May 24, 2026 | မြန်မာ
Chemistry In-Depth

Periodic Table မှာ ဒြပ်စင်အသစ်တွေ ထပ်ထည့်လို့ ရနိုင်လား။

သဘာဝကြောင့် ဖြစ်တည်လာတာမဟုတ်ဘဲ လူတွေ တီထွင်ထားတဲ့ Artificial Element တွေကို Period Table တွေမှာ 1940 ခုနှစ်ကတည်းက ထည့်သွင်းပြီး အသုံးပြုနေခဲ့ကြတာပါ။ ဒါပေမဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာတိုင်းကိုတော့ လက်ခံတာမဟုတ်ပါဘူး။ လိုက်နာရမဲ့ စံသတ်မှတ်ချက်တွေလဲ ရှိနေပါသေးတယ်။ ဒီနေ့ ဆောင်းပါးလေးမှာ Periodic Table (ဒြပ်စဉ်အလှည့်ကျဇယား) ထဲ ဒြပ်စင်အသစ်တွေ…

Text size

သဘာဝကြောင့် ဖြစ်တည်လာတာမဟုတ်ဘဲ လူတွေ တီထွင်ထားတဲ့ Artificial Element တွေကို Period Table တွေမှာ 1940 ခုနှစ်ကတည်းက ထည့်သွင်းပြီး အသုံးပြုနေခဲ့ကြတာပါ။ ဒါပေမဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာတိုင်းကိုတော့ လက်ခံတာမဟုတ်ပါဘူး။ လိုက်နာရမဲ့ စံသတ်မှတ်ချက်တွေလဲ ရှိနေပါသေးတယ်။ ဒီနေ့ ဆောင်းပါးလေးမှာ Periodic Table (ဒြပ်စဉ်အလှည့်ကျဇယား) ထဲ ဒြပ်စင်အသစ်တွေ ထပ်ထည့်လို့ ရနိုင်လား၊ ဒြပ်စင်အသစ်တွေ ထည့်ဖို့ ဘယ်လို အဆင့်တွေ သတ်မှတ်ချက်တွေနဲ့ ညီမှ ရတာလဲ။ ဒီအကြောင်းတွေကို ဆွေးနွေးကြည့်ကြပါ့မယ်။

Modern Period Table ဟာဆိုရင်တော့ ဓာတုဗေဒနယ်ပယ်ထဲမှာ အစပျိုးလုပ်ဆောင်နေဆဲ တီထွင်မှုတွေထဲက တစ်ခုလဲ ဖြစ်ပါတယ်။

သမားရိုးကျတီထွင်မှုမဟုတ်တဲ့အပြင် လူတစ်ယောက် ဒါမှမဟုတ် အဖွဲ့တစ်ခုခုကနေ တီထွင်လိုက်တဲ့ ရုပ်ပိုင်းဆိုင်ရာပစ္စည်းလဲ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင်တော့ ဒီလိုထုတ်ဖို့အတွက် သိပ္ပံပညာရှင်ပေါင်းများစွာရဲ့ ပူးပေါင်းကူညီလုပ်ဆောင်ချက်တွေနဲ့ နှစ်ပေါင်း ၁၃၀ ကျော်ကြာတဲ့အထိ ရလဒ်တစ်ခုရအောင် ကြိုးစားခဲ့ရတာပါ။ ဒီကြိုးစားမှုကြောင့် ၁၉၁၃ ခုနှစ်မှာ Henry Moseley ရဲ့ ခေတ်သစ် Period Table ဆိုပြီး လှပတဲ့ အဆုံးသတ်တစ်ခု ရလဒ်တစ်ခု ရရှိခဲ့ပါတယ်။

Period Table မှာရှိတဲ့ ဒြပ်စင်တွေဟာ သူတို့တွေရဲ့ ဒြပ်သဘောအပြုအမူတွေ အပေါ် မူတည်ပြီး သေ‌သေချာချာ စနစ်တကျ စီစဉ်ထားတာကြောင့် Atomic sizes, Electronegativity, Ionisation enthalpy စတဲ့ ဂုဏ်သတ္တိတွေကို ဇယားကြည့်ရုံနဲ့ လွယ်လင့်တကူ သိရှိလေ့လာနိုင်ပါတယ်။

စာဖတ်သူတွေ အတွက် အပိုင်း ၄ ပိုင်းခွဲပြီး ဆွေးနွေးကြည့်ချင်ပါတယ်။

ပထမဆုံးအနေနဲ့ ..

“Period Table” မှာ နောက်ဆုံးမြောက် ဒြပ်စင်ထပ်ထည့်တာကို ဘယ်အချိန်က ပြုလုပ်ခဲ့တာလဲ။

Period Table မှာ ဒြပ်စင် ၁၁၈ ခု ရှိပြီး အဲ့ထဲက ၉၂ ခုကတော့ သဘာဝအတိုင်း ဖြစ်တည်လာတာဖြစ်ပြီး ကျန်တဲ့ ဒြပ်စင်တွေကတော့ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတာပါ။

ပထမဆုံးအနေနဲ့ သဘာဝအတိုင်းရှိတဲ့ ဒြပ်စင် ၉၂ ခုမှာ Technetium (Z=43) နဲ့ Promethium (Z=61) တို့ဟာ synthetic နည်းအရ ဖန်တီးထားတာ ဖြစ်ပေမဲ့ ကမ္ဘာမြေပေါ်မှာ သူတို့နဲ့ ပုံစံတူ ပမာဏအနည်းငယ်ကို တွေ့ရှိခဲ့ဖူးပါတယ်။ ပြီးတော့ ဒီဒြပ်စင်တွေကို ကမ္ဘာနဲ့ အဝေးကြီးမှာရှိတဲ့ ကြယ်တွေပေါ်မှာလဲ တွေ့ရနိုင်ပါသေးတယ်။ ဒီအချက်တွေကြောင့် Technetium နဲ့ Promethium တို့ကို သဘာဝအတိုင်း ဖြစ်တည်လာတာဆိုပြီး သတ်မှတ်လိုက်ကြပါတယ်။

Uranium (Z=92) နောက်မှာရှိတဲ့ ဒြပ်စင်တွေအားလုံးကတော့ လူတွေ တီထွင်ထားတဲ့ artificial element တွေဖြစ်ကြပြီးတော့ Trans-Uranium လို့လဲ တစ်မျိုးပြောင်းခေါ်ကြပါသေးတယ်။

၁၉၁၃ ခုနှစ်နောက်ပိုင်းမှာဆိုရင်လဲ ဓာတုဗေဒပညာရှင်တွေဟာ ဒြပ်စစ်အသစ်တွေကို ဓာတ်ခွဲခန်းထဲမှာ ဆက်လက်လေ့လာခဲ့ပြီး IUPAC စည်းမျဥ်း‌တွေအတိုင်းလိုက်နာကာ Table မှာ ဆက်လက်ထည့်သွင်းခဲ့ပါတယ်။ ပထမဆုံး Transuranic element ကတော့ Neptunium (Z=93) ဖြစ်ပြီး ၁၉၄၀ ခုနှစ်မှာတွေ့ရှိခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ဒြပ်စင်အသစ်တစ်ခုစီကို ပျမ်းမျှအနေနဲ့ ၂ နှစ်ခွဲကို တစ်ကြိမ် ထည့်သွင်းခဲ့ပါတယ်။ နောက်ဆုံးအကြိမ် ထည့်ခဲ့တဲ့ ၁၁၈ ခုမြောက် ဒြပ်စင် Oganesson (Z=118) ကတော့ ရုရှားသိပ္ပံပညာရှင် Yuri Tsolakovich Oganessian ကို အစွဲပြုပေးထားတဲ့ နာမည်တစ်ခုဖြစ်ပြီး 2018 ခုနှစ်မှာ ထည့်သွင်းခဲ့တာပါ။

ဒီဒြပ်စင်ဟာ Period 7 ကို ပြည့်စုံစေခဲ့တဲ့အပြင် Period 8 ရဲ့ လေ့လာမှု အသစ်တွေကိုပါ လမ်းစဖွင့်စပေးနိုင်ခဲ့ပါတယ်။

ဒါဆိုရင် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခုကို ဆက်ကြည့်ကြရအောင်။

“ဒြပ်စင်တွေကို သဘာဝအတိုင်း ဘယ်သူလုပ်ခဲ့တာလဲ။”

နာမည်ကျော် နက္ခတ္တပညာရှင်ကြီး ကားလ်စေဂန် က ပြောခဲ့ပါတယ်။ “ကျွန်တော်တို့အားလုံးဟာ ကြယ်တွေရဲ့ ဒြပ်အကြွင်းအကျန်တွေကနေ ဖြစ်တည်လာတာပါ”တဲ့။

Carl Sagan ပြောချင်တဲ့ အဓိပ္ပာယ်က ကျွန်မတို့ လူသားတွေဆိုတာ မဖြစ်ခင်က Big Bang လို့ ခေါ်တဲ့ မဟာပေါက်ကွဲမှုကြီးရှိခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြီးက တဆင့် ကြယ်တွေ မွေးဖွားလာကြပြီး အဲ့ဒီကြယ်ကြီးတွေ ပေါက်ကွဲသေဆုံးတဲ့အခါ သူတို့ရဲ့ ဗဟိုဝတ်ဆံကို ဖွဲ့စည်းထားတဲ့ လောင်စာဒြပ်စင်တွေ ပေါက်ကွဲလွင့်စင်ကုန်ပါတယ်။ အဲ့ဒီလိုနဲ့ တဖန် အဲ့ဒီဒြပ်တွေ ပေါင်းစုစည်းဝေးမိလို့ ကြယ်တာရာတွေ၊ ဂြိုဟ်တွေ အသစ်ပြန်မွေးဖွားလာကြရင်း ကျွန်တော်တို့လို သက်ရှိတွေကိုလဲ အဲ့ဒီဒြပ်စင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားကြတာပါ။ နမူနာအနေနဲ့ ကျွန်မတို့ ကိုယ်ထဲမှာရှိတဲ့ အရိုးအဆစ်တွေထဲမှာ Calcium ရှိတဲ့အပြင် ကျွန်မတို့သွေးထဲမှာ သံဓာတ်လို့ ခေါ်တဲ့ Iron လဲ ရှိပါတယ်။ ဒါကြောင့် စကြာဝဠာထဲကဒြပ်စင်တွေ၊ ကမ္ဘာကြီးမှာ ပါဝင်နေတဲ့ ဒြပ်စင်တွေ၊ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ဒြပ်စင်တွေဟာ ကြယ်သေဆုံးမှုတွေက လွင့်လာတဲ့ အကြွင်းအကျန်အမှုန်အမွှားတွေဖြစ်ကြပါတယ်။ ကျွန်မတို့လူသားတွေဟာလည်း စကြာဝဠာထဲက ဓာတ်ငွေ့အမှုန်အမွှားသာသာပါပဲလို့ ဆိုလိုချင်တာပါ။

ဒြပ်စင်တွေကို တီထွင်တယ်ဆိုတာဟာ ဘုရားသခင်တွေမှာရှိတဲ့ စွမ်းအားတွေကို ရရှိတာနဲ့ အတူတူပဲလို့ ပြောချင်တယ်။ သဘောကတော့ ဒြပ်စင်တစ်ခုကို အသစ်တီထွင်နိုင်တယ်ဆိုတာမျိုးက အတော်ကြီးကို ကျပ်တဲ့ ကိစ္စပေါ့လေ။ ရှိသမျှ အသိပညာ၊ ခွန်အား၊ ငွေကြေးတွေ အားစိုက်ထုတ် သုံးပြီးမှ ရလာမဲ့ အကျိုးအမြတ်တစ်ခု ဖြစ်တာပေါ့ .. ဒါကြောင့်လဲ ပညာရှင်တွေက ဒြပ်စင်တွေကို ဘုရားသခင်ရဲ့ စွမ်းအားလို့ တင်စားကြတာပါ။ (ဘုရားသခင်ဆိုတာလဲ သဘာဝတရားကို တင်စားခေါ်ဝေါ်လိုတာမျိုး ဖြစ်ပါလိမ့်မယ်။)

ဒြပ်စင်အသစ်ကို ဖန်တီးဖို့ဆိုရင် အရင်မူလက ဒီတိုင်းရှိနေတဲ့ ဒြပ်စင်အဟောင်းတွေကို အသုံးပြုပြီး ဖန်တီးမှသာ ရနိုင်ပါမယ်။ ဒါကြောင့်ပဲ ရှိသမျှ ဒြပ်စင်တွေက တစ်ခုကို တစ်ခုမှီခိုပြီး ဆက်လက်ရပ်တည်နေကြတာမျိုးပါ။ မဟာပေါက်ကွဲမှုကြီး ဖြစ်ပေါ်ပြီးတဲ့နောက် အစောပိုင်းမှာ Hydrogen (Z=1) နဲ့ Helium (Z=2) ဆိုတဲ့ ဒြပ်စင်နှစ်ခုပဲ အများဆုံး ရှိပါသေးတယ်။ နှစ်‌သန်းအများကြီး ကြာပြီးတဲ့ နောက်တော့ ဒီဒြပ်စင်နှစ်ခုရဲ့ nuclei တွေဟာ အချင်းချင်းပေါင်းစပ်သွားခဲ့ပြီး ကျွန်မတို့သိတဲ့ တခြားအမျိုးမျိုးသော ဒြပ်စင်တွေ ဖြစ်လာပါတော့တယ်။ အဓိကက ကြယ်တွေရဲ့ ဗဟိုဝတ်ဆံက စွမ်းအင်ထုတ်လုပ်တဲ့ နေရာမှာ ဒြပ်စင်တွေ အချင်းချင်း အဆင့်ဆင့် ပေါင်းစပ်ဖွဲ့စည်းတဲ့ ဖျူရှင်သဘောနဲ့ အသစ်ဖြစ်တည်လာတာပေါ့လေ။

စာဖတ်သူတွေ မေးလာနိုင်ပါတယ်။ “ဒါဆိုရင် အဲ့ဒီ artificial နည်းအရ ရှိနေတဲ့ ဒြပ်စင်တွေကိုရော ဘယ်လိုဖန်တီးလိုက်တာလဲ။”

ဒြပ်စင်အသစ်တွေကို အခြေခံအားဖြင့် အဏုမြူတွေ ပေါင်းစပ်ခြင်း၊ ပြိုကွဲခြင်း (fission – fusion) ဆိုတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြုလုပ်ကြတာဖြစ်ပါတယ်။

Atomic number ကြီးတာတွေနဲ့ ဒြပ်စင်တွေကို ဖန်တီးတဲ့ အခါတွေမှာဆိုရင်တော့ အဏုမြူ ပြိုကွဲခြင်းဖြစ်စဉ်ကို အသုံးပြုတာ နည်းပါတယ်။ ဘာလို့လဲဆိုရင်တော့ ဒီလို ဒြပ်စင်တွေကို ဖန်တီးတဲ့အခါမှာ လိုအပ်တဲ့ Atomic Number ကြီးတဲ့ ဒြပ်စင်တွေဟာ စကြ၀ဠာမှာ လုံ‌လုံလောက်လောက် မရှိတဲ့အပြင် ရှာဖွေဖို့ ခက်ခဲတာကြောင့် ကျွန်မတို့လဲ ဒါတွေကို အခြေခံ ဆောင်ရွက်ဖို့ရာက ခက်ခဲလှပါတယ်။

အဏုမြူပြိုကွဲခြင်းဖြစ်စဉ်ဟာ ကြယ်တွေရဲ့ ဗဟိုချက် စွမ်းအင်ထုတ်လုပ်တဲ့ နေရာမှာ အဓိက ဖြစ်ပေါ်တာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ပြန်လည် ဖန်တီးဖို့က အတော်ကို မဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ ကြယ်တွေရဲ့ ဗဟိုကလိုမျိုး အပူချိန်နဲ့ ဖိအားမျိုး ကမ္ဘာပေါ် ပြန်ဖန်တီးနိုင်ဖို့က လက်ရှိအချိန်တော့ မဖြစ်နိုင်သေးပါဘူး။

အဲ့ဒီလိုလုပ်မဲ့အစား သိပ္ပံပညာရှင်တွေဟာ အလင်းအမြန်နှုန်း တစ်စိတ်တစ်ပိုင်းလောက်ရှိတဲ့အထိ အရှိန်တစ်ခုကို တင်လိုက်ပြီး ဒြပ်စင်တွေကို တစ်ခုနဲ့တစ်ခု ပစ်တိုက်ကြည့်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အခါမှာတော့ ဒြပ်အချင်းချင်း ပွတ်တိုက်မှုတွေကနေ အခြေခံဆန်ဆန်နဲ့ စည်းချက်ညီညီ တွန်းကန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ Cyclotron နဲ့ Particle Accelerator (Atom smasher လို့လဲ တစ်နည်းခေါ်ပါသေးတယ်။ အမှုန်အရှိန်မြှင့်စက်ပါ။) စတဲ့ ကိရိယာတွေက ဒီလို ဖြစ်စဉ်တွေမှာ အသုံးပြုဖို့အတွက် တီထွင်ထားတာပဲ ဖြစ်ကြပါတယ်။

အဲ့ဒီလုပ်ငန်းစဉ်တွေ အောင်မြင်ခဲ့ရင်တောင်မှ ဒြပ်စင်အသစ်တစ်ခုကို ထပ်ပြီးဖန်တီးနိုင်မယ်ဆိုတဲ့ အာမခံချက်က မသေချာမရေရာသေးပါ။

Magic number‌ တွေဖြစ်တဲ့ (Proton အရေအတွက် 2,8,20,28,58,82 ခု၊ Neutron အရေအတွက် 2, 8,20,28,58,82,126 ခု) ကို မှန်ကန်အောင် အပြည့်ဖြည့်နိုင်မယ်ဆိုရင်တော့ Nucleus တစ်ခုဟာ stable ဖြစ်နေမှာပါ။ အဲ့လိုမဟုတ်ဘဲ unstable ဖြစ်သွားခဲ့ရင်တော့ ဒါဟာ Alpha decay ဖြစ်တာ၊ ဒါမဟုတ် Beta decay ဖြစ်တာ၊ ဒါမှမဟုတ် အဏုမြူပြိုကွဲတဲ့ ဖြစ်စဉ်တွေ .. ဒါတွေဆက် ဖြစ်နိုင်ပါတယ်။

Beta ပျက်စီးတဲ့ ဖြစ်စဉ်ကသာလျှင် ဒြပ်စင်အသစ်တစ်ခုကို ဖြစ်ပေါ်စေတာပါ။ ဒီလိုပျက်စီးအောင်လုပ်တဲ့ ဖြစ်စဉ်ဟာဆိုရင် စက္ကန့်အနည်းငယ်သာ ကြာမြင့်နိုင်သလို နှစ်ပေါင်းသန်းနဲ့ ချီပြီးတော့လဲ ကြာနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒြပ်စင်အသစ်တွေ အမှန်တကယ် ဖြစ်ပေါ်လာခြင်းရှိ၊ မရှိ သိရှိနိုင်အောင် ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာပေါင်းမြောက်များစွာတွေနဲ့ စိစစ်စမ်းသပ်ခဲ့ကြပါတယ်။

Unstable ဖြစ်နေတဲ့ Carbon-14 ရဲ့ Nucleus ထဲမှာ Beta ပျက်စီးပြီး၊ stable ဖြစ်သွားတဲ့ Nitrogen-14 တစ်ခုဆီ ‌ပြောင်းလဲသွားတဲ့ ဖြစ်စဉ်ပါ။ (Photo credit- Bass stock/ Shutterstock)

နောက်ထပ်မေးခွန်းတစ်ခုကို ဖြေပေးချင်ပါတယ်။ ဒါကလဲ တချို့စာဖတ်သူတွေ တွေးနိုင်လောက်မဲ့ စိတ်ဝင်စားစရာ အချက်တစ်ခု ဖြစ်နေလို့ပါ။

“ဘယ်လိုမျိုးအချက်အလက်တွေနဲ့ ပြည့်မီနေမှ ဒြပ်စင်အသစ်ကို ထည့်သွင်းဖို့ ဆုံးဖြတ်ရတာလဲ။”

ဒါကတော့ ရိုးရှင်းပါတယ်။ ဒြပ်စင်အသစ်ကို လေ့လာတာနဲ့တင်ကို အလုပ်တစ်ဝက်က ပြီးမြောက်နေပါပြီ။ အဲ့ဒီနောက် သိပ္ပံပညာရှင်တွေက ဒြပ်စင်အသစ်ကို ရှာဖွေတွေ့ရှိတယ်လို့ အခိုင်အမာပြောပြီးတာနဲ့ IUPAC နဲ့ IUPAP တို့ရဲ့ ပူးတွဲအလုပ်အဖွဲ့ (Job Working Party) တွေ ပူးပေါင်းပြီးတော့ အောက်မှာပါရှိတဲ့ လမ်းညွှန်ချက်တွေအတိုင်း တစ်သဝေမတိမ်း စိစစ်ပြီးမှသာ လေ့လာတွေ့ရှိချက်တွေကို အတည်ပြုကြပါတယ်။

ရှင်းလင်းချက် – IUPAC ဆိုတာက International Union of Pure and Applied Chemistry ပါ။

IUPAP ဆိုတာကတော့ International Union of Pure and Applied Physics ဖြစ်ပါတယ်။

အသင်းနှစ်ခုလုံးက အစိုးရအောက်က မဟုတ်တဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။

ဒါဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ လမ်းညွှန်ချက်တွေက ဘာတွေဖြစ်မလဲဆိုတာကို ဆက်ကြည့်ရအောင်ပါ။

(၁) တွေ့ရှိထားတဲ့ ဒြပ်စင်ကို ဓာတ်ခွဲခန်းထဲမှာ လက်တွေ့ထုတ်ဖော်ပြသနိုင်မှသာ ရှာဖွေတွေ့ရှိမှုကို အသိအမှတ်ပြုပြီးတော့ အဲ့ဒီဒြပ်စင်ဟာ Period Table မှာ လုံးဝမပါဝင်ထားတဲ့ အသစ်စက်စက်ဒြပ်စင်ဖြစ်မှ ရပါမယ်။

(၂) ဒြပ်စင်ဟာ အနည်းဆုံး 10^-14 စက္ကန့်ကြာအောင် တည်ရှိနေနိုင်ရပါမယ်။

(၃) ဒြပ်စင်ထုတ်လုပ်တဲ့ နည်းစနစ်ဟာ ဒြပ်စင်တစ်ခုနဲ့ တစ်ခုကို ပြန်လည်ခွဲထုတ်ပေးနိုင်စွမ်းရှိရမှာ ဖြစ်ပြီး ဘယ်နေရာမှာမဆို ထုတ်ယူဖို့ ဖြစ်နိုင်ရပါမယ်။ ‌တခြားနည်းစနစ်တစ်ခုလဲ ရှိပါတယ်။ ဒြပ်စင်အသစ်ကို ဘယ်ဓာတ်ခွဲခန်းမှာမဆို ထုတ်လုပ်နိုင်ရမှာမျိုးပါ။

ဒီသတ်မှတ်ချက်ကတော့ အခြေအနေအပေါ် မူတည်ပြီး ခြွင်းချက်တွေ ရှိပါတယ်။

(၄) ဒြပ်စင်အသစ်ထုတ်လုပ်တဲ့ စမ်းသပ်ချက်ကို ပြုလုပ်တဲ့အခါ ကဏ္ဍနှစ်ရပ် ရှိရပါမယ်။

အသစ်ဖြစ်လာနိုင်ခြေရှိတဲ့ ဒြပ်စင်နမူနာပုံစံရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဓာတုဗေဒဆိုင်ရာ ဂုဏ်သတ္တိ‌တွေကို အရင်သတ်မှတ်ပါတယ်။ ဒီလိုသတ်မှတ်တဲ့ လုပ်ငန်းစဥ်ကိုတော့ သွင်ပြင်ထူးခြားချက်ကို ဖော်ထုတ်ခြင်းဂုဏ်သတ္တိ (Characterization Properties) လို့ ခေါ်ပါတယ်။ ဒါကတော့ ပထမကဏ္ဍပါ။

(၅) ဒုတိယ‌ကဏ္ဍမှာ ဆိုရင်တော့ သွင်ပြင်လက္ခဏာထူးခြားချက်‌ကို‌ ဖော်ပြထားတဲ့ ဂုဏ်သတ္တိ‌ကိုအသုံးပြုပြီးတော့ ဒီဒြပ်စင်ဟာ အမှန်တကယ်မထုတ်လုပ်ရသေးတဲ့ ဒြပ်စင်တစ်ခု ဖြစ်ကြောင်းကို လက်တွေ့ပြရပါသေးတယ်။ ဒါကိုတော့ သတ်မှတ်‌နေရာသို့ လွှဲပြောင်းခြင်းဂုဏ်သတ္တိ (Assignment Properties) လို့ ခေါ်ပါတယ်။

(၆) Mass Number (A) တိုင်းဟာ Atomic number (Z) ထက် ပိုကြီးနေရမှာ ဖြစ်ပါတယ်။ အကယ်၍ ပိုကြီးမနေဘဲ ညီမျှနေမယ်ဆိုရင်လဲ လက်ခံလို့ရတဲ့ အနေအထားမှာ ရှိပါတယ်။

Trans-Uranium ဒြပ်စင် ၉ ခုရဲ့ သက်တမ်းတစ်ဝက်စာ ဇယားကို ကြည့်ကြည့်ပါ။ ဒြပ်စင်အားလုံးဟာ တစ်နာရီကြာတဲ့အထိတောင် မတည်ရှိနိုင်တာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီထဲက ဒြပ်စင် ၃ ခုဟာဆိုရင်ဖြင့် ကျွန်မတို့ရဲ့ မျက်စိတစ်မှိတ်စာအချိန်အတွင်းမှာတင် အလုံးစုံပျောက်ကွယ်သွားမှာပါ။ (Photo credit- Science ABC)

ဒြပ်စင်အသစ်ကို ထုတ်လုပ်နိုင်ခြင်းဟာ အတော်ခမ်းနားတဲ့ ရှာဖွေတွေ့ရှိမှုကြီးတစ်ခု ဖြစ်တဲ့အတွက် အထက်ပါစည်းမျဉ်းတွေ၊ စံနမူနာတွေ၊ သတ်မှတ်ချက်တွေ အားလုံးကို ပိုမိုပြီး အသေးစိတ်ကျအောင်၊ မှန်ကန်အောင် ထပ်တလဲလဲ စိစစ်ပေးရပါတယ်။ ဒါတင်မကသေးပါဘူး။ အကယ်၍ ဒြပ်စင်အသစ်ကို ထုတ်လုပ်နိုင်ပြီဆိုတာနဲ့ အဲ့ဒီ ဒြပ်စင်ကို နာမည်ပေးဖို့အတွက် စီစဉ်ရတာကလဲ ရှည်လျားတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။

မြင်သာသွားအောင် ရှုထောင့်တစ်ခုကို ဥပ‌မာပေးပြီး ရှင်းပြပါမယ်။ “Oganesson” ဒြပ်စင်ကို ၂၀၀၂ ခုနှစ်မှာ ‌ရှာဖွေတွေ့ရှ်ိခဲ့ပေမဲ့ တရားဝင်အသိအမှတ်ပြုမှုတွေ မရှိခဲ့တာကြောင့် ၂၀၁၆ ခုနှစ်အထိကို နာမည်‌ပေးခြင်းမရှိခဲ့တဲ့အပြင် Period Table ထဲမှာ ထည့်သွင်းခံရခြင်းလဲ မရှ်ိဘဲ ချန်လှပ်ခံရခဲ့ပါတယ်။

စာဖတ်သူတွေ စိတ်ဝင်စားစေမဲ့ နောက်ထပ် ခေါင်းစဉ်ကွဲတစ်ခု လာပါပြီ။

“ဒြပ်စင်အသစ်တွေကို ဖန်တီးလိုက်တာက ကျွန်မတို့တွေအတွက် တန်ဖိုးရှိတဲ့ အရာတစ်ခု ဖြစ်နိုင်ပါ့မလား။ ဒါမှမဟုတ် အဲ့လိုဖန်တီးဖို့က တကယ်ရောလိုအပ်လို့လား။”

“ဒြပ်ပစ္စည်းအသစ်တွေ ဆက်လက်လေ့လာပြီး ဖန်တီးသင့်လား၊ ထုတ်လုပ်သင့်ရဲ့လား” ဆိုတဲ့ မေးခွန်းတွေကတော့ ကမ္ဘာတစ်ဝှမ်းက သိပ္ပံပညာရှင်၊ ဓာတုဗေဒပညာရှင်တွေ စိုးရိမ်နေကြတဲ့ ခေါင်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ပညာရှင်တွေဟာ ကုန်ကျစရိတ်တွေနဲ့ ဒြပ်ပစ္စည်းက ဖြစ်တည်လာမဲ့ စွမ်းအင်တွေအကြောင်းကို လုံ‌လုံလောက်လောက် နားလည်ကြပါတယ်။ စိန်ခေါ်မှုအကြီးမားဆုံး မေးခွန်းကတော့ “ဒီဒြပ်စင်တွေဟာ လောကကြီးကိုအကျိုးပြုနိုင်ရဲ့လား၊ လူသားတွေအတွက် တကယ်ရော အသုံးဝင်ပါ့မလား”ဆိုတာပါပဲ။

ကျွန်မတို့အားလုံးမှာ “ရတာ မလို၊ လိုတာ မရ” ဆိုတဲ့ အချိန်တွေ ရှ်ိခဲ့ဖူးကြမှာပါ။ ဒီလိုပဲ လူသားတွေကို အကျိုးဖြစ်ထွန်းစေတဲ့ ဒြပ်စင်တွေရှိပြီး၊ လူတွေရဲ့ အာဏာတွေ၊ အတ္တတွေကြားမှာ ဒြပ်စင်တွေကိုလက်နက်သဖွယ် ခုတုံးလုပ်ပြီး လွဲမှားစွာ အသုံးပြု‌ နေခဲ့တာတွေကြောင့် ကျွန်မတို့လူသားမျိုးနွယ်စု‌တွေရဲ့အသက်ပေါင်းများစွာ စတေးခံခဲ့ရတဲ့ သမိုင်း‌တွေလဲ ရှ်ိပါတယ်။ ဒါတင်မကဘဲ ယခုအချိန်ထိကို လူသားမျိုးနွယ်တွေ ခြိမ်းခြောက်ခံနေရဆဲ အခြေအနေကနေ မလွတ်မြောက်နိုင်သေးပါဘူး။

နိဂုံးချုပ်အနေနဲ့ ဒြပ်စင်အသစ်တစ်ခုကို ခေတ်သစ် Period Table မှာ ထည့်သွင်းခြင်းဟာ စိန်ခေါ်မှုပေါင်း မြောက်များစွာကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဒီလိုလုပ်ရတာဟာ ခိုင်လုံတဲ့အကြောင်းပြချက်တွေ၊ ကျိုးကြောင်းဆီလျော်မှုတွေ ရှိရဲ့လားဆိုတာကိုတောင် မေးခွန်းထုတ်စရာပါ။

ဒီမေးခွန်းဟာ သိပ္ပံပညာရှင်ကြီး Memdeleev နဲ့ သူ့ရဲ့ အယူအဆတွေကို လက်ခံလေးစားကြတဲ့ သိပ္ပံပညာရှင်အများစု စိုးရိမ်ပူပန်နေတဲ့ စိတ်ဝင်စားစရာ ကိစ္စရပ်တစ်ခုပါ။

အခုလို အခြေအနေမျိုးတွေ မဖြစ်လာအောင်လို့ ဒြပ်စင် ၆၀ အထိ တွေ့ရှ်ိတုန်းကတည်းက ရပ်တန့်ခဲ့သင့်တာပါ။

ဒါပေမယ့်လဲ အဲ့လိုသာ ရပ်တန့်ခဲ့ရင် စိတ်ဝင်စားစရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှုတွေ၊ အတွေးသစ် အမြင်သစ်တွေနဲ့ သဘာဝတရားကြီးရဲ့ လှပမှုတွေကို ဘယ်မြင်တွေ့နိုင်ပါတော့မလဲ။

တကယ်တော့ သဘာဝတရားရဲ့ ကန့်သတ်ချက်တွေ၊ ကျွန်မတို့ရဲ့ နားလည်နိုင်စွမ်းတွေကို အသုံးချပြီး စမ်းသပ်ကြည့်ခြင်းတွေကသာလျှင် လှပတဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာအောင် တွန်းအားပေးခဲ့တာပါ။ ဘယ်အရာကိုမဆို အကျိုးရှိရှိ အသုံးချတတ်ရင် ကောင်းမွန်တဲ့ ပစ္စည်းတစ်ခု ဖြစ်လာစမြဲပါ။ ကျွန်မတို့ရဲ့ ကိုယ်ကျိုးအတ္တတွေ၊ အကျိုးစီးပွားတွေမပါဘဲ ရှင်သန်ရာ ကမ္ဘာကြီးအတွက် ကောင်းမွန်တဲ့ သက်ရောက်မှုတွေ၊ ထိန်းသိမ်းခြင်းတွေ၊ လှပတဲ့ ဒြပ်စင်တွေကို တန်ဖိုးထားကာ အသုံးချမယ်ဆိုရင်တော့ သဘာဝတရားကြီးဟာ အလှပဆုံးသော ရပ်ဝန်းတစ်ခုဖြစ်နေမှာ အသေအချာပါပဲ။

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

Article Credits

Written by Kyi Cin
Managing Editor Ingyin Khin

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.