၂၁ ရာစုမှာ လူသားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲ နျူကလီးယားစစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲတွေအပြင် လူဦးရေကျုံ့ခြင်း ဆိုတဲ့ လူဦးရေကျဆင်းတဲ့ ပြဿနာလဲ အပါအဝင်ပါ။ ဟိုးအရင် ဆယ်စုနှစ်တွေတုန်းက စက်မှုတော်လှန်ရေးရဲ့ အကျိုးဆက်အဖြစ် စီးပွားရေးပြေလည်တာကြောင့် လူဦးရေက နှစ်ထပ်ကိန်းနှုန်း (Exponential Rate) နဲ့ တိုးနေခဲ့တာမို့ ပညာရှင်တွေဟာ တစ်ချိန်မှာ လူဦးရေပေါက်ကွဲမှု (Population Explosion) ဖြစ်မယ်ဆိုပြီး ဟောကိန်းထုတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာကြီး ကြုံတွေ့နေရတာက ပညာရှင်တွေရဲ့ ဟောကိန်းနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကမ္ဘာ့လူဦးရေအလားအလာ – UN World Population Prospects (၂၀၂၄) ပါ ခန့်မှန်းချက်အရ ကမ္ဘာ့လူဦးရေက ၂၀၈၀ နှစ်လယ်ပိုင်းဆိုရင် ၁၀.၃ ဘီလီယံနဲ့ အထွတ်အထိပ်အမှတ် (Peak Point) ရောက်မှာပါ။ အဲဒီနောက်ပိုင်း တဖြည်းဖြည်း ပြန်ကျသွားပြီး ၂၁၀၀ ပြည့်နှစ် ရောက်တဲ့အခါ လူဦးရေ ၁၀.၂ ဘီလီယံပဲ ကျန်နိုင်တယ်လို့ တွက်ချက်ဖော်ပြထားပါတယ်။ လူဦးရေကျဆင်းတဲ့ကိစ္စက စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ သက်ရောက်မှု ကြီးကြီးမားမားရှိနိုင်ကြောင်းလဲ လူမှုသိပ္ပံပညာရှင်တွေ သုံးသပ်ကြပါသေးတယ်။
လူဦးရေကျဆင်းမှုဆိုတာ . . .
နိုင်ငံတစ်နိုင်ငံရဲ့ လူဦးရေကို ငြိမ်အောင်ထိန်းထားဖို့ အစားထိုးနှုန်း (Replacement Rate) က ၂.၁ ရှိရပါမယ်။ ၂.၁ ထားရတာက မိဘ ၂ ယောက်နေရာမှာ ကလေး ၂ ယောက်အစားထိုးတာ ဖြစ်ပြီး ကျန်တဲ့ ၀.၁ ကတော့ အရွယ်မတိုင်ခင် သေဆုံးသွားတဲ့ ကလေးတွေနေရာမှာ အစားထိုးဖို့ပါ။ အစားထိုးနှုန်းက ၂.၁ ရှိနေရင် တိုင်းပြည်လူဦးရေ တည်ငြိမ်နေမှာဖြစ်ပြီး၊ ကျော်ရင်တော့ လူဦးရေတိုးပါတယ်။ ၂.၁ အောက် လျော့ရင်တော့ လူဦးရေ ကျဆင်းတာပါ။
၁၉၆၀ အလွန် အစောပိုင်းနှစ်တွေကစလို့ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လူဦးရေတိုးနှုန်း ထိုးကျနေခဲ့တာ ကြာပါပြီ။ အဲဒီထဲကမှ အခြေအနေအဆိုးဆုံးနဲ့ ပညာရှင်တွေက နောက်ပြန်လှည့်လို့ မရတော့ဘူးလို့ သုံးသပ်ကြတာကတော့ တောင်ကိုရီးယားနိုင်ငံပါပဲ။ မွေးဖွားနှုန်း (Fertility Rate) က ၂၀၂၅ ခုနှစ်မှာ ၀.၈ ရှိပြီး၊ ၂၀၂၃ တုန်းက အနိမ့်ဆုံးအဆင့် ၀.၇၂ ထိကျသွားရာကနေ ပြန်တက်လာတာပါ။ မွေးဖွားနှုန်း ၀.၈ ဆိုတဲ့ အနေအထားကို ရှင်းပြရရင် လက်ရှိ တောင်ကိုရီးယားမှာ ကိုယ်ဝန်ဆောင်နိုင်တဲ့ အသက်အရွယ်ရှိ အမျိုးသမီး ၁ ယောက်က ကလေး ၀.၈ ယောက်ပဲ မွေးမှာပါ၊ ဒါဆို ၁ ယောက်တောင် မပြည့်ပါဘူး။ အမျိုးသမီး အယောက် ၁၀၀ ဆိုရင် ကလေး အယောက် ၈၀ ပဲ မွေးကြတော့မဲ့ အခြေအနေပါ။ ဒါပေမဲ့ ဖြစ်တန်စွမ်းအရတွက်ရင် ဒီအယောက် ၈၀ မှာတောင် ထက်ဝက် အယောက် ၄၀ ကပဲ အနာဂတ်ရဲ့ မိခင်လောင်း ဖြစ်လာမှာပါ။ အဲဒီလိုနဲ့ အမျိုးသမီး ၄၀ ကနေ ဒုတိယမျိုးဆက်မှာ အမျိုးသမီး ၁၆ ယောက်၊ တတိယမျိုးဆက် ရောက်တဲ့အခါမှာတော့ ၆ ယောက် . . . စသဖြင့် မိခင်လောင်းဦးရေ တဖြည်းဖြည်း လျော့နည်းသွားမှာမျိုး။ ဒီတော့ မျိုးဆက် ၃ ဆက်လောက်နဲ့တင် တောင်ကိုရီးယားရဲ့ အနာဂတ် မိခင်လောင်း ၉၄ ရာခိုင်နှုန်း ပျောက်ကွယ်သွားမဲ့ အခြေအနေ ရှိနေတာပေါ့။ ၂၀၂၃ တုန်းက တောင်ကိုရီးယားနိုင်ငံရဲ့ စုစုပေါင်းလူဦးရေက ၅၁,၇၁၂,၆၁၉ ဖြစ်ပြီး ဒါဟာ ၁၉၆၀ ခုနှစ်ရဲ့ လူဦးရေ ၂၅,၀၁၂,၃၇၄ ရဲ့ နှစ်ဆမက များပါတယ်။ ဒီလိုကြည့်ရင်တော့ လူဦးရေက ဘယ်မှာ နည်းသွားလို့လဲဆိုပြီး ထင်ချင်စရာပါ။ ဒါပေမဲ့ အလယ်ကိန်းအသက်အရွယ် (Median Age) ကို ကြည့်ရင်တော့ ၁၉၆၀ ခုနှစ်တုန်းက ၁၉ နှစ် ပါ — လူဦးရေရဲ့ တစ်ဝက်က ၁၉ နှစ်အောက် ဖြစ်ပြီး လူငယ်အင်အား တောင့်တင်းခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ အလယ်ကိန်း အသက်အရွယ်က ၄၄.၅ နှစ် — လူဦးရေရဲ့ တစ်ဝက်က ၄၄.၅ နှစ်အောက် ဖြစ်ပြီး နောက်တစ်ဝက်ကတော့ ၄၄.၅ နှစ် အထက် — မလို့ လူငယ်အရေအတွက်ကျဆင်းလာတာကို သိသိသာသာ မြင်နိုင်ပါတယ်။ လူငယ်ဦးရေ ကျဆင်းတာနဲ့အတူ မွေးဖွားနှုန်းကလဲ ကျလာပြီး နောင်တစ်ချိန် မွေးဖွားသူဦးရေထက် သေဆုံးသူ ဦးရေက များလာတဲ့အခါ လူဦးရေဟာ အရှိန်အဟုန်နဲ့ ထိုးဆင်းတဲ့အထိ အခြေဆိုက်သွားနိုင်တာပါပဲ။
ဒီအခြေအနေက တောင်ကိုရီးယားနိုင်ငံ တစ်ခုတည်းမှာ ထူးခြားပြီး ကွက်ဖြစ်နေတာတော့ မဟုတ်ပါဘူး။ တရုတ်မှာဆိုရင်လဲ ၁၉၅၉-၁၉၆၁ အငတ်ဘေးပြီးကတည်းက လူဦးရေ တိုးလာရာကနေ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် လူဦးရေကျုံ့ခြင်းနဲ့ ရင်ဆိုင်နေရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်က တရုတ်နိုင်ငံလူဦးရေ တစ်နှစ်ကို ၈ သန်းနှုန်း တိုးနေရာကနေ ၂၀၂၁ မှာ ၄ သိန်း ၈ သောင်းပဲ တိုးတော့တာပါ — မွေးဖွားနှုန်းက နှစ်စဉ် ကျဆင်းနေပါတယ်။ ကမ္ဘာ့ဘဏ် (World Bank) ရဲ့ အစီရင်ခံစာအရ ဂျပန်ဆိုရင်လဲ ၂၀၀၈-၂၀၁၀ ခုနှစ်တွေမှာ လူဦးရေ ၁၂၈ သန်းဝန်းကျင်နဲ့ အမြင့်ဆုံးရောက်ခဲ့ပြီး ၂၀၁၀ နောက်ပိုင်းမှာ ၁၄ နှစ်တိတိ လူဦးရေက တတိတိနဲ့ လျော့လာလိုက်တာ ၂၀၂၄ ရောက်တော့ ၁၂၃ သန်းပဲ ရှိပါတော့တယ်။
နောက်ကွယ်က လက်မည်းကြီးတွေ
၁) စီးပွားရေးပြဿနာ
မွေးဖွားနှုန်းကျရတဲ့ ပြဿနာအရင်းခံတွေထဲမှာ စီးပွားရေးပြဿနာက အဓိကပါပဲ။ ဂယ်ရီဘက်ကာ (Gary Becker) ရဲ့ သီအိုရီအရ “မိသားစုတွေက ဝင်ငွေတိုးလာတာနဲ့အတူ ကလေးယူတာ နည်းသွားလေ့ရှိကြတယ်” လို့ ဆိုပါတယ် — ကလေးတစ်ယောက်ကိုပဲ ရှိသမျှ ပုံအောပေးပြီး အကောင်းဆုံး ပျိုးထောင်ချင်ကြလို့ပါ။ ဒီနေ့ခေတ်မှာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ အတော်လေးကို မလွယ်တော့ပါဘူး။ အရင်းရှင်စနစ်မှာ အိမ်စရိတ်၊ ကျောင်းစရိတ်တွေ အစစအရာရာ စျေးကြီးတဲ့အပြင် အပြိုင်အဆိုင်တွေကလဲ များပါတယ်။ ကိုယ့်ရဲ့ ကလေးကို အတော်ဆုံး၊ အကောင်းဆုံး ဖြစ်စေချင်ကြတဲ့ မိဘတွေက ပုဂ္ဂလိကျောင်းတွေကို ထားချင်ကြတယ်၊၊ ကျောင်းချိန်ပြီးတာနဲ့ ကျောင်းပြင်ပ လှုပ်ရှားမှုတွေ – အင်္ဂလိပ်စာ၊ သင်္ချာ၊ ဂီတ၊ ပန်းချီ၊ အားကစား စသဖြင့် – လေ့လာရအောင် သင်တန်းတွေ ပို့ချင်ကြတယ်။ စုံတွဲတွေကလဲ ကလေးတစ်ယောက်ကို လူ့ဘဝထဲ ခေါ်သွင်းပြီး ဒီလိုအရာတွေ မပေးနိုင်မှာကို စိုးရိမ်ကြပြန်တယ်။ ဒီလိုနဲ့ပဲ ကလေးမယူတော့တာတွေ ဖြစ်လာရတာပါပဲ။
အမေရိကန်ပြည်ထောင်စုမှာ ကလေးတစ်ယောက်ကို အသက် ၁၇ အထိ ပြုစုပျိုးထောင်တဲ့ စရိတ်နဲ့တင် ဒေါ်လာ ၃၂၀,၀၀၀ ဝန်းကျင် ရှိပါသတဲ့။ ဒါက အထက်တန်းပြီးခါစ၊ ကောလိပ်ကို မပို့ခင်ထိပဲ တွက်ထားတာပါ။ အဆင်မြင့်ပညာရေးစရိတ်သာပေါင်းရင် ဒီထက် ၄ ဆ၊ ၅ ဆ ပိုများပါတယ်။ YuWa Population Research Institute ရဲ့ ၂၀၂၄ အစီရင်ခံစာအရ တောင်ကိုရီးယားနိုင်ငံက ကလေးပြုစုပျိုးထောင်စရိတ်အကြီးဆုံး နိုင်ငံတွေထဲမှာ ရှေ့ဆုံးက ဦးဆောင်နေပြီး၊ နိုင်ငံရဲ့ ‘စုစုပေါင်းပြည်တွင်းထုတ်ကုန် – ဂျီဒီပီ’ (Gross Domestic Product – GDP) ထက် ၇.၇၉ ဆ များပါတယ်။ ဒုတိယနေရာမှာ တရုတ်က ၆.၃ ဆ၊ တတိယနေရာမှာ ဂျပန်က ၄.၂၆ ဆ စသဖြင့် အသီးသီး နေရာယူထားတာပါ။ အခုလို ကလေးပြုစုပျိုးထောင်စရိတ်တွေ မိုးထိုးနေတဲ့ခေတ်မှာ ကလေးမွေးဖွားနှုန်းကတော့ မြေလျှိုးသွားရတာပေါ့။
၂) ယဉ်ကျေးမှုပြဿနာ
စီးပွားရေးအခြေအနေအရ ကလေးမယူကြတာအပြင် အမျိုးသမီးတွေအပေါ် မျှော်လင့်ကြတဲ့ ယဉ်ကျေးမှုနွယ် ကိစ္စတွေက ကလေးမယူတဲ့ အခြေအနေဖြစ်အောင် တွန်းပို့နေပြန်ပါတယ်။ ကလေးယူလိုက်တာနဲ့ အမျိုးသမီးတွေက ဘက်ပေါင်းစုံကနေ ဖိအားတွေ ခံလာရတာပါ။ အရင်ဆုံး အလုပ်ကနေ မီးဖွားခွင့် ယူရပါလိမ့်မယ်။ ဒီလို ကာလကြာရှည် ခွင့်ယူရချိန်မှာ အလုပ်ဆုံးရှုံးတာ၊ လစာဖြတ်ခံရတာတွေ ရှိပါတယ်။ နောက်၊ အာရှနိုင်ငံတွေမှာ ကျား-မ ခွဲခြားတဲ့ စံသတ်မှတ်ချက်တွေအရ မိခင်ဆိုရင် အလုပ်က ထွက်ပြီး အိမ်မှုကိစ္စနဲ့ ကလေးစောင့်ရှောက်တာပဲ လုပ်စေချင်ကြတဲ့ အစဉ်အလာ ဖိအားတွေလဲ ရှိနေတယ်။ သဘောကတော့ ကလေးတစ်ယောက်ယူဖို့ ပေးဆပ်ရတဲ့ အခွင့်အလမ်းဆုံးရှုံးမှု (Opportunity Cost) ကြီးတဲ့အခါ အမျိုးသမီးတွေအနေနဲ့ မိသားစုဘဝနဲ့ အလုပ်မှာ တစ်ခုကိုပဲ ရွေးရမဲ့အခြေအနေဖြစ်လာပါတယ်။ အဲဒီအခါ အလုပ်ကိုပဲ ဦးစားပေးတာတွေ များလာလို့ အိမ်ထောင်ပြု၊ သားမွေးဆိုတာတွေ နောက်ကို ရောက်သွားတော့တာပါပဲ။
ရေရှည်မှာ ဘာတွေ ဝန်ပိလာမှာလဲ . . . ?
၁) စီးပွားရေးကဏ္ဍ
ကလေးမွေးဖွားနှုန်း ကျတဲ့အခါ အလုပ်လုပ်နိုင်တဲ့ လူဦးရေ ကျဆင်းတာကြောင့် လုပ်ငန်းခွင်တွေမှာ လုပ်သား အလုပ်လုပ်နိုင်စွမ်း (Productivity) နိမ့်ကျလာပြီး စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးစေပါတယ်။ သုတေသနတွေအရ အသက် ၆၀ ကျော် လူဦးရေ ၁၀ ရာခိုင်နှုန်း တိုးခြင်းက လူငယ်လုပ်သားအင်အားကို မှီခိုနေရတဲ့ ကုန်ထုတ်လုပ်မှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွေရဲ့ တစ်ဦးချင်းဂျီဒီပီ (GDP per Capita) ၅.၅ ရာခိုင်နှုန်း လျော့ကျသွားစေနိုင်လို့ပါပဲ။ ဒီအချက်က စီးပွားရေးတိုးတက်မှု အရှိန်အဟုန်ကို နှောင့်နှေးလာစေပါတယ်။
၂) လူမှုဖူလုံရေးကဏ္ဍ
နောက်တစ်ချက်က သက်ကြီးရွယ်အို မှီခိုသူအချိုး မြင့်မားလာတဲ့ အချက်ပါ။ မှီခိုသူအချိုး (Dependency Ratio) ဆိုတာ အသက် ၆၅ အထက် သက်ကြီးရွယ်အိုဦးရေကို အလုပ်လုပ်တဲ့ အသက် ၁၅ – ၆၄ အတွင်း လူဦးရေနဲ့ စားပြီး ၁၀၀ နဲ့ မြှောက်ထားတာ။ မှီခိုသူအချိုးတွက်လို့ ၄၅ ဆိုရင် အလုပ်လုပ်နိုင်တဲ့ လူဦးရေ ၁၀၀ က သက်ကြီးရွယ်အို ၄၅ ယောက်အတွက် အလုပ်လုပ်ပေးရတယ်ဆိုတဲ့ သဘောပါ။ မှီခိုသူအချိုး ၁ ရာခိုင်နှုန်း တိုးလာတိုင်း အစိုးရရဲ့ လူမှုဖူလုံရေးဆိုင်ရာအသုံးစရိတ်က ၁.၆၂၆ ရာခိုင်နှုန်း တိုးလာပါတယ်။ မှီခိုသူအချိုး များလာတဲ့အခါ ပင်စင်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေအပေါ် ဖိအားပိစေပါတယ်။ တစ်ဖက်မှာ အလုပ်လုပ်နိုင်သူဦးရေကလဲ ကျဆင်းနေပြန်တော့ စီးပွားရေးက လိုက်မမီတဲ့အခါ ဒီဝန်က ပိုပို,ပိလာဖို့ပဲ ရှိတော့တာပေါ့။
လက်ရှိမှာ ဘယ်လို မူဝါဒတွေနဲ့ ကိုင်တွယ်နေကြလဲ . . . ?
နိုင်ငံတော်တော်များများမှာ ဒီပြဿနာကို မီးဖွားရေး မူဝါဒတွေ (Pro-natalist Policies) နဲ့ ဖြေရှင်းဖို့ ကြိုးစားနေတာပါ။ ကလေးမီးဖွားနှုန်း ကျဆင်းရတဲ့ အဓိကအကြောင်းအရင်းက စီးပွားရေးနဲ့ ယဉ်ကျေးမှုဖိအားတွေ ဖြစ်တာကြောင့် ဒီကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းဖို့ လုပ်ကြတာပေါ့။ ဥပမာ – ပြင်သစ်နိုင်ငံမှာ အစိုးရက ကလေးရှိတဲ့ အိမ်ထောင်စုတွေကို ကလေးစရိတ် ထောက်ပံ့တာ၊ အခွန်ကင်းလွတ်ခွင့်ပေးတာတွေကြောင့် သမိုင်းတလျှောက် တခြားဥရောပနိုင်ငံတွေနဲ့ ယှဉ်ရင် မွေးဖွားနှုန်းက ၁.၈ နဲ့ အမြင့်ဆုံးမှာ ရှိခဲ့ဖူးပါတယ် (၂၀၂၄ မှာတော့ မွေးဖွားနှုန်းက ၁.၆၂ ကို ပြန်ကျသွားပါတယ်)။ ဆွီဒင်နဲ့ နော်ဝေမှာဆိုရင် မိဘနှစ်ပါးလုံးကို လစာပြည့်ခွင့် ပေးတာ၊ ကလေးစရိတ် ထောက်ပံ့တာတွေကလဲ ဥပမာကောင်းတွေပါပဲ။
တစ်ဖက်က ဂျပန်နဲ့ တောင်ကိုရီးယားတို့လို နိုင်ငံတွေမှာတော့ ကလေးပြုစုပျိုးထောင်စရိတ် မြင့်လွန်းတဲ့အပြင်၊ ကျား-မ ခွဲခြားမှုတွေကြောင့် အမျိုးသမီးတွေအတွက် မိသားစုဘဝနဲ့ လုပ်ငန်းခွင်ကြား ပဋိပက္ခဖြစ်ရပါတယ်။ ဒါ့အပြင် မိဘခွင့်ရက်ပေးတဲ့ မူဝါဒတွေ ရှိပေမဲ့ ကလေးမွေးဖွားနှုန်းကတော့ နိမ့်ကျနေတုန်းပါ။ တရုတ်မှာဆိုရင် ကွန်ဒုံး၊ တားဆေးတွေကို ၁၃ ရာခိုင်နှုန်း အခွန်စည်းကြပ်တဲ့ မူဝါဒချမှတ်ထားတာကြောင့် အလိုမတူဘဲ ရတဲ့ ကိုယ်ဝန်နဲ့ အိပ်(ချ်)အိုင်ဗွီပိုး (HIV) ကူးစက်နိုင်ခြေတွေကို စိုးရိမ်စရာတွေ ရှိနေဆဲပါ။
နောက်ထပ် မူဝါဒတစ်ခုကတော့ နိုင်ငံခြားက ရွှေ့ပြောင်းလုပ်သားတွေ ခေါ်ယူပြီး ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေးကဏ္ဍတွေမှာ လုပ်သားလိုအပ်ချက်ကို ဖြည့်တင်းဖို့ ကြိုးစားတဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းကတော့ ရေတိုမှာ လူဦးရေကို မြန်မြန် ဖြည့်တင်းနိုင်ပေမဲ့ ရေရှည်မှာ နိုင်ငံရေး၊ လူမျိုးရေး ပဋိပက္ခတွေလို စိန်ခေါ်မှုအမျိုးမျိုး ရင်ဆိုင်ရနိုင်ပါတယ်။
လူဦးရေလျော့နည်းကျဆင်းတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ မတူတဲ့ ရှုမြင်ပုံတွေ ကွဲပြားကြပါတယ်။ လူဦးရေကျဆင်းတဲ့အခါ ကမ္ဘာကြီးက ထမ်းထားရတဲ့ ဝန်လျော့မှာမလို့ ဒီကိစ္စက အကောင်းဘက်ကို ရွေ့နေတာဆိုပြီး ယူဆသူတွေ ရှိသလို၊ ရှိရင်းစွဲစနစ်တွေ လည်ပတ်ဖို့ လုပ်သားအင်အားမလုံလောက်ဘဲ အကူးအပြောင်းမှာ ဒုက္ခရောက်မယ်လို့ ဆန့်ကျင်ဘက် သုံးသပ်ကြသူတွေလဲ ရှိပါတယ်။ ဘယ်လိုပဲဆိုကြပါစေ၊ လူဦးရေကျဆင်းလာတဲ့ ကိစ္စကတော့ ‘အနာဂတ်ကမ္ဘာရဲ့ အသံတိတ်အကျပ်အတည်း’ အဖြစ် နိုင်ငံတိုင်းလိုလို ကြုံတွေ့နေရတဲ့ ပကတိအရှိတရားပဲ မဟုတ်ပါလား . . . ။ ။