April 19, 2026 | မြန်မာ
Physics Explainer

သာမိုဒိုင်းနမစ်ဒုတိယနိယာမ (Second Law of Thermodynamics) (အပိုင်း – ၂)

Entropy Statement of Microscopic Interpretation (အင်ထရိုပီဖွင့်ဆိုချက် / ပရမ်းပတာဖြစ်မှုဖွင့်ဆိုချက်)   အရာဝတ္ထုတိုင်း/စနစ်တိုင်းဟာ သဘာဝအရ အစီအစဉ်ကျနေတဲ့ အခြေအနေကနေ အစီအစဉ်မကျတဲ့ အခြေအနေကို ဦးတည်လာရတယ်။ ရိုးရှင်းသေသပ်နေရာကနေ ပရမ်းပတာပုံစံဖြစ်လာကြ‌တယ်။ ကြက်ဥတစ်လုံးက တဖြည်းဖြည်းနဲ့ ပုပ်သိုးလာမယ်၊ အိမ်တစ်လုံးက အချိန်နဲ့အမျှ ယိုယွင်းပျက်စီးလာမယ်၊ ကြယ်တွေကလဲ သူတို့ရဲ့ လောင်စာတွေလျော့နည်းလာပြီး အေးခဲသေဆုံးလာကြမယ်၊…

Text size

Entropy Statement of Microscopic Interpretation (အင်ထရိုပီဖွင့်ဆိုချက် / ပရမ်းပတာဖြစ်မှုဖွင့်ဆိုချက်)

 

အရာဝတ္ထုတိုင်း/စနစ်တိုင်းဟာ သဘာဝအရ အစီအစဉ်ကျနေတဲ့ အခြေအနေကနေ အစီအစဉ်မကျတဲ့ အခြေအနေကို ဦးတည်လာရတယ်။ ရိုးရှင်းသေသပ်နေရာကနေ ပရမ်းပတာပုံစံဖြစ်လာကြ‌တယ်။ ကြက်ဥတစ်လုံးက တဖြည်းဖြည်းနဲ့ ပုပ်သိုးလာမယ်၊ အိမ်တစ်လုံးက အချိန်နဲ့အမျှ ယိုယွင်းပျက်စီးလာမယ်၊ ကြယ်တွေကလဲ သူတို့ရဲ့ လောင်စာတွေလျော့နည်းလာပြီး အေးခဲသေဆုံးလာကြမယ်၊ စကြဝဠာကြီးကလဲ သက်ဝင်လှုပ်ရှားနေရာကနေ ငြိမ်သက်သေဆုံးသွားမယ်။ ဒါတွေအားလုံးက ပရမ်းပတာဖြစ်လာဖို့ အားသန်တဲ့၊ အစီအစဉ်မကျမှုကိုလိုလားတဲ့ လောကကြီးရဲ့ သဘာဝကို ဖော်ပြတာပဲ။

 

ဥပမာအနေနဲ့ – မော်လီကျူး ၂ လုံးကို ဓါတ်ငွေ့ဘူးတစ်ခုထဲမှာ ထားလိုက်မယ်ဆိုပါစို့၊ သူတို့ဟာ အဲ့ဒီဘူးထဲမှာပဲ ရွေ့နေမှာဖြစ်တဲ့အတွက် အစီအစဉ်မကျမှုနည်းပါးတယ်၊ သူတို့ရဲ့ ရွေ့လျားရာ လမ်းကြောင်းတွေ အလျင်တွေက ခန့်မှန်းရ ခက်တယ်ဆိုရင်တောင် ဘူးထဲမှာပဲရှိနေသေးတဲ့အတွက် ပရမ်းပတာသိပ်မဖြစ်သေးဘူး။ 

 

အဲ့ဒီအချိန်မှာ ဘူးကိုအပူပေးလိုက်မယ်ဆိုပါစို့၊ ဝင်လာတဲ့အပူစွမ်းအင်ကြောင့် မော်လီကျူးတွေက အရွေ့စွမ်းအင်များလာကြပြီး အလျင်တိုးလာမယ်၊ အလျင်တိုးလာတဲ့အတွက် သူတို့ရဲ့လမ်းကြောင်းကလဲ ခန့်မှန်းရတာ ပိုပြီးခက်လာလိမ့်မယ်၊ မော်လီကျူး ၂ ခု စလုံးက ‌ဘူးထဲမှာပဲ ရှိနေတုန်းဆိုပေမဲ့ တိုးလာတဲ့အလျင်ကြောင့် ပိုပြီး ပရမ်းပတာဖြစ်လာကြတယ်။ ဒါကြောင့် ဘူးကို အပူပေးလိုက်တဲ့ သာမိုဒိုင်းနမစ်ဖြစ်စဉ်က မော်လီကျူးတွေရဲ့ အစီအစဉ်မကျမှုကို တိုးလာစေတယ်၊ သူ့ရဲ့ အခြေအနေကို ပရမ်းပတာပိုဆန်လာစေတာပေါ့၊ ဒါကို ရူပဗေဒအသုံးအနှုန်းနဲ့ဆိုရင် အင်ထရိုပီတိုးလာတယ်လို့ ပြောနိုင်တယ်။

 

အင်ထရိုပီဆိုတာ အစီအစဉ်မကျမှုပမာဏကို ဖော်ပြတဲ့၊ စွမ်းအင်စီးဆင်းရာလမ်းကြောင်းကို ကိုယ်စားပြုတဲ့ ရူပဗေဒအတိုင်းအတာတစ်ခုပဲ။

 မြန်မာလိုဆိုရင်တော့ ” စွမ်းအင်လားရာ / အစီအစဉ်မကျမှုပမာဏ / ပရမ်းပတာဖြစ်မှုပမာဏ ” လို့ ပြောလို့ရတယ်။

 

ဒီတစ်ခါတော့ ဘူးကို အပူမပေးတော့ဘဲ အဖုံးဖွင့်လိုက်မယ်၊ ဒါဆိုရင် မော်လီကျူးတွေအနေနဲ့ ဘူးရဲ့ အပြင်ကိုလွင့်ထွက်လာပြီး ရွေ့ချင်ရာ ရွေ့တော့မယ်၊ ဟင်းလင်းပြင်ထဲကို သူကြိုက်သလို ခရီးဆန့်ကြတော့မယ်၊ အပူမပေးတာကြောင့် မော်လီကျူးတွေရဲ့ အ‌လျင်က တိုးမလာဘူး၊ ဒါပေမဲ့ ဘူးရဲ့အပြင်ကို ထွက်လာကြတာကြောင့် သူ့ရဲ့လမ်းကြောင်းကို ခန့်မှန်းရတာက ခုနကဖြစ်စဉ်လို ပိုပြီးခက်လာပြန်တယ်။ အလျင်မတိုးပေမဲ့ ရွေ့နိုင်တဲ့နေရာ ကျယ်လာတာကြောင့် အစီအစဉ်မကျမှုကလဲ တိုးလာတယ်၊ ဆိုရရင် အင်ထရိုပီပမာဏ တိုးလာတာပေါ့။

တကယ်လို့ ဘူးကိုဖွင့်လိုက်တာတောင် သူတို့က ဘူးရဲ့အပြင်ကို ထွက်မလာဘဲ ဘူးထဲမှာပဲ ဆက်ပြီးရွေ့နေကြမယ်ဆိုပါစို့၊ ဒါဆိုရင် သူတို့ရဲ့အလျင်ပမာဏရော ရွေ့နိုင်တဲ့နေရာအကျယ်အဝန်းရော မပြောင်းလဲဘူး၊  သူတို့ရဲ့ပရမ်းပတာဆန်မှုအခြေအနေ အင်ထရိုပီကလဲ တိုးမလာတော့ဘူး၊ မူလတန်ဖိုးအတိုင်းပဲ ဖြစ်နေမှာ။

 

အပေါ်ကဖြစ်စဉ် ၃ ခု (ဘူးကိုအပူပေးလိုက်တဲ့ဖြစ်စဉ်၊ အဖုံးဖွင့်လိုက်တဲ့ဖြစ်စဉ်၊ ဘူးထဲမှာပဲ မော်လီကျူးဆက်ရှိနေတဲ့ဖြစ်စဉ်) ကို လေ့လာကြည့်မယ်ဆိုရင် ဖြစ်စဉ်တိုင်းမှာ အင်ထရိုပီပမာဏက တိုးလာတာ ဒါမှမဟုတ် ကိန်းသေအတိုင်းရှိတာကိုပဲ တွေ့ရတယ်၊

အင်ထရိုပီပမာဏ လျော့လာတာ၊ ပရမ်းပတာဖြစ်မှု နည်းလာတာမျိုးကို လုံးဝမတွေ့ရဘူး။

 

သာမိုဒိုင်းနမစ်ဒုတိယနိယာမရဲ့ ဖွင့်ဆိုချက်နောက်တစ်ခုက ”သာမိုဒိုင်းနမစ်ဖြစ်စဉ်တိုင်းမှာ ဖြစ်စဉ်နဲ့ဆက်စပ်နေတဲ့ စနစ်တွေရဲ့ အင်ထရိုပီစုစုပေါင်းပမာဏက ဘယ်တော့မှလျော့မသွားဘူး” ဆိုတာပဲ။

 

ဒီတော့ လက်တွေ့ဘဝထဲက ဖြစ်စဉ်တွေရဲ့ အင်ထရိုပီကို လေ့လာကြည့်မယ် ။

 

ကြက်ဥတစ်လုံးက ခုံပေါ်ကနေ ကျကွဲတယ်ဆိုပါစို့၊ ကြက်ဥထဲကအရည်တွေ‌က မူလကြက်ဥထဲမှာရှိနေရာကနေ အပြင်ကိုထွက်ကျလာမယ်၊ ဒါဆိုရင် ကြက်ဥအစိတ်အပိုင်းတွေ (ဒါမှမဟုတ်) အရည်တွေဟာ မူလအစီအစဉ်ကျနေရာကနေ အစီအစဉ်မကျတဲ့အခြေအနေကို ပြောင်းလဲသွားကြတယ်၊ ဒါကြောင့် ကြက်ဥကျကွဲတဲ့ ဖြစ်စဉ်က သူတို့ရဲ့အင်ထရိုပီကို တိုးလာစေတယ်။

 

နောက် အိမ်တစ်လုံးကို ဘာမှမပြုပြင်ဘဲ ဒီတိုင်းထားလိုက်မယ်ဆိုပါစို့၊ သဘာဝရဲ့ (ရေ/လေ/အပူ) တိုက်စားမှုကြောင့် အိမ်ဟာ ယိုယွင်းပျက်စီးလာလိမ့်မယ်၊ အိမ်ဟာ သေသပ်လှပနေတဲ့ မူလအခြေအနေကနေ ပျက်စီးယိုယွင်းလာတဲ့ အခြေအနေကို ကူးပြောင်းသွားတယ်၊ ဒါကြောင့် တိုက်စားခြင်းဆိုတဲ့ ဖြစ်စဉ်ကလဲ အိမ်ရဲ့ အင်ထရိုပီပမာဏကို သိသိသာသာ တိုးလာစေတယ်။

 

 ဒါဆိုရင် အစာစားကြမယ်ဆိုရင်ရော.. 

 

အစာစားကြတဲ့အခါမှာ အစာထဲက အစိတ်အပိုင်းတွေ စွမ်းအင်တွေက ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေအဖြစ် ဖွဲ့စည်းသွားကြမယ်၊ အစပိုင်း ရောက်ချင်ရာ ရောက်နေတဲ့ ရှိချင်တဲ့ နေရာရှိနေတဲ့ အဲ့ဒီအစာအစိတ်အပိုင်းတွေက လူရဲ့ တစ်သျှူးတွေထဲမှာ ဆဲလ်ပုံစံ အစီအစဉ်တကျဖြစ်လာကြတယ်၊

 

ဒါက အပေါ်ယံကြည့်မယ်ဆိုရင် အင်ထရိုပီလျော့လာတယ် အစီအစဉ်ပိုကျလာတယ်လို့ ထင်ရတယ်။ တကယ့်အခြေအနေမှာတော့ အင်ထရိုပီက လုံးဝလျော့မသွားဘူး၊ အစာစားတဲ့ဖြစ်စဉ်မှာ အစာအားလုံးက ဆဲလ်အဖြစ်ဖွဲ့စည်းသွားကြတာမဟုတ်ဘူး၊ အချို့က ရှူထုတ်လိုက်တဲ့ လေကနေတစ်ဆင့် ခန္ဓာကိုယ်အပြင်ကို ရောက်သွားမယ်၊ အချို့က မစင်အဖြစ် သဘာဝပတ်ဝန်းကျင်ထဲ စီးဆင်းသွားမယ်၊ အချို့က အပူစွမ်းအင်အဖြစ် အရေပြားကနေတဆင့် ဆုံးရှုံးသွားမယ်။ အစာစားခြင်းဆိုတဲ့ သာမိုဒိုင်းနမစ်ဖြစ်စဉ်က လူရဲ့အစာချေစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုစနစ်၊ အသက်ရှူအင်္ဂါစနစ် စတဲ့စနစ်အားလုံးနဲ့ ဆက်စပ်နေတဲ့အတွက် သူတို့ရဲ့ အင်ထရိုပီတွေကိုပါ လိုက်ပြီးတွက်ချက်ကြည့်မယ်ဆိုရင် အင်ထရိုပီက သိသိသာသာတိုးလာတယ်ဆိုတာ တွေ့ရလိမ့်မယ်။

 

ဒါကြောင့် အစာစားခြင်းဆိုတာကလဲ အင်ထရိုပီတိုးလာတဲ့ သာမိုဒိုင်းနမစ်ဖြစ်စဉ်တစ်ခုပဲ။

 

လက်တွေ့လောကထဲက ဖြစ်ရပ်တွေအားလုံးက အင်ထရိုပီတိုးလာတာ၊ ပရမ်းပတာပိုဆန်လာတာချည်းပဲ။ ကျွန်တော်တို့အနေနဲ့ ကွဲသွားတဲ့ကြက်ဥ အကောင်းပကတိပြန်ဖြစ်သွားတာ၊ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အိမ်တစ်လုံးက အကောင်းပကတိဖြစ်သွားတာ၊ ပင်လယ်ရေတွေက သဘာဝအလျောက် တောင်ပေါ်ကိုရောက်သွားတာ၊ ရေခွက်ထဲကရေက ရေအေးတစ်ဝက် ရေနွေးတစ်ဝက်ဖြစ်သွားတာမျိုးကို ဘယ်တော့မှမြင်တွေ့နိုင်မှာမဟုတ်ဘူး။ ဟာသဆန်ဆန်ပြောရရင် ရည်းစားဟောင်းကိုယ့်ဆီ စိတ်ပြန်လည်တာကလဲ အင်ထရိုပီလျော့နည်းတဲ့ဖြစ်စဉ်မို့ သဘာဝမှာ မမြင်တွေ့နိုင်ဘူး။

 

 
 

Article Credits

Written by Julian Htet Aung
Copy Editing Zwe Thukha Min

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.