May 24, 2026 | မြန်မာ

How to fact check?

၂၁ ရာစု အင်တာနက်ခေတ်မှာ သတင်းအချက်အလက်မှားပျံ့နှံ့မှုတွေဟာ အင်မတန်များပြားလာပါပြီ။ ဒီအချက်အလက်မှားတွေနဲ့ နားလည်မှုလွဲစေနိုင်တဲ့ အ‌ကြောင်းအရာတွေက ဖတ်ရှုသူလူအများရဲ့ အသိပညာပိုင်းကို အဆိပ်ခတ်နိုင်တဲ့ အရာတွေဖြစ်တာမလို့ အကြောင်းအရာတိုင်းကို မိမိကိုယ်ပိုင်အသိဉာဏ်နဲ့ ချင့်ချိန်စဉ်းစားပြီးမှ ယုံကြည်သင့်ပါတယ်။ တစ်ဖက်မှာလည်း Fact Checking အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာဖြစ်လို့ အချက်အလက်မှား ဟုတ်၊ မဟုတ်ကို အဆိုပါအဖွဲ့အစည်းတွေကတဆင့် သိရှိလာနိုင်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့…

Text size

၂၁ ရာစု အင်တာနက်ခေတ်မှာ သတင်းအချက်အလက်မှားပျံ့နှံ့မှုတွေဟာ အင်မတန်များပြားလာပါပြီ။ ဒီအချက်အလက်မှားတွေနဲ့ နားလည်မှုလွဲစေနိုင်တဲ့ အ‌ကြောင်းအရာတွေက ဖတ်ရှုသူလူအများရဲ့ အသိပညာပိုင်းကို အဆိပ်ခတ်နိုင်တဲ့ အရာတွေဖြစ်တာမလို့ အကြောင်းအရာတိုင်းကို မိမိကိုယ်ပိုင်အသိဉာဏ်နဲ့ ချင့်ချိန်စဉ်းစားပြီးမှ ယုံကြည်သင့်ပါတယ်။ တစ်ဖက်မှာလည်း Fact Checking အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာဖြစ်လို့ အချက်အလက်မှား ဟုတ်၊ မဟုတ်ကို အဆိုပါအဖွဲ့အစည်းတွေကတဆင့် သိရှိလာနိုင်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကိုယ်တွေ့သမျှ အကြောင်းအရာတွေ၊ သတင်းတွေက ဟုတ်၊ မဟုတ် .. မှန်၊ မမှန်ဆိုတာကို မိမိကိုယ်တိုင် အချိန်တိုအတွင်း စစ်ဆေးသိရှိနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

ဒါကြောင့် ဒီနေ့မှာ ကျွန်တော်တို့ အချက်အလက်စစ်ဆေးတဲ့သူတွေ အသုံးပြုတဲ့ Fact Checking နည်းလမ်းတွေထဲက တချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။

 
(၁) ရင်းမြစ်စစ်‌ဆေးပါ
 
ပထမဆုံးအနေနဲ့ ကိုယ်ဖတ်လိုက်ရတဲ့ သတင်း၊ ကိုယ်ဖတ်လိုက်ရတဲ့ အကြောင်းအရာရဲ့ ရင်းမြစ်ကို လိုက်လံရှာဖွေရပါမယ်။ အဲ့ဒီအကြောင်းအရာရဲ့ မူလရင်းမြစ်က ဘယ်မီဒီယာက၊ ဘယ်ဝဘ်ဆိုက်က ဖော်ပြထားတာလဲ၊ သူ့ရဲ့ ရင်းမြစ်က ဘာလဲဆိုတာကို ကနဦးစစ်ဆေးရပါမယ်။ အကြောင်းအရာကို စတင်ဖြန့်ဖြူးတဲ့ ရင်းမြစ်က နာမည်ကြီး mainstream media တွေဖြစ်မယ်ဆိုရင် အချက်အလက်မှန်တယ်လို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ စစချင်း စစ်ဆေးတဲ့သူတွေအနေနဲ့တော့ ဘယ်မီဒီယာက ယုံရနိုင်တယ်၊ ဘယ်အဖွဲ့အစည်းကတော့ မှန်ကန်မှုရှိတယ်၊ reliable ဖြစ်တယ်ဆိုတာကို ခွဲခြားနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ လိုက်စစ်ဆေးကြည့်တာ များလာရင်တော့ ကွဲကွဲပြားပြားသိလာနိုင်ပါလိမ့်မယ်။
 
နာမည်ရှိတဲ့ မီဒီယာမျိုးကမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီက ပျံ့လာတာမျိုး၊ လူစိတ်ဝင်စားမှုများအောင် ‌ရေးသားထားတဲ့ ပုံစံမျိုး၊ နားလည်မှုလွဲစေနိုင်တဲ့ ရေးသားချက်မျိုး၊ Clickbait မျိုး၊ တိကျတဲ့အကြောင်းအရာတွေ ထည့်သွင်းထားတာမျိုးမရှိဘဲ သံသယဖြစ်ဖို့ကောင်းတဲ့ ကိုးကားချက်တွေ၊ အချက်အလက်တွေ၊ ဘက်ယိမ်းတဲ့ ရေးသားချက်တွေ ပါဝင်မယ်ဆိုရင်တော့ အချက်အလက်မှားအဖြစ် ပထမတဆင့် သတ်မှတ်နိုင်ပါတယ်။
 
(၂) ရင်းမြစ်နောက်ခံနှင့် ပုံရိပ်
 
တကယ်လို့ ကိုယ်တွေ့လိုက်တဲ့ အကြောင်းအရာကို ဖော်ပြထားတဲ့ ရင်းမြစ်က တစ်ခါမှလည်းမမြင်ဖူးဘူး၊ ယုံကြည်ရ၊ မရကိုလည်း မသေချာနိုင်ဘူးဆိုရင်တော့ အခုလို နည်းတွေနဲ့ သိရှိနိုင်ပါတယ်။
 
အဲ့တာက‌တော့ နောက်ခံနဲ့ ပုံရိပ်ကို လိုက်လံရှာဖွေတာဖြစ်ပါတယ်။ ကိုယ်တွေ့လိုက်တဲ့ အကြောင်းအရာရင်းမြစ်ရဲ့ သူတို့ ဦးတည်ချက်၊ သူတို့အကြောင်းကို ဖော်ပြထားတာမျိုး၊ နောက်ခံအကြောင်းအရာတွေ၊ နောက် ပုံရိပ်၊ တည်ရှိမှု စတာတွေကို လိုက်ရှာပြီး ဖတ်ကြည့်ရပါမယ်။ တိကျခိုင်မာတဲ့ ဦးတည်ချက်တွေ၊ နောက်ခံအကြောင်းအရာတွေမရှိဘဲ သံသယဖြစ်စရာကောင်းတဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရမယ်ဆိုရင်တော့ မယုံကြည်ရနိုင်တဲ့ ရင်းမြစ်အဖြစ် သတ်မှတ်နိုင်ပါတယ်။
 
နာမည်ကြီးတဲ့၊ ဂုဏ်သရေအားဖြင့်၊ အစဉ်အလာအားဖြင့် ကြီးမားတဲ့ မီဒီယာတွေ၊ သတင်းဝဘ်ဆိုက်တွေကတော့ သူတို့ရဲ့ သိက္ခာကို ထိန်းသိမ်းတဲ့အနေနဲ့ အချက်အလက်မှန်ကန်မှုကို အင်မတန်ဦးစားပေးတတ်ပါတယ်။
 
(၃) အခြားရင်းမြစ်တွေက ဖော်ပြထားတာ ရှိ၊ မရှိ စစ်ဆေးပါ
 
ကိုယ်ဖတ်လိုက်ရတဲ့ အကြောင်းအရာ ဒါမှမဟုတ် သတင်းကို တခြား ဘယ်နာမည်ကြီး မီဒီယာတွေ၊ ဝဘ်ဆိုက်တွေက ဖော်ပြထားတာရှိလဲဆိုတာကို ရှာဖွေပါ။ ဥပမာအနေနဲ့ သိပ္ပံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဆိုရင် မူလသုတေသနစာတမ်းတွေ၊ တရားဝင်ဖော်ပြထားတဲ့ document တွေ၊ နောက်ခံကြီးမားတဲ့ ဂုဏ်သရေရှိ သတင်းစာ၊ မဂ္ဂဇင်းတွေကနေ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားတာမျိုးတွေရှိတယ်ဆိုရင်တော့ ယုံကြည်ရနိုင်ပါတယ်။ တကယ်လို့ အဲ့လိုမျိုး ဖော်ပြထားတာ‌တွေ လုံးဝမရှိဘူးဆိုရင်တော့ သေချာပေါက်အချက်အလက်မှားလို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် အကြောင်းအရာတစ်ခု မှန်၊ မမှန်ကို သိချင်ရင် အဲ့တာနဲ့ ပတ်သက်လို့ ဘယ်နာမည်ကြီးဝဘ်ဆိုက်တွေက ဖော်ပြထားလဲဆိုတာကို ကနဦးသွားစစ်ဆေးရပါမယ်။
 
(၄) နာမည်ကြီးတိုင်း မယုံရ
 
နာမည်ကြီးတိုင်း၊ လူသိများတိုင်း မှန်ကန်တိကျတဲ့ ရင်းမြစ်ဖြစ်တယ်လို့ တရားသေ မှတ်ယူလို့မရပါဘူး။ တချို့အဖွဲ့အစည်းတွေ၊ မီဒီယာတွေ‌ဆိုရင် ကြီးမားတဲ့နောက်ခံပုံရိပ်ရှိပေမယ့် ဘက်ယိမ်း (Bias) ဖြစ်တဲ့ အရေးအသားမျိုးနဲ့ တစ်ခါတလေဆိုရင် အချက်အလက်မှားတွေကိုပါ ဖြန့်ဝေလေ့ရှိပါတယ်။ ဥပမာအနေနဲ့ Daily Mail ဆိုရင် အဖွဲ့အစည်းရဲ့ နောက်ခံနဲ့ ပုံရိပ်ကြီးမားတဲ့ အရှိန်ကိုယူပြီးတော့ အချက်အလက်မှားတချို့ မကြာခဏဖြန့်ဝေတတ်ပါတယ်။ အဖွဲ့အစည်းအတွင်း Fact Checker, proof reader သီးသန့်မရှိတဲ့ မီဒီယာတွေဆိုရင်လည်း သူတို့ဖော်ပြလိုက်တဲ့ အကြောင်းအရာတွေထဲမှာ အချက်အလက်မှားတချို့ ပါဝင်နေတတ်ပါတယ်။ ဒီလိုမျိုးကတော့ ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ဘဲ မတော်တဆမှားလေ့ရှိတာမျိုးပါ။ ဒါကြောင့် ကိုယ်သိထားတဲ့ ရင်းမြစ်က နာမည်တော့ကြီးပါရဲ့၊ သူ့ကို ဘယ်လောက်ယုံကြည်ရနိုင်လဲ၊ ဘယ်လောက် bias ဖြစ်လဲဆိုတာကို စစ်ဆေးနိုင်ဖို့အတွက် mediabiasfactcheck.com ကို အသုံးပြုနိုင်ပါတယ်။ သူတို့အနေနဲ့ အဲ့ဒီရင်းမြစ်တွေရဲ့ accuracy ကို rating သတ်မှတ်ပေးပါတယ်။ ဒါကြောင့် ရင်းမြစ်လိုက်စစ်ဆေးရာမှာလည်း တစ်ခုတည်းကိုပဲ မကြည့်ဘဲနဲ့ အခြားဖော်ပြထားတဲ့နေရာတွေကိုလည်း အနည်းဆုံး သုံးလေးခုလောက် လိုက်ရှာဖွေပြီး အတည်ပြုသင့်ပါတယ်။
 
(၅) ဓာတ်ပုံစစ်ဆေးနည်း
 
သတင်းအချက်အလက်မှားတွေနဲ့အတူ ယှဉ်တွဲပျံ့နှံ့‌လေ့ရှိတာက ဓာတ်ပုံအတု‌တွေဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဓာတ်ပုံပြုပြင်တဲ့ နည်းပညာတွေက အင်မတန်ကောင်းမွန်လာတာဖြစ်လို့ ဓာတ်ပုံအတုတွေ၊ Ai နဲ့ ဖန်တီးပြုလုပ်ထားတဲ့ ပုံတွေ ပျံ့နှံ့မှုက အတော်များလာပါပြီ။ အဲ့တာနဲ့ ပတ်သက်လို့ စစ်ဆေးနိုင်တဲ့ နည်းပညာရှိပါတယ်။ အဲ့တာကိုတော့ Image Reverse နည်းပညာလို့ ခေါ်ပါတယ်။ အလုပ်လုပ်ပုံကကျ အင်တာနက်ပေါ်က Search Engine တွေကို အသုံးပြုပြီး ဓာတ်ပုံတစ်ပုံရဲ့ စတင်ပျံ့နှံ့တဲ့ ရင်းမြစ်၊ အချိန်နဲ့ အဲ့ဒီဓာတ်ပုံကို ဖော်ပြထားတဲ့ အခြားနေရာတွေကိုပါ အကုန်ရှာဖွေပေးတာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ ကျွန်တော်တို့ အချက်အလက်စစ်ဆေးသူတွေ အသုံးများတာက RevEye Image Reverse tool ဖြစ်ပါတယ်။ Browser plug in တစ်မျိုးပါ။ သူ့ရဲ့အလုပ်လုပ်ပုံက Google, Bing, Yandex, TinEye တို့လို search engine တွေကို အသုံးပြုပြီးတော့ ကိုယ်ထည့်လိုက်တဲ့ ဓာတ်ပုံရဲ့ ပထမဆုံးတွေ့ရတဲ့ ရင်းမြစ်တွေကို ခုနှစ်အချိန်နဲ့အလိုက် ဖော်ပြပေးတာဖြစ်ပါတယ်။ အဲ့တာတွေကို အပေါ်က ရင်းမြစ်လိုက်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး ဒီဓာတ်ပုံကို ဖော်ပြထားတဲ့ မူရင်းက ယုံရ၊ မယုံရ ‌ဆိုတာကို ဆက်လက်စိစစ်နိုင်ပါတယ်။ လတ်တလောမှာတော့ PC တွေမှာပဲ အသုံးပြုနိုင်တဲ့ plug in ဖြစ်ပြီးတော့ ဒီမှာဒေါင်းနိုင်ပါတယ်။
Mobile သမားတွေအနေနဲ့ google lens နဲ့ စစ်ဆေးတာမျိုး လုပ်လို့ရပါတယ်။

(၆) ကျွမ်းကျင်တဲ့ အချက်အလက်စစ်ဆေးသူတွေဆီ အကူအညီတောင်းပါ။

အကယ်၍ အပေါ်ကနည်းတွေနဲ့ အလုပ်မဖြစ်ဘူးဆိုရင်တော့ အချက်အလက်စစ်ဆေးတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်။ နိုင်ငံခြားက နာမည်ကြီး အချက်အလက်စစ်ဆေးတဲ့ အဖွဲ့အစည်းတွေကတော့

တို့ဖြစ်ကြပါတယ်။ အဲ့ဒီဝဘ်ဆိုက်တွေမှာ နိုင်ငံခြားက သတင်းမှားတွေနဲ့ သိပ္ပံတု၊ သိပ္ပံယောင်တွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေပါတယ်။

သတင်းနဲ့ ပတ်သက်ပြီး သီးသန့်စစ်ဆေးချင်ရင်တော့

  • Associated Press Fact Check
  • BBC Reality Check
  • Reuters Fact Check တို့ကို ဆက်သွယ်လို့ရပါတယ်။

ပြည်တွင်းက အချက်အလက်စစ်ဆေးတဲ့ အဖွဲ့အစည်းတွေကတော့

နဲ့ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်း Fact Hub တို့ဖြစ်ကြပါတယ်။ ကိုယ်သိထားတဲ့အချက်အလက်တွေ၊ သတင်းအကြောင်းအရာတွေ မှန်၊ မမှန် စစ်ဆေးချင်တယ်ဆိုရင်ဖော်ပြထားတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်နိုင်သလို Fact Hub ကိုလည်း အချိန်မရွေး မက်ဆေ့ဂ်ျပို့ပြီး အကြောင်းကြားနိုင်ပါတယ်ခင်ဗျာ။ အချက်အလက်မှား၊ သတင်းမှားတွေရဲ့ လွှမ်းမိုးမှုအန္တရာယ်ကနေ လွတ်မြောက်နိုင်ကြဖို့ မျှော်လင့်ပါတယ်။

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.