April 19, 2026 | မြန်မာ
Medicine & Health

လောကနိယာမ ဇရာဆိုတဲ့ အိုမင်းခြင်းကို ဆေးပညာနဲ့ ပြောင်းပြန်လှန်ပစ်ဖို့ကြိုးစားနေတဲ့ လူသား

🔬 Medicine & Health 📅 May 8, 2023 👤 Myo Myat

ထာဝရ အသက်ရှင်ခြင်းဆိုတဲ့အရာကို ပုံပြင်တွေ ဝတ္ထုတွေ နဲ့ ဒဏ္ဍာရီတွေထဲမှာသာ ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ အသက်ရှည်ခြင်း၊ အနာကင်းခြင်း၊ အဆင်းလှခြင်း ဆိုတဲ့ အရာသုံးခုကို ထာဝရရှိဖို့ကြိုးစားနေပါတယ်။ သူ့ရဲ့နာမည်ကတော့ ဘရိုင်ရန် ဂျွန်ဆန် (Bryan Johnson) ပဲဖြစ်ပါတယ်။ ဘရိုင်ရန်က အဆင့်မြင့် ကျွမ်းကျင်နည်းပညာသမား Software entrepreneurs တစ်ယောက်ဖြစ်ပါတယ်။ အထူးခြားဆုံးအချက်ကတော့ သူကိုယ်တိုင်ကလည်း Biotechnology ဇီဝနည်းပညာကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ကမ္ဘာမှာ ကျိကျိတက် ချမ်းသာနေတဲ့ ဘီလီယံနာ လူပုဂ္ဂိုလ်တစ်ဉီးဖြစ်ပြီး နှစ်စဉ်နဲ့ အမျှ ဒေါ်လာသန်းချီသုံးရင်း ထာဝရအသက်ကို ပိုင်ဆိုင်ရဖို့ကြိုးစားနေပါတယ်။ အဲ့လိုပိုင်ဆိုင်ရဖို့ကြိုးစားနေတဲ့ လုပ်ငန်းစဉ်ကို Age Reversal Protocol လို့နာမည်ပေးထားပြီး ‌တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်နေပါတယ်။ ဆေးသိပ္ပံပညာ၊ ခေတ်မီနည်းပညာတွေ နဲ့ကျွမ်းကျင်ဆရာဝန် အယောက် ၃၀ တိတိကို အသုံးပြုပြီး Age Reversal Protocol ကိုအသက်သွင်းထားတာဖြစ်ပါတယ်။ ဘရိုင်ရန် ကအသက် ၄၅ နှစ်ရှိနေပါပြီ။ ဒါပေမယ့် သူရဲ့ Age Reversal Protocol ကိုအသုံးပြုပြီး ထာဝရ လူငယ်တစ်ယောက်လို ရှင်သန်ဖို့ကြိုးစားနေမှုအတွက် လုံးဝ မထင်ရအောင် နုပျိုပြီး လန်းဆန်းနေပါတယ်။

သူ့ရဲ့ အစီအစဉ်မှာ ဘာတွေပါလဲဆိုရင် နေ့စဉ်အစားကို စနစ်တကျစားတာက စပါတယ်။ နေ့စဉ် ကယ်လိုရီ ၁၉၇၇ ကိုအတိအကျချိန်ဆစားပြီး တစ်လကို အသီးအရွက် ပေါင် ၇၀ စားတယ်လို့သိရပါတယ်။ နောက်ထပ်တစ်ခုကတော့ ခန္ဓာကိုယ်အတွက် ကြွက်သားလေ့ကျင့်ခန်း ကို ပုံမှန်အတိအကျ လုပ်လေ့ရှိပါသေးတယ်။ တစ်ရက်ကို လက်မောင်းအတွက် ဘယ်လောက် မိနစ် ‌ရင်ဘတ်အတွက် ဘယ်လောက် ဗိုက်အတွက် ဘယ်လောက်အစရှိသဖြင့် အတိအကျ မနက်တိုင်း ကျွမ်းကျင်ပညာရှင်ရဲ့ အကူအညီနဲ့လုပ်ပါတယ်။ ပြီးရင်တော့ ကိုယ်တွင်းကလီစာတွေနဲ့ အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို နည်းပညာအကူအညီယူပြီး ဆယ်ကျော်သက်တစ်ယောက်ရဲ့ နှလုံးကတစ်နေ့ကို ဘယ်‌နှစ်ချက်ခုန်လဲ လူငယ်တစ်ယောက်ရဲ့ ကျောက်ကပ် အသည်း တွေအလုပ်လုပ်ပုံ ကိုယ်တွင်းကထွက်ရမဲ့ချွေးပမာဏာအထိ အတိအကျ လိုက်ညှိတတ်ပါတယ်။ ဒါတွေအကုန်လုံးကို Digital technology, Biological Nanotechnology တွေအပါအဝင် တခြားအဆင့်မြင့်နည်းပညာအကုန်လုံးကိုအသုံးချနေပါတယ်။

ဘယ်လောက်ထိတောင်လုပ်သလဲဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ နေရောင်ခြည်ဓာတ် ဗီတာမင်-D ကိုလိုချင်တဲ့အခါ သဘာဝရဲ့ ဘက်မညီ မမျှတတဲ့ ခရမ်းလွန်ရောင်ခြည်သင့်မှာကိုဆိုးလို့ ကိုယ်တိုင်လိုအပ်သလို ခရမ်းလွန်ရောင်ခြည်မျှတပြီး ထိန်းချုပ်လို့ရမဲ့ ရောင်ခြည်ကြားခံစက်တစ်မျိုးကိုလည်း အသုံးပြုပါတယ်။ အသားရေ တင်းရင်းဖို့ အရေးအကြောင်းတွေ မထင်ဖို့အတွက်ကိုလည်း ခေတ်မီဆေးဝါးတွေနဲ့ အဆင့်မြင့်စက်တွေကိုအသုံးပြုပါသေးတယ်။ နောက်ဆုံး အိပ်ချိန်အတွက်တောင် ‌နာရီမပြည့်မှာဆိုးလို့ ညအချိန် ဆီးမသွားချင်အောင် ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်ချိန်မပြည့်ရင် လူရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ထိခိုက်တတ်လို့ဖြစ်ပါတယ်။

အချုပ်အားဖြင့် ပြောရရင် ဘရိုင်ရန်က သူ့ရဲ့နေ့စဉ်ဘဝကို ဆရာဝန်အယောက် ၃၀ နဲ့ မိုးလင်းကမိုးချုပ် တစ်ကိုယ်လုံးကိုစစ်ဆေးပြီး စက်ရုပ်တစ်ရုပ်လိုနေထိုင်နေပါတယ်။ အထူးအခြားဆုံးကတော့ သူဟာ ၉၆ ပါးရောဂါကင်းစင်တယ်လို့လည်းသိရပါတယ်။ သူ့ရဲ့အဲ့လို နည်းစနစ်ကြီးနဲ့ နေထိုင်နေတာကလည်း အလုပ်ဖြစ်တယ်လို့ဆိုလို့ရပြီး ၁၈ နှစ်အရွယ် သူ့သားထက်တောင်အရွယ်တင်တယ်လို့သိရပါတယ်။ ဘရိုင်ရန် ပြောတာကတော့ သူရဲ့ Age Reversal Protocol အရသူဟာ အသက်ငါးနှစ်စာလောက် နောက်ပြန်ဆုတ်နိုင်ပြီ လို့ဆိုပါတယ်။

အခု ပြောပြခဲ့တဲ့ဖြစ်စဉ်က သဘာဝကိုဆန့်ကျင်နေတယ်ဆိုပေမဲ့ အောင်မြင်သွားခဲ့ရင်လည်း လူတွေရဲ့အနာဂတ်ကို တစ်မျိုးတစ်မည်ဖြစ်သွားနိုင်ပါတယ်။ ဒါက တကယ်ပဲ လူသားတွေကို အကျိုးပြုစေမှာလား ဒါမှမဟုတ် သဘာဝကို ဆန့်ကျင့်နေလို့ တစ်ချိန်မှာ ဆိုးကျိုးတွေရှိလာမှာလား ဆိုတာ စောင့်ကြည့်လိုက်ရအောင်ပါ။

စာဖတ်ပရိသတ်ကြီးတို့ရော အိမ်မက်ထဲမှာပဲရှိတဲ့ ထာဝရအသက်ကို ရမယ်ဆိုရင် လိုချင်လား မလိုချင်ဘူးလား အကြောင်းပြချက်လေးနဲ့ Comment မှာဆွေးနွေးခဲ့လို့ရပါတယ်။

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.