Ozone (အိုဇုန်း) ဟာ အောက်ဆီဂျင်အက်တမ် သုံးခုပါဝင်တဲ့ မော်လီကျူးဖြစ်ပြီး မတည်ငြိမ်ပါဘူး။ Ozone Layer (အိုဇုန်းလွှာ) ဆိုတာလဲ အဲ့ဒီအိုဇုန်းအစုအဝေးပါပဲ။ အိုဇုန်းလွှာဟာ ကမ္ဘာမြေကြီးရဲ့ Atmosphere (လေထု) ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပြီး ကမ္ဘာမြေမျက်နှာပြင်မှ ခန့်မှန်းခြေ 10 km မှ 50 km အကြားမှာ တည်ရှိပါတယ်။ ဒီအိုဇုန်းလွှာက ကျွန်တော်တို့ကို အဘက်ဘက်က အကျိုးပြုနေလျက်ရှိပြီး ကျွန်တော်တို့အတွက် မရှိမဖြစ်ဆိုရင်လဲ အမှန်ပါပဲ။
ကဲ ဒါဆိုရင် အဲ့တာက ကမ္ဘာမြေကို ဘယ်လိုအကျိုးပြုသလဲ။ ဘာကြောင့် အရေးပါတာလဲ။
ခရမ်းလွန်ရောင်ခြည် ( Ultraviolet radiation) တွေကို စုပ်ယူတားဆီးပေးခြင်း
Ultraviolet radiation (ခေါ်) UV radiation တွေဟာ အများအားဖြင့် နေကနေ လာပါတယ်။ UV radiation မှ Vitamin D ကို ရရှိနိုင်ပေမဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ထိတွေ့မိရင် အဲ့ဒီရောင်ခြည်တွေက အရေပြားကို ထိခိုက်စေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုလဲ ထိခိုက်စေနိုင်ပါတယ်။
UV radiation တွေကို UV-A, UV-B, UV-C ဆိုပြီး သုံးမျိုးခွဲခြားထားပါသေးတယ်။ အဲ့ဒီ အန္တရာယ်ဖြစ်စေတဲ့ ရောင်ခြည်တွေကို စုပ်ယူတားဆီးပေးပြီး သက်ရှိတွေအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတာကတော့ Ozone လွှာပါပဲ။ UV-C ကတော့ အန္တရာယ်အပေးနိုင်ဆုံးဖြစ်ပြီး UV-C အများစုဟာ Ozone လွှာရဲ့ စုပ်ယူခြင်းကို ခံရပြီး ကမ္ဘာမြေပေါ် ကျရောက်မှု အနည်းဆုံးလဲ ဖြစ်ပါတယ်။ UV-B ဟာလဲ နေလောင်ခြင်းတွေကို ဖြစ်စေပြီးတော့ UV-B အများအပြားဟာလဲ UV-C လိုမျိုး စုပ်ယူတားဆီးခံရပြီး တချို့တစ်ဝက်ကတော့ ကမ္ဘာ့မျက်နှာပြင်ပေါ် ကျရောက်မှုရှိပါတယ်။ UV-A ကတော့ ကျန်နှစ်မျိုးလောက် ဆိုးကျိုးမပေးတာကြောင့် Ozone လွှာရဲ့ တားဆီးမှုကို အနည်းငယ်လောက်ပဲခံရပြီး ကမ္ဘာမျက်နှာပြင်ပေါ် ကျရောက်မှု အများဆုံးဖြစ်ပါတယ်။
Air Purification (လေထုကို သန့်စင်ပေးခြင်း)
Ozone လွှာဟာ ခရမ်းလွန်ရောင်ခြည်ကို တားဆီးပေးရုံသာမက ကာဘွန်မိုနိုဆိုဒ်၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်လိုမျိုး Pollutants (အညစ်အကြေးများ) အများစုကိုလဲ Oxidation လို့ ခေါ်တဲ့ ဓာတုဗေဒဖြစ်စဉ်တစ်ခုနဲ့ လေထုကို Purify (သန့်စင်) ပေးပါတယ်။
အထက်ပါ process မှာ Pollutants တွေဟာ အဆိပ်အတောက်ကင်းစင်တဲ့ (သို့မဟုတ်) ပိုမိုနည်းပါးတဲ့ Form အဖြစ် ပြောင်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Oxidation ဖြစ်တဲ့အခါ အများအားဖြင့် Ozone ရဲ့ Oxyegen Atom ဟာ Pollutants ဆီရောက်ပြီး Ozone ဟာလဲ Oxygen အဖြစ်ကို ပြောင်းလဲသွားနိုင်ပါတယ်။ ဒီနည်းနဲ့ Ozone Layer ဟာ လေထုကို စင်ကြယ်စေပြီး အကျိုးပြုပြန်တာပါ။
Ecosystem ကို အဘက်ဘက်က အကျိုးပြုနေတဲ့ ဒီအိုဇုန်းလွှာဟာ Chlorine နဲ့ အခြား ODS (Ozone-Depleting Substances) တွေကြောင့် Ozone Depletion (အိုဇုန်းကျဆင်းလျော့နည်းမှု) တွေကို ရင်ဆိုင်နေရပါတယ်။ လေအအေးပေးစက်၊ ရေခဲသေတ္တာအမျိုးအစားအချို့နဲ့ အချို့လူသုံးပစ္စည်းတွေဟာ ODS ကို လေထုထဲ ထုတ်လွှတ်တာကြောင့် အိုဇုန်းကျဆင်းမှု ဖြစ်စေပါတယ်။ ဒီအိုဇုန်းကျဆင်းမှုတွေကြောင့် Ozone Hole (အိုဇုန်းလွှာအပေါက်) တွေ ဖြစ်လာရင် UV radiation တွေဟာ ကမ္ဘာမျက်နှာပြင်ပေါ် ကျရောက်လာကာ အန္တရာယ်ပြုနိုင်ပါတယ်။
အဲ့တာကြောင့် Ozone Depleting Substance တွေကို ထုတ်လွှတ်တဲ့ အသုံးပစ္စည်းတွေကို အတတ်နိုင်ဆုံးရှောင်ကြဖို့အတွက် အကြံပြုလိုပါတယ်။