May 26, 2026 | မြန်မာ
Home The Tangled Tree Section 13
Part II: A Separate Form of Life
Section 13

ဘဝပုံစံကွဲ

8 min read · 29 Apr 2026 · 15 chapters total

အဲကာလတွေက RNA စဉ်တန်းကို ဖော်ထုတ်ဖို့ ကြိုးစားကြချိန်မှာ ဖရက်ဒရစ် ဆန်ဂါ (Fred Sanger) ရဲ့ ရှေ့ဆောင်လမ်းပြ လက်ရာတွေက စံတစ်ရပ်လို ဖြစ်နေပါပြီ။ ဆန်ဂါဟာ အရင်က သုတေသီတွေရဲ့ အကြံဉာဏ်တွေပေါ် အခြေခံရင်း ရှည်လျားလှတဲ့ မော်လီကျူးတွေကို အပိုင်းတိုလေးတွေ ဖြစ်အောင် ဖြတ်တောက်ပြီး အဲဒီအပိုင်းအစတွေကို ဂျယ်လ်ကော်လံ (Gel separation column) ထဲ လျှပ်စီးကြောင်းသုံး ခွဲထုတ်တဲ့ (electrophoresis) နည်းလမ်းတွေ တီထွင်ခဲ့တာပါ။ ဒီဂျယ်လ်ကော်လံတွေဟာ မော်လီကျူးပိုင်းတွေအတွက် ပြေးလမ်းသဖွယ် အသွင်ဆောင်ပြီး လျှပ်စီးလွှတ်လိုက်တာနဲ့ မော်လီကျူးတွေက အရွယ်အစားနဲ့ လျှပ်ဓာတ်ဆောင်မှုပေါ် မူတည်လို့ အရှိန်အသီးသီးနဲ့ ရွေ့လျားကြပါတယ်။ အရှိန်မတူကြတဲ့အတွက် တစ်ခုနဲ့ တစ်ခု ကွာသွားပြီး ဖလင်ပြားပေါ်မှာ နှစ်ဘက်မြင်ပုံစံနဲ့ ဘဲဥပုံအစက်ကလေးတွေ ထူးထူးခြားခြား ပေါ်လာတာပေါ့။ ဒီ့နောက် တခြားနည်းလမ်းတွေနဲ့ ပေါင်းစပ်ပြီး ထပ်ခွဲလိုက်ချိန်မှာတော့ ဒီအစက်တစ်ခုချင်းစီကို ကုဒ်အပိုင်းအစလေးတွေအဖြစ် ပြန်ဖတ်လို့ ရသွားတာပဲ။ ပေါလင်း ဇပ်ကာကန်းဒဲလ်ကို အကြံပေးခဲ့ဖူးတဲ့ မော်လီကျူးလက်ဗွေဖော်သလို နည်းလမ်းထက် ဒီနည်းက ပိုခေတ်မီအဆင့်မြင့်သွားတယ် ဆိုရပါမယ်။

ဖရက်ဒရစ် ဆန်ဂါဟာ လင်းနပ်စ် ပေါလင်းနဲ့ ဓာတုဗေဒနယ်ပယ်ချင်းရော နိုဘယ်ဆု နှစ်ခုစီ ရထားတာမှာပါ တူပေမဲ့ ကျန်တဲ့နေရာတွေမှာတော့ ကွဲပြားလှတယ်။ ပေါလင်းနဲ့ မတူဘဲ ဆန်ဂါဟာ အင်္ဂလန်အလယ်ပိုင်းက ကွေကာ (Quaker) ဝါဒီကြီးစိုးသူ မိသားစုမှာ ကြီးပြင်းလာသူ ဖြစ်ပြီး အေးအေးဆေးဆေးနဲ့ ရိုးရိုးကုပ်ကုပ် နေတတ်သူပါ။ သူဟာ ဓာတုဗေဒပညာရပ်တစ်ခုတည်းနဲ့ နိုဘယ်ဆု နှစ်ကြိမ်ရတဲ့ တစ်ဦးတည်းသော ပညာရှင်လဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး နိုဘယ်ဆုကို ၁၉၅၈ ခုနှစ်၊ အသက် ၄၀ အရွယ်မှာ နွားဆီက အင်ဆူလင် (bovine insulin) ပရိုတိန်းရဲ့ မော်လီကျူး တည်ဆောက်ပုံကို ဖော်ထုတ်နိုင်လို့ ရခဲ့ပါတယ်။ ဒီတည်ဆောက်ပုံကို အဖြေရှာဖို့ ဆန်ဂါဟာ တခြားသုတေသီတွေရဲ့ နည်းလမ်းဟောင်းတွေကို အင်မတန် ပါးနပ်ထက်မြက်တဲ့နည်းနဲ့ ပြန်မွမ်းမံ အသုံးပြုခဲ့ပြီး အဲဒီကတစ်ဆင့် အင်ဆူလင် မော်လီကျူးရဲ့ ကိုင်းခွဲရှည်နှစ်ခုမှာ ဘယ်လို အမိုင်နိုအက်ဆစ်စဉ်တန်းတွေ ပါဝင်နေသလဲဆိုတာ အတိအကျ ဖော်ပြနိုင်ခဲ့တာပါ။ ဒီသုတေသနဟာ နွားတွေရဲ့ သွေးတွင်းသကြားဓာတ် ထိန်းညှိမှုတင်မက၊ ပရိုတိန်းတွေက အကောင်အထည်မရှိတဲ့ အရာ မဟုတ်ဘဲ တစ်မျိုးချင်းစီမှာ တိကျတဲ့ ဓာတုဖွဲ့စည်းပုံရှိတယ်ဆိုတာ သက်သေပြနိုင်ခဲ့လို့ နိုဘယ်ဆုနဲ့ ထိုက်တန်ခဲ့တာပေါ့။ အဲဒီနောက်မှာတော့ ဆန်ဂါဟာ ပရိုတင်းကနေ RNA၊ အဲဒီကတစ်ဆင့် DNA အစီအစဉ်တွေ ဖော်ထုတ်တဲ့ဘက်ကို ကူးပြောင်းခဲ့ပြီး ၁၉၈၀ ခုနှစ်မှာ သူ့ရဲ့ အကောင်းတကာ့အကောင်းဆုံး DNA သုတေသန တွေ့ရှိချက်တွေအတွက် ဒုတိယမြောက် နိုဘယ်ဆုကို ရရှိခဲ့ပါတယ်။ သိပ်မကြာခင် အသက် ၆၅ နှစ်မှာတော့ ဆန်ဂါတစ်ယောက် သိပ္ပံနယ်ပယ်က အနားယူသွားပြီး ကိန်းဘရစ်ချ်နားက ရွာလေးတစ်ရွာရဲ့ အိမ်လေးမှာပဲ ဝါသနာပါတဲ့ ဥယျာဉ်စိုက်ပျိုးရေးအလုပ်နဲ့ အချိန်ကုန်ဆုံးခဲ့လေရဲ့။

ဖရက်ဒရစ် ဆန်ဂါ (၁၉၁၈ – ၂၀၁၃) မော်လီကျူးမော်ဒယ် ကိုင်ထားစဉ်
Image – Getty

“ကျွန်တော် လုပ်နေတာတွေက ပြောရရင် အထွတ်အထိပ်ကို ရောက်သွားခဲ့ပြီ” လို့ သူက နောက်ပိုင်းမှာ ပြန်ပြောပြပါတယ်။ သူဟာ စီမံခန့်ခွဲရေးသမားတစ်ယောက် ဖြစ်သွားဖို့ လုံးဝ စိတ်မဝင်စားခဲ့ဘူး။ မိတ်ဆွေတွေရော သူစိမ်းတွေကပါ သူ့ကို ‘ဆာ ဖရက်ဒ်’ လို့ ခေါ်တာကို မလိုလားတာကြောင့် သူကောင်းပြုဘွဲ့တောင် ငြင်းပယ်ခဲ့တယ်။ “ဘွဲ့ထူး ဂုဏ်ထူးတွေက လူကို သူများထက် တစ်မူထူးသွားစေတယ် မဟုတ်လား။ ကျွန်တော် အဲလို ထူးခြားမနေချင်ဘူး” လို့ ဆန်ဂါက ဆိုပါတယ်။ ဒါပေမဲ့ ၁၉၆၉ ခုနှစ်ဆိုတာ ဆန်ဂါ အခုလို ဂုဏ်သိက္ခာရှိရှိ အေးဆေးအနားယူမဲ့ ကာလနဲ့ အဝေးကြီး လိုသေးတာပါ။ အဲအချိန်မှာ ကားဝုစ်တစ်ယောက် ခရစ်ခ်ဆီ စာရေးပြီး သူ့သုတေသနမှာ ကူပေးဖို့ ဆန်ဂါ့ဆီက လက်ရွေးစင်တပည့်တစ်ယောက်လောက် ရနိုင်မလား အိပ်မက်မက်ဆဲ ရှိပါသေးတယ်။

အမှန်တော့ ဝုစ် တမ်းတနေတဲ့ ဆန်ဂါ့လက်ထောက်တစ်ယောက်က အာဘားနားမြို့ဆီ ရောက်နှင့်နေပါပြီ။ သူက ဝုစ်ဌာနထဲက တခြားသိပ္ပံပညာရှင်တစ်ယောက်ရဲ့ ဓာတ်ခွဲခန်းမှာ ပါရဂူဘွဲ့လွန် (postdoc) သုတေသီအဖြစ် ရောက်နေတာပါ။ ဒေးဗစ် ဘစ်ရှော့ပ် (David Bishop) လို့ ခေါ်ပြီး ဆိုးလ် စပီဂဲလ်မန်း (Sol Spiegelman) ဆီမှာ ဗိုင်းရပ်စ်ထဲက RNA စဉ်တန်းတွေ ဖော်ထုတ်တဲ့ကိစ္စ ကူပေးဖို့ ရောက်နေတာ ဖြစ်ပါတယ်။ စပီဂဲလ်မန်းက ၁၉၆၄ ခုနှစ်မှာ ဝုစ်ကို ဂျင်နရယ် အီလက်ထရစ်ရဲ့ ချောင်ကျကျအလုပ်ကနေ ဆွဲထုတ်ပြီး အီလီနွိုင်းတက္ကသိုလ်မှာ အလုပ်ရအောင် ကူညီပေးခဲ့တာပါ။ ဘစ်ရှော့ပ် ရောက်ပြီး တစ်နှစ်အကြာမှာတော့ စပီဂဲလ်မန်းတစ်ယောက် အီလီနွိုင်းက ထွက်ပြီး သူ အလုပ်စတင်ခဲ့တဲ့ နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်ဆီ ပြန်သွားခဲ့ပါတယ်။ ဘစ်ရှော့ပ်ကိုလဲ သူနဲ့အတူ တစ်ပါတည်း ခေါ်သွားတာပေါ့။ အဲသလိုနဲ့ ဆန်ဂါ့နည်းပညာတွေ ဝုစ်လက်အောက်က လွတ်ထွက်သွားခါနီးဆဲဆဲမှာတင် ဝုစ်က အလားအလာကောင်းတဲ့ ပါရဂူကျောင်းသား မစ်ချယ် ဆိုဂင်ကို ရှာတွေ့ပြီး ဘစ်ပ်ရှော့ပ် မသွားခင် သူ့ဆီက ပညာတွေ နိုင်သလောက် သဲ့ယူဖို့ နေရာချပေးလိုက်တော့တယ်။ အဲခေတ်တုန်းက မော်လီကျူး ဇီဝဗေဒနယ်ပယ်ဟာ အစပျိုးဆဲကာလမှာပဲ ရှိသေးတော့ စမ်းသပ်ချက်ရလဒ်တွေကို သိပ္ပံဂျာနယ်တွေမှာ ဖတ်နိုင်တဲ့တိုင် ဓာတ်ခွဲခန်းထဲ လက်တွေ့လုပ်ဆောင်ရမဲ့ နည်းနာနိဿယ အသေးစိတ်တွေကိုတော့ တစ်ယောက်ကနေ နောက်တစ်ယောက်ဆီ တိုက်ရိုက်လက်ဆင့်ကမ်းခဲ့ကြရတာပါ။ ကျောက်ခေတ်ဦးမှာ မီးတို့ လက်နက်တို့ကို လက်ဆင့်ကမ်းပေးခဲ့သလိုမျိုးပေါ့။

မစ်ချယ် ဆိုဂင်က ချီကာဂိုဖွား ခပ်ထက်ထက် ကောင်လေးတစ်ယောက်။ သူက အီလီနွိုင်းတက္ကသိုလ်ကို ရေကူးအားကစား ပညာသင်ဆုနဲ့ ရောက်လာခဲ့ပြီး အစက ဆေးကျောင်းတက်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်းကျ ရေလဲ မကူးဖြစ်တော့သလို ဆေးပညာဘက်လဲ အာရုံမလာတော့ဘဲ စိုက်ပျိုးရေးကောလိပ်ရဲ့ အစားအသောက်သိပ္ပံဌာနမှာ စက်မှုအဏုဇီဝဗေဒနဲ့ မဟာဘွဲ့ ဆက်ယူခဲ့ပါတယ်။ သူက ဘက်တီးရီးယားတွေ၊ ဘက်တီးရီးယား အငုံမျိုး (Bacterial spores) တွေ ရှင်သန်ပေါက်ဖွားမှုအကြောင်း လေ့လာခဲ့တာပါ — ပြည်သူ့ကျန်းမာရေးနဲ့လဲ တိုက်ရိုက်ပတ်သက်နေတော့ အစားအသောက်လုပ်ငန်းတွေမှာ တကယ်လက်တွေ့ကျ အရေးပါတဲ့ ကိစ္စတစ်ရပ်ကိုး။ အဲအချိန်မှာ ဝုစ်ကတော့ တခြားဌာနတစ်ခုမှာပါ။ ပြောရရင် သူတို့နှစ်ယောက် ကိုယ်စီအထူးပြုတဲ့ နယ်ပယ်က တခြားစီ၊ ကမ္ဘာဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းလို ကွဲနေပေမဲ့ ဝုစ်ကလဲ သူ့အစောပိုင်းကာလတွေက သုတေသနအလုပ်မှာ ဒီအငုံမျိုးတွေအကြောင်း လေ့လာခဲ့ဖူးတော့ စိတ်ဝင်စားဆဲပဲ။ အဲဒီ အကြောင်းခံတစ်ခုတည်းနဲ့ပဲ တစ်ယောက်က လူငယ်လေး ဆိုဂင်ကို ဝုစ်နဲ့ သွားတွေ့ခိုင်းလိုက်တယ်။ အဲကနေ သူတို့နှစ်ယောက် ဓာတ်ကျသွားကြတာပေါ့။

“ဒီလိုနဲ့ ကျွန်တော် သူ့ဆီသွားပြီး စကားတွေ ပြောဖြစ်တယ်၊ သူ့ကိုလဲ သဘောတွေ့သွားတယ်” လို့ မစ်ချယ် ဆိုဂင်က နှစ်ပေါင်းငါးဆယ်အကြာမှာ စာရေးသူကို ပြန်ပြောပြပါတယ်။

မစ်ချယ်လ် ဆိုဂင်
Image – Marine Biological Laboratory

ကျွန်တော်တို့ ဆုံဖြစ်ကြချိန်မှာ ဆိုဂင့်အသက်က ၇၀ ကျော်ပါပြီ။ မျက်နှာက လူပျိုပေါက်လို နုပျိုဆဲပေမဲ့ ထူထဲထဲ ဆံပင်ဖြူတွေတော့ ပျံ့နှံ့ဝန်းရံထားတာပေါ့။ မျက်မှန်တပ်ရင်း ရှက်ပြုံးနဲ့ ကြည့်လိုက်ရင် အဆိုတော် ပေါလ်ဆိုင်မွန်ရဲ့ ပါမောက္ခဗားရှင်းနဲ့တောင် ဆင်တင်တင်။ မက်ဆာချူးဆက်ပြည်နယ်၊ ဝုဒ်စ်ဟိုးလ် (Woods Hole) မြို့က ဝါးတားလမ်းပေါ်မှာရှိတဲ့ အုတ်နီအဆောက်အအုံဟောင်းကြီးရဲ့ တတိယထပ်၊ သူ့ရုံးခန်းထဲ ကျွန်တော်တို့ ထိုင်နေကြတာပါ။ အဲနေရာက သမိုင်းဝင် သုတေသနအဖွဲ့အစည်းကြီးဖြစ်တဲ့ အဏ္ဏဝါဇီဝဗေဒဓာတ်ခွဲခန်း (Marine Biological Laboratory) ရဲ့ ဌာနချုပ်ပေါ့။ ဆိုဂင်က ဒီမှာ ဝါရင့်သိပ္ပံပညာရှင်တစ်ယောက်ဖြစ်သလို နှိုင်းယှဉ် မော်လီကျူးဇီဝဗေဒနဲ့ ဆင့်ကဲဖြစ်စဉ် ဗဟိုဌာနရဲ့ ဒါရိုက်တာလဲ ဖြစ်ပါတယ်။ ၁၉၆၈ မှာ ကားလ်ဝုစ်နဲ့ စတွေ့ခဲ့ပုံကို ပြန်ပြောင်းပြောပြဖို့ ကျွန်တော် တိုက်တွန်းတော့ သမုဒ္ဒရာထဲက အဏုဇီဝအစုအဖွဲ့တွေက စလို့ လူ့အူလမ်းကြောင်းထဲက ဘက်တီးရီးယားတွေအလယ် အင်္ဂါဂြိုဟ်သွား အာကာသယာဉ်ထဲ ကပ်ပါသွားတတ်တဲ့ ပိုးမွှားတွေအဆုံး သူ့ဘဝခရီးတစ်လျှောက် လေ့လာဖြစ်ခဲ့သမျှကို ပြန်စဉ်းစားမိပြီး သူကိုယ်တိုင်တောင် အံ့ဩသလို၊ သဘောကျသလို ဖြစ်နေပုံရရဲ့။

သမိုင်းရဲ့ စိုးရိမ်စရာကောင်းလှတဲ့ အချိန်ကာလမှာပေါ့။ ဆိုဂင်က သူ့အသက်အရွယ်နဲ့ နေရပ်အရ ဒေသတွင်း စစ်မှုထမ်းရွေးချယ်ရေးအဖွဲ့ရဲ့ နာမည်စာရင်းထိပ်ဆုံးကို ရောက်နေတယ်။ စစ်ထဲ အခေါ်မခံရသေးပေမဲ့ နေ့လား ညလား လက်တစ်ကမ်းအကွာမှာပေါ့။ အဲတုန်းက စစ်ထဲ သွားရမဲ့သူတွေကို မဲစနစ်နဲ့ ပွင့်ပွင့်လင်းလင်း မရွေးသေးခင်ဆိုတော့ ဘုတ်အဖွဲ့က သူတို့စိတ်ကြိုက်နာမည်တွေ ရွေးထည့်နေတာပါ။ “ကျောင်းမှာပဲ ဆက်နေမလား၊ ဗီယက်နမ်စစ်ထဲပဲ သွားရမလား ရုတ်တရက်ဆုံးဖြတ်ခဲ့ရတယ်” လို့ သူ ပြောပါတယ်။ အဲဒီအချိန်မှာ ဗီယက်နမ်စစ်ဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်နေပြီး အဲနှစ် ဖေဖော်ဝါရီလမှာ ဖြစ်ခဲ့တဲ့ “တက်တ်ထိုးစစ်” (Tet offensive) ကြောင့် (ဆိုဂင်နဲ့ ကျွန်တော်အပါ) အမေရိကန်လူငယ်တော်တော်များများ စစ်အပေါ် အမြင်တွေ လုံးဝပြောင်းပြီး စိတ်ပျက်ကုန်ကြပါတယ်။ မတရားဘူးဆိုနိုင်ပေမဲ့ အဲအချိန်က ကျောင်းဆက်တက်နေသူဆိုရင် စစ်ထဲသွားရမဲ့အလှည့်ကို ရွှေ့ဆိုင်းခွင့်ရတာကိုး။ “ရှင်းနေတာပဲ၊ ကျောင်းဆက်နေဖို့ ဆုံးဖြတ်လိုက်တယ်” လို့ ဆိုဂန်က ကျွန်တော့်ကို ပြောတယ်။ ဒီလိုနဲ့ပဲ သူဟာ ဝုစ်ရဲ့ လမ်းညွှန်မှုအောက်မှာ ပါရဂူဘွဲ့ရဖို့အရေး စ,လုံးပန်းခဲ့တော့တာပဲ။ သူ လေ့လာမဲ့ခေါင်းစဉ်က ‘ရိုင်ဘိုဆုမ်း RNA’ (ribosomal RNA) ပါ။

ဝုစ် မစ်ချယ် ဆိုဂင်နဲ့ စထိတွေ့စဉ်ကတည်းက သူ့ရဲ့ ထူးခြားချက်တစ်ခုကို သတိထားမိခဲ့တယ်။ အဲဒီကလေးက ပညာရပ်ပိုင်း ထက်မြက်ရုံတင်မကဘူး၊ စက်ပစ္စည်းကိရိယာတွေ ကိုင်တွယ်တဲ့နေရာမှာလဲ တကယ့်ကို လက်စွမ်းလက်စ ရှိလှတာ။ သူ့မှာရှိတဲ့ ပါရမီတွေ — လက်မှုပညာ ကျွမ်းကျင်မှု၊ စက်မှုပိုင်း နားလည်မှု၊ တိကျသေချာမှုနဲ့ စိတ်ရှည်မှုတွေအပြင် ပိုက်ပြင်ဆရာလို၊ လျှပ်စစ်ပြင်ဆရာလိုမျိုးပါ ဟိုဟိုဒီဒီ တတ်သိနားလည်တာတွေ ပေါင်းစပ်သွားတဲ့အခါ သူဟာ လက်တွေ့စမ်းသပ်မှုတွေ လုပ်တဲ့နေရာမှာတင်မကဘဲ အဲဒါအတွက် လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေကို ကိုယ်တိုင် ဖန်တီးတဲ့နေရာမှာပါ ကျွမ်းကျင်တာပါ။ တကယ်တော့ ဆိုးလ် စပီဂဲလ်မန်းက ဆန်ဂါ့နည်းလမ်းနဲ့ RNA အစီအစဉ်တွေကို ဖော်ထုတ်ဖို့အတွက် လိုအပ်တဲ့ ကိရိယာအစုံအလင် ဝယ်ထားခဲ့ပြီးသားပါ။ ဒါပေမဲ့ စပီဂဲလ်မန်း ကိုလံဘီယာတက္ကသိုလ်ဆီ ပြောင်းသွားရတော့ အဲပစ္စည်းကိရိယာတွေ ကျန်ရစ်ခဲ့တာပေါ့။

“ဒီတော့ ကားလ်တစ်ယောက် ဒီကိရိယာတွေကို အမွေရလိုက်တယ်၊ ဒါပေမဲ့ ဒါတွေကို ဘယ်လိုသုံးရမလဲ သိသူ တစ်ယောက်မှ မရှိခဲ့ဘူး”၊ ဆိုဂင် သူ့ဓာတ်ခွဲခန်းထဲ မရောက်မချင်းပေါ့။ “တကယ်တော့ အဲနည်းပညာတွေ အားလုံးကို စပီဂဲလ်မန်းရဲ့ ဓာတ်ခွဲခန်းနဲ့ တခြားနေရာတွေကနေ ဝုစ်ဆီရောက်အောင် ကျွန်တော်ပဲ တာဝန်ယူလုပ်ခဲ့တာပါ” လို့ ဆိုဂင်က ပြောပြတယ်။ ဘစ်ရှော့ပ် နယူးယော့ခ်ကို ပြောင်းမသွားခင်မှာ ဆိုဂင်က သူ့ဆီကနေ ဖရက်ဒရစ် ဆန်ဂါရဲ့ နည်းပညာတွေကို အတတ်နိုင်ဆုံး သင်ယူခဲ့တာပါ။ ဒီ့နောက်မှာ ဆိုဂင်ဟာ ဝုစ်ရဲ့ ပါရဂူဘွဲ့ယူကျောင်းသား ဖြစ်လာသလို တစ်ဖက်မှာလဲ ရိုင်ဘိုဆုမ်း RNA စဉ်တန်းတွေ ဖော်ထုတ်နိုင်ဖို့ လိုအပ်တဲ့ စက်ကိရိယာတန်ဆာပလာတွေကို တပ်ဆင်ထိန်းသိမ်းပေးရတဲ့ ဝုစ့်အားကိုးရသူ လက်ရုံးလက်ထောက်တစ်ယောက် ဖြစ်လာပါတော့တယ်။

ဝုစ်က ဖရန်စစ် ခရစ်ခ်လိုပဲ သီအိုရီသမား၊ တွေးခေါ်သူတစ်ယောက်ဖြစ်ပြီး လက်တွေ့စမ်းသပ်မှုတွေ လုပ်လေ့ရှိသူ မဟုတ်ပါဘူး။ “သူ့ဓာတ်ခွဲခန်းထဲက ဘယ်ပစ္စည်းကိရိယာကိုမှ သူကိုယ်တိုင် မကိုင်ဖူးဘူး” လို့ ဆိုဂင် ပြောပါတယ် — ဖလင်တွေ စစ်ဆေးကြည့်ရတဲ့ ‘မီးပုံး’ (light boxes) တွေကို ထည့်မတွက်ရင်ပေါ့။ မီးချောင်းတွေပါတဲ့ အဲဒီမီးပုံးတွေကိုလဲ ဆိုဂင်ကိုယ်တိုင်ပဲ ရေဒီယိုသတ္တိကြွ ဖော့စ်ဖရပ် (Radioactive phosphorus) ကနေ X-ray ဖလင်အကြီးစားတွေနဲ့ ရိုက်ကူးထားတဲ့ RNA အစိတ်အပိုင်းပုံရိပ်တွေ စစ်ဆေးကြည့်လို့ရအောင် လုပ်ပေးခဲ့တာပါ။ ဆိုဂင်က စာအုပ်စင် နံရံတစ်ခုလုံးကိုတောင် ပလတ်စတစ်အကြည်ပြားတွေနဲ့ မီးချောင်းတွေ သုံးပြီး မီးကြော်ငြာဘုတ်ကြီးတစ်ခုအဖြစ် ပြောင်းလိုက်ပါသေးတယ်။ သူတို့က အဲဒါကို ‘မီးဘုတ်ပြား’ (light board) လို့ ခေါ်ကြတယ်။ မီးပုံးဖြစ်ဖြစ်၊ မီးဘုတ်ပြားပေါ်ဖြစ်ဖြစ် ဖလင်ပြားတွေ ကပ်ကြည့်လိုက်တာနဲ့ အနက်ရောင် ဘဲဥပုံ အစက်အပျောက်တွေ တွေ့ရပါလိမ့်မယ်။ လင်းထိန်နေတဲ့ လွင်ပြင်ကျယ်ကြီးထဲ အမီးဘား (amoebae) အုပ်စုကြီး ပြေးလွှားနေသလိုပေါ့။ တကယ်တော့ ဒါက RNA မော်လီကျူးတစ်ခုရဲ့ ‘လက်ဗွေရာ’ ပါပဲ။ အဲအချိန်က ဓာတ်ခွဲခန်းအဖွဲ့သားတွေရဲ့ ပြန်ပြောင်းပြောပြချက်တွေနဲ့ ဓာတ်ပုံဟောင်းတွေအရ ကားလ်ဝုစ်ဟာ ဒီမော်လီကျူးလက်ဗွေရာတွေကို နာရီပေါင်းများစွာ မမှိတ်မသုန် စိုက်ကြည့်နေလေ့ရှိတယ်လို့ သိရပါတယ်။

“နိစ္စဓူဝအလုပ်မျိုးပါပဲ၊ ပျင်းစရာလဲ သိပ်ကောင်းတယ်၊ ဒါပေမဲ့ အမှားမခံဘဲ စိတ်ကို အပြည့်အဝ နှစ်ထားဖို့တော့ လိုတယ်” လို့ ဝုစ်ကိုယ်တိုင် နောက်ပိုင်းပြန်ပြောပြပါတယ်။ ဖလင်ပေါ်က အစက်ကလေး တစ်စက်ချင်းစီဟာ မျိုးဗီဇရဲ့ ဘေ့စ်အက္ခရာလေးတွေ ပါဝင်တဲ့ စကားလုံးတွဲလေးတွေကို ကိုယ်စားပြုတာပါ။ များသောအားဖြင့် အက္ခရာ ၃ လုံးကနေ အလုံး ၂၀ ကြားလောက် ရှိတတ်ကြတယ်။ ဖလင်တစ်ချပ်ချင်းစီ၊ မော်လီကျူး လက်ဗွေရာတစ်ခုချင်းစီဟာ သက်ရှိအမျိုးမျိုးဆီက ရလာတဲ့ ရိုင်ဘိုဆုမ်း RNA တွေကို ကိုယ်စားပြုတာပေါ့။ ဒီပုံစံတွေ အားလုံးကို စုစည်းပြီး ကားလ်ဝုစ်တစ်ယောက် သူ့ဦးနှောက်ထဲ ပုံဖော်အသက်သွင်းကြည့်ချိန်မှာတော့ ဒါဟာ “သက်ရှိသစ်ပင်” ရဲ့ ပုံစံသစ်တစ်ခုအဖြစ် ရုပ်လုံးပေါ်လာပါတော့တယ်။

အခန်း ၂၊ အပိုင်း ၅
ပြီးပါပြီ

Previous chapter Sec. 12 — ဘဝပုံစံကွဲ

You've reached the latest chapter — check back next week.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.