May 25, 2026 | မြန်မာ

Psyche Mission (သို့) ရှေးဟောင်းဂြိုဟ်သိမ်သို့ခရီး

ကမ္ဘာကကြီးမားတဲ့နေရာတစ်ခုပါ။ ဒီလိုကြီးမားတဲ့ ကမ္ဘာကြီးမှာ လေ့လာစရာတွေဆိုတာ မကုန်နိုင်ပါဘူး။ ကမ္ဘာကြီးမှာ လေ့လာစရာတွေ အများကြီးရှိတဲ့ထဲကမှ ကမ္ဘာရဲ့ ဗဟိုအူတိုင်ကို လေ့လာခြင်းမှာ လူသားတွေအနေနဲ့ မသိနိုင်သေးတာတွေ အတော်များများ ကျန်ရှိနေပါတယ်။ ဒါဟာလည်း ရရှိနိုင်တဲ့ ဒေတာ အချက်အလက်တွေက အကန့်အသတ်တွေနဲ့ပဲ ရှိနေလို့ပါ။ ဒါပေမဲ့ ကမ္ဘာ့အူတိုင်နဲ့ ပတ်သက်တဲ့ ဒေတာအချက်အလက်တွေကို ကမ္ဘာ့ မြေကြီးထဲကနေ တိုက်ရိုက်…

Text size

ကမ္ဘာကကြီးမားတဲ့နေရာတစ်ခုပါ။ ဒီလိုကြီးမားတဲ့ ကမ္ဘာကြီးမှာ လေ့လာစရာတွေဆိုတာ မကုန်နိုင်ပါဘူး။ ကမ္ဘာကြီးမှာ လေ့လာစရာတွေ အများကြီးရှိတဲ့ထဲကမှ ကမ္ဘာရဲ့ ဗဟိုအူတိုင်ကို လေ့လာခြင်းမှာ လူသားတွေအနေနဲ့ မသိနိုင်သေးတာတွေ အတော်များများ ကျန်ရှိနေပါတယ်။ ဒါဟာလည်း ရရှိနိုင်တဲ့ ဒေတာ အချက်အလက်တွေက အကန့်အသတ်တွေနဲ့ပဲ ရှိနေလို့ပါ။ ဒါပေမဲ့ ကမ္ဘာ့အူတိုင်နဲ့ ပတ်သက်တဲ့ ဒေတာအချက်အလက်တွေကို ကမ္ဘာ့ မြေကြီးထဲကနေ တိုက်ရိုက် မရယူဘဲ ကမ္ဘာအပြင်ကနေ ယူငင်လို့ရမဲ့ အခွင့်အရေးတစ်ရပ်ကို နာဆာရဲ့ Psyche Mission (ဆိုက်ခဲ မစ်ရှင်) က ယူဆောင်လာခဲ့ပါပြီ။

Psyche ဆိုတာက အံစာတုံးကား အရွယ်ရှိပြီး တောင်ပံနဲ့တူတဲ့ ဆိုလာပြားတွေ တပ်ဆင်ထားတဲ့ ဂြိုဟ်တုတစ်လုံးပါ။ Psyche ကို အောက်တိုဘာလ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ည ၈ နာရီ ၄၆ မိနစ်မှာ နာဆာရဲ့ ကန်နေဲဒီအာကာသစင်တာက SpaceX Falcon Heavy Rocket နဲ့ လွှတ်တင်ခဲ့ပါတယ်။ ဂြိုဟ်တုရဲ့ ပန်းတိုင်ကတော့ Psyche လို့ပဲခေါ်တဲ့ ဂြိုဟ်သိမ်တစ်ခုဖြစ်ပြီး ခြောက်နှစ်အကြာမှာ ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဂြိုဟ်တုဟာ ၂၀၂၉ ခုနှစ်မှာ အင်္ဂါဂြိုဟ်နားကို ချဉ်းကပ်မှာဖြစ်ပြီး အဲ့ကတစ်ဆင့် အင်္ဂါဂြိုဟ်ရဲ့ ​ဒြပ်ဆွဲအားအကူညီနဲ့ လမ်းလွှဲတစ်ခု ဖန်တီးပြီး ဂြိုဟ်သိမ်ဆီ ခရီးဆက်မှာပါ။ ဂြိုဟ်သိမ်ဆီ ရောက်ရင်တော့ နောက် ၂၆ လစာ ဂြိုဟ်သိမ်ကို လှည့်ပတ်ပြီး လေ့လာမှုတွေ ပြုလုပ်မှာပါ။ ပြုလုပ်မဲ့ လေ့လာချက်တွေကတော့ ကျောက်သားနမူနာကောက်ယူတာ၊ မျက်နှာပြင် ဖွဲ့စည်းပုံကိုဆန်းစစ်တာ၊ ဒြပ်ဆွဲအား ဖွဲ့စည်းပုံကို ဆန်းစစ်တာနဲ့ သံလိုက်စက်ကွင်းရှိရင် တိုင်းတာတာတွေ ပြုလုပ်မှာပဲဖြစ်ပါတယ်။ ဂြိုဟ်တုနဲ့ အတူပါသွားမဲ့ ကိရိယာတွေက ရောင်စဉ်စုံ ပုံရိပ်ဖမ်းစက်၊ ဂမ်မာရောင်ခြည်နဲ့ နျူထရွန်ရောင်စဉ် တိုင်းစက်၊ သံလိုက်စက်ကွင်းတိုင်း ကိရိယာနဲ့ ဒြပ်ဆွဲအားတိုင်းတာဖို့ ရေဒီယိုကိရိယာတို့ပဲ ဖြစ်ပါတယ်။

Psyche ဂြိုဟ်သိမ်ဟာ အာလူးပုံ ဂြိုဟ်သိမ်တစ်ခုဖြစ်ပြီး မျက်နှာပြင်ဧရိယာ ၆၄ ၀၀၀ စတုရန်းမိုင်(၁၆၅ ၈၀၀ စတုရန်းကီလိုမီတာ) ခန့်ရှိပါတယ်။ အကျယ်ဆုံးနေရာက တိုင်းတာရရှိတဲ့ အလျားကတော့ ၁၇၃ မိုင်(၂၈၀ ကီလိုမီတာ) ရှိပြီး အနံကတော့ ၁၄၄ မိုင်(၂၃၂ ကီလိုမီတာ) ခန့်ရှိပါတယ်။ ဂြိုဟ်သိမ်ဟာ နေကို အင်္ဂါဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်ကြား ပထမဂြိုဟ်ခါးပတ်အတွင်း လှည့်ပတ်နေတာ​ဖြစ်ပြီး အကွာအဝေးအားဖြင့် အနီးဆုံးအကွာအဝေး မိုင်ပေါင်း ၂၃၅ သန်း (ကီလိုမီတာ ၃၇၈ သန်း)နဲ့ အဝေးဆုံးအကွာအဝေး မိုင်ပေါင်း ၃၀၉ သန်း (ကီလိုမီတာ ၄၉၇ သန်း) ခန့်ရှိပါတယ်။ Psyche ဂြိုဟ်သိမ်ကို ၁၈၅၂ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ အီတလီ နက္ခတဗေဒပညာရှင် အန်နီဘေးလ် ဒီအဲ ဂါတ်စ်ပါဲးရစ်ကရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီဂြိုဟ်သိမ်ရဲ့ အမည်က သာမန်လူသားအဖြစ်မွေးဖွားလာပြီး ဂရိရဲ့ စိတ်ဝိဉာဉ် နတ်ဘုရားမ ဖြစ်လာတဲ့ Psyche ရဲ့အမည်ကို မှည့်ခေါ်တာ ဖြစ်ပါတယ်။ ရှာတွေ့ဖူးသမျှ ဂြိုဟ်သိမ်တွေထဲမှာ ၁၆ ခုမြောက် ရှာဖွေတွေ့ရှိခဲ့တဲ့ ဂြိုဟ်သိမ်ဖြစ်တာကြောင့် 16-Psyche လို့လဲ အမည်တွင်တာပါ။ ဒီဂြိုဟ်သိမ်ကို အများအားဖြင့် သတ္တု ၃၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် ပမာဏနဲ့ ပါဝင် ဖွဲ့စည်းထားမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

ဒီဂြိုဟ်သိမ်ရဲ့ သတ္တုကြွယ်ဝမှုဟာ ​ကျောက်သားဂြိုဟ်တွေရဲ့ အူတိုင်နဲ့ ဆင်တူနေတဲ့ အတွက် ဒီဂြိုဟ်သိမ်ကို လေ့လာခြင်းကန‌ေ ကျောက်သားဂြိုဟ်တွေရဲ့ အူတိုင်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပိုစုံစုံလင်လင် ရရှိလာနိုင်ပါတယ်။ ဂြိုဟ်သိမ်ရဲ့ သတ္တုကြွယ်ဝပုံကို ကြည့်ခြင်းအားဖြင့် ပညာရှင်တွေက “ဒီဂြိုဟ်သိမ်ဟာ မူလက ဂြိုဟ်အူတိုင်အဖြစ် ဖွံ့ဖြိုးခဲ့နိုင်ချေရှိတယ်။ ပြီးမှ အခြား ဥက္ကာခဲတွေနဲ့ဝင်တိုက်မှုကြောင့် အူတိုင်ဘေးက ကျောက်လွှာတွေကွာထွက်ကုန်ပြီး အူတိုင်ကြီးသပ်သပ်ကျန်ခဲ့တာရှိဖြစ်မယ်။” လို့ခန့်မှန်းကြပါတယ်။ အကယ်၍သာ ဒီဂြိုဟ်သိမ်ဟာ ရှေးဦး ဂြိုဟ်မွေးကင်းစလေး ဖြစ်ခဲ့မယ်ဆိုရင် ​ကျောက်သားဂြိုဟ်တွေရဲ့ အူတိုင်နဲ့ပတ်သက်ပြီး အသိအမြင်အသစ်တွေ ရရှိလာမှာပါ။ ဒီအတွက်ကတော့ နောက် ၆ နှစ်တာ ကာလတလျှောက် စောင့်ကြည့်ရဖို့ပဲ ရှိပါတယ်။

Article Credits

Written by Aung Bhone Myint Htoo
Copy Editing Nectar

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.