April 18, 2026 | မြန်မာ
Biomagnification ဆိုတဲ့ စကားလုံးကို ကြားဖူးပါသလား . . . ? 
🔬 Earth Sciences 📅 November 29, 2024 👤 Min Z

Biomagnification 

Biomagnification ဆိုတာ အန္တရာယ်ရှိဒြပ်တွေကို သက်ရှိတွေ စားမိရင်း အစာကွင်းဆက်ရဲ့ အပေါ်ကို တက်လေ အဲဒီအဆိပ်ပမာဏ များလေဖြစ်တာကို ခေါ်တာပါ။

ဒါကို နားလည်ဖို့ ရေကန်တစ်ကန်နဲ့ ဥပမာပေးပါရစေ။ ရေကန်ထဲမှာ ပလန့်ခ်တွန် (Plankton) လို့ ခေါ်တဲ့ အဏုဇီဝသက်ရှိလေးတွေ ရှိပါတယ်။ အဲဒီ သက်ရှိလေးတွေထဲမှာ ဓာတုအဆိပ်တစ်မျိုးရှိတယ်လို့ တွေးကြည့်ပါ။ မာကျူရီ (Mercury) ပဲ ဆိုကြပါစို့။ ငါးသေးသေးလေးတစ်ကောင်က သူ့ရဲ့ သက်တမ်းတစ်လျှောက် ထောင်နဲ့ချီတဲ့ ပလန့်ခ်တွန်တွေကို စားပါတယ်။ ငါးကလေး ပလန့်ခ်တွန်တွေ ပိုစားလေ၊ သူစားတဲ့ အကောင်လေးတွေမှာ ရှိနေတဲ့ အဆိပ်တွေကလဲ သူ့ခန္ဓာကိုယ်ထဲ စုပုံလာလေပါပဲ။ နောက်တော့ ငါးကြီးတစ်ကောင်က ခုနက ငါးသေးသေးလေးတွေကို အများကြီးစားပါတယ်။ ဒီလိုနဲ့ ငါးကြီးထဲ မာကျူရီတွေက ပိုစုလာရောပေါ့။ တဖြည်းဖြည်းနဲ့ အစာကွင်းဆက်ရဲ့ အပေါ်ပိုင်းကို ရောက်လာပြီး ငါးကြီးကို နောက်ထပ် ငါးအကြီးကြီးကဖြစ်စေ၊ ငှက်လို သားရဲတွေကဖြစ်စေ စားလိုက်ချိန်မှာ နဂိုက ပလန့်ခ်တွန်လေး တစ်ကောင်မှာ ပါတဲ့ အဆိပ်က စားလိုက်တဲ့ သက်ရှိဆီမှာ ပမာဏအဆပေါင်း ရာချီ၊ ထောင်ချီ ပိုများသွားပါပြီ။ 

တကယ့်လက်တွေ့မှာလဲ ဒီဒီတီ (DDT) လို့ ခေါ်တဲ့ ပိုးမွှားနှိမ်နှင်းရေး ဓာတုဓာတ်တစ်မျိုးက သိမ်းငှက်တွေရဲ့ မျိုးပွားမှုကို အကြီးအကျယ် ထိခိုက်စေတာပါ။ လယ်ယာစိုက်ပျိုးရေးတွေမှာ ပိုးမွှားနှိမ်နှင်းဖို့ ဒီဒီတီကို တွင်တွင်ကျယ်ကျယ်သုံးကြတော့ အပင်တွေနဲ့ ရေတွေမှာ ဒီဒီတီပါဝင်မှု များလာပါတယ်။ အစာကွင်းဆက်အောက်ဘက်ပိုင်းမှာ ရှိတဲ့ သက်ရှိလေးတွေက ဒီဒီတီကို စုပ်ယူမိကြပြီး တစ်ခါ ရေထုထဲရှိတဲ့ ငါးတွေက အဲဒီအကောင်လေးတွေကို စားတာပါ။ နောက် သိမ်းငှက်တွေက ငါးတွေကို ပြန်စားရင်း အစာကွင်းဆက်ရဲ့ အပေါ်ဘက်ကို ရောက်လေလေ ဒီဒီတီအဆိပ်သင့်မှုက ပိုများလေ ဖြစ်လာပါတယ်။ အကျိုးဆက်အနေနဲ့ သိမ်းငှက်တွေရဲ့ သားပေါက်မဲ့ ဥ,ဥခွံတွေဟာ အင်မတန်ပါးလွှာလာပြီး အချိန်မတိုင်ခင်မှာတင် ကွဲထွက်ပြီး သားပေါက်သေဆုံးတာမျိုးတွေ ရှိလာနေတာ ဖြစ်ပါတယ်။

Scientific Terms Explanation Program ဆိုတာ လူသိနည်းပြီး ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိကြတဲ့ သိပ္ပံဆိုင်ရာ ဝေါဟာရတွေအကြောင်း Fact Hub ကနေ နေ့စဉ် ရှင်းပြတင်ဆက်ပေးသွားမဲ့ ပရိုဂရမ်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

Min Z

Zwe Thukha Min is the founder of Fact Hub Myanmar, a digital publishing platform focused on science communication and fact-checking. His work centers on making scientific knowledge accessible to the public through writing, journalism, and educational initiatives. He is interested in science communication, media literacy, and journalism.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.