May 25, 2026 | မြန်မာ

ရုရှားအာကာသယာဉ်မှူးအမည်ခံအမျိုးသားရဲ့ ယန်း ၄.၄ သန်းလိမ်လည်မှုကိုခံခဲ့ရတဲ့ ဂျပန်အမျိုးသမီး

အသက် (၆၅) နှစ်အရွယ် အမည်မဖော်လိုတဲ့ ဂျပန်အမျိုးသမီးတစ်ယောက်ဟာ မိမိကိုယ်ကိုယ် အာကာသယာဉ်မှူးလို့ သုံးနှုန်းထားသူ ရုရှားအမျိုးသားတစ်ယောက်ရဲ့ လိမ်လည်ခြင်းကိုခံခဲ့ရပါတယ်။ ရုရှားအာကာသယာဉ်မှူး အမည်ခံအမျိုးသားဟာ အာကာသစခန်းကနေ ကမ္ဘာမြေကိုပြန်လာဖို့အတွက် ငွေကြေးလိုအပ်တယ်ဆိုပြီး ယန်း ၄.၄ သန်းကို လိမ်လည်ခဲ့တာပါ။

အဆိုပါအမျိုးသားနဲ့ ဂျပန်အမျိုးသမီးတို့ဟာ အင်စတာဂရမ်မှာ ဆုံ‌တွေ့ခဲ့ကြတာဖြစ်ပြီး ၂၀၂၂ ဇွန်လမှာ စတင်စကားပြောဆိုခဲ့ကြပါတယ်။ လိမ်လည်သူအမျိုးသားရဲ့ အကောင့်ဟာ အာကာသစခန်းပုံရိပ်တွေနဲ့ပြည့်နှက်နေခဲ့တာဖြစ်ပြီး မိမိကိုယ်ကိုယ် အာကာသယာဉ်မှူးလို့ ဂျပန်အမျိုးသမီးကို အယုံသွင်းနိုင်ခဲ့တယ်လို့ ဂျပန်သတင်းစာ အဆာဟိ (Asahi) ကနေ ဖော်ပြခဲ့ပါတယ်။ သူတို့ ၂ ယောက်ဟာ အင်စတာဂရမ်မှာ ရင်းနီးပြီးသွားတဲ့နောက် Line Messaging App ကနေတဆင့် ထပ်မံဆက်သွယ်နေခဲ့ကြတာပါ။ မကြာမီမှာပဲ အမျိုးသားဟာ လိမ်လည်ခံအမျိုးသမီးကို ချစ်မိသွားကြောင်း၊ ဂျပန်မှာ နှစ်ကိုယ်တူဘဝတစ်ခု တည်ဆောက်ဖို့အတွက် ကမ္ဘာမြေကို ပြန်လာချင်ကြောင်း ထိုကဲ့သို့ပြန်လာဖို့အတွက် ဒုံးပျံဝယ်ယူစရိတ်နဲ့ ဆင်းသက်ခငွေကြေးလိုအပ်ကြောင်း စတင်လိမ်လည်ပါတော့တယ်။ (Asahi သတင်းစာရဲ့ ဖော်ပြချက်အရ လိမ်လည်သူဟာ အမျိုးသမီးကို ”ဒီစကားကို အကြိမ် ၁၀၀၀ မကပြောရမယ်ဆိုရင်တောင် ငါ့အ‌‌နေနဲ့ ထပ်ပြောမိနေဦးမယ်။ ငါမင်းကိုချစ်မိနေပြီ” ဆိုပြီး စတင်အယုံသွင်းခဲ့တာပါ။)

အယုံလွယ်မိတဲ့ ဂျပန်အမျိုးသမီးကလည်း ဩဂုတ်လ ၁၉ ရက်ကနေ စက်တင်ဘာ ၅ ရက်အတွင်း ယန်း ၄.၄ သန်းကို သူမရဲ့ခင်ပွန်းလောင်းဆီ ငါးကြိမ်ခွဲပြီး ပေးပို့ခဲ့ပါတယ်။ သူမရဲ့စိတ်ထဲမှာ ရုရှားအာကာသယာဉ်မှူး အမျိုးသားဟာ သူမကို တကယ်လက်ထပ်လာလိမ့်မယ်လို့ ထင်ယောင်နေခဲ့မိပါတယ်။ အဲ့တာကြောင့် သူမတို့ ၂ ယောက်ရဲ့ ချစ်ခရီးလမ်းကြောင်းစတင်နိုင်ဖို့အတွက် ဒေါ်လာ ၄၁၃၄၀ ငွေကြေးပမာဏ (မြန်မာငွေသိန်း ၇၀၀ ခန့်) ကို လိမ်လည်သူရဲ့ ဘဏ်အကောင့်ဆီ ယုံယုံကြည်ကြည်ပို့ပေးခဲ့တာပါ။

အမျိုးသားက ငွေကြေးထပ်မံလိုအပ်ကြောင်း တောင်းဆိုလာတဲ့အခါ သူမ လိမ်လည်ခံနေရကြောင်း တဖြည်းဖြည်းသံသယဝင်လာပြီး ရဲတပ်ဖွဲ့ကို သတင်းပေးတိုင်ကြားခဲ့ပါတော့တယ်။ ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်ရပ်ကို Romance Scam တစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး သံသယရှိဖွယ်တရားခံကို စတင်ရှာဖွေခဲ့ပါတယ်။ ကြိုးပမ်းမှုအရ တရားခံဟာ ဒစ်မီထရီလူချင် (Dmitary Luchin) အမည်ရ ရုရှားမှာ‌ နေထိုင်တဲ့ အမျိုးသားတစ်ယောက်ဖြစ်နေပြီး ရုရှားအာဏာပိုင်ရဲ့ အကူအညီနဲ့ သူ့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကျူးလွန်မှု‌တွေကို စီရင်ချက်ချဖို့အတွက် ဂျပန်နိုင်ငံကိုလွှဲပြောင်းပေးမှာလားဆိုတာကိုတော့ အခုချိန်ထိ တိတိကျကျ မသိရသေးပါဘူး။

ဒီလိုပုံစံတူ လိမ်လည်မှုတွေဟာ ယခုနှစ်ပိုင်းတွေအတွင်း ဖြစ်ပွားမှုမြင့်တက်လာပြီး ၂၀၂၁ ခုနှစ်မှာ ကနေဒါနိုင်ငံအတွင်း ပုံစံတူဖြစ်ရပ်(၁၂၄၉) ခုခန့် ဖြစ်ပွားခဲ့ပြီး ‌ဒေါ်လာသန်း (၅၀) ခန့် ငွေကြေးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ Global News ဝဘ်ဆိုဒ်က ဖော်ပြခဲ့ပါတယ်။

Article Credits

Written by Julian Htet Aung
Managing Editor Fact Hub Editorial

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.