May 26, 2026 | မြန်မာ

“သမိုင်းတစ်‌လျှောက် အဆိုးရွားဆုံး ပျက်ကပ်”

‘ကပ်ဘေး‘ ဆိုတာ ကိုယ်တိုင်ကြုံတဲ့ လူတွေအတွက်တော့ ကြားရုံနဲ့တင် ကျောချမ်းစရာ၊ စိတ်မချမ်းသာစရာပါ။ ဒါပေမဲ့လဲ အကြောင်းအဖုံဖုံကြောင့် ကပ်အမျိုးမျိုး ကမ္ဘာပေါ် ဆိုက်ရောက်နေတာလဲ မျက်မြင်ပါပဲ။ မကြာသေးခင်က ကြုံခဲ့ရတဲ့ ကပ်တစ်ခုကတော့ Covid-19 ကမ္ဘာ့ကပ်ရောဂါကြီးပေါ့။  ကပ်တွေဟာ သဘာဝတရားနဲ့ သက်ရှိတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိပြီး ‘ကပ်‌ဘေး’ မှာ သဘာဝကပ်ဘေး၊ ရောဂါကပ်ဘေး၊…

Text size

ကပ်ဘေး‘ ဆိုတာ ကိုယ်တိုင်ကြုံတဲ့ လူတွေအတွက်တော့ ကြားရုံနဲ့တင် ကျောချမ်းစရာ၊ စိတ်မချမ်းသာစရာပါ။ ဒါပေမဲ့လဲ အကြောင်းအဖုံဖုံကြောင့် ကပ်အမျိုးမျိုး ကမ္ဘာပေါ် ဆိုက်ရောက်နေတာလဲ မျက်မြင်ပါပဲ။ မကြာသေးခင်က ကြုံခဲ့ရတဲ့ ကပ်တစ်ခုကတော့ Covid-19 ကမ္ဘာ့ကပ်ရောဂါကြီးပေါ့။ 

ကပ်တွေဟာ သဘာဝတရားနဲ့ သက်ရှိတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိပြီး ‘ကပ်‌ဘေး’ မှာ သဘာဝကပ်ဘေး၊ ရောဂါကပ်ဘေး၊ သက်ရှိပျက်ကပ်တွေ ပါဝင်ပါတယ်။ ဒီထဲမှာမှ သမိုင်းတစ်လျှောက် သက်ရှိမျိုးစိတ်တွေကို ကမ္ဘာပေါ်ကနေ အပြီးတိုင် မျိုးသုဉ်းဖျောက်ဖျက်ခဲ့တာကတော့ သက်ရှိပျက်ကပ်တွေပါ။ ‘သက်ရှိပျက်ကပ်’ ဆိုတာ ဂြိုဟ်သိမ်တစ်ခုက ကမ္ဘာကို ဝင်တိုက်လိုက်တာကြောင့်၊ ဒါမှမဟုတ် မီးတောင်ပေါက်ကွဲတာကြောင့် အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာပေါ်က သက်ရှိမျိုးစိတ် ၇၅% နဲ့အထက် မျိုးသုဉ်းသွားရတဲ့ ဖြစ်စဉ်ကို ခေါ်ပါတယ်။ ဒါကို အင်္ဂလိပ်လို ‘Mass Extinction (အစုအပြုံလိုက် မျိုးသုဉ်းခြင်း)’ လို့ အဓိပ္ပာယ်ရပေမဲ့ ဒီ‌နေရာတော့ “သက်ရှိပျက်ကပ်” လို့ပဲ သုံးပါမယ်။

ဒီသက်ရှိပျက်ကပ်တွေက မျိုးစိတ်ဟောင်းတွေကို ရှင်းထုတ်ပြီး မျိုးစိတ်သစ်တွေ မွေးဖွားလာဖို့ အခွင့်အလမ်း ပေးတာကြောင့် သက်ရှိတွေရဲ့ ဆင့်ကဲဖြစ်စဉ်အတွက်‌ အရေးပါ,ပါတယ်။ လေ့လာချက်တွေအရ ကမ္ဘာမှာ Ordovician-Silurian Extinction, Late Devonian Extinction, Permian Extinction, Triassic-Jurassic Extinction နဲ့ ဂြိုဟ်သိမ်က ကမ္ဘာကို ဝင်တိုက်တာကြောင့် ဖြစ်လာတဲ့ Cretaceous-Paleogene Extinction ဆိုပြီး သက်ရှိပျက်ကပ် ၅ မျိုး ဖြစ်ပြီးပါပြီ။ ဒီသက်ရှိပျက်ကပ်ငါးမျိုးလုံးက သက်ရှိမျိုးစိတ် လေးပုံသုံးပုံကျော်ကို ပျောက်ကွယ်စေခဲ့ပြီး ဒီထဲမှာမှ Permian Extinction (ပါမီယမ် သက်ရှိပျက်ကပ်) က အပြင်းထန်ဆုံး ဖြစ်ပါတယ်။

Permian Extinction (ပါမီယမ် သက်ရှိပျက်ကပ်) က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၂ မီလီယမ်လောက်က ဖြစ်ခဲ့တဲ့ သက်ရှိပျက်ကပ်တစ်ခု ဖြစ်ပြီး မျိုးစိတ်စုစုပေါင်း ၉၀% ကျော် သေဆုံးခဲ့တာကြောင့် အပြင်းထန်ဆုံး ပျက်ကပ်တစ်ခုအဖြစ် သတ်မှတ်ခံထားရတာပါ။ Permian Extinction (ပါမီယမ် သက်ရှိပျက်ကပ်) လို့ နာမည်ပေးထားရတဲ့ အကြောင်းပြချက်ကတော့ ဒီပျက်ကပ်ဟာ Permian Period (ပါမီယမ်ကာလ) ကို အဆုံးသတ်ပေးခဲ့တာကြောင့်ပါ။ ကမ္ဘာကြီးရဲ့ ရှေးခေတ်ကာလတွေကို သဘာဝပတ်ဝန်းကျင်၊ မြေလွှာ၊ ဇီဝသက်ရှိတွေအရ ပိုင်းခြားထားပါတယ်။ ဒီလို ပိုင်းခြားတဲ့အခါ Era (ခေတ်) နဲ့ Era ရဲ့ အခွဲဖြစ်တဲ့ Period (ကာလ) ဆိုတဲ့ ယူနစ်နှစ်ခုကို အသုံးပြုပါတယ်။ Permian Period (ပါမီယမ်ကာလ) ကလဲ ဒီလိုမျိုး အချိန်အပိုင်းအခြားတစ်ခု ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၉၈.၉ မီလီယမ်‌ကနေ ၂၅၂ မီလီယမ် အထိ ကြာမြင့်ခဲ့တာပါ။ ဒီ Permian Period (ပါမီယမ်ကာလ) ဟာ ပါမီယမ်သက်ရှိပျက်ကပ် ဖြစ်ပြီးတဲ့နောက်မှာ အဆုံးသတ်သွားပါတော့တယ်။

ပါမီယမ်ပျက်ကပ်က ဘယ်လို ဖြစ်ခဲ့တာလဲ . . . ?

မျိုးစိတ်တွေကရော ဘယ်လို မျိုးသုဉ်းကုန်တာလဲ . . . ?

ပါမီယမ်ပျက်ကပ်ဖြစ်ခဲ့တဲ့ အဓိကအကြောင်းရင်းက ကမ္ဘာ့မြေအောက်က ကျောက်ရည်ပူတွေနဲ့ ဆက်စပ်နေမယ်လို့ လက်ခံထားကြပါတယ်။ ပါမီယမ်ပျက်ကပ်အတွင်းမှာ ဒီကျောက်ရည်ပူတွေဟာ အခုလက်ရှိ ရုရှားနိုင်ငံက Siberian Traps (မီးတောင် မဟုတ်ဘဲ ချော်ရည်တွေ၊ မီးသင့်ကျောက်တွေနဲ့ ပြည့်နေတဲ့ ဒေသတစ်ခု) ကနေ စိမ့်ထွက်လာပြီး စိမ့်ထွက်လာတဲ့ အဲဒီချော်ရည်တွေကနေ Flood Basalt ဖြစ်လာပါတယ်။ Flood Basalt ကတော့ မီးတောင်ပေါက်ကွဲမှုကြောင့်၊ ဒါမှမဟုတ် ကျောက်ရည်ပူ အမြောက်အမြား မြေပြင်ကနေ စိမ့်ထွက်လာတာကြောင့် ကျောက်ရည်ပူထုထည် များလာတဲ့အခါ မြေပြင်မှာ ကျောက်ရည်ပူတွေဟာ ပင်လယ်လို ပြည့်သွားတာကို ဆိုလိုတာပါ။ အကျိုးဆက်အနေနဲ့ လေထုထဲက Greenhouse Gas တွေ ဖြစ်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ပြည့်‌လာတာကြောင့် ကမ္ဘာ့အပူချိန် မြင့်တက်လာတာ၊ အောက်ဆီဂျင် ပြတ်လပ်တာ၊ သမုဒ္ဒရာမှာ အက်ဆစ်တွေ၊ အဆိပ်အတောက်တွေနဲ့ ပြည့်လာတာ စသဖြင့် သက်ရှိတွေအတွက် ဆိုးကျိုးဖြစ်စေမဲ့ အခြေအနေတွေ ဖြစ်လာပါတော့တယ်။ ဒီပျက်ကပ်အတွင်းမှာ ကျောက်ရည်ပူတွေကြောင့် ချက်ချင်း ပျောက်ကွယ်သွားတဲ့ မျိုးစိတ်တွေ ရှိသလို အကျိုးဆက်တွေကို တဖြည်းဖြည်း ခံစားရင်း မျိုးသုဉ်းပျောက်ကွယ်သွားတဲ့ မျိုးစိတ်တွေလဲ ရှိပါတယ်။ ဒါကြောင့် ပါမီယမ်သက်ရှိပျက်ကပ်ဟာ နှစ်ပေါင်းများစွာ ကြာရှည်မယ်လို့ ကောက်ချက်ချလို့ ရပေမဲ့ နှစ်အတိအကျကို ခန့်မှန်းရာမှာတော့ အငြင်းပွားနေကြဆဲပါ။

ပါမီယမ်ပျက်ကပ်အတွင်းမှာ Global Warming ကြောင့် မျိုးသုဉ်းခဲ့ရတဲ့ သက်ရှိတွေအများကြီး ပါ,ပါတယ်။ ဒါကြောင့် စာဖတ်သူတို့အနေနဲ့ Global Warming က အန္တရာယ်ဘယ်လောက်များကြောင်း ခန့်မှန်းမိပါလိမ့်မယ်။ အခုအချိန်မှာလဲ Global Warming ကြောင့် မျိုးသုဉ်းခါနီးဖြစ်နေတဲ့ မျိုးစိတ်တွေ ရှိနေတာမို့ Greenhouse Gas ထုတ်လွှတ်တာ များတဲ့ စက်ပစ္စည်းတွေကို အသုံးပြုတာတွေ ရှောင်ရှားကြဖို့အတွက် Fact Hub အဖွဲ့သားတွေက တိုက်တွန်းလိုက်ရပါတယ်။     ။


Article Credits

Written by Zay Bhone Hlyan
Copy Editing Nyan Win Htet

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.