“ကော်ဖီက အိပ်ချင်စိတ်ပျောက်အောင် ဘယ်လိုလုပ်ပေးလဲ. . . ?”
“ကော်ဖီက အိပ်ချင်စိတ်ပျောက်အောင် ဘယ်လိုလုပ်ပေးလဲ. . . ?”
အိမ်စာထပ်ရမဲ့ အချိန်က နီးလာပြီ၊ ဒါပေမဲ့ အိမ်စာက အခုထိ မပြီးသေးဘူး၊ အရမ်းလဲ အိပ်ချင်နေပြီ။ ဒီလို အဖြစ်မျိုးကို စာဖတ်သူတို့အားလုံး ကြုံဖူးကြမှာပါ။ ပြီးတော့ ဒီလိုဖြစ်လာတိုင်း အားလုံးလိုလို လုပ်မိတာကလဲ အိပ်ချင်စိတ်ပြေသွားအောင် ကော်ဖီတစ်ခွက်လောက် ထဖျော်ပြီး သောက်လိုက်တာပါပဲ။ ကော်ဖီသောက်ပြီးမှသာ အိပ်ချင်စိတ်ပြေသွားသလို၊ စွမ်းအင်တွေ ပြည့်ဝသွားသလို ခံစားလိုက်ရပြီး အိမ်စာကိုလဲ သေချာအာရုံစိုက်နိုင်သွားတယ်ပေါ့။ ဒီတော့ ကော်ဖီက ခန္ဓာကိုယ်ထဲမှာ ဘယ်အရာတွေကို ဘယ်လို ပြောင်းလဲလိုက်လို့ ဒီလိုဖြစ်လာရတာလဲဆိုတာ ဆက်လက် လေ့လာကြည့်ကြရအောင်။
ကော်ဖီစသောက်လိုက်ပြီ ဆိုတာနဲ့ ကဖိန်းဓာတ်တွေက ခန္ဓာကိုယ်အနှံ့အပြားကို လျင်လျင်မြန်မြန် ချဉ်းနင်းဝင်ရောက်လာပါပြီ။ ဝင်ရောက်လာတာနဲ့ သူက Adenosine လို့ခေါ်တဲ့ ဓာတုဓာတ်ပေါင်းလေးရဲ့ နေရာကို လုယူလိုက်ပါတယ်။ ဒီနေရာမှာ Adenosine ဆိုတာကို ပြန်ရှင်းပြပါမယ်။ Adenosine ဆိုတာက အိပ်ချင်စိတ်တွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ Neurotransmitter တစ်မျိုးပါ (သူက ခန္ဓာကိုယ်ရဲ့ တစ်ခြားလုပ်ဆောင်ချက်တွေမှာလဲ ပါဝင်အားဖြည့်ပါသေးတယ်)။ အိပ်ရမဲ့အချိန် နီးလာလေလေ Adenosine ထုတ်လွှတ်မှုပမာဏက များလာလေလေ ဖြစ်ပြီး အလုပ်ကို အာရုံမစိုက်နိုင်တာမျိုး ဖြစ်လာစေပါတယ်။ စုပုံလာတဲ့ Adenosine တွေက သူတို့ကို လက်ခံရာနေရာဖြစ်တဲ့ Adenosine Receptor နဲ့ သွားရောက်ပေါင်းစည်းပြီး အိပ်ချင်စိတ်ကို ဖြစ်လာစေတာပါ။ ဒီနေရာမှာပဲ ကဖိန်းရဲ့ ဓာတုဖွဲ့စည်းတည်ဆောက်ပုံ (Chemical Structure) က Adenosine နဲ့ သွားတူနေပါတယ်။ သွားတူတဲ့အခါကျတော့ Adenosine ဝင်ရမဲ့ လက်ခံရာနေရာ (Adenosine Receptor) ကို ကဖိန်းက နေရာဝင်ယူလိုက်ပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်လာစေတဲ့ Adenosine တွေကို ဖယ်ရှားပစ်ပါတော့တယ်။ ဒီလိုနည်းနဲ့ တစ်ဆထက်တစ်ဆ နေရာပိုပိုယူလာတဲ့ ကဖိန်းဓာတ်တွေက ဦးနှောက်ကို ပြန်လည်တက်ကြွလာစေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကလဲ အမြင့်ဆုံးကို ပြန်လည်ရောက်ရှိလာပါတယ်။ ဒါတင်မကသေးဘဲ ကဖိန်းက ဟော်မုန်းတချို့ထုတ်လွှတ်မှု များလာအောင်လဲ လှုံ့ဆော်ပေးပါသေးတယ်။ ဥပမာ – ပျော်ရွှင်မှုဟော်မုန်းလို့ သိကြတဲ့ Dopamine ကိုထုတ်လွှတ်ပေးတဲ့အတွက် အလုပ်မှာ ပိုပြီးတက်တက်ကြွကြွနဲ့ အာရုံစိုက်နိုင်လာတာမျိုး၊ အန္တရာယ်တွေ ကြုံတွေ့ချိန်မှာ ထုတ်လွှတ်တတ်တဲ့ Epinephrine ဟော်မုန်းကြောင့် နှလုံးခုန်နှုန်း မြန်လာတာမျိုး၊ မျက်ဆန်က ကျယ်လာပြီး ခန္ဓာကိုယ်က စွမ်းအင်တွေ ပြည့်ဝနေသလိုမျိုးတွေပေါ့။
အထက်မှာဖော်ပြခဲ့တဲ့ ကဖိန်းဓာတ်ရဲ့ လုပ်ဆောင်ပုံတွေ၊ ဟော်မုန်းကို ပိုမိုထုတ်လွှတ်လာအောင် လှုံ့ဆော်မှုတွေကြောင့်ပဲ စာဖတ်သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်က အိပ်ချင်စိတ်ကို တော်လှန်လာနိုင်တာပါ။ ကော်ဖီမှာ ဒီလိုကောင်းကျိုးများစွာရှိပေမဲ့ အတိုင်းအတာ ကျော်လွန်တဲ့အထိ အလွန်အကျူးသောက်သုံးမယ်ဆိုရင်တော့ ရင်တုန်တာ၊ စိုးရိမ်စိတ် လွန်ကဲလာနိုင်တာမျိုးတွေနဲ့ တခြားသော ရောဂါတချို့ကိုပါ ဖြစ်လာစေနိုင်ကြောင်း သတိပေးလိုပါတယ်။ ဒီလောက်ဆိုရင်တော့ ကော်ဖီရဲ့ အလုပ်လုပ်ပုံကို နားလည်သွားကြမယ်လို့ မျှော်လင့်မိပါတယ်။