May 26, 2026 | မြန်မာ
Home The Tangled Tree Section 12
Part II: A Separate Form of Life
Section 12

ဘဝပုံစံကွဲ

10 min read · 26 Apr 2026 · 15 chapters total

၁၉၆၉ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာ အာဘားနား (Urbana) မြို့မှာရှိတဲ့ ဝုစ်က ကိန်းဘရစ်ချ်က ဖရန်စစ် ခရစ်ခ်ဆီကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောပြထားတဲ့ စာတစ်စောင် ပို့ခဲ့ပါတယ်။ သူတို့နှစ်ယောက်က လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက စသိကျွမ်းခဲ့ကြတာ။ အဲတုန်းက ဝုစ်က နယူးယော့ခ်ပြည်နယ်၊ စကန်နက်ခ်တဒီ (Schenectady) မြို့က ဂျန်နရယ် အီလက်ထရစ် (General Electric) ဓာတ်ခွဲခန်းမှာ အလုပ်လုပ်နေတဲ့ အညတရ ဇီဝဗေဒပညာရှင် လူငယ်လေး တစ်ယောက်၊ ခရစ်ခ်ကတော့ DNA တည်ဆောာက်ပုံကို ရှာဖွေဖော်ထုတ်နိုင်ခဲ့လို့ ကမ္ဘာကျော်နေပြီ။ အစတုန်းကတော့ စာတိုက်ကတစ်ဆင့် စာတမ်းဖတ်ခွင့် တောင်းတာမျိုးလောက်ပဲ ခပ်စိမ်းစိမ်းနဲ့ ယဉ်ယဉ်ကျေးကျေး အကမ်းအလှမ်းရှိခဲ့တာ — ဝုစ်က ခရစ်ခ်ရဲ့ ကုဒ်ဖော်ခြင်းဆိုင်ရာ စာတမ်းမိတ္တူကို တောင်းပြီး ခရစ်ခ်ကလဲ ပို့ပေးခဲ့တာမျိုးပေါ့။ ဒါပေမဲ့ ၁၉၆၉ အရောက်မှာ ပုဂ္ဂိုလ်ရေးအရ ပိုခင်မင်လာကြပြီး အကူအညီ ခပ်ကြီးကြီးတွေ တောင်းနိုင်လောက်အောင် ရင်းနှီးနေကြပါပြီ။ ဝုက စာထဲမှာ “ချစ်ခင်ရပါသော ဖရန်စစ်” လို့ အစပျိုးပြီး “ကျွန်တော့်အတွက် သိပ်အရေးကြီးပြီး နောက်ပြန်လှည့်မရနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချဖို့ ပြင်ဆင်နေတယ်” လို့ ရေးပါတယ်။ ပြီးတော့ ခရစ်ခ်ရဲ့ အကြံဉာဏ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဝန်းရံပေးရင် သိပ်ကို ကျေးဇူးတင်မိမှာလို့လဲ ဖြည့်စွက်ရေးသားခဲ့တာပါ။

ဝုစ်တစ်ယောက် ခရစ်ခ်ဆီ ဖွင့်ဟခဲ့တဲ့ သူ့ရည်မှန်းချက်က အရိုးရှင်းဆုံး ဆဲလ်တွေ — အဏုဇီဝဗေဒပညာရှင်တွေအခေါ် ပရိုကာယုတ် (Prokaryotes) ဆိုတဲ့ ဘက်တီးရီးယားတွေရဲ့ မူလအစကို ဖော်ထုတ်ဖို့ပါပဲ။ အဲတုန်းက သက်ရှိလောကကို ပရိုကာယုတ်နဲ့ ယူကာယုတ် (Eukaryotes) ဆိုပြီး အုပ်စုကြီးနှစ်ခုပဲ ခွဲထားတာပါ။ ဗိုင်းရပ်စ်တွေ ဖယ်လိုက်ရင် ကျန်တဲ့ ဆဲလ်နဲ့ဖွဲ့စည်းထားသမျှ သက်ရှိအားလုံးကို ဒီနှစ်မျိုးထဲက တစ်မျိုးအဖြစ် သတ်မှတ်ကြတာပေါ့။ ပရိုကာယုတ် (ဂရိဘာသာအရ pro ဆိုတာ ‘မတိုင်ခင်’ နဲ့ karyon ကျ ‘ဝတ်စံ’) ဆိုတာက ဆဲလ်ဝတ်ဆံ (Nucleus) မပါတဲ့ ဆဲလ်တွေကို ခေါ်တာပါ။ ယူကာယုတ် (ဂရိဘာသာမှာ eu က ‘စစ်မှန်တည်ရှိ) ကတော့ ပိုရှုပ်ထွေးပြီး ဆဲလ်များများနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိတွေဖြစ်တဲ့ တိရစ္ဆာန်၊ အပင်၊ မှိုတွေအပြင် အမီးဘား (Amoebae) လို ဆဲလ်တစ်လုံးတည်းရှိတဲ့တိုင် ဆဲလ်ဝတ်ဆံပါတာတွေကို ရည်ညွှန်းတာပါ။ ကမ္ဘာပေါ်မှာ ပရိုကာယုတ်တွေက ယူကာယုတ်တွေထက် စောတည်ရှိခဲ့ပုံရပါတယ်။ ဘက်တီးရီးယားတွေဆို ဒီကနေ့အထိ ကမ္ဘာအနှံ့မှာ အောင်အောင်မြင်မြင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေသေးတဲ့တိုင် ၁၉၆၉ ခုနှစ်ဝန်းကျင်မှာ သူတို့ဟာ ရှေးအကျဆုံး သက်ရှိပုံစံတွေနဲ့ အနီးစပ်ဆုံးပဲလို့ ယူဆခဲ့ကြတာပါ။ ဝုစ် ခရစ်ခ်ကို ပြောတာက ဒီသက်ရှိတွေရဲ့ မူလအစကို နားလည်ဖို့ရာ လက်ရှိသိထားတဲ့ ဆင့်ကဲသမိုင်းကို နှစ်ပေါင်း တစ်ဘီလျံစာလောက် နောက်ပြန်ဆွဲကြည့်ဖို့ လိုလိမ့်မယ်၊ သက်ရှိဆဲလ်တွေအဖြစ် စပုံဖော်တည်ဆောက်နေချိန်၊ ဆဲလ်မတိုင်ခင် အဆင့်တစ်ခုခုဆီပေါ့။

အိုး၊ နှစ်ပေါင်းတစ်ဘီလျံစာပဲ နောက်ပြန်သွားမှာလား . . . ? ဝုစ်ဆိုသူက ရည်မှန်းချက်ကြီးကြီး တွေးတတ်သူ။ “တပ်အပ်ကြီးတော့ မဟုတ်ပေမဲ့ ဖြစ်နိုင်ခြေ ရှိပါတယ်”၊ “ဆဲလ်ထဲက အတွင်းပိုင်း ရုပ်ကြွင်းမှတ်တမ်း (Internal fossil record) သုံးပြီး ဒါကို ဖော်ထုတ်လို့ ရနိုင်တယ်” လို့ ဝုစ်က ခရစ်ခ်ကို ပြောခဲ့တယ်။ သူ ဆိုလိုချင်တာ တခြားမဟုတ်— DNA, RNA နဲ့ ပရိုတိန်းတွေထဲ အစီအရီ တန်းနေတဲ့ အခြေခံယူနစ်လေးတွေ၊ မဟုတ်လဲ ရှည်လျားလျား မော်လီကျူးတွေထဲ ကျန်ခဲ့တဲ့ သက်သေတွေပေါ့။ မတူညီတဲ့ သက်ရှိတွေဆီမှာ တွေ့ရတဲ့ မော်လီကျူးအမျိုးတစ်ခုတည်းရဲ့ ကွဲပြားချက်ကို နှိုင်းယှဉ်ကြည့်လိုက်ရင် ဒီမော်လီကျူးတွေဟာ ဘယ်လို ရှေးဦးမော်လီကျူးစဉ်တွေကနေ လမ်းခွဲထွက်လာသလဲ သူ ကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်။ အဲလို ရှေးဦးဘိုးဘေးပုံစံတွေကတစ်ဆင့် သက်ရှိတွေဟာ ဟိုးပဝေသဏီတုန်းက ဘယ်လို ဆင့်ကဲပြောင်းလဲလာခဲ့သလဲဆိုတာ နားလည်နိုင်ဖို့ ဝုစ် မျှော်လင့်ခဲ့တာပဲ။ “မော်လီကျူးဆိုင်ရာ ဇာစ်မြစ်လေ့လာရေး (molecular phylogenetics)” ဆိုတဲ့ စကားလုံးကို တိုက်ရိုက်မသုံးပေမဲ့ အဲအကြောင်းကိုပဲ ပြောနေခဲ့တာ ဖြစ်ပြီး ဒီနည်းနဲ့ အနည်းဆုံး နှစ်ပေါင်း သုံးဘီလျံလောက်ထိ နောက်ကြောင်းပြန်ကြည့်နိုင်ဖို့ သူ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်မော်လီကျူးက ဒီအကြောင်းတွေ ဖွင့်ဟပြောပြနိုင်မလဲ။ ဘယ်အရာက အကောင်းဆုံး အတွင်းပိုင်း ရုပ်ကြွင်းမှတ်တမ်း ဖြစ်မလဲ။ အင်္ဂလန်က နှိမ်နှိမ်ချချနေပြီး အမြော်အမြင်ကြီးသူ ဇီဝဓာတုပညာရှင် ဖရက်ဒရစ် ဆန်ဂါ (Frederick Sanger) ဟာ နွားကရတဲ့ အင်ဆူလင်ရဲ့ အမိုင်အိုအက်ဆစ်စဉ်တန်းကို ဖော်ထုတ်ပြခဲ့ဖူးတယ်။ အင်ဆူလင်ဆိုတာ တိရစ္ဆာန်တွေနဲ့ တခြားယူကာယုတ်တွေမှာ အတော်ရှေးကျတဲ့ မော်လီကျူးအမျိုးအစား ဖြစ်ပေမဲ့ ဝုစ်လိုချင်တဲ့ အတိတ်ကာလ ခပ်ဝေးဝေးထိတော့ အလှမ်းမမီပါဘူး။ တခြားသိပ္ပံပညာရှင်တွေကလဲ သက်ရှိမျိုးစုံနဲ့ ဆဲလ်ဖြစ်စဉ်မှာ အရေးပါတဲ့ ‘ဆိုက်တိုခရုမ်း စီ’ (cytochrome c) ခေါ် ပရိုတိန်းတစ်မျိုးကို ဖော်ထုတ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ဒါတွေကလဲ ဝုစ်ကို အားမရစေခဲ့ပါဘူး။ သူက ဒီ့ထက်ပို အခြေခံကျပြီး သက်ရှိအားလုံးနဲ့ ဆိုင်တဲ့ အရာမျိုးကို ရှာနေတာ။ သက်ရှိတွေရဲ့ အစဦးဆုံး (မဟုတ်တောင် အစနဲ့ အနီးစပ်ဆုံး) အချိန်ကာလထိ နောက်ကြောင်းပြန်လိုက်လို့ရမဲ့ အရာမျိုးကိုပဲ သူ တောင့်တနေခဲ့တာ ဖြစ်ပါတယ်။

“ဒီကိစ္စမှာ လေ့လာဖို့ အသင့်တော်ဆုံး မော်လီကျူးတွေက ဘာသာပြန်စနစ် (translation apparatus) ထဲက အစိတ်အပိုင်းတွေပဲ” ခရစ်ခ်ကို ပြောတယ်။ “ဒီ့ထက် ပိုရှေးကျတဲ့ မျိုးရိုးစဉ်ဆက် ဘယ်မှာ ရှိနိုင်အုံးမှာလဲ”။ ဝုစ်ပြောတဲ့ ‘ဘာသာပြန်စနစ်’ ဆိုတာ DNA ထဲက အချက်အလက်တွေကို ပရိုတိန်းအဖြစ် ပြောင်းလဲပေးတဲ့ ကုဒ်ဖော်ယန္တရားကို ဆိုလိုတာပါ။ ၁၉၅၈ ခုနှစ်က ‘ပရိုတိန်း ထုတ်လုပ်ခြင်း’ စာတမ်းမှာ ခရစ်ခ်ကိုယ်တိုင် စမ်းတဝါးဝါးနဲ့ အဖြေရှာဖို့ စူးစမ်းခဲ့တဲ့ စနစ်ပါပဲ။ အဲအကြောင်း နှိုက်ချွတ်ရင်းနဲ့ပဲ ဝုစ်ဟာ သူ စခဲ့တဲ့နေရာကို ပြန်ရောက်သွားပြန်တယ် — မျိုးဗီဇကုဒ်တွေကိုယ်တိုင်က ဘယ်လိုများ ဆင့်ကဲပြောင်းလဲလာသလဲ။ ခရစ်ခ်ရဲ့ ပရိုတိန်းစာတမ်း ထွက်အပြီး ၁၁ နှစ်အကြာမှာတော့ ဒီစနစ်အကြောင်း အရင်ကထက် ပိုနားလည်လာကြပါပြီ။

ဝုစ်စိတ်ထဲက အစိတ်အပိုင်းတွေဆိုတာ ဆဲလ်နဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိပုံစံတိုင်းမှာ တွေ့ရတတ်တဲ့ မော်လီကျူးယန္တရားတစ်ရပ်ရဲ့ သေးသေးမွှားမွှား အစအနတွေပါ။ ရိုင်ဘိုဆုမ်း (Ribosome) လို့ ခေါ်ပါတယ်။ ဆဲလ်တိုင်းလိုလိုမှာ ရိုင်ဘိုဆုမ်းတွေဟာ ဟင်းရည်အိုးထဲက ငရုတ်ကောင်းမှုန့်လေးတွေလို အမြောက်အမြား ပြန့်ကျဲပါဝင်နေကြတာ။ သူတို့က မျိုးဗီဇအချက်အလက်တွေကို ပရိုတိန်းအဖြစ် ပြောင်းပေးဖို့ရာ တစ်ချိန်လုံး အလုပ်ရှုပ်နေတတ်ကြပါတယ်။ ဥပမာ၊ သွေးထဲမှာ အောက်ဆီဂျင်သယ်ပေးတဲ့ အရေးကြီးပရိုတိန်း ဟေမိုဂလိုဘင်တွေဆို သူတို့ကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ ညွှန်ကြားချက်ပုံစံတွေ DNA ထဲ ကုဒ်အဖြစ် ရေးမှတ်ထားပေမဲ့ တကယ့်လက်တွေ့မှာ ဟေမိုဂလိုဘင်တွေကို ဘယ်နေရာမှာ ထုတ်လုပ်နိုင်မလဲ။ အဖြေကတော့ ရိုင်ဘိုဆုမ်းတွေပေါ့။ ဒါကြောင့်ပဲ ရိုင်ဘိုဆုမ်းတွေဟာ ဝုစ်ခေါ်တဲ့ ဘာသာပြန်စနစ်ရဲ့ အဓိကအကျဆုံးအစိတ်အပိုင်းတွေ ဖြစ်နေရတာပဲ။

ခရစ်ခ်က သူ့စာတမ်းထဲ ‘ဘာသာပြန်စနစ်’ ဆိုတဲ့ ဝေါဟာရကို မသုံးခဲ့ဘူး။ ‘ရိုင်ဘိုဆုမ်း’ လို့တောင် မရေးခဲ့။ သို့သော် အဲအချိန်က သူတို့ရဲ့ နာမည်ဟောင်းဖြစ်တဲ့ ‘မိုက်ခရိုအရွယ် အမှုန်တွေ’ ဆိုတဲ့ နာမည်နဲ့တော့ ခပ်ဝါးဝါးလေး ထည့်ပြောခဲ့ဖူးပါတယ်။ အဲအမှုန်လေးတွေကို ၁၉၅၆ ခုနှစ်တုန်းက ရိုမေးနီးယား ဆဲလ်ဗေဒပညာရှင်တစ်ဦးက အီလက်ထရွန်မိုက်ခရိုစကုပ် သုံးရင်း ရှာတွေ့ခဲ့တာပါ။ အစတုန်းကတော့ ဒါတွေ ဘာလုပ်သလဲ ဘယ်သူမှ တပ်အပ်မသိကြဘူး။ နောက်ပိုင်းရောက်မှ ဒါတွေက ပရိုတိန်းထုတ်လုပ်တဲ့ နေရာတွေပဲဆိုတာ သိလာကြတာပေါ့။ ဒါပေမဲ့ မေးခွန်းတစ်ခုတော့ ကျန်နေဆဲပဲ — ‘ဘယ်လိုများ ထုတ်သလဲ’။ သုတေသီတချို့ကတော့ ရိုင်ဘိုဆုမ်းတွေထဲမှာတင် ပရိုတိန်းထုတ်ဖို့ရာ လိုအပ်တဲ့ နည်းလမ်းတွေ ပုံသေပါဝင်ပြီးသားကိုမှ အလိုအလျောက်ဖြစ်စဉ်တစ်ခုလို ထုတ်ပေးနေတာ ဖြစ်နိုင်တယ်လို့ တွေးခဲ့ကြတာပါ။ ဒါပေမဲ့ ဒီအယူအဆက ၁၉၆၀ အရောက်မှာ ကိန်းဘရစ်ချ်တက္ကသိုလ်ရဲ့ တက်တက်ကြွကြွရှိလှတဲ့ ဆွေးနွေးပွဲတစ်ခုထဲ ခရစ်ခ်ရဲ့ ထက်မြက်လှတဲ့ လုပ်ဖော်ကိုင်ဖက် ဆစ်ဒ်နေ ဘရန်နာ (Sydney Brenner) တစ်ယောက် ဉာဏ်အလင်းပွင့်သလို ပိုကောင်းတဲ့ အယူအဆတစ်ရပ်ကို ရုတ်တရက်စဉ်းစားမိသွားချိန်မှာ ပျက်ပြက်သွားရတော့တယ်။ မတ်တ် ရစ်ဒ်လေက (Matt Ridley) က ခရစ်ခ်ရဲ့ အတ္ထုပ္ပတ္တိထဲမှာ ဒီအခိုက်အတန့်ကို အခုလို ပြန်ပြောင်းရေးသားခဲ့ပါတယ် —

ရုတ်တရက်ကြီး ဘရန်နာက ဝမ်းပန်းတသာ ထအော်လိုက်တယ်။ ပြီးတော့ စကားတွေ တရစပ်ပြောတော့တာပဲ။ ခရစ်ခ်ကလဲ သူ့လောက်နှုန်းနဲ့ ပြန်ပြောတယ်။ အခန်းထဲက တခြားသူတွေအကုန်လုံး သူတို့ကို မင်သက်တကြီး ငေးကြည့်နေကြတာပေါ့။ ဘရန်နာတစ်ယောက် အဖြေ ရှာတွေ့သွားပြီဆိုတာ ခရစ်ခ် တမဟုတ်ချင်း ရိပ်စားမိသွားခဲ့တယ်။ ရိုင်ဘိုဆုမ်းက ပရိုတိန်းတွေ ထုတ်ဖို့ လိုအပ်တဲ့ နည်းစနစ်တွေကို သူ့ထဲ သိမ်းထားတာ မဟုတ်ဘဲ သူက ‘တိတ်ခွေဖတ်စက်’ တစ်ခုလို အလုပ်လုပ်တာ ဖြစ်နေတယ်။ သူ့ဆီကို မက်စင်ဂျာ RNA လို့ခေါ်တဲ့ တိတ်ခွေအမှန်ကိုသာ ထည့်ပေးလိုက်မယ်ဆိုရင် ဘယ်လိုပရိုတိန်းကိုမဆို ထုတ်ပေးနိုင်တာပဲ။

အဲတုန်းက ဒီနေ့ခေတ်လို ဒစ်ဂျစ်တယ်စနစ်တွေ မပေါ်သေးတာမို့ အသံတွေကို သံလိုက်တိတ်ခွေတွေနဲ့ပဲ ဖမ်းယူရတာကိုး။ ဘရန်နာ့ တင်စားချက်ထဲက ‘တိတ်ခွေ’ ဆိုတာ RNA အမျှင်တန်းတွေကို ဆိုလိုတာပါ။ ပိုတိတိကျကျပြောရရင် မက်စင်ဂျာ RNA (Messenger RNA) ပေါ့ — သူက ဆဲလ်ထဲက DNA မျိုးဗီဇအချက်အလက်တွေကို ရိုင်ဘိုဆုမ်းဆီ သယ်ပေးတဲ့အလုပ် လုပ်ပါတယ်။ ရိုင်ဘိုဆုမ်းတစ်ခုမှာ အင်္ဂါနုပ်ငယ် (Subunits) နှစ်ခု ပါဝင်ပါတယ် — အကြီးတစ်ပိုင်းနဲ့ အသေးတစ်ပိုင်းပေါ့၊ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု အံကျကျပေါင်းစပ်နေပြီး အရေးကြီးအလုပ်တွေ ပေါင်းလုပ်ကြတယ်။ အပိုင်းသေးလေးက RNA ထဲက အချက်အလက်တွေကို ဖတ်တယ်၊ အပိုင်းကြီးကတော့ အဲဒီအချက်အလက်တွေကို အခြေခံပြီး သင့်တော်တဲ့ အမိုင်နိုအက်ဆစ်တွေကို တစ်ခုချင်းစီ ချိတ်ဆက်ရင်း ပရိုတိန်း တည်ဆောက်တာပေါ့။ ဒီ ရိုင်ဘိုဆုမ်းတွေ၊ မက်ဆင်ဂျာ RNA တွေနဲ့ တခြားအစိတ်အပိုင်းနည်းနည်းငယ်ကို ပေါင်းပြီး ဝုစ်က ‘ဘာသာပြန်စနစ်’ လို့ သမုတ်ခဲ့တာပါ။ ၁၉၆၉ ခုနှစ်၊ ဝုစ်တစ်ယောက် ခရစ်ခ်ဆီ စာရေးနေချိန်မှာတော့ ဒီအစိတ်အပိုင်းတွေရဲ့ အရေးပါလှတဲ့ အခန်းကဏ္ဍကို သိပ္ပံလောကက ကောင်းကောင်းနားလည်နေပါပြီ။

သက်ရှိဆဲလ်မှန်သမျှ . . . ဘက်တီးရီးယားတွေ၊ ကျွန်တော်တို့ကိုယ်ထဲက ဆဲလ်တွေ၊ အပင်တွေ၊ မှိုတွေနဲ့ တခြား ဆဲလ်နဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိမှန်သမျှရဲ့ ဆဲလ်တိုင်းမှာ ရိုင်ဘိုဆုမ်းတွေ အများကြီး ရှိပါတယ်။ သူတို့က တပ်ဆင်ထုတ်လုပ်ရေးယန္တရားလေးတွေလို အလုပ်လုပ်ကြတာ — မျိုးဗီဇအချက်အလက်တွေရယ် ကုန်ကြမ်းဖြစ်တဲ့ အမိုင်နိုအက်ဆစ်တွေရယ် ယူပြီး ပရိုတိန်းဆိုတဲ့ ပိုကြီးတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို ထုတ်လုပ်ပေးတာပေါ့။ ခပ်ရှင်းရှင်းပြောရရင် ရိုင်ဘိုဆုမ်းတွေဟာ မျိုးဗီဇကုဒ်တွေကို သက်ရှိဖြစ်တည်မှုအဖြစ် ပြောင်းလဲပေးပါတယ်။ သူတို့ထုတ်လိုက်တဲ့ ပရိုတိန်းတွေက သုံးဘက်မြင် (3D) မော်လီကျူးတွေ ဖြစ်နေတာကြောင့် ဘရန်နာရဲ့ တိတ်ခွေဖတ်စက် ဥပမာထက်စာရင် ဒီဘက်ခေတ်မှာတော့ ရိုင်ဘိုဆုမ်းကို ‘3D ပရင့်တာ’ လို့ တင်စားတာက ပိုဆီလျော်လိမ့်မယ်။

ရိုင်ဘိုဆုမ်းတွေဟာ ဆဲလ်တွင်းမှာ ရှိသမျှ အင်္ဂါနုပ်တွေထဲ အသေးတကာ့အသေးဆုံး စာရင်းဝင်ပါတယ်။ ဒါပေမဲ့အရေအတွက်များပြီး အကျိုးသက်ရောက်မှု ကြီးမားပုံက အဲဒီအရွယ်ငယ်မှုကို ကောင်းကောင်းချေလိုက်နိုင်တာပဲ။ နို့တိုက်သတ္တဝါ ဆဲလ်တစ်လုံးတည်းမှာတောင် ရိုင်ဘိုဆုမ်းပေါင်း ၁၀ သန်းလောက်ထိ ရှိနိုင်ပြီး အီကိုလိုင် (E. Coli) လို့ လူသိများတဲ့ ဘက်တီးရီးယားဆဲလ်ထဲဆို သောင်းဂဏန်း ရှိပါတယ်။ ရိုင်ဘိုဆုမ်းတစ်ခုစီက တစ်မိနစ်ကို အမိုင်နိုအက်ဆစ် အလုံးရေ ၂၀၀ နှုန်းနဲ့ ပရိုတိန်းတွေ ထုတ်ပေးနေတာ ဖြစ်ပြီး ဒါတွေအားလုံးကိုလဲ ဆဲလ်ထဲမှာ စည်းချက်ကျကျ ပူးပေါင်းတည်ဆောက်နေတာပါ။ ဒီလုပ်ဆောင်ချက်က သက်ရှိအားလုံးရဲ့ အခြေခံအကျဆုံး ဖြစ်စဉ်မို့ သက်ရှိပုံစံတိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဘီလျံလောက်ကတည်းက စဖြစ်ပျက်နေခဲ့တာလို့ ယူဆနိုင်ပါတယ်။ ၁၉၆၉ ခုနှစ်ဝန်းကျင်မှာ ရိုင်ဘိုဆုမ်းတွေရဲ့ ဒီလိုရှေးကျပြီး သက်ရှိအားလုံးနဲ့ စပ်ဆိုင်တဲ့ အခန်းကဏ္ဍ ဘယ်လောက်ထိ အရေးပါသလဲဆိုတာ ကားလ် ဝုစ်လောက် စူးစူးရှရှ မြင်သူ သိပ်မရှိပါဘူး။ ဒီအမှုန်လေးတွေ၊ မဟုတ်လဲ သူတို့ထဲက မော်လီကျူးတွေမှာ ကမ္ဘာဦးအစမှာ သက်ရှိတွေ ဘယ်လိုပေါ်ပေါက်လာသလဲ၊ ဘယ်လို စုံလင်ကွဲပြားလာသလဲဆိုတာအတွက် အရေးကြီးတဲ့ သက်သေတွေ သိုလှောင်ထားမယ်လို့ ဝုစ်က ယူဆခဲ့တာပေါ့။

အဲဒီအစောပိုင်းကာလမှာတင် ဝုစ် နောက်ထပ်ထိုးထွင်းသဘောပေါက်သွားတဲ့ တစ်ချက်က ရိုင်ဘိုဆုမ်းတွေရဲ့ အစိတ်အပိုင်းဖြစ်တဲ့ “ဖွဲ့စည်းပုံဆိုင်ရာ RNA” (structural RNA) ကို ဇောင်းပေးအာရုံစိုက်လိုက်တာပါပဲ။ ပုံမှန်က RNA လို့ ပြောရင် ရှေ့မှာပြောခဲ့တဲ့ DNA လို ကြောင်လှိမ်လှေကားပုံ အမျှင်တန်း ၂ ခု မဟုတ်ဘဲ တစ်မျှင်တည်းနဲ့ မျိုးဗီဇညွှန်ကြားချက်တွေကို ရိုင်ဘိုဆုမ်းဆီ သယ်ပေးတဲ့ ‘မက်ဆင်ဂျာ’ အဖြစ်ပဲ မြင်တတ်ကြပါတယ်။ သူက ဆဲလ်ထဲ ဟိုဟိုဒီဒီ ကူးလူးသွားလာတတ်သလို အချိန်ကာလအားဖြင့်လဲ ခေတ္တခဏပဲ ရှိနေပြီး အသုံးပြုပြီးရင် ဖယ်ထုတ်ခံရတာမျိုးပေါ့။ ဒါပေမဲ့ အဲဒါက RNA တွေထဲက တစ်မျိုးဖြစ်တဲ့ မက်စင်ဂျာ RNA သက်သက်ပဲ။ တကယ်က အဲထက်ပိုသေးတယ်။ RNA တွေဟာ မျိုးဗီဇတွေ ကူးယူပေးပို့ရုံတင် မက၊ ဖွဲ့စည်းပုံတွေမှာလဲ အခြေခံအစိတ်အပိုင်းအဖြစ် စွမ်းဆောင်နိုင်တာပါ။ ဥပမာ၊ ရိုင်ဘိုဆုမ်းတွေဆိုရင် ဖွဲ့စည်းပုံဆိုင်ရာ RNA မော်လီကျူးတွေ၊ ပရိုတိန်းတွေနဲ့ ဖက်စပ်ဖွဲ့စည်းထားပါတယ်။ အက်စ်ပရက်ဆို ကော်ဖီဖျော်စက်ကို စတီးလ်ရော ပလတ်စတစ်နဲ့ပါ တွဲဖက်လုပ်ထားသလိုပေါ့။ “ဒီယန္တရားထဲမှာပါတဲ့ RNA အစိတ်အပိုင်းတွေက (ပရိုတင်း အစိတ်အပိုင်း အများစုထက်စာရင်) ပိုပြီး အလားအလာကောင်းတယ်လို့ ကျွန်တော် ခံစားရတယ်” လို့ ဝုစ်က ခရစ်ခ်ဆီ ရေးတဲ့စာမှာ ဖွင့်ဟခဲ့ပါတယ်။ သိပ်ရှေးကျပြီး အချိန်ဘယ်လောက်ကြာကြာ ပြောင်းလဲမှု မရှိဘဲ မူလအတိုင်း တည်ရှိနေတဲ့ ဒီ RNA အစိတ်အပိုင်းတွေဟာ ရှေးဟောင်းသမိုင်းကြောင်းကို နက်နက်ရှိုင်းရှိုင်း တူးဆွရာမှာ ပိုမှီခိုအားထားချင်စရာကောင်းနေတာပဲ။

ဝုစ်က RNA ရဲ့ လျှို့ဝှက်ချက်ကို မြင်ခဲ့တယ် — ဒီကောင်ဟာ မော်လီကျူးတစ်ခုတည်း မဟုတ်၊ အစွမ်းမျိုးစုံရှိပြီး ရှုပ်ထွေးနက်နဲပေမဲ့ လူတွေ သိပ်အာရုံထားလေ့မရှိတဲ့ မော်လီကျူး မိသားစုကြီးတစ်ခုပဲ။ ဒီမိသားစုက သူတို့ရဲ့ နာမည်ကျော်အဖော် DNA ထက်တောင် ပိုစိတ်ဝင်စားဖို့ကောင်းသလို ပိုပြီးလဲ သက်သက်ဝင်ဝင် ရှိတယ်။ ဒီနေရာက စလို့ အဲဒီ RNA မိသားစုဟာ ဇာတ်လမ်းထဲ ဝင်ချလာပြီး အဓိကဇာတ်လိုက်နေရာကနေ ကပြဖျော်ဖြေတော့တာပေါ့။ ဝုစ်ကတော့ ဒီရိုင်ဘိုဆုမ်း RNA (ribosomal RNA) ကိုပဲ အနှိုင်းမဲ့ မော်လီကျူး ရုပ်ကြွင်းမှတ်တမ်းအဖြစ် အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

“တစ်ကိုယ်ရည် အယူအဆအရ ကျွန်တော် လုပ်ဖို့ ရည်ရွယ်ထားတဲ့ သိပ္ပံဟာ သေသပ်လှပဖို့ မရှိဘူး” လို့ သူ ခရစ်ခ်ကို ဖွင့်ဟခဲ့တယ်။ သိပ္ပံပညာမှာ သေသပ်လှပတယ်ဆိုတာ မေးခွန်းတစ်ခုအတွက် လိုအပ်တဲ့ဒေတာ အနည်းဆုံးကိုပဲ သုံးပြီး အဖြေထုတ်နိုင်တာကို ဆိုလိုတာပါ။ သူ့ရဲ့ ချဉ်းကပ်ပုံက အဲလိုမဟုတ် — ပင်ပန်းမယ်၊ အချိန်ယူ လုပ်ရမယ်။ ရိုင်ဘိုဆုမ်း RNA ရဲ့ အစိတ်အပိုင်းတချို့ ဖတ်နိုင်ဖို့တောင် ဓာတ်ခွဲခန်းအကြီးကြီးတစ်ခု ပြင်ရလိမ့်မယ်၊ အဲခေတ်တုန်းကတော့ ဒါက တကယ်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပေါ့။ (DNA၊ RNA နဲ့ ပရိုတိန်းတွေလိုမျိုး ရှည်လျားတဲ့ မော်လီကျူးကြီးတွေရဲ့ စဉ်တန်းကို ဖော်ထုတ်တဲ့အလုပ် – sequencing – ဟာ ဒီဘက်ခေတ်မှာတော့ အလိုအလျောက်စနစ်တွေနဲ့ လွယ်လင့်တကူ လုပ်လို့ ရနေပါပြီ။ ၁၉၇၀ ပြည့်လွန်နှစ်တွေရဲ့ အစောပိုင်းမှာ ဝုစ်နဲ့ သူ့ဓာတ်ခွဲခန်းအဖွဲ့သားတွေ လပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ခဲ့ရတဲ့ အလုပ်မျိုးကို အခုချိန်မှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ဈေးကြီးတဲ့ စက်တွေ သုံးပြီး တစ်နေ့လယ်တည်းနဲ့ ပြီးအောင် လုပ်နိုင်နေပါတယ်။ ဒါကြောင့် ဝုစ် ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲက မှန်းဆကြည့်ဖို့တောင် ခဲယဉ်းတာမျိုးပါ။) ၁၉၆၉ ခုနှစ်တုန်းကတော့ ဝုစ် ဒီမော်လီကျူးစဉ်တန်းကြီးတစ်ခုလုံးကို ဖော်ထုတ်ဖို့ မမျှော်လင့်နိုင်ရှာပါဘူး။ မျိုးဗီဇတစ်လုံးဆို ဝေလာဝေးပေါ့။ သူ မျှော်လင့်တာက ရိုင်ဘိုဆုမ်း RNA မော်လီကျူး အပိုင်းအစလေးတွေကို ကြည့်ပြီး ရနိုင်တဲ့ အချက်အလက်နည်းနည်းစီကို ဖော်ထုတ်နိုင်ဖို့ပါ။ အဲဒီလောက်လေး သိဖို့တောင် အချိန်တွေ၊ အင်အားတွေ အများကြီးရင်းပြီး ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ လုပ်ရမှာ ဖြစ်ပါတယ်။ သူက တတ်နိုင်သမျှ သက်ရှိမျိုးစိတ် တစ်ခုနဲ့တစ်ခုကြားက မော်လီကျူးစဉ်တန်းတွေကို ဖော်ထုတ်မယ်၊ ပြီးရင် အဲဒါတွေကို နှိုင်းယှဉ်မယ်။ အဲဒီကမှ တစ်ဆင့် သက်ရှိတွေရဲ့ အစောဆုံးပုံစံတွေနဲ့ ဖြစ်တည်မှုတွေဆီ နောက်ကြောင်းပြန်လိုက်မယ်လို့ စီစဉ်ခဲ့တာပဲ။ ဒီရိုင်ဘိုဆုမ်း RNA ဟာ ဆင့်ကဲသမိုင်းအစောပိုင်းဆီ သွားဖို့ရာ သူ့ရဲ့ ပင်မတံခါး ဖြစ်လာခဲ့ပါပြီ။

ရိုင်ဘိုဆုမ်း ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်တာ – မက်စင်ဂျာ RNA ကို ပရိုတိန်းအဖြစ် ဘာသာပြန်ထုတ်နေပုံ

ပထမဆုံးခြေလှမ်းကတော့ ဓာတ်ခွဲခန်းကို အသင့်ဖြစ်အောင် ပြင်ဆင်ဖို့ပါပဲ။ ဒါပေမဲ့ သူက စီမံခန့်ခွဲမှုအပိုင်းမှာ သိပ်မကျွမ်းတာကြောင့် ဒီအလုပ်က အတော်လက်ဝင်လိမ့်မယ်လို့ ခရစ်ခ်ကို သူ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေ၊ ရန်ပုံငွေတွေနဲ့ စီမံခန့်ခွဲမှုတွေအပြင် နောက်ထပ် မရှိမဖြစ် လိုအပ်တာတစ်ခု ရှိသေးတယ်လို့ ဝုစ် တွေးမိပြန်တယ်။ “ဒီနေရာမှာ ခင်ဗျားရဲ့ အကြံဉာဏ်နဲ့ အကူအညီကို ကျွန်တော် အထူးလိုနေတယ်” လို့ ခရစ်ခ်ကို သူ ပြောတယ်။ သူဟာ ဖရက်ဒရစ် ဆန်ဂါ (Fred Sanger) ရဲ့ ဓာတ်ခွဲခန်းက ထွက်ပြီး သူ့ရဲ့ ပညာရပ်ဆိုင်ရာ အရည်အချင်းစံနှုန်းတွေကို ပြည့်မီဖြည့်ဆည်းပေးနိုင်မဲ့ ထက်ထက်မြက်မြက် တက်တက်ကြွကြွ လူငယ်တစ်ယောက် လိုချင်နေတာ။ ဆိုလိုတာက ဝုစ်ဟာ ဒီ စဉ်တန်းဖော်ထုတ်တဲ့ စီမံကိန်းကြီးအတွက် ဒီအလုပ် ဘယ်လိုလုပ်ရသလဲ သေချာသိကျွမ်းနားလည်တဲ့ အကူတစ်ယောက် လိုနေခဲ့တာမျိုး။

အခန်း ၂၊ အပိုင်း ၄
ပြီးပါပြီ

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.