ်။ ဒြပ်မဲ့အနုပညာက လက်တွေ့မျက်မြင်ရှိတဲ့ အရာဝတ္ထုတွေကို ဖော်ပြနေတာမျိုး၊ ပြောပြနေတာမျိုး မဟုတ်ဘဲ လက်ဆုပ်လက်ကိုင် ပြလို့မရတဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေ၊ အယူအဆသဘောထားတွေကို အရောင်၊ မျဥ်း၊ သဏ္ဌာန်၊ အစွန်းအထင်း၊ အစက်အပြောက်၊ ဟန်ပန် စတဲ့ တမူထူးခြားတဲ့ စက္ခုအာရုံဘာသာစကားတွေကို သုံးပြီး ပန်းချီဆရာနဲ့ ကြည့်ရှုခံစားသူတို့အကြား တံတားခင်းပေးတာပါ။

Composition II in Red, Blue, and Yellow, 1930
Piet Mondrian
Plastic Arts
ဒြပ်မဲ့ပန်းချီအကြောင်း ဆက်သွားရရင် ဒြပ်မဲ့ပန်းချီက ဘယ်လိုပုံမျိုးဆိုတာကို အပေါ်မှာ စကားဦးသန်းခဲ့ပြီးပါပြီ။ ဒီအပိုင်းမှာတော့ ဒြပ်မဲ့ပန်းချီရဲ့ ဝိသေသလက္ခဏာတွေနဲ့ ဘာကြောင့် ပေါ်ထွက်လာခဲ့သလဲဆိုတာကို ဆက်လေ့လာကြည့်ရအောင် . . . ။
ဒြပ်မဲ့ပန်းချီရဲ့ အခရာကျတဲ့ ဝိသေသလက္ခဏာတွေကတော့ –
- က) အရောင်တွေ၊ သဏ္ဌာန်တွေ၊ မျဥ်းတွေနဲ့ မျက်နှာပြင် အထည်အသား အနု၊ အကြမ်း (texture) တွေကို အလေးပေးခြင်း
- ခ) ပန်းကန်ခွက်ယောက်လား၊ လူနေအဆောက်အအုံပဲလား စသဖြင့် ခွဲခြားမရနိုင်တဲ့ ရုပ်လုံးမပေါ် အရာဝတ္ထုတွေကို ရေးဆွဲခြင်း
- ဂ) ပုဂ္ဂလဓိဋ္ဌာန်ဖြစ်ခြင်း
- ဃ) လက်တွေ့မျက်မြင်လောကရဲ့ အရှိတရား တစ်ခုခုကို သရုပ်ဖော်တဲ့ အနုပညာ မဟုတ်ခြင်း
- င) တင်စားပုံဖော်မှု၊ ယထာဘူတအမြင်၊ ရီနေးဆွန်းစတိုင် (Renaissance style) တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခြင်း
- စ) သွင်ပြင်သဏ္ဌာန်နဲ့ အဓိပ္ပာယ်ကောက်ယူတဲ့အခါ ကန့်သတ်ချက်ဘောင်မဲ့ လွပ်လပ်မှုတစ်မျိုးဖြစ်ခြင်း တို့ပဲ ဖြစ်ပါတယ်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်၊ အတွေ့အကြုံ၊ စိတ်ကူးစိတ်သန်းနဲ့ အတွင်းအဇ္ဈတ္တကို ဖော်ပြတာက ဒြပ်မဲ့ပန်းချီရဲ့ ပကတိရည်ရွယ်ချက်ပါ။ ဒီတော့ ဒြပ်မဲ့ပန်းချီက လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်၊ စိတ်နေစိတ်ထားနဲ့ ခံစားချက်ကို လိုက်ပြီး မတူကွဲပြားတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ပါတယ်။ ပန်းချီကားတစ်ချပ် စည်းဝါးကျကျ သဟဇာတဖြစ်တာ၊ ဒါမှမဟုတ် ကစဥ့်ကလျား ဖရိုဖရဲဖြစ်တာက သဏ္ဌာန်တွေ၊ မျဥ်းတွေ၊ နေရာအထားအသို ပေါင်းစပ်ဖွဲ့စည်းမှု (Composition) နဲ့ အရောင်တွေရဲ့ ဟန်ချက်ညီတာ၊ မညီတာအပေါ် မူတည်နေတာပေါ့။ ဒီအစုအပေါင်းဟာ ဒြပ်မဲ့ပန်းချီက ပေးစွမ်းတဲ့ အနုပညာရသပါပဲ။
ဒါဆိုရင် ဒြပ်မဲ့ပန်းချီ ဘယ်လို မွေးဖွားလာသလဲ . . . ?
ဒြပ်မဲ့ပန်းချီနဲ့ ဒြပ်မဲ့ပန်းပုပညာရပ်တွေရဲ့ သမိုင်းကြောင်းက မျဥ်းဖြောင့်တစ်ကြောင်းရဲ့ အစဥ်အတိုင်း တိုးတက်လာမှုလိုမျိုး ခြေရာကောက်ဖို့ မဖြစ်နိုင်ပါဘူး။ ကသောင်းကနင်း ဖြစ်ရပ်တွေ၊ ဒြပ်မဲ့အနုပညာအတွင်းပိုင်းက အပိုင်းပိုင်း ဂိုဏ်းကွဲမှုတွေ၊ ပြင်ပဖိအားတွေနဲ့ သဘောတရားအတွေးအမြင်စနစ် ပြောင်းလဲမှုတွေက ဒြပ်မဲ့ပန်းချီရဲ့ တစ်ခုပြီးတစ်ခု၊ တစ်ဆင့်ပြီးတစ်ဆင့် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်လာမှုကို နှောင့်ယှက်နေတာဖြစ်လို့ ဒီလှုပ်ရှားပြောင်းလဲနေတဲ့ ဒြပ်မဲ့ပန်းချီအရွေ့ဟာ ရှုပ်ထွေးမှုတွေ၊ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။
မော်ဒန် ဒြပ်မဲ့အနုပညာဇာတ်ကြောင်းရဲ့ အရေးပါတဲ့ ဖြစ်ရပ်တွေထဲက တစ်ခုကတော့ ၁၉ ရာစု အစောပိုင်းကာလတွေမှာ ဓာတ်ပုံပညာရပ် မွေးဖွားလာခြင်းပါပဲ။ ၁၈၀၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ လူသားတွေရဲ့ ကင်မရာတီထွင်နိုင်ခဲ့မှုက ဒြပ်မဲ့ပန်းချီ တစ်ခေတ်ဆန်းစေဖို့ အဓိကအကြောင်းတရား ဖြစ်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ဘယ်သူမဆို ကင်မရာတစ်လက် ကိုင်ပြီး လက်တွေ့ မြင်နိုင်တဲ့ ကမ္ဘာကို ဓာတ်ပုံအဖြစ် အမိအရ ရိုက်ကူးသိမ်းဆည်းလာနိုင်တဲ့အခါမှာ အစဥ်အလာအတိုင်း ပြင်ပလောကကို တုပပြီး ရေးဆွဲတဲ့ ပန်းချီဆရာတွေအနေနဲ့ အရှိတရားရဲ့ ထိန်းသိမ်းစောင့်ရှောက်သူတွေအဖြစ်ကနေ ရပ်ဆိုင်းသွားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ပန်းချီအနုပညာရှင်တွေဟာ လူတွေ မထိမတွေ့ဖူးတဲ့ မြေပုံရေပုံမရှိသေး၊ မလေ့လာရသေး၊ မကြုံဖူးသေးတဲ့ သဏ္ဌာန်နဲ့ အရောင်တွေရဲ့ နယ်မြေသစ်တွေကို စူးစမ်းရှာဖွေ စွန့်စားခန်းဖွင့်သူတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတော့တယ်။

The Milkmaid, 1657-1658
Johannes VERMEER
Oil on canvas
ဒီပန်းချီကားက ပြင်ပမှာ လက်တွေ့မျက်မြင် တွေ့ရနိုင်တဲ့ သက်ရှိ၊ သက်မဲ့တွေကို ရေးဆွဲထားတဲ့ သရုပ်ဖော်အနုပညာ (Representational Art) တစ်မျိုးပါ။ ဆီဆေးနဲ့ ကင်းဗတ်စ်ပေါ်မှာ ရေးဆွဲထားပြီး လက်ရှိမှာတော့ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့က ရိုက်ခ်စ်မြူဇီယမ် (Rijksmuseum) မှာ ပြသထားပါတယ်။ The Milkmaid က ယိုဟားနက်စ်ဗာမီးယားရဲ့ နာမည်ကျော်ပန်းချီကားတွေထဲက တစ်ခုဖြစ်ပြီး ၁၇ ရာစုက ဒတ်ချ်လူမျိုးအိမ်ရှင်မတွေရဲ့ နေ့စဥ်လုပ်ရိုးလုပ်စဥ်ဖြစ်တဲ့ အစားအသောက်ပြင်ဆင်ချက်ပြုတ်မှုပုံစံကို အသေးစိတ်ကျကျ သိမ်မွေ့နူးညံ့တဲ့ စုတ်ချက်တွေနဲ့ ထိထိမိမိ ဖမ်းဆုပ်ပြထားတာကို မြင်တွေ့ခံစားနိုင်မှာပါ။ သရုပ်မှန်ဝါဒ (Realism) နဲ့ ဘာရော့ (Baroque) ရေးဟန်တွေ ထင်ဟပ်နေပေမဲ့ တကယ်တမ်း ဒီပန်းချီကားဟာ ဒတ်ချ်ရွှေခေတ် (Dutch Golden Age) ရဲ့ ပြယုဂ်တစ်ခု ဖြစ်နေပြီး ဗာမီးယားရဲ့ မတူကွဲပြားတဲ့ ရေးဟန် စံနမူနာတစ်ခုလဲ ဖြစ်ပါတယ်။ ဗာမီးယားက သူ့ပန်းချီကားတွေရဲ့ ဇာတ်ဆောင်စရိုက်နဲ့ စိတ်နေစိတ်ထားတွေ ပေါ်လွင်ဖို့ အလင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ သုံးတတ်သူတစ်ယောက်ပါ။ ဒီပန်းချီကားမှာဆိုရင် အနောက်က နံရံရဲ့ အလင်းအမှောင်ကို သိမ်သိမ်မွေ့မွေ့လေး ပိုင်းခြားထားတာက အမျိုးသမီးရဲ့ သုံးဘက်မြင် လုံးရုပ်ကြွမှုကို (Three-dimensionality) အထောက်အပံ့ ဖြစ်စေပါတယ်။ အလင်းအမှောင်ခြားနားမှု ပေါ်လွင်အောင် အိမ်ရှင်မရဲ့ ညာဖက်ပခုံးကို တောက်ပတဲ့ အဝါရောင် သုံးထားပြီး ပခုံးနောက်က နံရံကိုတော့ အရိပ်ကျနေသယောင် အမှောင်ရောင်တွေ သုံးထားပါတယ်။ နောက်ပြီး အရိပ်ကျနေတဲ့ အမှောင်ရောင် သုံးထားတဲ့ ဘယ်ဖက်ပခုံးကိုတော့ တောက်ပတဲ့ နံရံနောက်ခံထားပြီး လုံးရုပ်ကြွတက်လာအောင် ရေးဆွဲသရုပ်ဖော်ထားတာကို မြင်ရမှာပါ။ ထပ်ပြီး ဗာမီးယားရဲ့ သိသာထင်ရှားတဲ့ အလင်းအမှောင်၊ အရောင်အရောအစပ် ကျွမ်းကျင်မှုတွေကို စားပွဲပေါ်မှာလဲ တွေ့မြင်နိုင်ပါသေးတယ်။ မြေအိုးထဲက နွားနို့တွေကို အောက်က မြေခွက်ထဲ ထည့်နေပုံက မြေခွက်ထဲ နွားနို့ကျသွားတဲ့ အသံကို အပြင်မှာ ကြားနေရသလိုအထိ ခံစားမိစေပါလိမ့်မယ်။

Woman with a Parasol – Madame Monet and Her Son (1875)
Claude Monet
Oil on canvas
အင်ပရက်ရှင်နစ်ဇင်ဝါဒ (Impressionism) ဟာ သရုပ်မှန်ဝါဒ (Realism) လို ရိုးရာအစဥ်အလာအနုပညာနဲ့ ယှဥ်လိုက်ရင် ကွဲပြားမှုတွေ ရှိနေပေမဲ့ သရုပ်ဖော်အနုပညာအမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ “နေကာထီးနှင့် အမျိုးသမီး – မဒမ်မိုနေးနှင့် သူ(မ)၏ သား” (Woman with a Parasol – Madame Monet and Her Son) အမည်ရတဲ့ ဒီပန်းချီကားဟာ ဆီဆေးနဲ့ ရေးဆွဲထားပြီး အင်ပရက်ရှင်းနစ်ထ် ဆရာတစ်ဆူဖြစ်တဲ့ ကလော့ဒ် မိုနေးက သူ့ရဲ့ ပထမဇနီး ကာမီးယာမိုနေး (Camille Monet) နဲ့ သားအကြီးဆုံး ယန်းမိုနေး (Jean Monet) တို့ကို ရေးဆွဲထားတာပါ။ ဒီပန်းချီကားကို ပုံတူပန်းချီတွေလို ကျကျနန ပြင်ဆင်ပြီး ဆွဲထားတာမျိုး မဟုတ်ဘဲ အာဂျင်တွယ်အီ (Argenteuil) မှာ မိသားစု အပန်းဖြေလမ်းလျှောက်ထွက်နေတုန်း ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီပန်းချီကို ကလော့ဒ် မိုနေးက နာရီနဲ့ချီအောင် တစ်ထိုင်တည်း ဆွဲခဲ့တာ ဖြစ်နိုင်တယ်လို့ အမျိုးသားအနုပညာပြခန်း (National Gallery of Art) က ဆိုပါတယ်။ ဒီပန်းချီကားမှာ မိုနေးက သူ့ဇနီးနဲ့ သားကို အောက်အနိမ့်ပိုင်းကနေ အပေါ်ကို မော့ကြည့်နေသလို တစ်မူထူးခြားတဲ့ ရှုထောင့်ကနေ ယူပြီး ရေးဆွဲခဲ့တာကို မြင်ရမှာပါ။ ဝဲနေတဲ့ တိမ်စိုင်၊ ဝေ့နေတဲ့ ကာမီးယာရဲ့ စကတ်၊ ယိမ်းကနေကြတဲ့ မြက်ခင်းပြင်နဲ့ ပန်းပွင့်တွေကို ကြည့်ပြီး လေတိုက်နေတယ် ဆိုတာကို ခံစားနိုင်ပါလိမ့်မယ်။ ပန်းချီကားထဲက ကာမီးယာဟာ ကျောပေးနေရင်း ရုတ်တရက် ကြည့်ရှုသူတွေဘက်ကို သမင်လည်ပြန်ကြည့်တဲ့ ပုံစံမျိုး ပေါ်လွင်အောင် မိုနေးက ရေးဆွဲထားပါတယ်။ ဒါကို ကာမီးယာရဲ့ ဂါဝန်ပေါ်က ကွန်တိုမျဥ်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါ့အပြင် လှုပ်ရှားမှုမရှိ ငြိမ်ငြိမ်ကလေး ငေးကြည့်နေပုံရတဲ့ သားကြီး ယန်းမိုနေးဟာ ပန်းချီကားရဲ့ နေရာအထားအသို ပေါင်းစပ်ဖွဲ့စည်းမှုကို ဟန်ချက်ညီသွားအောင် ပံ့ပိုးပေးနေပြီး ကာမီးယာရဲ့ လှုပ်ရှားမှုသဏ္ဌာန်ကို ထင်းခနဲ မြင်သာစေပါတယ်။ ဒီပန်းချီကားကိုတော့ ဝါရှင်တန်ဒီစီမှာ ရှိတဲ့ အမျိုးသားအနုပညာပြခန်း (National Gallery of Art) မှာ ပြသထားပါတယ်။

Girl with a Mandolin, 1910
Pablo Picasso
Movement: Cubist Modernism
Theme: Analytic Cubism
Oil on Canvas
ဆက်ပြီး ပီကာဆိုနဲ့ ဂျော့ဘရာ့ခ်တို့ရဲ့ ကုဗပုံဝါဒကို လေ့လာကြည့်ပါမယ်။ ဒီ “မယ်ဒလင်တစ်လက်နဲ့ မိန်းကလေး” (The Girl with a Mandolin) ပန်းချီကားကို ၁၉၁၀ ခုနှစ်က ပဲရစ်မြို့မှာ ပီကာဆိုရဲ့ ကုဗပုံဝါဒ လှုပ်ရှားမှုကာလအတွင်း ရေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်။ ဆီဆေးပန်းချီဖြစ်ပြီး ဒီပန်းချီလက်ရာက ပီကာဆိုရဲ့ အစောပိုင်း အနဲလစ်တစ်ခ် ကုဗပုံဝါဒ ဖန်တီးမှုတွေထဲက တစ်ခုပါ။ အနဲလစ်တစ်ခ်ကုဗပုံဝါဒဆိုတာက ကိုယ်ရေးဆွဲမဲ့ လူ၊ အရာဝတ္ထုကို စေ့စေ့စပ်စပ် လေ့လာမယ်၊ ပြီးရင် ပါဝင်တဲ့ အစိတ်အပိုင်းတွေကို စတုဂံ၊ ကုဗတုံး၊ ထောင့်မှန်စတုဂံ စတဲ့ အခြေခံ ဂျီသြမေတြီပုံသဏ္ဌာန်တွေအဖြစ် ခွဲခြမ်းစိတ်ဖြာလိုက်ပါတယ်။ ဒီနည်းလမ်းက လူသဏ္ဌာန်၊ အရာဝတ္ထုသဏ္ဌာန်ကို သမားရိုးကျနည်းအတိုင်း အသေးစိတ် ပုံဖော်တာမျိုး မဟုတ်ဘဲ ပိုင်းစိတ်ထားတဲ့ ဂျီဩမေတြီပုံသဏ္ဌာန်တွေကို ကွန်တိုမျဥ်းတွေနဲ့ ပုံဖော်ပြီး နည်းလမ်းဟောင်းကနေ ခွဲထွက်လိုက်တာပါ။ နောက်ပြီး အဲဒီအစိတ်အပိုင်းအမျိုးမျိုးကို ရှုထောင့်အမျိုးမျိုးကနေ တစ်ပြိုင်နက်တည်း မြင်နေရသလိုဖြစ်အောင် အစီအစဥ်ချ ရေးဆွဲထားတာမို့ ပန်းချီကားရဲ့ အကြောင်းအရာတစ်ခုလုံးကို ရှုထောင့်တစ်ခုတည်းကနေ မြင်တွေ့နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ Picasso ရဲ့ Girl with a Mandolin အပါအ၀င် Braque ရဲ့ Man with a Guitar မှာပါ အရောင်တွေ ဝေဝေဆာဆာ မသုံးထားတာကို တွေ့ရမှာပါ။ မှိန်ဖျော့နေတဲ့ အဝါရောင်၊ အညိုရောင်၊ မီးခိုးရောင်၊ အနက်ရောင်နဲ့ အပြာရောင်တွေကို သုံးထားပါတယ်။ ဒီလို ဝိသေသမျိုးရှိတာကို အနဲလစ်တစ်ခ်ကုဗပုံဝါဒ (Analytic cubism) လို့ ခေါ်ပါတယ်။

Man with a Guitar (1911)
Georges Braque
Oil on canvas
Analytic Cubism
Museum of Modern Art, New York
ဒါကတော့ ဂျော့ဘရာ့ခ်ရဲ့ အပြောင်မြောက်ဆုံး အနဲလစ်တစ်ခ်ကုဗပုံဝါဒလက်ရာတစ်ခုဖြစ်တဲ့ “ဂစ်တာတစ်လက်နဲ့ လူ” (Man with a Guitar) ပါ။ ဒါကလဲပဲ ဆီဆေးပန်းချီကားဖြစ်ပြီး နယူးရော့ခ်မြို့က မော်ဒန်အနုပညာပြတိုက်မှာ ပြသထားပါတယ်။ အနဲလစ်တစ်ခ် ကုဗပုံဝါဒတွေရဲ့ ထုံးစံအတိုင်း ဒီပန်းချီကားမှာဆိုရင် “ဂစ်တာတစ်လက်နဲ့ လူ” ဆိုတဲ့ ခေါင်းစဥ်ကို ဆုပ်ကိုင်မိဖို့ တော်တော်လေး ကြည့်ယူရပါမယ်။ ဒီပန်းချီကားမှာလဲ အညို၊ အစိမ်းနဲ့ မီးခိုး အသွေးစဥ်တွေကိုပဲ သုံးထားတာကို တွေ့ရမှာပါ။ ဂျီဩမေတြီပုံသဏ္ဌာန်တွေက လှုပ်ရှားပြီး တစ်ခုနဲ့တစ်ခု ထပ်နေသလို၊ ထွင်းဖောက်နေသလိုရှိပြီး အဲဒီသဏ္ဌာန်တွေဟာ မျက်နှာပြင်နဲ့ ဟာကွက်တွေကြား လူးလားဆန်ခတ်လှုပ်ရှားနေရင်း အဆုံးမှာ နောက်ခံဝန်းကျင်ထဲ ရောနှောကွယ်ပျောက်သွားတာကို တွေ့ရမှာပါ။ ဒါပေမဲ့လဲ ဒါက ဒြပ်မဲ့ပန်းချီကားတစ်ချပ် မဟုတ်ပါဘူး။ ယထာဘူတကျတဲ့ ပြင်ပကမ္ဘာနဲ့ လွတ်မသွားအောင် အပေါ်ပိုင်းက ယောက်ျားမျက်နှာသဏ္ဌာန်၊ တံတောင်ဆစ်ကို ပုံဖော်ထားတဲ့ ထင်ရှားတဲ့ ထောင့်ချိုး၊ ဂစ်တာအသံအိုးပေါက်၊ လက်သည်းနဲ့ ကြိုးခွေတွေကို ဘရာ့ခ်က အသေအချာ ရေးဆွဲထားပါတယ်။ ဒါကြောင့်ပဲ ဒြပ်မဲ့ပန်းချီ မဟုတ်ဘူးလို့ ဆိုရတာပါ။

UNTITLED (FIRST ABSTRACT WATERCOLOR) BY WASSILY KANDINSKY, 1910-1911
Wassily Kandinsky
Watercolor
ပထမဆုံး ဒြပ်မဲ့ပန်းချီပညာရှင်အကြောင်း ပြောကြတဲ့အခါ ပညာရှင်တွေအကြား ဝိဝါဒကွဲပြားစရာလေးတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ရုရှားလူမျိုး ပန်းချီဆရာ ဝက်စလီကန်ဒင်စကီး (Wassily Kandinsky) ကိုပဲ ဒြပ်မဲ့ပန်းချီရဲ့ ရှေ့ဆောင်ဖြစ်တယ်လို့ အများက သတ်မှတ် လက်ခံထားကြပါတယ်။ ၁၉၁၀ ခုနှစ်မှာ “Concerning the Spiritual in Art” အမည်ရတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပြီး အဲဒီစာအုပ်ကို ဒြပ်မဲ့ပန်းချီရဲ့ အခြေခံစာပေအဖြစ် အသိအမှတ်ပြုထားကြပါတယ်။ ဒီပုံမှာ မြင်ရတာကတော့ ကန်ဒင်စကီးရဲ့ ပထမဆုံး ဒြပ်မဲ့ရေဆေးပန်းချီပါ။ ကန်ဒင်စကီးက ဓမ္မဓိဋ္ဌာန်ကျတဲ့ ကမ္ဘာကို သရုပ်ဖော်ပြတာမျိုးထက် သူ့ရဲ့ အတွင်းအဇ္ဈတ္တကို အရောင်တွေ၊ ခံစားချက်တွေ သုံးပြီး ကင်းဗတ်ပေါ်မှာ တိုက်ရိုက်ဖော်ပြတာမျိုးနဲ့ ဒြပ်မဲ့ပန်းချီကို ချဥ်းကပ်ပါတယ်။ ဒြပ်မဲ့ပန်းချီက ပန်းချီဆရာရဲ့ အဇ္ဈတ္တနဲ့ ကြည့်ရှုသူရဲ့ စိတ်ကူးအာရုံအကြား တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုကို တည်ဆောက်ပေးနိုင်ရုံသာမက အထူးသီးသန့် စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်ချက်ကိုလဲ နှိုက်ထုတ်ပေးနိုင်တယ်လို့ သူက ယုံကြည်ထားတာပါ။

They tens mainstay IV, 1907
Hilma af Klint
Style: Abstract Art
Media: oil, paper, tempera
ကန်ဒင်စကီးကို ပထမဆုံးသော ဒြပ်မဲ့ပန်းချီဆရာလို့ ဆိုကြပေမဲ့ လူသိနည်းတဲ့ ဆွီဒင်လူမျိုး ပန်းချီဆရာမ ဟီလ်မာအက်ဖ်ကလင့်ထ် (Hilma af Klint) ဟာ ကန်ဒင်စကီးထက် ၅ နှစ် ပိုစောပြီး ၁၉၀၆ ခုနှစ်၊ စတော့ဟုမ်းမြို့မှာ သူ့ရဲ့ ပထမဆုံး ဒြပ်မဲ့ပန်းချီကို ရေးဆွဲခဲ့ပါတယ်။ သဘာဝတရားကို ထင်ဟပ်တဲ့ ဘိုင်အိုမော့ဖစ်တွေနဲ့ စက်ဝိုင်း၊ တြိဂံ၊ စတုရန်း စတဲ့ ဂျီဩမေတြီ အရောအစပ်တွေကို ပေါ်လွင်ထင်ရှားတဲ့ နောက်ခံတွေနဲ့ ပေါင်းစပ်ထားတဲ့ သူ့ရဲ့ ဖျူးချားရစ်စတစ်ခ် “Futuristic” အနုပညာလက်ရာတွေဟာ အဲဒီခေတ်ကာလမှာတော့ ရိုးရာအစဥ်အလာတွေကနေ ခွဲထွက် တော်လှန်လိုတဲ့ သဘောကို ဆောင်ခဲ့ပါတယ်။ ဟီလ်မာရဲ့ နှစ်လိုဖွယ် ညှို့ယူဖမ်းစားနေတဲ့ ပန်းချီလက်ရာတွေက ကြည့်ရှုသူတွေအတွက် ပဟေဠိဆန်တဲ့ သဏ္ဌာန်တွေ၊ အရောင်တွေရဲ့ သီးခြား သင်္ကေတကမ္ဘာတစ်ခုလို ဖြစ်နေခဲ့ပြီး ဟီလ်မာကိုယ်တိုင်ကတော့ သဘာဝလွန်စွမ်းအင်တွေ၊ နတ်ဝိညာဉ်တွေက အဲဒီပန်းချီတွေ ရေးဆွဲခဲ့ချိန်မှာ လမ်းပြပေးခဲ့တယ်လို့ ယူဆခဲ့တယ်။ ပုံမှာ ပြထားတဲ့ ဟီလ်မာရဲ့ “They tens mainstay IV” ပန်းချီမှာ ဆီဆေးနဲ့ တမ်ပရာဆေး (Tempera – ကြက်ဥအနှစ်နဲ့ ရေကို ဖျော်စပ်ပြီး ရေးဆွဲနည်း) ကို သုံးပြီး စာရွက်ပေါ်မှာ ရေးခဲ့တဲ့ ပန်းချီပါ။ လိမ္မော်ရောင်၊ အနက်ရောင်၊ အဝါရောင်၊ အပြာရောင်၊ ပန်းရောင် စသဖြင့် အရောင်စုံလင်စွာ သုံးထားပြီး ခရုပတ်သဏ္ဌာန်၊ ဘဲဥပုံ၊ စက်ဝိုင်းပုံ၊ မျဥ်းကွေးပုံတွေနဲ့ ဆွဲဆောင်မှုရှိရှိ ရေးဆွဲထားတာကို တွေ့မြင်ရမှာပါ။

The Black Square, 1915
Kazimir Malevich
Oil on linen canvas
Abstract painting
Suprematism (ဆူပရာမက်တစ်ဇင်)
ရုရှားလူမျိုး ပန်းချီဆရာ ခါဇီမီရား မယ်လေးဗစ်ချ် (Kazimir Malevich) ရဲ့ “မဟူရာ စတုရန်းကွက်” (Black Square, 1915) ကလဲ သမာရိုးကျကို တော်လှန်တဲ့ ဒြပ်မဲ့ပန်းချီ လှုပ်ရှားမှုရဲ့ စံနမူနာတစ်ခု ဖြစ်ပါတယ်။ ကန်ဒင်စကီးနဲ့ မယ်လေးဗစ်ချ် နှစ်ယောက်စလုံးက ဓမ္မဓိဋ္ဌာန်မကျတဲ့ အနုပညာ (Non-objective art)၊ တစ်နည်းအားဖြင့် ပုဂ္ဂလခံစားချက်တွေ၊ အတွေးအမြင်တွေ လွှမ်းမိုးနေတဲ့ အနုပညာရဲ့ ရှေ့ဆောင်လမ်းပြတွေပဲပေါ့။ ဒီ “မဟူရာ စတုရန်းကွက်” ဟာ ဆီဆေးပန်းချီဖြစ်ပြီး လက်ရှိမှာ ရုရှားနိုင်ငံ၊ မောစကိုမြို့က ထရက်တ်ယာကော့ဗ် ပန်းချီပြခန်း (State Tretyakov Gallery) မှာ ပြသထားပါတယ်။ ခါဇီမီရားဟာ ဆူပရာမက်တစ်ဇင် (Suprematism) ရေးဟန်နဲ့ သီအိုရီကို အစပြုပေးခဲ့တဲ့ အနုပညာ အတွေးအမြင်သစ်ကို ဖော်ဆောင်သူ (Avant-garde) တစ်ဦး ဖြစ်ပါတယ်။ ဒီပန်းချီက ခံစားချက်အကြမ်းထည်ကို ထုတ်ဖော်ပြသမှုနဲ့ ပြည့်ဝနေတဲ့ အနုပညာကမ္ဘာသစ်ကြီးကို ထိပ်တိုက် မိတ်ဆက်ပေးခဲ့တဲ့ မယ်လေးဗစ်ချ်ရဲ့ ပထမဆုံးသော ပန်းချီကားတွေထဲက တစ်ခုပါ။ သူက ဓမ္မဓိဋ္ဌာန်ကျတဲ့၊ ယထာဘူတကျတဲ့၊ သရုပ်ဖော်အနုပညာဆိုတဲ့ ဝန်ပိုတွေကို ခဝါချထားခဲ့ပြီး လွတ်လပ်ပေါ့ပါးတဲ့၊ ဓမ္မဓိဋ္ဌာန်မကျတဲ့ ရေးဟန်နဲ့ အနုပညာမိုးကောင်းကင်မှာ ပျံသန်းပြခဲ့တဲ့ အနုပညာရှင်ပါပဲ။ ခေါင်းစဥ်မှာ ရည်ညွှန်းထားတဲ့အတိုင်း ဒီပန်းချီကားဟာ စတုရန်းပုံဖြစ်တဲ့ အဖြူရောင် နောက်ခံပေါ်မှာ အနက်ရောင် စတုရန်းကွက်ကို ထပ်ပြီး ရေးဆွဲထားပါတယ်။ တချို့ရင်းမြစ်တွေရဲ့ အဆိုအရ ဒီပန်းချီကို ကြည့်တဲ့အခါမှာ မှားတဲ့ နည်းလမ်း၊ မှန်တဲ့ နည်းလမ်းရယ်လို့ မရှိပါဘူးလို့ ဆိုကြတယ်။ ပန်းချီကားရဲ့ အဓိက အကြောင်းအရာက အရောင်၊ သဏ္ဌာန်၊ စုတ်ချက်တွေ၊ အသုံးပြုထားတဲ့ ဆေးနဲ့ မျက်နှာပြင် အထည်သား (Texture) တွေပဲ ဖြစ်ပါတယ်။ ခါဇီမီရားကတော့ စတုရန်းကွက်က ခံစားချက်တွေနဲ့ တူညီပြီး အဖြူရောင်တွေကတော့ အဲဒီ ခံစားချက်တွေရဲ့ အလွန်က ဟင်းလင်းပြင်ကွက်လပ်ကြီး ဖြစ်တယ်လို့ သူ့ရဲ့ Suprematism (1972) မှာ အသေးစိတ် ရှင်းပြခဲ့တာပါ။

Convergence, 1952
Jackson Pollock
Oil on canvas
ဒုတိယကမ္ဘာစစ်အပြီး စစ်ပြီးခေတ် ၁၉၄၀ ပြည့်နှစ်တွေမှာ နယူးရော့ခ်မြို့အတွင်း ဒြပ်မဲ့ပန်းချီရဲ့ အလွန်အရေးပါတဲ့ ဝေါဟာရတစ်ရပ်နဲ့အတူ ရေးဟန်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ ဒြပ်မဲ့အဇ္ဈတ္တထုတ်ဖော်ဝါဒ (Abstract Expressionism) ပဲ ဖြစ်ပြီး ဒီဝါဒဟာ အတ္တလန်တိတ် တစ်လျှောက် အနုပညာလောကရဲ့ ဆွဲဆောင်မှု ဗဟိုချက်ကို ပြောင်းလဲစေတဲ့အထိ အာဏာသက်ရောက်မှု ကြီးမားခဲ့တာပါ။ ၁၉၄၉ ခုနှစ်မှာ လိုက်ဖ် မဂ္ဂဇင်း (Life Magazine) က ‘အမေရိကရဲ့ အကြီးမြတ်ဆုံး ရှင်သန်နေသော ပန်းချီဆရာ’ လို့ နာမည်ပေးထားတဲ့ ဂျက်ဆင်ပေါလော့ခ် (Jackson Pollock) ဟာ ကြမ်းပြင်မှာ ချခင်းထားတဲ့ ကင်းဗတ်စပေါ် ဆေးတွေကို အစက်ချခြင်း (dripping)၊ ပက်ဖြန်းခြင်း (splashing) နည်းလမ်းတွေနဲ့ ဒြပ်မဲ့ပန်းချီတွေကို ဖန်တီးခဲ့ပါတယ်။ ဒီလိုမျိုး ခန္ဓာကိုယ်လှုပ်ရှားမှုကို သုံးထားတဲ့ နည်းလမ်းက ကိုယ့်ရဲ့ မူလအတ္တ (self) ကို ကဗျာဆန်ဆန် အလိုအလျောက် သဘာဝကျကျ ပွင့်အန်သွန်ချခြင်းပါပဲ။ သဘာဝတရားရဲ့ အသွေးအရောင်တွေ၊ သဏ္ဌာန်တွေကနေ စိတ်ကူးဉာဏ် မယူဘဲ “ငါကိုယ်တိုင်ကိုက သဘာဝ ဖြစ်တယ်” လို့ ပေါလော့ခ်က ဆိုခဲ့ပါတယ်။ “Convergence” က ဆီဆေးပန်းချီဖြစ်ပြီး ဘတ်ဖဲလိုမြို့က ဘတ်ဖဲလို အေကေဂျီ အနုပညာပြတိုက် (Buffalo AKG Art Museum) မှာ ပြသထားပါတယ်။ ပန်းချီရေးဆွဲတဲ့ အချိန်မှာ ယူအက်စ်ဟာ ကွန်မြူနစ်ဝါဒအပြင် ရုရှားနိုင်ငံနဲ့ ဖြစ်နေတဲ့ စစ်အေးတိုက်ပွဲရဲ့ ခြိမ်းခြောက်မှုတွေကိုပါ အလွန်အမင်း စိုးရိမ်နေရတဲ့ ကာလပါ။ ဒီ “Convergence” (တစ်နေရာတည်းတွင် စုဆုံခြင်း) အမည်ရ ပန်းချီကားဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရဲ့ ပြယုဂ်လို့ ဆိုနိုင်တာပေါ့။ အရောင်တွေကို ကင်းဗတ်ပေါ် သောင်းပြောင်းပက်ဖြန်းပြီး ထွက်ပေါ်လာတဲ့ ပြောင်မြောက်တဲ့ သဏ္ဌာန်တွေ၊ မျဥ်းတွေဟာ ကြည့်ရှုသူရဲ့ ခံစားချက်တွေကို လှုံ့ဆော်ပေးပြီး အမြင်အာရုံကို ဝေဒနာတစ်ခု ပေးလို့နေပါတယ်။

Interchange, 1955
Willem de Kooning
Oil on canvas
Abstract expressionist
တခြားသော အဇ္ဈတ္တထုတ်ဖော်ဝါဒ (Abstract expressionism) ပန်းချီဆရာတွေ ဖြစ်တဲ့ ဖရန့်ဇ်ကလိုင်း (Franz Kline)၊ အာရှီးလ်ဂေါ်ကီ (Arshile Gorky) နဲ့ ဝီလမ် ဒီ ကူးနင် (Willem De Kooning) တို့ကလဲ နာမည်ကြီး အထင်ကရတွေပါပဲ။
ဒတ်ချ်-အမေရိကန်လူမျိုးဖြစ်သူ ဝီလမ် ဒီ ကူးနင် ရေးဆွဲခဲ့တဲ့ “Interchange” ဟာ ဆီဆေးပန်းချီကားဖြစ်ပြီး ဒြပ်မဲ့အဇ္ဈတ္တထုတ်ဖော်ဝါဒ (Abstract expressionism) အမျိုးအစားဖြစ်ပါတယ်။ ဒီပန်းချီကားဟာ ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ပုံကို ဆွဲထားတာပါ။ ကူးနင်ရဲ့ ပန်းချီကားတွေက ကုဗပုံဝါဒ၊ ဆာရီရယ်လစ်ဇင်နဲ့ အဇ္ဈတ္တထုတ်ဖော်ဝါဒတွေကိုပါ အသုံးပြုထားပါတယ်။ သူက အဲဒီအနုပညာဟန်တွေကို ပေါင်းစပ်ပြီး ဒြပ်မဲ့ပန်းချီရေးတာ၊ လူရုပ်ပုံသဏ္ဌာန်ရေးတာနဲ့ ရှုခင်းပုံရေးတာတွေကို လုပ်ခဲ့တာပါ။ နောက်ပြီး လူပုံသဏ္ဌာန်ရေးဆွဲတာကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ဘဲ ပေါင်းစပ်ဖွဲ့စည်းရေးဆွဲဟန်ကို ဖန်တီးခဲ့ပါတယ်။ “Interchange” ပန်းချီကားဟာ သူ့ရဲ့ လူပုံသဏ္ဌာန်ကို မစွန့်လွှတ်ဘဲ ပေါင်းစပ်ရေးဆွဲထားတဲ့ ဒြပ်မဲ့အဇ္ဈတ္တထုတ်ဖော်ဝါဒရဲ့ အပြည့်စုံဆုံး ဥပမာတစ်ခုပဲပေါ့။

Untitled (Red, Orange), 1968
Mark Rothko

I-S VA 4 (from Six Variants suite), 1969
Josef Albers
ဒါ့အပြင် ဒေါ်နယ် ဂျက်ဒ် (Donald Judd)၊ အဂ္ဂနက်စ် မာတင် (Agnes Martin)၊ ဒန် ဖလေးဗင် (Dan Flavin) တို့ရဲ့ မီနီမယ်လစ်ဇင်မ် (Minimalism)၊ ကွန်ဆက်ပ်ကျူရယ် (Conceptual abstraction)၊ ဂျိုးဆက်ဖ် အယ်ဘားစ် (Josef Albers)၊ ပီယက် မော်ဒရီယန် (Piet Mondrian) တို့ရဲ့ ဟာ့ဒ်အက်ချ်ပန်းချီ (Hard-edge painting) နဲ့ မာ့ခ် ရော့သ်ကို (Mark Rothko) ရဲ့ အရောင်ခံစားမှု လွင်ပြင် (Colour field painting) တွေကလဲ ဒြပ်မဲ့ပန်းချီ ခေါင်းစဥ်အောက်က အခွဲတွေပါပဲ။

ANT 105, 1960
Yves Klein
နိဂုံးချုပ်ရရင် ၁၉ ရာစု အစောပိုင်းကာလတွေမှာ ပေါ်ထွက်လာခဲ့တဲ့ ကင်မရာတွေဟာ လက်ဆုပ်လက်ကိုင် ပြလို့မရဘဲ စိတ်ကူးစိတ်သန်း ခံစားချက်တွေကို အခြေခံတဲ့ ဒြပ်မဲ့ပန်းချီတွေကို နေရာရလာစေတဲ့ အရင်းခံ အကြောင်းတရားဖြစ်ကြောင်း တီးမိခေါက်မိ ရှိလောက်ပြီလို့ ယူဆပါတယ်။ ဒါကို ကြည့်ရင် ဘယ်လိုပဲ နည်းပညာတွေ တိုးတက်လာပါစေ၊ အနုပညာခံစားမှုရသတစ်စုံတစ်ရာအတွက် လူသားတွေက လုံး၀ လက်လျှော့မှာ မဟုတ်ဘူး ဆိုတာကို လက်ခံယုံကြည်ဖို့ လုံလောက်နေပါပြီ။ ။