မြေငလျင်လှုပ်ခတ်ပြီးနောက် မြေသားပျော့ပြောင်းမှု ကြုံတွေ့ရနိုင်တယ်လို့ အမေရိကန်ဘူမိဗေဒဆာဗေးအဖွဲ့ သတိပေး
မန္တလေးမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ သောကြာနေ့ငလျင်ရဲ့ သက်ရောက်မှုကြောင့် မြေသားပျော့ပြောင်းမှု (Liquefaction) ကို ကြုံတွေ့ရနိုင်တယ်လို့ USGS က သတိပေးထားပါတယ်။
Liquefaction ဆိုတာကတော့ ရေပါဝင်တဲ့ မြေသားဟာ တုန်ခါမှုတစ်စုံတစ်ရာကြောင့် အရည်တစ်ပိုင်း အစိုင်အခဲတစ်ပိုင်း အခြေအနေ (ဥပမာ-ချော်ရည်/အင်္ဂတေအရည်) ကို ရောက်ရှိသွားတဲ့ အခြေအနေကို ဆိုလိုတာပါ။
ဖြစ်စဉ်အရ မြေဆီလွှာအတွင်းပိုင်း အမှုန်လေးတွေအကြားမှာ ရေတစ်စိတ်တစ်ပိုင်း ခိုအောင်းနေတတ်ပါတယ်။ ပြင်ပအားတစ်ခုခု သက်ရောက်မှုရှိတဲ့အခါ ဒီရေတွေဟာ အခြားတစ်နေရာကို စီးဆင်းသွားပြီး မြေသားရဲ့တည်ဆောက်မှု ပုံသဏ္ဌာန်ကို တည်ငြိမ်စေပါတယ်။
ဒါပေမဲ့ မြေငလျင်လှုပ်ခတ်မှုလိုမျိုး လျင်လျင်မြန်မြန် ဖြစ်ပွားတဲ့ အခြေအနေမှာတော့ ဒီရေတွေဟာ အခြားတစ်နေရာကို မစီးဆင်းနိုင်တော့ပါဘူး။ ဒါကြောင့် မြေသားအတွင်းက ရေဖိအားဟာ သိသိသာသာမြင့်တက်လာပြီး မြေသားအတွင်းက အမှုန်တွေရဲ့ ဖွဲ့စည်းပုံကို ဖျက်စီးပစ်ပါတယ်။
ရလာဒ်ကတော့ မြေသားရဲ့ ကြံ့ခိုင်အားကောင်းမှု ယိုယွင်းသွားပြီး မြေပြင်အထက်က လမ်းတံတားတွေ၊ တာတမံတွေ၊ အဆောက်အဦးတွေဟာ မြေကြီးထဲကျွံဝင်သွားကြပါတယ်။
ဒီဖြစ်စဉ်ဟာ လူကြောင့်လဲ ဖြစ်ပေါ်နိုင်ပေမဲ့ ငလျင်လှုပ်ခတ်မှုဟာ အဓိကအကြောင်းရင်းဖြစ်ပါတယ်။
အထင်ရှားဆုံးကြုံတွေ့ခဲ့ရတာကတော့ ၁၉၆၄ ခုနှစ် ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ နီဂါးတားငလျင်ပဲ ဖြစ်ပါတယ်။ မြေငလျင်လှုပ်ခတ်အပြီး မြေသားပျော့ပြောင်းမှုကြောင့် ရှီနာနိုမြစ် (Shinano) ရဲ့ ကမ်းပါးယံတွေဟာ ပြိုကျပျက်စီးသွားပြီး အနီားနားမှာရှိတဲ့ အဆောက်အဦးတွေလဲ ထိခိုက်ခဲ့ရပါတယ်။
USGS ဟာ မြေသားပျော့ပြောင်းမှု ဖြစ်ပွားနိုင်တဲ့ တည်နေရာဒေသတွေကို မြေပုံမှာ ဖော်ပြပေးထားပါတယ်။
(ဒီဖြစ်ရပ် တကယ်ဖြစ်ပွားနိုင်/မဖြစ်ပွားနိုင်ကိုတော့ ဆက်လက်လေ့လာလျက်ရှိပြီး ပြည်သူတွေအနေနဲ့ သတိထားကြဖို့ တိုက်တွန်းလိုပါတယ်။)
Article Credits