May 25, 2026 | မြန်မာ

လာရာနှင့် လားရာကို နားလည်ခြင်း

ဟိုးလွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက ကမ္ဘာ့အရှေ့ဘက်ကျတဲ့ အခြမ်းနဲ့ အနောက်ဘက်ခြမ်း ဒေသတွေက အဆက်အစပ်မရှိကြဘူး။ ကုန်းမကြီး ဆက်နေသော်ငြား ဝေးလံခေါင်ဖျားလှတဲ့ ဒေသတွေကို ကျော်လွန်ပြီး ဘယ်ကုန်သည်ကမှ သီးခြား ထွက်ပြီး ကုန်သွယ်ရေးကို မလုပ်ကြ .. ကိုယ်နေတဲ့ ဒေသပတ်ဝန်းကျင်မှာပဲ အဆင်ပြေသလို လုပ်ကိုင်စားသောက်ကြရတယ်။ ဒါပေမဲ့ အနောက်ခြမ်းမှာရှိတဲ့ အရာကိုတော့ အရှေ့ခြမ်းမှာ မရနိုင် ..…

Text size

ဟိုးလွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက ကမ္ဘာ့အရှေ့ဘက်ကျတဲ့ အခြမ်းနဲ့ အနောက်ဘက်ခြမ်း ဒေသတွေက အဆက်အစပ်မရှိကြဘူး။ ကုန်းမကြီး ဆက်နေသော်ငြား ဝေးလံခေါင်ဖျားလှတဲ့ ဒေသတွေကို ကျော်လွန်ပြီး ဘယ်ကုန်သည်ကမှ သီးခြား ထွက်ပြီး ကုန်သွယ်ရေးကို မလုပ်ကြ .. ကိုယ်နေတဲ့ ဒေသပတ်ဝန်းကျင်မှာပဲ အဆင်ပြေသလို လုပ်ကိုင်စားသောက်ကြရတယ်။ ဒါပေမဲ့ အနောက်ခြမ်းမှာရှိတဲ့ အရာကိုတော့ အရှေ့ခြမ်းမှာ မရနိုင် .. အရှေ့ခြမ်းကဟာကလဲပဲ အနောက်ခြမ်းဆီ သွားဖို့ ခဲယဉ်းလှတာပေါ့။ 

ပိုးလမ်းမကြီးဆိုတာကို သမိုင်းနဲ့ မစိမ်းသူ အတော်များများ ကြားဖူးကြပါလိမ့်မယ်။ အလယ်ခေတ် ၁၄ – ၁၅ ရာစုကြားမှာ အရှေ့တိုင်းနဲ့ အနောက်တိုင်း .. အရှေ့ကမ္ဘာနဲ့ အနောက်ကမ္ဘာနှစ်ခုကြားကို ဆက်သွယ်ပေးထားတဲ့ လမ်းတွေကို ပိုးလမ်းမတွေလို့ ခေါ်ခဲ့ကြတယ်။ အရှေ့တိုင်းက ပိုးထည်တွေ၊ ကြွေထည်ပစ္စည်းတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေက ကုန်းတစ်တန်၊ ရေတစ်တန်ဖြတ်ပြီး ပိုးလမ်းမတွေအတိုင်း လာကြသလို အနောက်တိုင်းက ဂျုံတွေ၊ ရွှေတွေ၊ ဖန်ထည်ပစ္စည်းတွေကလဲ ပိုးလမ်းမတွေက တဆင့် အရှေ့ကမ္ဘာခြမ်းကို လာကြပါတယ်။

ပိုးလမ်းမဆိုတာ လမ်းတစ်လမ်းတည်း မဟုတ်၊ ရေကြောင်းကသွားတဲ့ လမ်းတွေ ရှိသလို ကုန်းပေါ်က ဖြတ်သွားတဲ့ လမ်း .. ကန္တာရဖြတ်တဲ့လမ်း .. မုန်တိုင်းကြားကနေ ပင်လယ်ထဲ ဖြတ်ပြီး လာရတဲ့ လမ်း .. အရှေ့ကမ္ဘာခြမ်းနဲ့ အနောက်ကမ္ဘာခြမ်း စီးဆင်းသွားလာဖို့ ဆက်သွယ်ပေးထားတဲ့ လမ်းမှန်သမျှက ပိုးလမ်းမပဲ။

အဲ့ဒီပိုးလမ်းမတွေဟာ အရှေ့နဲ့ အနောက်က ကုန်စည်ပစ္စည်းတွေပဲ ဖလှယ်သယ်ဆောင်ဖို့ သုံးကြတာ မဟုတ်ဘူး။ ပိုးလမ်းမကြောင့် အရှေ့ကမ္ဘာခြမ်းနဲ့ အနောက်ခြမ်းက အချိတ်အဆက်ရှိလာကြတယ်။ ပိုးလမ်းမဟာ ပိုးထည်နဲ့ ဖန်ထည်တွေကိုပဲ ဖလှယ်တော့တာ မဟုတ်ဘူး။ အဲ့ဒီမှာ ရှုပ်ထွေးပွေလီသွားလာနေကြတဲ့ ကုန်သည်တွေမှာ သူတို့ဌာနေအရပ်ရပ်က ယဉ်ကျေးမှုတွေကို တခြားတစ်ဖက်ခြမ်းက သူတွေနဲ့ ဖလှယ်လာကြတယ်။ ယဉ်ကျေးမှုတင် ဘယ်ကမလဲ … အတွေးအခေါ် အယူအဆတွေ၊ အသိပညာတွေ၊ စာအုပ်စာပေတွေ၊ ဘာသာတရားတွေ၊ နည်းပညာတွေ ဒါတွေပါ ဆောင်ကျဉ်းလာခဲ့ကြတာပေါ့။ ပိုးလမ်းမက မတူညီတဲ့ နေရာတွေမှာ နေထိုင်သူတွေအတွက် သူတို့ရဲ့ မတူညီတဲ့ တည်ရှိမှုတွေကို မတူညီတဲ့ သူတွေကို မျှဝေဖို့ရာ အဓိက ကျတဲ့ ပေါင်းကူးသဖွယ် တည်ရှိနေတယ်။ လူနေမှုအဖွဲ့အစည်းတွေက တစ်ခုနဲ့ တစ်ခု တိုက်ရိုက်ချိတ်ဆက်မိတာ မဟုတ်ဘူး။ ဒီကုန်သည်တွေကနေပဲ သွယ်ဝိုက်သော နည်းအားဖြင့် ဖလှယ်မိကြတာ …

အရေးအကြီးဆုံးအချက်က ပိုးလမ်းမဟာ အပေါ်မှာ ပြောခဲ့တဲ့ ယဉ်ကျေးမှုတွေ၊ အတွေးအခေါ် .. ဘာသာတရားတွေတင်မကဘဲ သတင်းအချက်အလက်တွေကိုပါ တစ်ဖက်နဲ့ တစ်ဖက် သယ်ဆောင်ဖလှယ်ရာ နေရာတွေ ဖြစ်လာကြတယ်။ ကမ္ဘာ့အရှေ့ဘက်ခြမ်းက သတင်းအချက်အလက်တွေက အနောက်ဘက်ခြမ်းကို ရောက်တယ် .. အနောက်ဘက်ခြမ်းက သတင်းအချက်အလက်တွေဟာ အရှေ့ဘက်ခြမ်းကို ရောက်တယ်။ ကုန်သည်တွေဟာ သူတို့နေထိုင်ရာ လူမှုပတ်ဝန်းကျင်မှာ ရှိတဲ့ အခြေအနေတွေကို တခြားသူတွေကို မျှဝေနိုင်ဖို့ရာ မှတ်တမ်းမှတ်ရာတွေနဲ့တကွ သတင်းအချက်အလက်တွေကို သယ်ဆောင်တယ်။ ရုပ်ပုံတွေ၊ စာတွေ .. သရုပ်ပြပုံဖော်တဲ့ အရာတွေနဲ့ ဘယ်သူနဲ့ ဘယ်သူကတော့ စစ်ဖြစ်နေတယ် .. ဘယ်မှာတော့ ဘာရောဂါဖြစ်နေကြတယ် .. ဘယ်အင်ပါယာကတော့ အင်အားကြီးလာပြီ .. ဘယ်ပန်းချီဆရာ .. ဘယ်ကဗျာဆရာကတော့ဖြင့် အောင်မြင်နေတယ် .. စသဖြင့် သူတို့တတွေဟာ သူတို့မျက်စိရှေ့မှာ .. မြင်ရ၊ နားထဲမှာ ကြားရ .. သိရတာ မှန်သမျှကို ဒီပိုးလမ်းမကြီးမှာ ကူးလူးသွားလာရင်း မျှဝေကြတယ်။ သတင်းအချက်အလက် စီးဆင်းစေခဲ့ကြတယ်ပေါ့။

ကုန်သည်တွေဟာ သူတို့လာရာဒေသက သတင်းအချက်အလက်တွေကို သူတို့လားရာ နယ်မြေတွေဆီ သယ်ဆောင်သွားခဲ့ကြရင်း ဥရောပတိုက်ဟာ ၁၇ ရာစုနောက်ပိုင်းကတည်းက သတင်းအချက်အလက် စီးဆင်းမှု အလွန်အင်မတန်မြန်ဆန်အားကောင်းခဲ့တယ်။ အဓိကကတော့ အာရပ်ကုန်သည်တွေရဲ့ ကျေးဇူးပေါ့။ သူတို့ကြောင့် အာရှနဲ့ ဥရောပ တိုက်ကြီးနှစ်တိုက်ကြား သတင်းစီးဆင်းမှု၊ အသိပညာမျှဝေမှု အားကောင်းလာပြီး ရီနေးဆန့်လို့ခေါ်တဲ့ အတွေးအခေါ် တော်လှန်ရေး တစ်ရပ် ပေါ်ပေါက်လာခဲ့ရတယ်။ အဲ့ဒီရီနေးဆန့်က ဥရောပကို စက်မှုထွန်းကားစေပြီး တခြားတိုက်တွေထက် ခေါင်းတစ်လုံးတင်မက ခါးတစ်ပိုင်းစာပါ ပိုမြင့်လာခဲ့စေတာပေါ့။ ဒါဟာ အသိပညာမျှဝေမှုနဲ့ သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းနှိုင်မှုရဲ့ စွမ်းအားဖြစ်တယ်။

၂၁ ရာစုကို သတင်းအချက်အလက်နဲ့ သိပ္ပံ နည်းပညာခေတ်လို့ ခေါ်တွင်ကြတယ်။ ။ ၁၉ ရာစုအလယ်လောက်အထိ . ဖွံ့ဖြိုးတိုးတက်မှု .. ပြည့်ပြည့်ဝဝမရှိသေးတဲ့ လူ့အဖွဲ့အစည်းဟာ ၂၀ ရာစုရဲ့ အစောပိုင်းကာလကို ခြေလှမ်းဝင်ရောက်လာတဲ့ ဆယ်စုနှစ်ကာလအပိုင်းအခြားလေးမှာတင်ပဲ တဟုန်ထိုး တိုးတက်ပြောင်းလဲခဲ့တယ်။ ကမ္ဘာတစ်ဖက်ခြမ်းက လင်မယားနှစ်ယောက် ရန်ဖြစ်တဲ့ သတင်းကိုတောင် မိုင်ထောင်ချီဝေးတဲ့ နောက်ကမ္ဘာတစ်ခြမ်းက လူတွေက စက္ကန့်နဲ့မလပ် လွယ်လင့်တကူ သိရှိနေနိုင်တဲ့အထိ တိုးတက်ခဲ့တာ ..။ ဟိုးအရင်ကလို စာစကား .. သတင်းစကားပါးနိုင်ဖို့ရာ တဝေးတလံ၊ တစွန့်တစား သွားစရာ မလိုတော့ဘူး။ အချိန်နဲ့ တပြေးညီ လုပ်နိုင်တဲ့ နည်းပညာ .. အလွန်အင်မတန်လျင်မြန်တဲ့ သတင်းစီးဆင်းမှု ရှိနေပြီ။ ကမ္ဘာကြီးက ရွာကြီး တစ်ရွာနဲ့ တူလာတယ်လို့တောင် တင်စားသမုတ်ခဲ့ကြသေးတယ်။

ဘယ်လိုကိစ္စမဆို အကောင်း၊ အဆိုးက ဒွန်တွဲတည်ရှိနေတတ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး၊ လူဆိုးနဲ့ လူကောင်း၊ ရေနဲ့ မီး၊ အချစ်နဲ့ အမုန်း၊ စစ်နဲ့ ငြိမ်းချမ်းရေး .. အစွန်းနှစ်ဖက်တည်ရှိကြတဲ့ အခြေအနေတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများဆုံး တွေ့ရတယ်။ ကိစ္စတိုင်းမှာ ဆန့်ကျင်ဘက် အခြေအနေ ရှိတတ်ကြတာ သဘာဝရဲ့ ထုံးစံပဲ၊ အလားတူပဲ။ ဒီကိစ္စမှာလဲ သတင်းတွေမှာ သတင်းစစ်နဲ့ သတင်းတုဆိုတာ ဒွန်တွဲတည်ရှိနေတယ်။

“အမှန်တရားက ဖိနပ်ကြိုးချည်နေတုန်း ရှိသေး၊ အမှားက ကမ္ဘာတစ်ပတ် ပတ်ပြီးနေပြီ”

နာမည်ကျော် စာရေးဆရာနဲ့ သတင်းထောက် မာ့ခ်တွိန်း ပြောခဲ့တဲ့ နာမည်ကြီး စကားပါ။

ခုနကပြောသလို ဒီဘက် ၂၁ ရာစုမှာ သတင်းအချက်အလက်စီးဆင်းမှုက အင်မတန်မြန်ဆန်လာတယ်။ ကမ္ဘာတစ်ဖက်ခြမ်းက သတင်းတစ်ခုကိုတောင် မိုင်ထောင်ချီဝေးတဲ့ နောက် ကမ္ဘာတစ်ခြမ်းက လူတွေ စက္ကန့်မလပ်သိနိုင်တဲ့ အနေအထားအထိကို တိုးတက်ပြောင်းလဲလာခဲ့တဲ့အထိကို ကောင်းကျိုးကြီးမားလှတယ်။ ဒါပေမဲ့ ဒီ သတင်းအချက်အလက်စီးဆင်းမှု မြန်ဆန်တယ်ဆိုတဲ့ အရာနဲ့ ယှဉ်တွဲကပ်ပါလာတာက သတင်းအချက်အလက်မှား စီးဆင်းပြန့်နှံ့မှုပဲ။ သတင်းတွေဟာ တစ်နေရာနဲ့ တစ်နေရာ အလွန်အင်မတန် မြန်ဆန်တဲ့ နှုန်းနဲ့ စီးဆင်းသွားလာနိုင်တယ်။ အချိန်တိုအတွင်း ပြန့်နှံ့နိုင်တယ်။ အလားတူပဲ၊ သတင်းအမှား၊ အချက်အလက်အမှား၊ အင်ဖော်မေးရှင်းအမှားတွေဟာလဲ အဲ့ဒီလိုပဲ အချိန်တိုအတွင်း စီးဆင်းနိုင်တယ်၊ ပြန့်နှံ့နိုင်တယ်။

ဒါဆို မာ့ခ်တွိန်းကြီးက ဘာလို့ အမှားတွေဟာ အမှန် ဖိနပ်ကြိုးချည်တုန်းမှာတင် ကမ္ဘာကို တစ်ပတ်ပတ်နိုင်နေရတယ်လို့ ပြောရတာလဲ။

ကျွန်တော်အပါအဝင် လူအတော်များများဟာ စိတ်ခံစားချက်ကို အခြေခံပြီး တည်ဆောက်ထားကြတဲ့၊ ရုပ်ဝတ္ထုမဟုတ်တဲ့ သက်ရှိတွေ ဖြစ်ကြတယ်။ ကျွန်တော်တို့ဟာ ငိုတတ်တယ်၊ ရယ်တတ်တယ်၊ ဒေါသထွက်တတ်တယ်၊ စိတ်ထိခိုက်တတ်တယ်။ ဖီလင်တွေ၊ အီမိုးရှင်းတွေဆိုတာ အမြဲတမ်း တွဲလျက်ရှိနေတာ။ သတင်းစစ်စစ်တွေဟာ အမှန်တရားကို တင်ပြတာ ဖြစ်ကြတယ်။ သတင်းတွေက ဖတ်ရှုသူတွေအကြိုက် လိုက်လို့မရဘူး၊ အရှိကို အရှိအတိုင်း ဖော်ပြရတာဖြစ်လို့ သတင်းတိုင်းကို လူတိုင်းက ကြိုက်ချင်မှ ကြိုက်ကြပါလိမ့်မယ်။

အဲ့ဒီအခါမှာ ဘက်ယိမ်းမှုကို ဖြစ်ပေါ်စေပါတယ်။

သတင်းတု/သတင်းမှားတွေက ပုံစံမျိုးစုံနဲ့ လာတတ်ကြပြီး နေရာမျိုးစုံကို လားတတ်ကြတယ်။ တမင်လုပ်ကြံဖန်တီးပြီး ရည်ရွယ်ချက်နဲ့ လာတတ်တဲ့ သတင်းတုတွေ ရှိသလို မရည်ရွယ်ဘဲ ပြန့်သွားတဲ့ သတင်းမှားတွေလဲ ရှိတာပဲ။ လုပ်ကြံသတင်းတွေကို ဖြန့်ဝေသူတွေကတော့ ခုနကပြောတဲ့ လူတွေရဲ့ စိတ်ခံစားချက်ကို အခြေတည်ပြီး ဖြစ်တည်လာတဲ့ ဘက်ယိမ်းမှု သဘောသဘာဝကို ကောင်းကောင်း အသုံးချပြီး ပစ်မှတ်ထား ဖြန့်ဝေတတ်ကြတယ်။

စိတ်ပညာရှင်တွေက လူတွေရဲ့ ခံစားချက်နဲ့ ကပ်တည်တွဲပါလာတာ ယုံကြည်ချက်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ လူတွေမှာ သူတို့ နေထိုင်ရာ ပတ်ဝန်းကျင်၊ သူတို့တည်ရှိရာ အခြေအနေ၊ သူတို့ဖြစ်တည်မှုနဲ့ သူတို့သိမှု အပေါ် အခြေခံပြီး ကိုယ်ပိုင်ယုံကြည်ချက်တွေ တည်ရှိနေတတ်တယ်။ အဲ့ဒီယုံကြည်မှုက ဘာသာရေး၊ လူမျိုးရေး၊ ဓလေ့ထုံးတမ်းတွေကြောင့်လဲ ဖြစ်နိုင်တယ်၊ ပုဂ္ဂိုလ်စွဲယုံကြည်မှုတွေ၊ ပတ်ဝန်းကျင်သက်ရောက်မှုကြောင့် ဖြစ်လာတာ၊ သိမှုကို အခြေပြုပြီး နားလည်လက်ခံ ယုံကြည်ထားတာ .. စသဖြင့် ယုံကြည်မှုတွေ ကိုယ်စီ ရှိတတ်ကြတယ်။ ဒီယုံကြည်မှုတွေက တစ်ယောက်နဲ့ တစ်ယောက် မတူတတ်သလို အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု၊ နိုင်ငံတစ်ခုနဲ့ တစ်ခုလဲ ကွဲပြားကြတယ်။ ဒါပေမဲ့ ဘုံတူညီတဲ့ တစ်ချက်တော့ ရှိတယ်။

အဲ့ဒါက လူတွေဟာ ခါးသီးတဲ့ အမှန်တရားထက် ချိုမြိန်တဲ့ မုသား၊ သူတို့ကို စိတ်သက်သာရာရစေတဲ့ အလိမ်အညာတွေကို သဘောတွေ့၊ မနောခွေ့တတ်ကြတာပါ။ အမှန်တရားတွေက ခါးသီးတတ်ရိုး ထုံးစံရှိလို့ လူတိုင်းက အမှန်ကို ဘယ်ကြိုက်ကြပါ့မလဲ။

ဒီဘက်ခေတ် အင်တာနက်ပေါ်မှာ တွေ့ရတတ်တဲ့ သတင်းအစစ်တွေထဲမှာ လူတွေကို စိတ်သက်သာရစေတဲ့၊ ကောင်းမွန်တဲ့ သတင်းတွေ အမြဲတမ်း မပါတတ်ကြပါဘူး။ သတင်းက အမှန်ကို ဖော်ပြရတာဖြစ်လို့ လူတွေ နားမထောင်ချင်တဲ့ဟာဆိုရင်လဲ ဒါက တည်ရှိနေရမှာပဲလေ။ ကောင်းတဲ့ သတင်းမှ ရွေးဖော်ပြလို့ မရပဲ။ ဒါပေမဲ့ သတင်းတု၊ သတင်းမှားတွေကတော့ ဒီလို မဟုတ်ဘူး။ သတင်းတု၊ သတင်းမှားတွေကို ကြည့်လိုက်မယ်ဆိုရင် အများအားဖြင့် လူတွေ ကြားချင် .. နားဝင်ချိုလှပါပြီရဲ့ ဆိုတဲ့ သတင်းတွေချည်း ဖြစ်နေတတ်တယ်။ ဘာလို့ဆိုရင် ဒီအတုအယောင်တွေကို ဖြန့်ဝေသူတွေဟာ သူတို့ သတင်းကို စားသုံးမဲ့ သူတွေသည် သူတို့ယုံကြည်ထားတဲ့၊ လက်ကိုင်စွဲထားတဲ့၊ နားလည်ထားတဲ့ တစ်ကိုယ်ရည်စာ အမှန်တရားတွေ နောက်ကိုပဲ လိုက်တတ်ကြတယ်ဆိုတာ နားလည်ထားကြလို့ပါ။

ပြန်စဉ်းစားကြည့်ရမယ်ဆိုရင် ကျွန်တော် အပါအဝင် လူတော်တော်များများဟာ ကိုယ့်ဆီ တက်လာတဲ့ သတင်းတွေထဲမှာ ကိုယ့်အတွက် စိတ်သက်သာရာ မရစေတာတွေကိုဆိုရင် ရှောင်ဖယ်တတ်ကြတယ်။ အဲ့ဒီအစား ကိုယ့်အတွက် အဆင်ပြေပါတယ်ဆိုတဲ့ .. ကိုယ့်အယူအဆနဲ့ ထပ်တူညီပါတယ်ဆိုတဲ့အရာတွေ နောက်ကိုပဲ လိုက်လာတယ်။ ဒီလိုသတင်းတွေကိုပဲ ရွေးချယ် ဖတ်ရှုလာတတ်ကြတာပါ။ အကြောင်းအရာတစ်ခုက ဘယ်လောက်ပဲ တက်တက်စင်အောင် လွဲနေကြောင်းကို ဆန့်ကျင်ဘက် သက်သေသက္ကာရနဲ့ တကွ၊ အသေအချာ ရှင်းလင်းတင်ပြထားတောင် ကိုယ်ယုံကြည်ထားတာနဲ့ မကိုက်ရင် လစ်လျူရှုတတ်ပါတယ်။ ခံယူချက်၊ ယုံကြည်ချက်နဲ့ အယူအစွဲတွေက ဖျောက်ဖျက်ရခက်တဲ့အတွက် လူတွေက သူတို့ စိတ်သက်သာရာ ရစေတဲ့ အရာတွေနောက် လိုက်ကြတာပေါ့။ ဒီလိုနည်းနဲ့ သတင်းတု၊ သတင်းမှားတွေက ပျံ့နှံ့မှုနှုန်း အများကြီး ပိုမြင့်တယ်၊ စားသုံးမှုနှုန်း အများကြီး ပိုကြီးကြတာပါ။

အဲ့လိုနဲ့ အမှန်တရားတွေ တိမ်မြုပ်ပြီးတော့ အမှားတွေက အဓွန့်ရှည် တည်တံ့နေကြတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘက်ယိမ်းမှုကြောင့် သတင်းတု/သတင်းမှားတွေက ဆက်ဆက် ပြန့်နှံ့တည်ရှိနေကြရတာပေါ့။ သတင်းအချက်အလက်တွေ စီးဆင်းသွားလာတဲ့အခါ အကြောင်းအရာတိုင်းမှာ မှန်တာနဲ့ မှားတာ နှစ်ရပ် အစွန်းနှစ်ဖက်ပဲ တည်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီအစွန်းနှစ်ဖက်ရဲ့ အလယ်မှာ တည်ရှိနေခြင်းက မှန်ကန်တာ မဟုတ်ကြောင်း သိနားလည်ဖို့ လိုပြီး အယူအစွဲကင်းကင်းနဲ့ မှန်ကန်ချက်ကို သတ်မှတ်သင့်ပါတယ်။

ကျွန်တော်တို့ အတော်များများ အင်တာနက်ပေါ်မှာ တွေ့ရတတ်တဲ့ ဗီဒီယိုလေးတွေ ရှိပါတယ်။ လူတန်းရှည်တစ်ခု တန်းစီထားပြီး နောက်ဆုံးက သူက သူ့ အရှေ့က လူကို အမူအရာတစ်ခု သရုပ်ဆောင်ပြပါတယ်။ နောက် အဲ့လူကနေ သူ့ရှေ့က တစ်ယောက်ကို ထပ်ထပ်ပြီး အဲ့ဒီအမူအရာကို လက်ဆင့်ကမ်းပြီး ဖော်ပြပါတယ်။ အဲ့ဒီလိုနဲ့ ရှေ့ဆုံးမှာ ရှိတဲ့ တစ်ယောက်စီကို ရောက်တဲ့အခါ မူလအစက နောက်ဆုံးက တစ်ယောက် လုပ်ပြလိုက်တဲ့ အမူအရာနဲ့ သူပြန်သရုပ်ဆောင်ပြတာနဲ့က လုံးလုံးလျားလျားကို မတူနေတာပါ။ အဲ့ဒီပုံစံကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အနေနဲ့ သတင်းအချက်အလက် စီးဆင်းတဲ့ နည်းနာကို နားလည်နိုင်ပါတယ်။ သတင်းအချက်အလက်တစ်ခု၊ အကြောင်းအရာတစ်ခုဟာ လက်တစ်ခုနဲ့ တစ်ခု ကူးပြောင်းတိုင်း နားလည်မှု လွဲစေနိုင်တဲ့ အရာတွေ၊ အချက်အလက်မှားတွေ ပါသွားတတ်ပါတယ်။ ဒီလိုနည်းနဲ့ လမ်းထိပ်မှာတော့ ခလုတ်တိုက် .. လမ်းလယ်ရောက်တော့ ဖားပြုတ်ကိုက်ပြီး လမ်းဆုံးရောက်တော့ တရုတ်ရိုက်တယ် ဖြစ်ရတာပေါ့။

အဲ့ဒီလိုမျိုး လက်ဆင့်ကမ်းမှု အလွဲကြောင့် ဖြစ်လာတတ်တာတွေမှာ Mis-information လို့ ခေါ်တဲ့ ဖတ်ရှုသူကို ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန့်နှံ့လာတာ မဟုတ်တဲ့ သတင်းမှားတွေ အဓိက ပါဝင်ပါတယ်။ သတင်းတု၊ သတင်းမှားတွေမှာ ဖတ်ရှုသူကို ဒါမှမဟုတ်၊အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို သတ်မှတ်ဦးတည်ချက်တွေနဲ့ ပုံစံတကျ လုပ်ကြံတိုက်ခိုက်တာမျိုးတွေ၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးတွေ အပေါ် အခြေခံလို့ အကျိုးစီးပွားမျှော်ကိုးပြီး ဝါဒဖြန့်တာတွေ .. တစ်နည်း ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့ dis-information တွေလဲ ရှိပါတယ်။ နောက် စစ်မှန်တဲ့ သတင်းတွေကို မှားယွင်းတဲ့ ရည်ရွယ်ချက်နဲ့ တင်ဆက်တဲ့၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ အမုန်းစကားတွေ ပါဝင်တတ်ပြီး မသမာတဲ့ ရည်ရွယ်ချက်နဲ့ ပျံ့နှံ့လာတတ်တဲ့၊ တကယ့်အဖြစ်မှန်ပေါ် အခြေခံပြီး ပစ်မှတ်ရဲ့ ဂုဏ်သိက္ခာ၊ တည်ရှိမှု၊ နစ်နာစေမှုတို့ကို လိုလားတဲ့ မသမာသတင်း – mal-information တွေလဲ ပါဝင်တာပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ရွာကြီးထဲကို မနေ့တနေ့ကမှ ဝင်ရောက် နေထိုင်တဲ့ တဲအိမ်လေး တစ်ခုပါ။ ဒေသတွင်းမှာ အင်တာနက်ကို သေချာသုံးနိုင်တာ ဆယ်စုနှစ်တစ်ခုကျော်ပဲ ရှိပါသေးတယ်။ ဒစ်ဂျစ်တယ်ခေတ်မှာ အရာအားလုံး ကမ္ဘာကြီးနဲ့ အဆက်ပြတ်ကျန်၊ နောက်ကောက်ကျကျန်ခဲ့ပြီး ဥရောပက ၁၃ နှစ်သား ကလေးတွေ ကွန်ပြူတာဂိမ်းထွင်နေချိန် မြန်မာနိုင်ငံက အသက် ၃၀ အရွယ် လူလတ်ပိုင်းတစ်ဦးက ဖေ့စ်ဘွတ်ခ်အကောင့်ကို ၅၀၀၀ ပေးပြီး ဆိုင်မှာ သွားဖွင့်နေကြရတဲ့ အခြေအနေ၊ ရိုးရိုးလိုက်ရင် မမီတော့လို့ ခါးလယ်ကနေ ဖြတ်လိုက်ရတဲ့ မြန်မာနိုင်ငံ အခြေအနေဟာ လှည့်စားမှုတွေအပြည့်နဲ့ အင်မတန်ထိတ်လန့်ဖို့ ကောင်းတဲ့ အင်တာနက် မီဒီယာကို နဖူးတွေ့၊ ဒူးတွေ့ စတင်ထိတွေ့ရချိန်ပါ။ အသုံးပြုသူတွေရဲ့ မီဒီယာအသိရေချိန်နဲ့ သတင်းအချက်အလက်တွေကို ဝေဖန်ဆန်းစစ်နိုင်စွမ်းက အတော်လေးကို နိမ့်ပါးနေသေးတဲ့ အချိန်ပေါ့။ အဲ့ဒီလိုအချိန်မှာ သာမန်အင်တာနက် အသုံးပြုသူတွေအနေနဲ့ သတင်းအချက်အလက်မှားတွေကို ရင်ဆိုင်ကြုံတွေ့ရတဲ့အခါကျရင် လူနေမှုအဖွဲ့အစည်းအပေါ် သက်ရောက်မှုက အင်မတန်ပြင်းထန်ပါတယ်။ မြန်မာ့သမိုင်းမှာလဲ အဲ့ဒီ သတင်းတု၊ သတင်းမှားတွေကြောင့် ဖြစ်ခဲ့ရတဲ့ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခတွေက နမူနာယူစရာအဖြစ် ထင်းထင်းကြီး ရှိနေပါတယ်။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သတင်းတစ်ပုဒ်ကို တွေ့မိတဲ့အခါ သူ့ရဲ့ လာရာကို ကြည့်ပါ။ သူက ဘယ်ရင်းမြစ်က လာတာလဲ၊ ဘယ်လိုလာတာလဲ၊ သူ့ရဲ့ အခြေတည်ရာ အစ၊ အုတ်မြစ်တည်ရာ ဌာနေက ဘာလဲဆိုတာ ဆန်းစစ်ပါ။ နောက်ပြီး သူက ဘယ်ကို သွားမှာလဲ၊ ဘာရည်ရွယ်ချက်နဲ့ သွားတာလဲ၊ ဘယ်လိုအကျိုးသက်ရောက်မှုတွေကို မျှော်ကိုးပြီး သွားတာလဲ၊ ဦးတည်ချက်တွေက ဘာလဲဆိုတာ .. တစ်နည်း လားရာကို ပရမတ်ကျကျ ဝေဖန်ဆန်းစစ်ကြည့်ပါ။

သတင်းတွေဟာ လူတွေရဲ့ စိတ်ခံစားချက်၊ အတွေးအမြင်နဲ့ သဘောထားတွေကို ပြောင်းလဲလုပ်ယူနိုင်စွမ်း ရှိတယ်၊ ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကို မကောင်းသောအခြေအနေနဲ့ လောင်းရိပ်မိ စိုးမိုးစေမဲ့ သတင်းတု၊ သတင်းမှားတွေရဲ့ အန္တရာယ်ကိုတော့ သေချာ မြင်တတ်ဖို့ လိုပါတယ်။

လာရာနဲ့ လားရာကို နားလည်မယ်ဆိုရင် အဆိပ်အတောက်၊ အတုအယောင်ကင်းကင်းနဲ့ ဒစ်ဂျစ်တယ်ခေတ်ရဲ့ သတင်းအချက်အလက်တွေကို စနစ်တကျ စားသုံးနိုင်လာပါလိမ့်မယ်။

 

Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min
Managing Editor Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.