April 18, 2026 | မြန်မာ
“နေအဖွဲ့အစည်းအကြောင်း တစေ့တစောင်း”
🔬 Geology 📅 October 3, 2024 👤 Min Z

စကြဝဠာကြီးထဲမှာ ‌ရေတွက်မဆုံးတဲ့ဂလက်ဆီတွေ၊ ကြယ်တွေ နဲ့ ဂြိုဟ်ပေါင်းမြောက်များစွာဟာ တည်ရှိနေပါတယ်။ အဲ့လိုများပြားလှတဲ့ဂလက်ဆီတွေထဲကမှ ကိုယ်တွေရဲ့ နေအဖွဲ့အစည်းတည်ရှိနေတဲ့ ဂလက်စ်ဆီကိုတော့ နဂါးငွေ့တန်းဂလက်စ်ဆီလို့ ခေါ်တွင်ကြပါတယ်။ နဂါးငွေ့တန်းဂလက်စ်ဆီထဲမှာဆိုရင် များပြားလှတဲ့ ကြယ်တွေနဲ့အတူ ဓာတ်ငွေတွေ၊ ဂြိုဟ်တွေနဲ့ အာကာသဖုန်မှုန့်တွေ အတူတကွရောယှက်လို့နေပါတယ်။ ဒီနေအဖွဲ့အစည်းမှာ ဘယ်လိုဂြိုဟ်တွေပါဝင်ပြီး ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာကိုတော့ အတူ‌လေ့လာကြည့်ကြပါမယ်။ 

နေအဖွဲ့အစည်းကို ရှာဖွေတွေ့ရှိခဲ့တာကတော့  လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၆ ဘီလီလျံခန့်ကပါ။ ဒီနေအဖွဲ့အစည်းရဲ့ အဓိကမဏ္ဍိုင်ကတော့ “နေ” လို့သိကြတဲ့ ကြယ်တစ်လုံးပါ။ နေက ကိုယ်တွေရဲ့နေအဖွဲ့အစည်းမှာတော့ အကြီးမားဆုံးကြယ်လို့ ပြောလို့ရပါတယ် သူ့ရဲ့ ပတ်ပတ်လည်မှာမှ ဂြိုဟ်ကြီး(၈)လုံးဖြစ်တဲ့ မာကျူရီ(Mercury)၊ ဗီးနပ်စ်(Venus)၊ ကမ္ဘာ(Earth)၊ မားစ်(Mars)၊ ဂျူပီတာ(Jupiter)၊ စေတန်(Saturn)၊ ယူရေးနပ်စ်(Uranus) နဲ့ နက်ပကျွန်း(Neptune)ဂြိုဟ် တို့က သူ့ပတ်လမ်းကြောင်းနဲ့သူ လှည့်ပတ်လို့နေပါတယ်။ ဒီလိုလမ်းကြောင်းမှန်လှည့်ပတ်နေနိုင်တာလည်း  နေရဲ့ဆွဲအား (gravitational pull)ကြောင့်လို့ ပြောလို့ရပါတယ်။ 

နေဆိုတာက သက်ရှိတွေရှင်သန်ကြီးထွားဖို့အတွက် အ‌ရေးပါအရာရောက်တဲ့ ရင်းမြစ်တစ်ခုပါ။ ဒီရင်းမြစ်ကြီး ဘယ်လိုဖြစ်ပေါ်လာလဲဆိုရင်တော့ ဆိုလာ နပ်ဗျူလာ(Solar nebula) ပြိုကွဲသွားရာကနေ စတင်ဖြစ်တည်လာတာပါ။ ဒီပြိုကွဲမှုကနေပဲ ကြယ်တွေ၊ ဂြိုဟ်တွေ မွေးဖွားလာခဲ့ကြတာပါ။ နေကို အလွှာခြောက်ခုနဲ့ဖွဲ့စည်းထားပြီး အလယ်ဝတ်ဆံဖြစ်တဲ့ Core ကတော့ အပူဆုံးနေရာလို့ပြောလို့ရပါတယ်။ ဘယ်လောက်ထိပူလဲဆိုရင် ၂၇မီလီလျံ ဒီဂရီဖာရင်ဟိုက် ထက်တောင်ကျော်လွန်ပါတယ်။ မျက်နှာပြင်အပူချိန်ကတော့ ၁၀၃၄၀ ဒီဂရီဖာရင်ဟိုက် ‌လောက်ပဲရှိပါတယ်။ ဒီလိုတောင်များလှတဲ့အပူတွေကို ဘယ်ကနေရလာသလဲဆိုရင်တော့ သူ့ရဲ့ဝတ်ဆံကိုပဲညွှန်ပြရပါလိမ့်မယ်။ ဝတ်ဆံက အရမ်းကိုဖိအား‌များတဲ့အခါ နျူးကလီးယား ဖျူရှင်း(Nuclear fusion)ဖြစ်စဉ်ကိုဖြစ်ပေါ်လာစေပါတယ်။ ဟိုက်ဒြိုဂျင်တွေက ဖျူရှင်းဖြစ်စဉ်ကနေ ဟီလီယမ်ဒြပ်စင်သစ်ဖြစ်‌ပေါ်စေပြီး အပူစွမ်းအင်တွေထွက်ပေါ်လာတာပါ။ ကမ္ဘာကနေ ပုံမှန်မြင်နေရတဲ့နေရဲ့အလွှာကိုတော့ ဖိုတိုစဖီးယား(Photosphere) လို့ခေါ်ပြီး သူ့ရဲ့အထူက ၂၅၀ခန့်လောက်ထိရှိပါတယ်။ နေက အခုဆိုရင် ကြယ်ဝါပု(Yellow Dwarf) အဆင့်ကိုရောက်ရှိနေတာဖြစ်ပြီး ဖျူရှင်းဖြစ်စဥ်ဟာလည်း ဆက်တိုက်ဖြစ်ပေါ်နေမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ နောက်နှစ်ပေါင်း ၅ဘီလီလျံကျော်ခန့်ကြာပြီးနောက်မှာတော့ ဖျူရှင်းဖြစ်ပေါ်ဖို့အတွက်‌ ဟိုက်ဒြိုဂျင်လောင်စာကုန်သွားပြီး ဟီလီယမ်ကို လောင်စာအဖြစ် စတင်အသုံးပြုပါတော့တယ်။ ဟိုက်ဒြိုဂျင်အစား ဟီလီယမ်ကိုအသုံးပြုရတဲ့အတွက် နေလုံးကြီးက ယခုထက်ပိုမိုတောက်ပလာပြီး ဧရာမကြယ်နီကြီး(Red Giant) အဖြစ်ကူးပြောင်းသွားမှာပဲဖြစ်ပါတယ်။ ဧရာမကြယ်နီဆိုတဲ့အတိုင်း နီနီရဲရဲကြယ်ကြီးကိုမှ အရှိန်အဟုန်အပြည့်နဲ့တောက်လောင်နေပါတယ်။ အဲ့အဆင့်ကနေမှ နောက်ထပ်နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ အရွယ်အစားများစွာသေးငယ်တဲ့  ကြယ်ဖြူပု(White Dwarf) အဖြစ်ပြောင်းလဲသွားပြီး နေဟာအဆုံးသတ်သွားတော့မှာပါ။  ဒီကြယ်ဖြူပုဟာ ကမ္ဘာနဲ့အရွယ်အစားတူညီနိုင်ပေမဲ့ အရမ်းကိုသိပ်သည်းတဲ့အတွက် ကမ္ဘာထက်ပိုပြီးအလေးချိန်များပါတယ်။ 

နေအဖွဲ့အစည်းမှာပဲ အတွင်းပိုင်းဂြိုဟ်(inner planets) နဲ့ အပြင်ပိုင်းဂြိုဟ်(outer planets) ဆိုပြီးနှစ်ပိုင်းခွဲခြားထားပါတယ်။ နေနဲ့ဂြိုဟ်တွေကြားကအကွာအဝေး၊ ဂြိုဟ်တွေရဲ့ သိပ်သည်းဆအပေါ်မှာအ ခြေခံပြီးခွဲခြားထားတာပါ။ နေနဲ့အနီးဆုံးဖြစ်တဲ့ အတွင်းပိုင်းဂြိုဟ်တွေမှာဆိုရင် မာကျူရီ၊ ဗီးနပ်စ်၊ ကမ္ဘာနဲ့ မားစ်တို့ပါဝင်ပြီး သူတို့ကို ကျောက်သားဂြိုဟ်(Terrestrial planets) လို့လည်းခေါ်ဝေါ်ကြပါသေးတယ်။  ဘာလို့ဒီလိုခေါ်ရလဲဆိုရင် သူတို့ကို ကျောက်သားတွေ(rocks)၊ ဆီလီကိတ်(silicate) နဲ့ တစ်ခြားသတ္တုအချို့နဲ့ဖွဲ့စည်းထားလို့ပါ။ သူတို့ရဲ့သိပ်သည်းဆဟာဆိုရင် ပုံမှန်အားဖြင့် 3 gram per cubic cm ထက် ပိုပြီးများတတ်ကြပါတယ်။ ဆန့်ကျင်ဖက်အနေနဲ့ အပြင်ပိုင်းဂြိုဟ် တစ်နည်းအားဖြင့် ဓာတ်ငွေ့ဂြိုဟ် (Gas Giants)တွေမှာတော့ သိပ်သည်းဆဟာ 2 gram per cubic centimeterထက်ပိုနည်းကြပါတယ်။ ဂျူပီတာ၊ စေတန်၊ ယူရေးနပ်စ် နဲ့ နက်ပကျွန်းတို့က ဓာတ်ငွေ့ဂြိုဟ်အဖွဲ့ဝင်တွေပါ။ သူတို့ကို အခြေခံအားဖြင့် ဟိုပ်ဒြိုဂျင်ဓာတ်ငွေ့တွေ၊ အမိုးနီးယားဓာတ်ငွေ့တွေ၊ ဟီလီယမ်ဓာတ်ငွေ့တွေနဲ့ဖွဲ့စည်းထားပြီး ယူရေးနပ်စ်နဲ့ နက်ပကျွန်းတို့မှာတော့ အဓိကအနေနဲ့ ရေခဲတွေနဲ့ဖွဲ့စည်းထားပါတယ်။ သူတို့ကို ကျောက်သားဂြိုဟ်တွေနဲ့ အရွယ်အစားအားဖြင့် နှိုင်းယှဉ်မယ်ဆိုရင် ဓာတ်ငွေ့ဂြိုဟ်တွေက ပိုမိုပြီးကြီးမားပါသေးတယ်။ 

ဓာတ်ငွေ့ဂြိုဟ်တွေရဲ့ နောက်ထပ်ထူးခြားချက်ကတော့ ဂြိုဟ်ခါးပတ်ကွင်းတွေပါရှိနေခြင်းပါ။ စေတန်ဂြိုဟ်ရဲ့ခါးပတ်ကွင်းကို ၁၆၁၀ ခုနှစ်မှာ ဂယ်လီလီယိုက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဂြိုဟ်ခါးပတ်ကွင်းဟာ အကျယ်အနေနဲ့  ၂၈၂၀၀၀ ကီလိုမီတာခန့်ရှိပြီး အထူအနေနဲ့ကတော့ ၁၀မီတာခန့်သာရှိပါတယ်။ ကျန်တဲ့ဂြိုဟ်တွေရဲ့ခါးပတ်ကွင်းတွေကတော့ စေတန်နဲ့ယှဉ်ရင် ကျဉ်းတဲ့ထဲပါ ပါတယ်။ ဒီလိုကွင်းတွေဖြစ်ပေါ်လာရတဲ့ တရားခံကတော့ သူတို့ရဲ့ဆွဲအား (Gravitational force) ကြောင့်ပါ။ ဆိုလိုတာက gravitational force က ဂြိုဟ်‌တွေရဲ့အနီးအနားမှာရှိတဲ့ လတွေ၊ ဂြိုဟ်သိမ်တွေနဲ့ ဥက္ကာခဲတွေကိုဆွဲယူပါတယ်။ ဆွဲယူခံလိုက်ရတဲ့အရာတ္ထုတွေဟာ ဂြိုဟ်နဲ့နီးကပ်လာတာနဲ့အမျှ ဆွဲအားကြောင့် အစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီး ဂြိုဟ်ရဲ့ပတ်ပတ်လည်မှာ ကွင်းတွေဖြစ်ပေါ်လာစေပါတယ်။ ဒီဖြစ်စဉ်ကို “ Roche Limit Disruption” လို့ခေါ်ဆိုပါတယ်။ ဒါကြောင့်ပဲ ကွင်းတွေဟာ အရွယ်အစားအမျိုးမျိုးရှိတဲ့ ကျောက်တုံးတွေ၊ ရေခဲတွေ၊ အာကာသဖုန်မှုန့်တွေနဲ့စည်းထားတယ်လို့ ဆိုကြတာပါ။ 


နေအဖွဲ့အစည်းမှာပါဝင်တဲ့ နောက်ထပ်အဖွဲ့ဝင်ကတော့ လတွေပါ။ “လ(Moon)” ဆိုတဲ့ဝေါဟာရဟာ လက်တင်ဘာသာစကားဖြစ်တဲ့ “လူနာ(Lunar)” ကနေ ဆင်းသက်လာတာပဲဖြစ်ပါတယ်။ ဂြိုဟ်တွေမှာရှိတဲ့ လအရေအတွက်ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ ကျောက်သားဂြိုဟ်အုပ်စုက ဂြိုဟ်တွေမှာရှိတဲ့ လအရေအတွက်ဆိုရင် အရမ်းနည်းပြီး မာကျူရီနဲ့ဗီးနပ်စ်မှာဆိုရင် ရှိတောင်မရှိပါဘူး။ ကမ္ဘာမှာ “moon”လို့ပဲခေါ်ကြတဲ့ လတစ်လုံးရှိပြီး မားစ်ကတော့ ဒီမော့စ်(Deimos) နဲ့ ဖိုဘိုစ်(Phobos) ဆိုတဲ့ လနှစ်လုံးကို ပိုင်ဆိုင်ပါတယ်။ အပေါ်ကဖော်ပြခဲ့တဲ့ ဂြိုဟ်တွေနဲ့ မတူဘဲ ဓာတ်ငွေ့ဂြိုဟ်တွေကတော့ လ တွေ အမြောက်အမြားပိုင်ဆိုင်ကြပါတယ်။ NASA/JPL solar system dynamic team ရဲ့ ဖော်ပြချက်အရဆိုရင် ဂျူပီတာဂြိုဟ် လ၉၅လုံး၊ စေတန်ဂြိုဟ် လ၁၄၆လုံး၊ ယူရေးနပ်စ် လ၂၈လုံး နဲ့ နက်ပကျွန်းဂြိုဟ်က လ၁၆လုံး အသီးသီးပိုင်ဆိုင်ကြပါတယ်။ 

ဆက်လက်ပြီး ကမ္ဘာရဲ့လ‌အကြောင်းကို အသေးစိတ် စူးစမ်းကြည့်ကြပါမယ်။ လဖြစ်‌ပေါ်လာတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄.၅ဘီလီလျံခန့်ကလို့ ခန့်မှန်းကြပါတယ်။ မားစ်နဲ့အရွယ်အစားတူတဲ့ လက အချင်းအ‌နေနဲ့ ၂၁၅၉မိုင်ခန့် ရှိပြီး ပလူတိုဂြိုဟ်ထက် ပိုပြီးသေးပါတယ်။ ကမ္ဘာနဲ့ယှဉ်ရင်‌ေတာ့ ကမ္ဘာရဲ့လေးပုံတစ်ပုံခန့်(၂၇%ခန့်)လောက်ပဲရှိပါတယ်။ သူ့ကို ကျောက်သားတွေနဲ့အများဆုံး ဖွဲ့စည်းထားပြီး မျက်နှာပြင်ကတော့ ကြယ်တာရာတွေ၊ ဥက္ကာခဲတွေနဲ့ တိုက်မိမှုကြောင့် ညီညာမှုမရှိဘဲ ချိုင့်တွေဖြစ်နေပါတယ်။ ဒါ့အပြင် လရဲ့မျက်နှာပြင်ကို မီးခိုးရောင်ရှိတဲ့ ဖုန်မှုန့်တွေက အပိုင်စီးထားပါသေးတယ်။ လရဲ့လေထုဟာ အရမ်းပါးပြီးအားနည်းတဲ့အပြင် အားကောင်းတဲ့ နေရောင်ခြည်တွေကို ကာကွယ်မပေးနိုင်ပါဘူး။‌နေ့အချိန်မှာဆို အပူချိန် ၁၂၁ ဒီဂရီဆဲလ်စီးယပ်စ် ထိရှိပြီး ညအချိန်မှာတော့ –၁၃၃  ဒီဂရီဆဲလ်စီးယပ်စ် ထိရှိပါတယ်။ သူ့ရဲ့ဆွဲအား(gravity)ကတော့ ကမ္ဘာရဲ့ ခြောက်ပုံတစ်ပုံခန့်‌လောက်ပဲရှိပါတယ်။ 


လတွေအကြောင်းပြီးရင် လူပုဂြိုဟ် (Dwarf planets)တွေ အကြောင်းဆက်လေ့လာကြပါမယ်။လူပုဂြိုဟ်ဆိုတာကလည်း နေကိုလှည့်ပတ်နေတဲ့ ဂြိုဟ်တစ်မျိုးပါပဲ။ သေးငယ်တဲ့အတွက် ဂြိုဟ်အဖြစ်သတ်မှတ်လို့မရသလို ဂြိုလ်သိမ်တွေထက်လည်းကြီးတဲ့အတွက် လူပုဂြိုဟ် အဖြစ်သတ်မှတ်ကြတာပါ။ သူတို့မှာ များသောအားဖြင့် လုံးဝန်းတဲ့ပုံသဏ္ဍန်ရှိပြီး သူတို့ရဲ့ အရွယ်အစားကြောင့်ပဲ ပုံမှန်ဂြိုလ်တွေနဲ့မတူဘဲ ကွဲထွက်နေပါတယ်။ International Astronomical Union(IAU) အရဆိုရင် ကိုယ်တွေရဲ့နေအဖွဲ့အစည်းမှာ Dwarf planets ငါးလုံးရှိတယ်လို့ တရားဝင်ကြေငြာထားပါတယ်။ သူတို့ကတော့ ပလူတို(Pluto)အဲရစ်စ်(Eris)ဆယ်ရီစ်(Ceres) မာကီမာကီ(makemake) နဲ့ ဟာရုမဲရာ(Haumea) တို့ပါပဲ။ ပလူတိုကို ၁၉၃၀ခုနှစ်မှာရှာဖွေတွေ့ရှိခဲ့ကြပြီး နေအဖွဲ့အစည်းရဲ့ ကိုးခုမြောက်ဂြိုလ်အဖြစ် အစတုန်းကသတ်မှတ်ထားကြတာပါ။ ဒါပေမဲ့ ၂၀၀၆ခုနှစ်၊ ဩဂုတ်လ၊ ၂၄ရက်နေ့မှာပဲ ပလူတိုကို Dwarf planet အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ Dwarf planet ငါးခုထဲမှာ ထူးဆန်းနေတာက ဟာရုမဲရာ ဖြစ်ပါတယ်။ သူက တစ်ခြားဂြိုလ်တွေလိုလုံးဝန်းမနေဘဲ ဘဲဥပုံသဏ္ဍန်(egg-shaped) အဖြစ်ရှိနေတဲ့အပြင် စေတန်လိုမျိုး ကွင်းတွေပါရှိနေပါတယ်။ ဒါပေမဲ့ အဲ့ကွင်း‌တွေဟာ ထင်ထင်ရှားရှားရှိမနေတဲ့အတွက် သိပ်ပြီးတော့မမြင်ရပါဘူး။ ဟာရုမဲရာက နေကိုတစ်ပတ်ပြည့်အောင်ပတ်ဖို့အတွက် နှစ်ပေါင်း၂၈၅နှစ်တောင် အချိန်ယူပါတယ်။ 

အပေါ်မှာ‌ပြောပြသွားတဲ့ အကြောင်းအရာတွေက နေအဖွဲ့အစည်းရဲ့တစိတ်တဒေသပဲရှိပါသေးတယ်။ ရှာဖွေမတွေ့ရှိနိုင်၊ အတည်မပြုနိုင်သေးတဲ့ ဂြိုဟ်တွေအများကြီးရှိသလို လတွေလည်းရှိနေပါသေးတယ်။ IAUအနေနဲ့ Dwarf planets ငါးလုံးကိုပဲ တရားဝင်ထုတ်ပြန်ထားပေမဲ့ နောက်ထပ်ထူးခြားတဲ့ Dwarf planets တွေဟာ ကိုယ်တွေရဲ့ဂလက်ဆီမှာသာမက တစ်ခြားဂလက်ဆီတွေမှာလည်း တည်ရှိနေပါသေးတယ်။ ကျယ်ပြောပြီး အဆုံးမရှိတဲ့စကြဝဠာကြီးထဲမှာ ကိုယ်တွေမသိသေးတဲ့ အရာတွေ၊ ကျန်ရှိနေတဲ့အရာတွေဟာ အရမ်းကိုများလွန်းတဲ့အတွက် ပညာရှင်တွေဟာ ‌လေ့လာလို့ကို အဆုံးမသတ်တော့ပါဘူး။ စာဖတ်သူတို့အနေနဲ့ ဒီလိုအကြောင်းအရာတွေကို အချိန်နဲ့တစ်ပြေးညီ သိချင်တယ်ဆိုရင်တော့  Fact Hub ကို စောင့်ကြည့်ကြဖို့ မမေ့ကြပါနဲ့နော်။ 

References

– Akre, K. (2023, November 8). Planetary ring | Definition, Examples, & Facts. Encyclopedia Britannica. 

– Moons – NASA Science. (n.d.). 

– Canadian Space Agency. (2020, March 12). Dwarf planets in our solar system. 

– Zirin, H., & Lang, K. (2024, September 24). Sun | Definition, Composition, Properties, Temperature, & Facts. Encyclopedia Britannica. 

– Sarkis, R. (2024, January 1). Planetary ring Systems. Eclipse Optics.

– All about the Sun | NASA Space Place – NASA Science for Kids. (n.d.). 

WriterMoe Myint Phyu
Fact-checkerMon Myat Kyaw
Attribution Table

Min Z

Zwe Thukha Min is the founder of Fact Hub Myanmar, a digital publishing platform focused on science communication and fact-checking. His work centers on making scientific knowledge accessible to the public through writing, journalism, and educational initiatives. He is interested in science communication, media literacy, and journalism.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.