May 24, 2026 | မြန်မာ
Geology Explainer

ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

ငလျင်ကို ခန့်မှန်းနိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေက နည်းလမ်းမျိုးစုံ၊ သုတေသနမျိုးစုံနဲ့ ခန့်မှန်းမော်ဒယ်မျိုးစုံကို ပြုစုလေ့လာခဲ့ကြပါတယ်။ ၁၉၇၀ ခုနှစ် ကာလတွေဟာ မြေငလျင်ခန့်မှန်းမှုအပေါ် ပညာရပ်ပိုင်းဆိုင်ရာ အပြုသဘောဆောင်တဲ့အမြင်တွေ လွှမ်းမိုးခဲ့တဲ့ အချိန်ပါ။ ငလျင်ဟာ ကျောက်လွှာရွေ့လျားမှုကြောင့် ဖြစ်ပွားတဲ့ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပြီး ဒီကျောက်လွှာတွေရဲ့ ဘူမိအခြေအနေတွေကို လေ့လာပြီး ငလျင်ကို ကြိုတင်ခန့်မှန်းလို့ ရမယ်ဆိုပြီး ယူဆခဲ့ကြတယ်။ ဒါပေမဲ့…

Text size

ငလျင်ကို ခန့်မှန်းနိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေက နည်းလမ်းမျိုးစုံ၊ သုတေသနမျိုးစုံနဲ့ ခန့်မှန်းမော်ဒယ်မျိုးစုံကို ပြုစုလေ့လာခဲ့ကြပါတယ်။ ၁၉၇၀ ခုနှစ် ကာလတွေဟာ မြေငလျင်ခန့်မှန်းမှုအပေါ် ပညာရပ်ပိုင်းဆိုင်ရာ အပြုသဘောဆောင်တဲ့အမြင်တွေ လွှမ်းမိုးခဲ့တဲ့ အချိန်ပါ။ ငလျင်ဟာ ကျောက်လွှာရွေ့လျားမှုကြောင့် ဖြစ်ပွားတဲ့ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပြီး ဒီကျောက်လွှာတွေရဲ့ ဘူမိအခြေအနေတွေကို လေ့လာပြီး ငလျင်ကို ကြိုတင်ခန့်မှန်းလို့ ရမယ်ဆိုပြီး ယူဆခဲ့ကြတယ်။ ဒါပေမဲ့ ပညာရှင်တွေ ထုတ်ပြန်ခဲ့သမျှ သုတေသနစာတမ်းတွေ၊ သီအိုရီမော်ဒယ်တွေအားလုံး ငလျင်ခန့်မှန်းမှုမှာ ကျရှုံးခဲ့ကြပြီး အဲဒီအချိန်ကာလက ခန့်မှန်းမှုမှန်သမျှ တစ်ခုမှ အလုပ်မဖြစ်ခဲ့ကြပါဘူး။ ၁၉၉၀ ခုနှစ်ပတ်လည်ကို ရောက်တော့မှသာ ပညာရှင်တချို့က မဝန်ခံချင်ဘဲ ဝန်ခံလာရတာပါ — “ငလျင်ဟာ ကြိုတင်ခန့်မှန်းလို့ မရဘူး” ဆိုတာကိုပေါ့။

ငလျင်ခန့်မှန်းဖို့အတွက် အသုံးပြုခဲ့ကြတဲ့ နည်းလမ်းတွေကို အောက်မှာ တစ်ခုချင်းစီ ရှင်းပြပေးသွားပါမယ်။

၁) ငလျင်လှုပ်ရှားပုံ ပြောင်းလဲခြင်း

ဒီနည်းလမ်းဟာ ငလျင်အကြောင်း ဗဟုသုတအနည်းငယ် ရှိပြီးသား လူတွေအတွက် အထူးအဆန်း မဟုတ်ပါဘူး။ တည်နေရာတစ်ခုရဲ့ ငလျင်လှုပ်ခတ်ပုံစက်ဝန်းကို ကြည့်ရှုပြီး ခန့်မှန်းမော်ဒယ်တစ်ခု တည်ဆောက်လိုက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အများဆုံး အသုံးပြုတဲ့ နည်းလမ်းကတော့ ရှေ့ပြေးငလျင်တွေကို လေ့လာပြီး အဲဒီငလျင်တွေရဲ့ ဗဟိုချက်အနီးမှာ ငလျင်ကြီးတစ်ခု ထပ်မံလှုပ်ခတ်လာနိုင်တယ်လို့ ခန့်မှန်းကြတဲ့ ပုံစံပါ။ ဒီနည်းလမ်းရဲ့ အားနည်းချက်က ငလျင်တစ်ခုဟာ ရှေ့ပြေးငလျင် ဖြစ်တယ်လို့ ပုံသေပြောနိုင်တဲ့ နိယာမ မရှိ‌သေးတာပါ။ ငလျင်တွေဟာ ရှေ့ပြေးငလျင် ဖြစ်နိုင်သလို ပုံမှန်ဘူမိလှုပ်ရှားမှုတစ်ခုလဲ ဖြစ်နိုင်ပါတယ် (ငလျင်ကြီးမလှုပ်ခင် ဖြစ်ပေါ်တဲ့ ငလျင်တိုင်းကို ရှေ့ပြေးငလျင်လို့ အဓိပ္ပာယ်သတ်မှတ်ထားတာပါ)။

ဥပမာ မဂ္ဂနီကျု ၉.၁ ရှိတဲ့ ၂၀၁၁ ဂျပန်ငလျင် မလှုပ်ခတ်မီ တစ်လလောက်အလိုတည်းက မဂ္ဂနီကျု ၅ အထက်ရှိတဲ့ ငလျင်တွေအများကြီး လှုပ်ခတ်ခဲ့ပါတယ်။ မတ်လ ၉ ရက်နေ့မှာတော့ မဂ္ဂနီကျု ၇.၃ ရှိတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး ပညာရှင်တွေအနေနဲ့ ဒီငလျင်ကို အဓိက ငလျင်ကြီးလို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခန့်မှန်းထားသလို မဟုတ်ဘဲ နောက်ထပ် ၂ ရက်အကြာ၊ မတ်လ ၁၁ ရက်နေ့မှာတော့ မဂ္ဂနီကျု ၉.၁ ရှိတဲ့ အကြီးစားငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့ပြန်တယ်။ အဲဒီအခါမှာတော့ ပညာရှင်တွေက ရှေ့ပြေးငလျင်သတ်မှတ်ပုံကို ပြောင်းလဲလိုက်ရတော့တယ်။ ဒီဖြစ်ရပ်ရဲ့ သင်ခန်းစာက ဘယ်ငလျင်ဟာ ရှေ့ပြေးငလျင်၊ ဘယ်ငလျင်ဟာ အဓိကငလျင်၊ ဘယ်ငလျင်ဟာ နောက်ဆက်တွဲငလျင် စသဖြင့် ပုံသေပုံချ ‌ယူဆလို့ မရဘူးဆိုတာပါ။ ဒါပေမဲ့ လက်ရှိအချိန်အထိ ဒီနည်းလမ်းကို သုတေသနပြုနေကြဆဲ ဖြစ်ပါတယ်။

၂) ငလျင်လှိုင်းတွေရဲ့ အလျင်ပြောင်းလဲမှုအချိုး

ငလျင်တစ်ခု လှုပ်ခတ်တဲ့အခါ P-wave လို့ ခေါ်တဲ့ လှိုင်းက ကျောက်လွှာတစ်လျှောက် ရေပြင်ညီရွေ့လျားပြီး ကျောက်လွှာထဲက မြေသားတွေကို ရှေ့နောက်တုန်ခါစေပါတယ်။ S-wave လို့ ခေါ်တဲ့ လှိုင်းကတော့ ရေပြင်ညီရွေ့လျားတာပေမဲ့ မြေသားတွေကို အထက်အောက် တုန်ခါမှုဖြစ်စေတယ်။ ဒီလိုမျိုး တုန်ခါပုံ မတူညီကြတာကြောင့် P-wave ဟာ S-wave ထက် အမြဲတမ်း ပိုပြီး လျင်မြန်ပေမဲ့ ထိခိုက်ပျက်စီးမှု အများစုကိုတော့ S-wave က ဖန်တီးပါတယ်။ ငလျင် ကြိုတင်သတိပေးစနစ်တွေဆိုတာ ရှေ့ပြေးရောက်ရှိလာတဲ့ P-wave ကို ခြေရာခံပြီး သတိပေးချက်တွေ ထုတ်ပြန်တာမျိုးပါ၊ အဲဒီနောက်မှာတော့ ပြည်သူလူထုကို နေရာရွှေ့ပြောင်းဖို့ မိနစ်ပိုင်းလောက် ကြိုတင်ပြင်ဆင်ချိန် ရရှိစေပါတယ်။

၁၉၇၀ ပြည့်နှစ်တွေတုန်းက ရုရှားပညာရှင်တွေက ဒီငလျင်လှိုင်းနှစ်ခုရဲ့ အလျင်အချိုးဟာ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခါနီးမှာ ပြောင်းလဲတတ်တာကို သတိပြုမိခဲ့ကြတယ်။ ဒီနည်းလမ်းကို အသုံးပြုပြီး ပညာရှင်တွေက ရေးဗားဆိုက် (Riverside) မြို့တော်နဲ့ အနီးတစ်ဝိုက်မှာ မဂ္ဂနီကျု ၅.၅ အထက်ရှိတဲ့ ငလျင်တစ်ခု သုံးလအတွင်း လှုပ်ခတ်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ သူတို့ခန့်မှန်းတဲ့အတိုင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၄ ရှိတယ်လို့ တိုင်းတာရမိခဲ့တယ်။

ဒီအောင်မြင်မှုကြောင့်ပဲ ပညာရှင်တွေဟာ ဒီနည်းလမ်းကို အသုံးပြုပြီး ခန့်မှန်းမော်ဒယ်တွေ ဆက်လက်ထုတ်ပြန်ခဲ့ပေမဲ့ ထပ်ပြီး မှန်ကန်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ၁၉၇၄ ငလျင်ခန့်မှန်းခြင်း အောင်မြင်မှုကိုလဲ သိပ္ပံနည်းကျ သုတေသနတစ်ခုဆိုတာထက် ကံကောင်းမှုတစ်ခုလို့ ယူဆလာခဲ့ကြပါတယ်။

၃) လျှပ်စစ်နဲ့ သံလိုက်စက်ကွင်း ပြောင်းလဲမှု

လျှပ်စစ်စက်ကွင်းနဲ့ သံလိုက်စက်ကွင်းပြင်းအားဟာ ငလျင်လှုပ်ခတ်မှု ဗဟိုချက်အနီးနားမှာ ပြောင်းလဲတတ်တယ်ဆိုတာကို ပညာရှင်တွေ သတိပြုမိခဲ့တာ ကြာပါပြီ။ ၁၉၈၉ လိုမာပရီတာ (1989 Loma Prieta Earthquake of Magnitude 6.9) ငလျင်မှာ မလှုပ်ခတ်မီ အချိန်အတွင်းမှာပဲ စတန်းဖို့ဒ်တက္ကသိုလ်က သုတေသီအဖွဲ့တစ်ဖွဲ့ဟာ သူတို့ရဲ့ လျှပ်စစ်စက်ကွင်းပြင်းအားတိုင်းတာစက်ကနေ မူမမှန်မှုတစ်ခု (Massive Noise Level Increase) ကို ထောက်လှမ်းရမိခဲ့တယ်။ တိုင်းတာစက်ဟာ ဆန်တာခရုဇ်တောင်ပေါ်မှာ တည်ရှိပြီး ငလျင်ဖြစ်ပွားရာ ဆန်အန်ဒရေ့စ် ပြတ်‌ရွေ့ကြောနဲ့ ကီလိုမီတာ အနည်းငယ်ပဲ ကွာဝေးပါတယ်။ ဒီဖြစ်ရပ်ကြောင့် ပညာရှင်တွေ စိတ်လှုပ်ရှားလာပြီး သုတေသနတွေ ဆက်လုပ်ခဲ့ကြပေမဲ့ ခန့်မှန်းမော်ဒယ်ကတော့ အခုချိန်အထိ ထွက်ပေါ်လာခြင်း မရှိပါဘူး။

၄) ရေစီးဆင်းမှု အပြောင်းအလဲနဲ့ ရေဒွန်ဓာတ်ငွေ့

မြေပေါ်ရေမျက်နှာပြင်အပြောင်းအလဲဟာ သတိပြုမိလွယ်တဲ့ ငလျင်ရှေ့ပြေး လက္ခဏာတစ်ခု ဖြစ်နိုင်တယ်လို့ တချို့သော ပညာရှင်တွေက ယူဆကြတယ်။ ဒီလက္ခဏာထဲမှာ ရေခမ်းနေတဲ့ ရေတွင်းက ရုတ်တရက်ကြီး ရေတွေပြည့်လာတာ၊ သို့မဟုတ် ရေပြည့်နေတဲ့ ရေတွင်းက ရေခမ်းသွားတာ၊ ရေရဲ့အနံ့အရသာ ပြောင်းလဲသွားတာ၊ ဓာတုဖွဲ့စည်းပုံ ပြောင်းလဲသွားတာ စတဲ့ အချက်တွေပါဝင်ကြတယ်။ ဒါပေမဲ့ ဒါတွေကို ငလျင်ရဲ့ ကြိုတင်သတိပေးမှုလို့ ယူဆလို့ရတဲ့ အထောက်အထားတွေအဖြစ် အခုချိန်အထိ လက်မခံကြသေးဘူး။

နောက်ထပ်လက္ခဏာတစ်ခုကတော့ ကျောက်တွေထဲမှာ ပါဝင်နေတဲ့ ရေဒွန်ဓာတ်ငွေ့ပါ။ ကျောက်တွေမှာ ယူရေနီယမ်သတ္ထု အနည်းနဲ့အများ ပါဝင်ကြပြီး ယူရေနီယမ် ရေဒီယိုသတ္တိကြွတဲ့အခါ ရေဒွန်ဓာတ်ငွေ့ကို ထုတ်ပေးပါတယ်။ လေ့လာမှုတွေအရ ငလျင်ကြီးတစ်ခု မလှုပ်ခတ်မီ ကျောက်သားတွေရဲ့ ရေဒွန်ပမာဏဟာ မြင့်တက်လာလေ့ရှိတယ်ဆိုတာ သိရပါတယ်။

၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတစ်ခုမှာ ငလျင်လှုပ်ခတ်မှု ၈၆ ကြိမ်မတိုင်ခင် ရေဒွန်ဓာတ်ငွေ့ပမာဏ ပြောင်းလဲမှု ၁၂၅ ကြိမ် ရှိခဲ့တယ်ဆိုတာကို ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ငလျင်ကြိုတင်ခန့်မှန်းခြင်းဆိုင်ရာ နိုင်ငံတကာကော်မရှင် (ICEF) ဘက်ကနေပြီးတော့ ရေဒွန်ဓာတ်ငွေ့ မြင့်တက်တဲ့ နေရာဟာ ငလျင်ဗဟိုချက်နဲ့ ကီလိုမီတာထောင်ချီ ကွာဝေးတတ်တာ၊ ဓာတ်ငွေ့ အပြောင်းအလဲဖြစ်ချိန်ဟာ ငလျင်ဖြစ်ပွားချိန်နဲ့ လပေါင်းများစွာ ကွာခြားနေတယ်ဆိုပြီး ပြန်ထောက်ပြခဲ့တယ်။ ဒါကြောင့် ဒီဓာတ်ငွေ့ အပြောင်းအလဲနဲ့ ငလျင်လှုပ်ခတ်မှုကလဲ သိသာထင်ရှားတဲ့ ဆက်နွယ်မှုမရှိဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။

ဒီတော့ ငလျင်ခန့်မှန်းမှုနဲ့ ပက်သတ်ပြီး သိပ္ပံအသိုင်းအဝိုင်း တစ်ခုလုံး လက်ခံထားတဲ့ နိယာမတစ်ခုမှ ရှိမနေတာကို သတိပြုမိလောက်ပါပြီ။

သမိုင်းကို လေ့လာကြည့်ရင် (ကံကောင်းတိုက်ဆိုင်မှု မဟုတ်ဘဲ) ချက်ကျလက်ကျ ‌အောင်မြင်ခဲ့တဲ့ ငလျင်ကြိုတင်ခန့်မှန်းမှုဟာ တစ်ခုတည်းပဲ ရှိခဲ့ပါတယ်။ ၁၉၇၅၊ ဖေဖော်ဝါရီလ၊ တရုတ်ငလျင်ပညာရှင်တွေက ဟိုင်ချန်ဒေသ (Haicheng) မှာ ၇၂ နာရီအတွင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်မယ်လို့ ကြိုတင်သတိပေးခဲ့ကြတယ်။ သူတို့ရဲ့ ခန့်မှန်းချက်ကတော့ ကာလရှည်ကြာ ငလျင်လှုပ်ရှားမှု ခြေရာခံမှု၊ ရေစီးဆင်းမှု အပြောင်းအလဲ၊ တိရစ္ဆာန်တွေရဲ့ မူမမှန်တဲ့ အပြုအမူတွေအပေါ်မှာ အခြေခံပါတယ်။ ဒီခန့်မှန်းချက်ကြောင့် အာဏာပိုင်တွေဟာ သွေးခဲမတတ် အေးနေတဲ့ ဖေဖော်ဝါရီလ ဖြစ်နေ‌တာတောင် မြို့နေလူထုကို ရွေ့ပြောင်းဖို့ ဖိအားပေးခိုင်းစေခဲ့တယ်။

သတိပေးမှုအပြီး ၆၅ နာရီအကြာမှာတော့ မဂ္ဂနီကျု ၇.၅ ပမာဏရှိတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး လူအသေအပျောက်ပမာဏကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့ပြီး ထုတ်ပြန်မှု‌တွေအရ အကြီးစားရွှေ့ပြောင်းမှုတွေကြောင့် သေဆုံးသူပမာဏဟာ ၃၀၀ ခန့်သာ ရှိခဲ့တဲ့အပြင် ကြိုတင်သတိပေးမှုသာ မရှိခဲ့ရင် လူသိန်းနဲ့ချီ ထိခိုက်သေဆုံးနိုင်တယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။

၁၉၇၅ ငလျင်ခန့်မှန်းမှုက အောင်မြင်ခဲ့ပေမဲ့လဲ နောက်တစ်နှစ်မှာပဲ ဖြစ်ပွားခဲ့တဲ့ ၁၉၇၆ တန်ရှန်းငလျင် (1976 Tangshang Earthquake) ကိုတော့ ပညာရှင်တွေ ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပါဘူး။ တရုတ်အစိုးရ ထုတ်ပြန်ချက်အရ လူပေါင်း ၂၄၀,၀၀၀ ကျော် သေဆုံးခဲ့တဲ့ ဒီငလျင်ဟာ ရာစုနှစ်အတွင်း လူအသေအပျောက်အများဆုံး ငလျင်ဖြစ်ခဲ့တယ်။

ဒီတော့ ခြုံငုံသုံးသပ်ရရင် ငလျင်ခန့်မှန်းမှုတွေဟာ တစ်ကြိမ်အောင်မြင်ပြီးရင် အဲဒီနောက်ပိုင်း ‌ဆက်တိုက်ကျရှုံးတယ် ဆိုတာပါပဲ။

ဆက်စပ်ပြီး ဝေဖန်ထောက်ပြရမယ်ဆိုရင် အင်တာနက်ပေါ်ကနေ ဘယ်မြို့မှာ ဘယ်အချိန်ကာလအတွင်း ငလျင်ကြီး လှုပ်ခတ်မယ်ဆိုပြီး ကြိုတင်ခန့်မှန်းပြတာအများစုဟာ လုံးဝမှန်ကန်မှု မရှိပါဘူး။ တွေ့ရှိရသလောက် ဒီခန့်မှန်းမှုတွေဟာ သိပ္ပံနည်းကျ အထောက်အထား ကင်းမဲ့နေကြပြီး ပညာရပ်ပိုင်းဆိုင်ရာ ဝေဖန်ဆန်းစစ်မှုမျိုးလဲ မရှိပြန်ပါ။ အဆိုပါ ပို့စ်တင်ရေးသားသူတွေရဲ့ ခန့်မှန်းချက်တွေဟာ ဘယ်အချိန်မှာ ဘယ်လိုလာမယ်ဆိုတဲ့ ကျပန်းဆန်ဆန် ရေးသားဖော်ပြချက်တွေသာ ဖြစ်ပြီး ကံကောင်းထောက်မလို့ တစ်ချို့တလေ မှန်သွားတာလောက်ပါပဲ။ တစ်နည်းပြောရရင် စကားအခွန်းတစ်ရာမှာ တစ်ခွန်းက တိုက်တိုက်ဆိုင်ဆိုင် မှန်ကန်သွားတာမျိုးပါ။

ဒါဆိုရင် ပညာဆန်တဲ့ စနစ်တကျ ခန့်မှန်းမှုမျိုးဆိုတာ ဘယ်လိုလဲ . . . ?

— ခန့်မှန်းတယ်ဆိုတာကို ငလျင်မလှုပ်ခတ်မီ လူသိရှင်ကြား ကြေညာချက် ထုတ်ပြန်ပေးတယ်။ လက်ရှိ ခန့်မှန်းတဲ့ လူတော်တော်များများက ငလျင်ပြီးတော့မှသာ “ငါ မပြောဘူးလား” ဆိုတဲ့ ပုံစံနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြတာပဲရှိပြီး တကယ်ခန့်မှန်းခဲ့ပါတယ် ဆိုတာက အငြင်းပွားဖွယ်ရာ ဖြစ်နေပါတယ်။ ဒါကြောင့် ခန့်မှန်းသူဟာ သူ့ရဲ့ခန့်မှန်းချက်ကို လူသိရှင်ကြား ကြေညာပေးဖို့ လိုအပ်တယ်။

— တိကျသေချာတဲ့ တည်နေရာ‌ ပါဝင်တယ်။ ခန့်မှန်းမှုမှာ ဘယ်မြို့အနီးတစ်ဝိုက်၊ ဘယ်ဒေသပတ်လည် စသဖြင့် ပြည့်စုံစွာ ဖော်ပြပေးထားတယ်။

— တိကျတဲ့ အချိန်အပိုင်းအခြား ပါဝင်တယ်။ ဘယ်ရက်အတွင်း၊ ဘယ်လအတွင်း၊ ဘယ်နှစ်အတွင်း စသဖြင့် အချိန်တိကျတယ်။

— တိကျတဲ့ ပြင်းအားပမာဏကို ဖော်ပြပေးတယ်။ ငလျင်ခန့်မှန်းသူအများစုရဲ့ တူညီတဲ့ အချက်ကတော့ “အကြီးစားငလျင်လာမယ်” ၊ “အားပြင်းငလျင်လာနိုင်ခြေရှိ” စတဲ့ မတိကျ၊ မသေချာတဲ့ အချက်အလက်ကိုပဲ ဖော်ပြကြပြီး မဂ္ဂနီကျု ဘယ်လောက်ပမာဏနဲ့ လှုပ်ခတ်လိမ့်မယ်ဆိုတာကိုတော့ ဖော်ပြနိုင်ခြင်းမရှိတာ တွေ့ရတယ်။ ဒါကြောင့် စစ်မှန်တဲ့ ငလျင်ပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုရင် သူ့ရဲ့ ခန့်မှန်းမှုမှာ ပြင်းအားပမာဏကို ထည့်သွင်းဖော်ပြတယ်ဆိုတာ သတိပြုမိသင့်ပါတယ်။

— ဖြစ်တန်စွမ်း (Probability) သင်္ချာအရလဲ ဖော်ပြထားတယ်။

ငလျင်ကြီးလှုပ်ခတ်ဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိတယ်ဆိုတဲ့ အချက်ဟာ အာဏာပိုင်တွေအတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အထောက်အကူပြုပါတယ်။ ဥပမာ ငလျင်လှုပ်ခတ်နိုင်ခြေ ၅ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုရင်တော့ အများကြီး စိတ်ပူစရာမလိုအပ်ဘဲ ၉၀ ရာခိုင်နှုန်းအထက်ဆိုရင်တော့ ပြည်သူတွေကို ပြောင်းရွှေ့ဖို့ အစီအစဉ်တွေ စတင်ရတော့မှာပါ။

ဒါကြောင့် အင်တာနက်ပေါ်က ခန့်မှန်းချက်တွေကို တွေ့ရှိတဲ့အခါ မျက်စိမှိတ်ယုံမဲ့အစား ပညာရပ်ပိုင်းဆိုင်ရာ ဖော်ပြချက် ပါမပါ ဝေဖန်ဆန်းစစ်တာ၊ ဒါမှမဟုတ် ယုံကြည်စိတ်ချရသူက ကြေညာထားတာကို ရှာဖွေဖတ်ရှုတာ၊ ဒါမှမဟုတ် တတ်သိနားလည်သူ တစ်ယောက်ယောက်ကို ကူညီမေးမြန်းတာ စတာတွေကို ပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ။

Article Credits

Written by Julian Htet Aung

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.