May 25, 2026 | မြန်မာ

နေမုန်တိုင်း (Solar Storm) ဆိုတာ ဘာလဲ

လက်ရှိအင်တာနက်ပေါ်မှာ တွေ့နေရတဲ့  လာမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ စပြီး အောက်တိုဘာ ကာလအတွင်း နေမုန်တိုင်း တိုက်ခတ်မှုကြောင့် အင်တာနက်တွေ၊ လျှပ်စစ်မီးတွေ လချီ ပြတ်တောက်နိုင်တယ်ဆိုတဲ့ အကြောင်း စာဖတ်သူ အတော်များများလဲ တွေ့မိပါလိမ့်မယ်။ ဒီသတင်းအပေါ် အခြေခံလို့ နေမုန်တိုင်းဆိုတာ ဘာလဲ .. နေမီးတောက်တွေ Coronal Mass Ejection…

Text size

လက်ရှိအင်တာနက်ပေါ်မှာ တွေ့နေရတဲ့  လာမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ စပြီး အောက်တိုဘာ ကာလအတွင်း နေမုန်တိုင်း တိုက်ခတ်မှုကြောင့် အင်တာနက်တွေ၊ လျှပ်စစ်မီးတွေ လချီ ပြတ်တောက်နိုင်တယ်ဆိုတဲ့ အကြောင်း စာဖတ်သူ အတော်များများလဲ တွေ့မိပါလိမ့်မယ်။

ဒီသတင်းအပေါ် အခြေခံလို့ နေမုန်တိုင်းဆိုတာ ဘာလဲ .. နေမီးတောက်တွေ Coronal Mass Ejection (CME) လို့ ခေါ်တဲ့ ဖြစ်စဉ်တွေကရော ဘာလဲ၊ ဘာလို့ အဲ့ဒါတွေ ဖြစ်ရတာလဲ၊ ကမ္ဘာကို ရိုက်ခတ်မှာလား၊ ရိုက်ခတ်ရင်ရော ဘာဆက်ဖြစ်နိုင်လဲ .. ဒီကိစ္စလေးတွေ ဆွေးနွေးကြည့်ချင်ပါတယ်။ 

_____

နေအပါအဝင် ကြယ်တွေဟာ ဟိုက်ဒြိုဂျင် အက်တမ်တွေကို ပေါင်းစည်း *ဖျူရှင် ဖြစ်စေပြီး လောင်ကျွမ်းနေကြတယ် .. အဲ့ဒီလို ပေါင်းစည်းရင်းနဲ့ ဟီလီယမ်အက်တမ်တွေ အသစ်ဖြစ်တည်လာတယ် .. ဒီလိုကနေ အတော်များတဲ့ စွမ်းအင်ပမာဏတွေ ထွက်တယ်၊ နေက အဲ့ဒီလိုနည်းနဲ့ လောင်စာတွေကို မီးပြင်းတိုက်ရင်း တည်ရှိနေတာပေါ့။ အရင်ဆောင်းပါးတွေထဲလဲ ဒီအကြောင်းလေးတွေ အသေးစိတ် နည်းနည်းစီ ပြောဖူးပါတယ်။ ဖျူရှင်အခြေအနေကနေပဲ ကျွန်တော်တို့ နေဆီကနေ နေ့တိုင်း ရတဲ့ စွမ်းအင်တွေ ရနေတာ .. လျှပ်စစ်သံလိုက်ရောင်ခြည်လှိုင်းတွေကို သယ်ဆောင်ပေးမဲ့ ဖိုတွန်တွေကိုလဲ နေရဲ့ ဒီဝတ်ဆံထဲပဲ ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေ အကုန်လုံး ဖြစ်တည်နိုင်ဖို့က လွယ်တော့ မလွယ်ဘူးဗျ။ နေရဲ့ ဝတ်ဆံက အပူချိန်အားဖြင့် ၁၅ သန်း ဒီဂရီဆဲလ်စီးယပ်စ်နဲ့ ကမ္ဘာ့လေထုဖိအားထက် အဆဘီလျံချီများတဲ့ ဓာတ်ငွေ့ဖိအားကြောင့်ပဲ ဒီကိစ္စတွေ ဖြစ်တည်နိုင်တာ .. 

အဲ့ဒီလို ကြမ်းတမ်းတဲ့ အခြေအနေမှာဆိုရင် ဒြပ်တွေဟာ ကျွန်တော်တို့သိထားတဲ့ အစိုင်အခဲ၊ အရည်၊ အငွေ့ အခြေအနေနဲ့ မတည်ရှိနိုင်ဘူး။ ပလာစမာလို့ခေါ်တဲ့ နောက်ထပ် ပုံစံတစ်မျိုးနဲ့ ရှိနေတာ .. ပလာစမာဆိုတာ အက်တမ်ဒြပ်တွေက အဲ့ဒီ နေရဲ့ အဝန်းအဝိုင်းထဲမှာ ရှိနေတဲ့အခါ ပြင်းထန်တဲ့ အခြေအနေတွေကြောင့် အက်တမ်တွင်းက အီလက်ထရွန်တွေ ဖယ်ရှားခံရပြီး နျူကလိယပ်စ်ကြီးပဲ တုံးလုံးကျွတ်ကျန်ခဲ့တာ .. အဲ့ဒီကောင်လေးတွေက တခြားဒြပ်အခြေအနေတွေနဲ့ မတူဘူး၊ လျှပ်စစ်ဓာတ်ရှိတယ်၊ လျှပ်ဓာတ်ဆောင်တယ်ပေါ့၊ အီလက်ထရွန်လဲ ဖယ်ရှားခံထားရတော့ သူက အိုင်းရွန်း (Ion) အခြေအနေနဲ့ ရှိနေတာ။ 

ဒီကောင်လေးတွေက လျှပ်စစ်ဓာတ်ဆောင်အမှုန်လေးတွေ ဖြစ်လို့ လျှပ်စစ်သံလိုက်စက်ကွင်းတွေကို ဖြစ်တည်စေတယ်။ ထပ်ရောက်လာတဲ့ ပလာစမာတွေဟာလဲပဲ ဒီပလာစမာပင်လယ်အဝန်းအဝိုင်းကြီးထဲမှာ ဟိုရွေ့၊ ဒီရွေ့ဖြစ်ရင်းကနေ နေရဲ့ သံလိုက်စက်ကွင်း သက်ရောက်တာ ခံရတယ်။ မြင်သာအောင် ပြောရရင် နေရဲ့ ဒြပ်ဆွဲအားကြောင့် ကမ္ဘာအပါအဝင် ဂြိုဟ်တွေရဲ့ ပတ်လမ်းရှိလာသလိုပဲ။ 

ဒါပေမဲ့ ဒီသံလိုက်စက်ကွင်းတွေက သံလိုက်ဓာတ်တွေကကျတော့ ဒြပ်ဆွဲအားနဲ့ မတူဘူး။ သူတို့က အားနှစ်ခုအနေနဲ့ ယှဉ်တွဲ တည်ရှိနေတာ 

လျှပ်စစ်နဲ့ သံလိုက်နဲ့ –> လျှပ်စစ်သံလိုက်ရယ် ဆိုပြီးပေါ့

လျှပ်စီးကြောင်းတွေဟာ သံလိုက်စက်ကွင်းကို ဖြစ်ပေါ်စေတယ်၊ သံလိုက်စက်ကွင်းတွေကလဲပဲ လျှပ်စစ်တွေကို ဖြစ်ပေါ်စေတယ် ဆိုတဲ့ concept လေး အလယ်တန်းမှာ သင်ခဲ့ဖူးတာ မှတ်မိကြမယ်ထင်တယ်။ ဒီနှစ်ခုက အဲ့သလို အပြန်အလှန်တည်ရှိနေတာပါ။

နေရဲ့ သံလိုက်စက်ကွင်းတွေထဲမှာ စွမ်းအင်မြင့် လျှပ်စစ်သံလိုက်အမှုန်တွေ ပမာဏအများကြီး ပါဝင်တယ်၊ အဲ့ဒီကောင်တွေက နေကနေ လွတ်ထွက်ပြီး အာကာသရဲ့ အပြင်ဘက် နေအဖွဲ့အစည်းထဲကို ရောက်သွားနိုင်တယ်။ အဲ့ဒီထဲ ဂတ်စ်အသွင်နဲ့ ခပ်ဆင်ဆင်ဖြစ်နေတဲ့ ဆိုလာပလာစမာတွေ ပါဝင်တယ်၊ ဒီကောင်တွေကို ဆိုလာဝင်းလို့ ခေါ်တယ်။ သူတို့ ဘယ်လိုဖြစ်တည်လာတယ်ဆိုတာကို ပညာရှင်တွေ အခုထိ ရေရေရာရာ မသိကြသေးဘူး။ နေရဲ့ သံလိုက်စက်ကွင်းကြောင့် ဖြစ်လာတယ်လို့ပဲ ဆိုနိုင်သေးတာ။ 

ခုနက အဲ့ဒီလျှပ်ဓာတ်ဆောင်အမှုန်တွေ နေကနေ လွတ်ထွက်လာပြီး အရှိန်ပြင်းပြင်းနဲ့ အာကာသပြင်ထဲ ခရီးနှင်တယ်၊ တစ်ခါတလေ ကမ္ဘာကို လာရိုက်ခတ်တာမျိုး ရှိပေမဲ့ ကမ္ဘာမှာက အားကောင်းတဲ့ သံလိုက်စက်ကွင်းရှိလို့ ကိစ္စမရှိဘူး။ မားစ်ဆိုလို့ရှိရင် တစ်ချိန်တုန်းက သံလိုက်စက်ကွင်း တည်ရှိခဲ့ပုံပေါ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြိုပျက်သွားတယ်လို့ ဆိုတယ်၊ သံလိုက်စက်ကွင်းမရှိတဲ့အတွက်ကြောင့် ဒီဂြိုဟ်ရဲ့ လေထုက အကာအကွယ်မဲ့သွားပြီးတော့ ဆိုလာဝင်းတွေရဲ့ အန္တရာယ်ကို အကြီးအကျယ်ခံစားရမှာ။ မားစ်ပေါ်မှာ အကယ်၍ အဏုဇီဝသက်ရှိတွေ ရှိခဲ့ရင်တောင် ရှင်သန်ဖို့ မဖြစ်နိုင်ဘူးလို့ ဒါကြောင့် ဆိုကြတာပေါ့။

ကမ္ဘာကိုတော့ ကိစ္စမရှိဘူးလို့ အရှေ့မှာ ပြောပေမဲ့ ဒီအခြေအနေနဲ့ပဲ အမြဲတမ်း သွားနေမှာတော့ မဟုတ်ဘူး။ တစ်ခါတလေကျရင် နေရဲ့ သံလိုက်စက်ကွင်းတွေ အထဲက လျှပ်ဓာတ်ဆောင် ပလာစမာတွေ လှုပ်ရှားမှုများတာမျိုး .. တည်ရှိပုံယိုယွင်းတာမျိုးဆို သံလိုက်စက်ကွင်းတွေ ကွေးကောက်ပြီး တွန့်လိမ်ရှုပ်ထွေး သွားနိုင်တယ်၊ အဲ့ဒီလိုရှုပ်ထွေးမှုတွေကြောင့် သံလိုက်စက်ကွင်းထုံးတွေလို့ ခေါ်လို့ ရနိုင်တဲ့ စွမ်းအင်ပမာဏ ခပ်များများပါတဲ့ဟာကြီးတွေ ရှိလာတယ်။ ဒီကောင်ကြီးတွေထဲက တချို့က နေဆီကနေ လွတ်ထွက်လာနိုင်တယ်။ အဲ့ဒီထဲမှာ ခုနက ဆိုလာဝင်းတွေထက် ပိုအားပြင်းတဲ့ စွမ်းအင်မြင့် လျှပ်ဓာတ်ဆောင် အမှုန်တွေ၊ ဂမ်မာရောင်ခြည်တွေ၊ ပလာစမာတွေ စသဖြင့် ပါတာပေါ့။ အဲ့ဒါတွေကို အကြမ်းဖျင်းအနေနဲ့ ဆိုလာ မုန်တိုင်း (နေမုန်တိုင်း) လို့ ခေါ်ဝေါ်တယ်။ နေမီးတောက်ဆိုတာ နေမုန်တိုင်းထဲက တစ်မျိုးပဲ။ သူတို့တွေကကျတော့ ခုနက သံလိုက်စက်ကွင်းထုံးကြီးတွေ လွတ်ထွက်တဲ့ အခါ အင်မတန်အားပြင်းတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ပြီး အဲ့ကနေ ရောင်စဉ်တွေ ဖြာထွက်တယ်။ ရောင်စဉ်လှိုင်းတွေပေါ့။ ရေဒီယိုလှိုင်းတွေကနေ မြင်နိုင်စွမ်းရှိတဲ့ အလင်းလှိုင်းတွေအပါအဝင် အိတ်ဇ်ရေးတွေ၊ ဂမ်မာရေးတွေအထိ ပါတယ်။ 

ဒီနေမီးတောက်တွေ ဖြစ်ပေါ်ဖို့အတွက် အားပေးလှုံ့ဆော်တဲ့ ပေါက်ကွဲမှုကြီးတွေက အလွန့်အလွန်ကို အားပြင်းလွန်းတယ်လို့ ဆိုကြတယ်၊ နှိုင်းယှဉ်တာအရ ဒီပေါက်ကွဲမှုတစ်ခုက ဟိုက်ဒြိုဂျင်ဗုံး အလုံး သန်းရာချီကို တပြိုင်နက်တည်း ဖောက်ခွဲပစ်တာနဲ့ အင်အားညီမျှတယ်။

နေမုန်တိုင်းတွေက ပုံစံအားဖြင့် အမျိုးမျိုး ရှိကြတယ်၊ ခုနက နေမီးတောက်ဟာလဲ နေမုန်တိုင်းထဲ ဝင်တယ်။ နေကနေ လွတ်ထွက်လာပြီး အာကာသထဲကို အလင်းအလျင်နဲ့ ခရီးနှင်နိုင်စွမ်းရှိပါတယ်။ နောက်ထပ်တစ်ခုက CME လို့ အတိုကောက်ခေါ်တဲ့ Coronal Mass Ejection ကြီးတွေ။ မြန်မာလိုတော့ မပြန်တတ်ဘူးဗျ။ အဓိပ္ပါယ်ကတော့ နေရဲ့ ကိုရိုနာအလွှာကနေ ထွက်လာတဲ့ စွမ်းအင်မြင့်လှိုင်းတွေ ပါဝင်တဲ့ ဂတ်စ်လုံးကြီးတွေလို့ ဆိုရနိုင်တယ်။ တစ်ချိန်တုန်းက ပညာရှင်တွေက နေမီးတောက်တွေကြောင့် ဒီကောင်တွေ ဖြစ်တာလို့ ယူဆခဲ့ကြပေမဲ့ တကယ်တော့ CME တွေက လျှပ်စစ်သံလိုက်စက်ကွင်းလှိုင်းကြီးတွေ ပါဝင်ရောထွေးနေတာ။ နေရဲ့ ကိုရိုနာ အလွှာဘက်ခြမ်း၊ ဒါမှမဟုတ် အပြင်ဘက်ကျတဲ့ အလွှာကနေ ပလာစမာအမှုန်တွေကို တန်ဘီလျံနဲ့ချီပြီး အားကြီးကြီး လွှတ်ထုတ်လိုက်တဲ့ကောင်တွေပေါ့။ 

သူတို့တွေက တစ်နာရီကို ကီလိုမီတာ သုံးသန်းနှုန်းနဲ့ ခရီးနှင်နိုင်တယ်၊ အဲ့ဒီလှိုင်းတွေ ကမ္ဘာကို လာရိုက်ခတ်ရင်ရော ဘာဖြစ်မလဲဆိုရင် အားပျော့တဲ့ ကောင်တွေ ထိရင်တော့ ဘာမှမဖြစ်ဘူး။ ကမ္ဘာ့ပတ်လမ်းတွေထဲက ဂြိုဟ်တုတွေကတော့ ထိခိုက်နိုင်တယ်၊ ရေဒီယိုပြတ်တောက်တာ ဘာညာ ဖြစ်နိုင်တယ်၊ နောက် အာကာသယာဉ်မှူးတွေမှာလဲ ဒီစွမ်းအင်မြင့် အမှုန်တွေနဲ့ ထိတွေ့မှုရှိရင် မျိုးဗီဇဆိုင်ရာ ပြဿနာတွေ ကြုံရနိုင်တယ်။ 

ကမ္ဘာမှာကျတော့ ကမ္ဘာ့လေထု အလွှာ အပေါ်ဘက်ခြမ်းက အိုင်ရွန်နိုစဖီးယားဟာ ဒီစွမ်းအင်မြင့် အိတ်ဇေးရောင်ခြည်တွေ ပါဝင်တဲ့ နေမီးတောက်က အမှုန်တွေကို စုပ်ယူပေးတယ်။ CME က လာတဲ့ လျှပ်ဓာတ်ဆောင်ပလာစမာလှိုင်းတွေကလဲပဲ ကမ္ဘာ့သံလိုက်စက်ကွင်းကြောင့် လမ်းကြောင်းသွေဖည်သွားစေတယ်။ မသွေဖည်သွားတဲ့ လှိုင်းအနားသတ်တချို့ကတော့ ကမ္ဘာ့လေထု အပေါ်ဘက်ခြမ်းထဲ ဝင်လာပြီး လေထုထဲက အမှုန်တွေနဲ့ ထိတွေ့ပွတ်တိုက်မှုတွေ ရှိလာတယ်။ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းက ဥတ္တရအလင်းတန်းတွေဟာ ဒီစွမ်းအင်မြင့်အမှုန်တွေ လေထုထဲ ဝင်လာလို့ ဖြစ်တာပဲ။

(ပါတစ်ကယ်အမှုန်လှိုင်း ပိစိလေးတွေ ထွက်လာတာ ဆိုလာဝင်း

အမှုန်လိုင်းတွေကိုပါ စွမ်းအင်မြင့် ပါတစ်ကယ်တွေ၊ X-ray burst တွေ ပါတာ ဆိုလာမီးတောက်

ဒါကိုမှ ပလာစမာတွေ အလုံးလိုက်ကြီး လာတာ ဆိုလာမုန်တိုင်း)

အဓိက ကိစ္စက အခုမှလာတာပေါ့။ ခုနကအထိ ပြောနေတာ မှန်သမျှက ဘာမှ ရှော့ခ်သိပ်မရှိတာတွေပဲ။ ရိုးရိုးဆိုလာမုန်တိုင်းတွေက အခြေအနေက ဒီလောက်ပဲရှိတယ်။ 

ဒါပေမဲ့ ဆိုလာစူပါမုန်တိုင်း (Solar Superstorm) တွေ ဆိုရင်တော့ …

ဒီဆိုလာစူပါမုန်တိုင်းဆိုတာ အခု လူတွေ ပြောပြောနေတဲ့ဟာပေါ့။ လာမဲ့နှစ်ထဲမှာ ဖြစ်နိုင်ချေရှိတာ။ 

NOAA ထုတ်ပြန်ချက်မှာ ဖော်ပြထားတာအရ နေက သူ့ရဲ့ ၁၁ ဆိုလာစက်ဝန်းအရ နေပေါ်မှာ ဖြစ်နေတဲ့ ခုနကလို အခြေအနေတွေဟာ လာမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီနဲ့ အောက်တိုဘာ လကြားမှာ အမြင့်ဆုံး၊ အပြင်းထန်ဆုံး အခြေအနေကို ရောက်ရှိမယ်။ ခါတိုင်းခန့်မှန်းထားတဲ့ နှစ်ထက် တစ်နှစ်စောပြီး ဖြစ်မယ်။ ၂၀၁၉ က ခန့်မှန်းထားတာထက် ပိုစောတဲ့ အချိန်မှာ အမြင့်ဆုံးနဲ့ အပြင်းထန်ဆုံး အခြေအနေနဲ့ ဖြစ်မယ်လို့ ပြောထားတယ်။ နေရဲ့ ဆိုလာဖြစ်စဉ်တွေက ပျမ်းမျှအားဖြင့် ၁၁ နှစ် ကာလတာ စက်ဝန်းရှိတယ်လို့ ဆိုတယ်။ နေရဲ့ မျက်နှာပြင်မှာရှိတဲ့ သံလိုက်စက်ကွင်းကြောင့်ပဲ ဖြစ်လာတဲ့ နေမီးပြောက် (Sunspot) တွေရဲ့ အခြေအနေကို ကြည့်ပြီး Solar Activity ဘယ်လို အခြေအနေရှိလဲ ခန့်မှန်းကြရတယ်။ ခုနက ပြောတဲ့ ဆိုလာ ဒိုင်နမိုကိုပဲ ကြည့်ပြီး အိုင်းရွန်းပလာစမာတွေရဲ့ စီးကြောင်းတွေ အပေါ် လိုက်ပြီး သံလိုက်စက်ကွင်း ဖြစ်မဲ့ အခြေအနေ .. တစ်နည်းအားဖြင့် ဆိုလာစက်ဝန်းအခြေအနေကို ခန့်မှန်းကြတယ်။ လက်ရှိ ဆိုလာစက်ဝန်းကတော့ ၂၀၂၀ ကနေ စပြီး ၂၀၃၂ မှာ ပြီးမယ်လို့ ခန့်မှန်းတွေ့ရှိရတယ်။ ဖြစ်စဉ်တစ်လျှောက်လုံးမှာ အပြင်းထန်ဆုံး အခြေအနေတွေ၊ ဥပမာ နေမီးတောက်တွေ ခပ်များများဖြစ်မှာ .. CME တွေ ခပ်များများ ထုတ်မှာက လာမဲ့ ၂၀၂၄ မှာ ဖြစ်မှာလို့ သူတို့က ဆိုတယ်။ ဒါကို Peak (အထွတ်အထိပ်) အချိန်လို့ သုံးနှုန်းထားတာ မြင်ရပါတယ်။ 

ဒီစူပါဆိုလာမုန်တိုင်းတွေက ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်, နှစ်ကြိမ်စီ ဖြစ်လေ့ရှိတယ်။ ၁၈၅၉ က ကာရင်တန်ဖြစ်စဉ်ဆိုရင် သိကြလိမ့်မယ်။ ကြားထဲမှာလဲ ဒါမျိုး ဖြစ်တယ်။ ၂၀၁၂ တုန်းကလဲ တစ်ခေါက်ဖြစ်ပေမဲ့ အဲ့ဒီတုန်းက ကမ္ဘာက လွတ်သွားတယ်။ 

အကယ်၍ ဖြစ်မယ်ဆိုရင် ရှေ့ပြေးဖြစ်တဲ့ နေမီးတောက်တွေ ခပ်စိတ်စိတ် လာရိုက်တာကို ပညာရှင်တွေ သတိထားမိကြလိမ့်မယ်။ အခုအချိန်က ပညာရှင်တွေအနေနဲ့ ဒီ နေမီးတောက်တွေ ခပ်စိတ်စိတ် ဖြစ်လာတာကို သတိထားမိကြလို့ပါ။ 

အဲ့ဒီ စူပါဆိုလာမုန်တိုင်း ဖြစ်မဲ့ အချိန်မှာ တန်ဘီလျံချီ မီးပြင်းတိုက်ခံထားရတဲ့ သံလိုက်စက်ကွင်းထဲက ပလာစမာတွေဟာ အလွန်ကြီးတဲ့ CME အသွင်နဲ့ နေဆီကနေ လွတ်ထွက်လာနိုင်တယ်။ အဲ့ဒီကောင်တွေရဲ့ အရှိန်ကလဲ ပြင်းတယ်၊ ကမ္ဘာနဲ့ နေကြား အကွာအဝေး ကီလိုမီတာ သန်း ၁၅၀ လောက်ကို တစ်ရက်အတွင်းမှာပဲ ဖြတ်လာနိုင်တယ်။ 

အကယ်၍ ကမ္ဘာ့လမ်းကြောင်းတည့်တည့်ကို ရောက်လာမယ်ဆိုရင် ဒီ CME တွေရဲ့ ရှေ့ပြေး shockwave တွေကြောင့် ကမ္ဘာ့သံလိုက်စက်ကွင်းက အပြင်ဘက်ကနေ ဖိသိပ်တာ ခံရနိုင်တယ်။ ဒါပေမဲ့ တကယ်လို့ အဲ့လို မဟုတ်ဘဲ CME က သံလိုက်စက်ကွင်းတွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်းနဲ့ လှိုင်းအသွင်အပြင်ချင်း .. လမ်းကြောင်းချင်းသာ တစ်ထပ်တည်း သွားကျရင် စက်ကွင်းနှစ်ခုက ပေါင်းသွားလိမ့်မယ်။ ပေါင်းမိပြီး ဟိုကောင်က အရှိန်ပြင်းပြင်းနဲ့ ဖြတ်သွားတဲ့အါကျရင် ကမ္ဘာ့စက်ကွင်းကို ဆွဲဆန့်သလို ဖြစ်တယ်၊ စက်ကွင်းကနေ အမြီးတန်းရှည်ရှည်ကြီး ကျန်ခဲ့ပြီး အဲ့ဒီမှာ ရှိတဲ့ စွမ်းအင်တွေက စုပုံလာတယ်၊ အဲ့ဒီလိုကနေ တစ်ခါ စွမ်းအင်မြင့်အမှုန်တွေက ကမ္ဘာကို ပမာဏများများနဲ့ လာရိုက်ခတ်မယ်ပေါ့။ ဒါကို Geomagnetic Storm လို့ သုံးနှုန်းတယ်။ ဒီ Geomagnetic Storm ဟာ ကမ္ဘာရဲ့ magnetosphere လို့ ခေါ်တဲ့ သံလိုက်စက်ကွင်းအလွှာကို ထိုးဖောက်ပြီး လေထုထဲ ဝင်ရောက်လာနိုင်ပါတယ်။ ကမ္ဘာရဲ့ အကာအရံတွေ ဖြစ်တဲ့ 

(ဒီဖြစ်စဉ်ကို စာနဲ့ဖော်ပြရတာ အတော်လေး လက်ပေါက်ကပ်ပါတယ်၊ အင်တာနက်မှာ သရုပ်ဖော်ပြထားတဲ့ ဗီဒီယိုလေးတွေ သွားရှာကြည့်ရင် ပိုမြင်သာလိမ့်မယ်ဗျ) 

ဟိုးအရင် နှစ်ရာချီတုန်းကတော့ ဒါတွေ ဖြစ်လဲ ဘယ်သူမှ သိပ်ဂရုစိုက်ကြပုံ မပေါ်ဘူး။ 

ဒါပေမဲ့ ဒီဘက် ၂၁ ရာစုမှာကျတော့ ကျွန်တော်တို့ နေ့စဉ် ဘဝမှာ သတ္ထုတွေ၊ ဝါယာတွေ၊ တခြားစက်ပစ္စည်းတွေနဲ့ချည်း ယှဉ်တွဲတည်ရှိနေရတာ.. အဲ့တော့ ဘယ်လိုပြဿနာ ဖြစ်လာနိုင်လဲဆိုရင် 

ခုနက ပြောခဲ့တဲ့ ဒိုင်နမိုကို မှတ်မိလားတော့ မသိဘူး။ သံလိုက်အားကြောင့် လျှပ်စစ်စီးကြောင်းတွေ ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ .. 

ဒီဘက်ခေတ်မှာက လျှပ်စစ်စွမ်းအင်ပို့ဆောင်ဖို့အတွက် ကီလိုမီတာတွေ ရာချီ၊ ထောင်ချီပြီး သွယ်တန်းထားတဲ့ ကေဘယ်တွေရှိတယ်၊ နောက် ထရန်စဖော်မာလိုဟာတွေဆိုရင် ဒီလေထုထဲ ဝင်လာနိုင်တဲ့ သံလိုက်စက်ကွင်းတွေနဲ့ လျှပ်ဓာတ်ဆောင် အမှုန်တွေကြောင့် ပြဿနာအကြီးအကျယ် တက်နိုင်တယ်။ ပုံမှန်အတိုင်း ရှိနေတဲ့ လျှပ်စီးကြောင်းတွေ လမ်းကြောင်း သွေဖည်တာ၊ အနှောင့်အယှက်ဖြစ်တာ၊ CME က စွမ်းအင်လှိုင်းတွေ ကျရောက်တဲ့ နေရာအပေါ် မူတည်လို့ လျှပ်စစ်ကွန်ရက်စနစ်တွေထဲက စီးကြောင်းတွေမှာ ကမောက်ကမ ဖြစ်သွားနိုင်တယ်။ အခြေအနေဆိုးရင် လျှပ်စစ်ဓာတ်အားတွေ အတက်အကျကြမ်းလို့ ထရန်စဖော်မာ ပေါက်တာမျိုးတွေ ဘာတွေအထိ ဖြစ်နိုင်တယ်လို့ ဆိုကြတယ်။ ၁၉၈၉ ခုနှစ်တုန်းက ဆိုလာမုန်တိုင်းထိတော့လဲ Quebec နဲ့ ကနေဒါမှာ ဒါမျိုးတွေ ကြုံလိုက်ရတယ်။ 

၁၈၅၉ တုန်းက ကာရင်တန်ဖြစ်စဉ်ကိုလဲ သိကြလိမ့်မယ်။ သူက ပညာရှင်တွေ လေ့လာနိုင်သလောက်ထဲ ကမ္ဘာပေါ်မှာ ဖြစ်ခဲ့ဖူးတဲ့ Geomagnetic မုန်တိုင်းတွေထဲ အပြင်းဆုံး ဖြစ်တယ်လို့ ဆိုတယ်။ ကာရေဘီယျံလို ဒေသမှာတောင် ဥတ္တရအလင်းတန်းတွေ ပေါ်လာတဲ့အထိ ဖြစ်တယ်လို့ ဆိုရတယ်။ အဲ့တုန်းကတော့ ခေတ်မီတဲ့ ကွန်ရက်စနစ်ဘာညာဆိုလို့ ကြေးနန်းလောက်ပဲရှိတာ၊ ဒါဖြစ်တော့ တစ်ကမ္ဘာလုံးက ကြေးနန်းစနစ်တွေအကုန်လုံး ပြတ်တောက်သွားခဲ့ဖူးတယ်။ 

ကာရင်တန်လောက် နီးနီးကြီးတဲ့ နေမုန်တိုင်းတစ်ခု ၂၀၁၂ တုန်းကလဲ ဖြစ်ဖူးတယ်။ ဒါပေမဲ့ အဲ့တုန်းကတော့ ကမ္ဘာ့လမ်းကြောင်းနဲ့ ကပ်သီးလေး လွဲသွားလို့ ကြီးကြီးမားမား ဖြစ်သွားတာ မရှိဘူး။ ဒါတောင် ကမ္ဘာနဲ့တဝှမ်းက လျှပ်စစ်စနစ်တွေ အတော်လေး ထိခိုက်သွားသေးတယ်။ အဲ့စနစ်တွေ ပြန်ပြင်ရတဲ့အခါ အမေရိကန်တစ်နိုင်ငံတည်းတောင် ဒေါ်လာ ၂.၆ ထရီလီလျံ ကုန်ကျသွားတယ်။ အကုန်လုံး ပြန်ပြင်နိုင်ဖို့ ၄ နှစ်ကနေ ၁၀ နှစ်လောက် ကြာခဲ့တယ်။

အဲ့တော့ ဒီတစ်ခေါက်လာမဲ့ မုန်တိုင်းက အင်အားဘယ်လောက် ပြင်းနိုင်လဲ၊ ကမ္ဘာကို ထိနိုင်လား၊ ဘယ်လိုဆက်ဖြစ်နိုင်လဲဆိုတာ ပညာရှင်တွေတောင် မခန့်မှန်းနိုင်သေးတဲ့ အခြေအနေဖြစ်တယ်။ CME ဆိုတဲ့အရာကလဲ အလွန်ဆုံး ကြိုသိရင် အများဆုံး ၁၂ နာရီလောက်ပါပဲ။ သေသေချာချာ ခန့်မှန်းနိုင်တာအရတော့ အချိန်ခဏလောက်ပဲ လျှပ်စစ်တွေ၊ အင်တာနက်တွေ ပြတ်တောက်သွားနိုင်တယ်။ တိတိကျကျ ကြိုတင်ခန့်မှန်းနိုင်ဖို့အတွက်ကတော့ ကျွန်တော်တို့မှာ အတိတ်ကဖြစ်ခဲ့တာတွေကို ပြန်ဆန်းစစ်တာမျိုးတွေအတွက် လုံလောက်တဲ့ ဖြစ်ရပ်နဲ့ မှတ်တမ်းတွေ၊ ဒေတာတွေ အလုံအလောက်မရှိပါဘူး။ ၂၀၁၉ က သုတေသနတစ်ခုအရလဲ နေလိုတည်ငြိမ်တဲ့ ကောင်တွေမှာ စူပါမုန်တိုင်းအပြင်ကိုမှ စူပါမီးတောက်လို့ ခေါ်တဲ့ Super Flare တွေပါ ဖြစ်နိုင်တယ်လို့ ဆိုတယ်၊ ဒီကောင်တွေက CME ထက် အဆအများကြီး ပြင်းတယ်။ အဲ့တော့ မှတ်တမ်းတစ်လျှောက် အကြီးတကာ့ အကြီးဆုံး .. အပြင်းထန်ဆုံးနဲ့ အင်အားအများဆုံး စူပါမုန်တိုင်း တစ်မျိုးမျိုး ရှိခဲ့ပြီး ကမ္ဘာကိုပါ တည့်တည့် ရိုက်ခတ်ခဲ့မယ်ဆိုရင် ဖြစ်လာမဲ့ ကိစ္စက မတွေးဝံ့စရာပါပဲ။ 

ဒါပေမဲ့ ပညာရှင်တွေကတော့ နေကနေ CME တွေ ထွက်လာခြင်း ရှိ၊ မရှိကို တနေ့ကို နာရီနည်းနည်းစီ ပေးပြီး နေ့တိုင်းစောင့်ကြည့်တာမျိုး ရှိတယ်။ အကယ်၍ နေကနေ အဲ့လို လွှတ်ထုတ်လိုက်တာ ရှိမယ်၊ ကမ္ဘာ့လမ်းကြောင်းကိုလဲ တည့်တည့်လာနေမယ်ဆိုရင် အစောဆုံး ကြိုသိနိုင်တာ ရက်ပိုင်းဖြစ်ပါတယ်။ ဒါတွေ ဖြစ်တဲ့ အချိန်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်တာ၊ ကွန်ရက်ပြတ်တောက်တာမျိုး ရှိနိုင်တယ်၊ အကယ်၍ ပြတ်တောက်တာတွေကို အချိန်မီ ပြန် recover မလုပ်နိုင်ရင် ကမ္ဘာနဲ့တဝှမ်း ကြုံလာရနိုင်တဲ့ ကိစ္စတွေက အတော် ပြင်းထန်နိုင်တယ်။ ကမ္ဘာပေါ်မှာ ရှိရှိသမျှ၊ လည်ပတ်နေသမျှ ကိစ္စအားလုံးက လျှပ်စစ်မီးအပေါ် အခြေခံထားတာကိုး။ 

ဖြေရှင်းနိုင်တဲ့ နည်းလမ်းက ရှိပါတယ်။ ကျွန်တော်လေ့လာကြည့်သလောက် နည်းပညာအဆင့်မြင့်တဲ့ နိုင်ငံတွေမှာဆိုရင် လျှပ်စစ်ကွန်ရက်တွေကို ပင်မလိုင်းတွေနဲ့ ပူးထားတာ မဟုတ်ဘဲ အရံခွဲထုတ်ထားတဲ့ စနစ်တွေ ရှိတယ်။ အကယ်၍ ဆိုလာမုန်တိုင်းကြောင့် ကွန်ရက်တွေ ခဏပြတ်တောက်သွားရင် အမြန်ပြန် ပြင်ဆင်နေတုန်း အရံစနစ်ကို ခဏဖွင့်ပြီး ထိန်းထားလို့ ရနိုင်တယ်။ နောက်တစ်ချက် အဲ့ဒါ ဖြစ်တဲ့အချိန်မှာ ထရန်စဖော်မာတွေ၊ လျှပ်စစ်စနစ်တွေကို ခဏဖြတ်တောက်ထားမယ်ဆိုရင် ဒီဘေးကနေ လွတ်မြောက်နိုင်တယ်။ ဘာလျှပ်စီးဆင်းမှုမှ မရှိတော့ဘူးဆိုရင် ဝင်နှောင့်ယှက်ခံရခြင်းလဲ မရှိတော့ဘူးပေါ့။ အချိန်ခဏလောက် ဖြတ်ထားမယ်၊ ပြီးတော့မှ ပြန်လည်ပတ်မယ်ပေါ့။

ဖွံ့ဖြိုးပြီး နိုင်ငံအတော်များများမှာတော့ ဒီလိုအန္တရာယ်တွေ ကြုံလာရင် ဖြေရှင်းနိုင်ဖို့အတွက် လိုအပ်တဲ့ စနစ်တွေကို ကြို ပြင်ဆင်ထားပြီးသား ရှိတယ်။ မြန်မာနိုင်ငံလို နိုင်ငံတွေကတော့ ဝေလာဝေးပေါ့လေ။

အခုအခြေအနေက တကယ်ဖြစ်လာနိုင်လားဆိုရင် ဖြစ်လာနိုင်ပါတယ်။ လျှပ်စစ်မီးတွေ၊ အင်တာနက်တွေ လချီပြတ်သွားတာမျိုးလဲ ဖြစ်နိုင်ချေ ရှိပါတယ်။ စနစ်တကျစူးစမ်းလေ့လာမှုတွေ ပြုလုပ်ရင် ဘယ်တော့မှ ၀ နဲ့ ၁၀၀ ရာခိုင်နှုန်းဆိုတာ မရှိဘူးဗျ။ မဖြစ်ဘူး၊ ဖြစ်မယ်ဆိုတာကို တပ်အပ် လုံးဝ (လုံးဝ) ကံသေကံမ ပြောလို့ မရပါဘူး။ အလွန်ဆုံးရှိရင် ဖြစ်နိုင်ချေ ၀.၀၀၀၁ နဲ့ ၉၉.၉၉ ပါပဲ။ ဒီထက်ကျော်လွန်ပြီး အစွန်းနှစ်ဖက်ကနေ ပြောလို့ မရပါဘူး။

အကယ်၍ အချိန်နီးလာရင်တော့ နိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီး ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနဲ့ ဘေးအန္တရာယ် ကြိုတင်ကာကွယ်တဲ့ လုပ်ငန်းစဉ် အသေးစိတ်ကို ပြောလာနိုင်ချေရှိပါတယ်။ လက်ရှိအခြေအနေကတော့ ဘာဖြစ်မယ်မှန်း ဘယ်သူမှ တစ်ထစ်ချပြီး ဆုံးဖြတ်ပြောလို့ မရသေးတာမလို့ပါ။ 

စိတ်အရမ်းပူစရာတော့ မရှိပါဘူးဗျ။ ယုတ္တိကျကျ တွေးကြည့်မယ်ဆိုရင် နေကနေ အားပြင်းတဲ့ နေမုန်တိုင်းက ကမ္ဘာတည့်တည့်ကို လမ်းကြောင်းအတိုင်း လာမယ်၊ လာပြီးရင် ကမ္ဘာကို တည့်တည့်ထိမယ်ဆိုရင်တောင် ကမ္ဘာမှာရှိတဲ့ သံလိုက်စက်ကွင်းတွေနဲ့ လေထုအလွှာတွေကို အရင်ကျော်လွှားရပါဦးမယ်။ ဖြစ်နိုင်ချေ မျှခြေတွေ အကုန်လုံး ဆက်တိုက်ကျိန်းသေပေါက်ဖြစ်ပြီးမှ ကျန်တဲ့ အင်တာနက်ပြတ်တာ၊ မီးပြတ်တဲ့ ကိစ္စတွေ ဆက်လာမှာပါ။ 

အဲ့တော့ စာဖတ်သူအနေနဲ့ နိုင်ငံတကာအာကာသစခန်းမှာ အလုပ်လုပ်နေတဲ့ အာကာသယာဉ်မှူး မဟုတ်သေးသ၍ အသက်အန္တရာယ်တွေ ဘာတွေ စိုးရိမ်ဖို့က အဝေးကြီးလိုပါသေးတယ်။ မဟုတ်လဲ မြန်မာနိုင်ငံမှာက တနေ့ကို ရှစ်နာရီလောက် အနည်းဆုံး လျှပ်စစ်မီး မလာတာဖြစ်လို့ သဘာဝဘေးကြောင့် အချိန်ခဏ ပျက်သွားရုံနဲ့တော့ ဘာမှသိပ်ထူးခြားသွားမယ် မထင်ပါဘူး။

Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min
Managing Editor Zwe Thukha Min

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.