ငလျင်ဟာ မိနစ်ပိုင်းလေးအတွင်းမှာတင် လူအများကြီးရဲ့ ဘဝတွေကို အကြီးအကျယ် ပြောင်းလဲစေနိုင်ခဲ့တာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရပြီးပါပြီ။ အားကောင်းတဲ့ ငလျင်ဒဏ်ကို ခံခဲ့ရပြီးတဲ့နောက် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ရသူတွေ၊ အသက်ဘေးကနေ လွတ်မြောက်လာသူတွေကြားမှာ Survivor Guilt (ရှင်ကျန်ရစ်ရတဲ့အတွက် အပြစ်ရှိသလို ခံစားရတာ) တွေ ဖြစ်ကြမှာ အနည်းနဲ့အများပါပဲ။
ဒီငလျင်ဒဏ်ကနေ လွတ်မြောက်ပြီး ရှင်သန်ကျန်ရစ်ရတဲ့အခါ —
“ငါတို့အိမ်ကပဲ ပြိုမသွားခဲ့ဘူး . . . ဒါပေမဲ့ အနားက အိမ်တွေ ပြိုသွားတယ်”
“ငါတို့ ဘာမှ မကူညီနိုင်ခဲ့ဘူး . . . သူတို့အော်သံတွေ ကြားခဲ့ရတယ် . . .”
“ငါ ပြည်ပကို ရောက်နေတာ၊ ငွေအားလဲ ကူဖို့ ခက်၊ လူအားလဲ မကူနိုင်နဲ့”
“ငါ ဒီတိုင်းပဲ ရှင်သန်နေရစ်ရတာ စိတ်ပင်ပန်းချက်ပဲ၊ ငါ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူးလား”
“ငါက ဘာလို့ ဒီလို ကံမျက်နှာသာပေးခံရတာလဲ”
စတဲ့ အိမ်နီးချင်းတွေ၊ မိတ်ဆွေတွေ အသက်ဆုံးရှုံးလိုက်ရချိန်၊ ဒုက္ခရောက်နေချိန်မှာ ကိုယ်က ဘာမှ မလုပ်ပေးနိုင်ဘူးလို့ ခံစားချက်တွေ မြင့်လာတတ်ပြီး လောလောလတ်လတ်လဲ လူပမာဏတစ်ခုထိ ခံစားနေကြရပါတယ်။
Survivor Guilt ရဲ့ လက္ခဏာရပ်တွေကတော့
— ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်ပြီး အပြစ်တင်တွေးတောတတ်လာခြင်း
— ငလျင်ဘေးသင့်သူတွေရဲ့ နာကျင်မှုဝေဒနာအတွက် အလွန်အမင်း စိတ်ပင်ပန်းပူပန်ရခြင်း
— စိတ်ခံစားချက်တွေ ရောထွေးလာခြင်း (ဝမ်းနည်းမှု၊ စိုးရိမ်မှု၊ ပူပန်မှု၊ ဒေါသ၊ အပြစ်ရှိစိတ်)
— ပုံမှန် လုပ်နေတဲ့ အလုပ်တွေမှာ စိတ်ဝင်စားမှု လျော့နည်းပျောက်ဆုံးလာခြင်း
— အိပ်ပျော်ရခက်ခြင်း/ အိပ်မက်ဆိုးတွေ မကြာခဏ မက်ခြင်း
— အစားအသောက်ပျက်ခြင်း/ အလွန်အကျွံ စားမိလာခြင်း
— အလွယ်တကူ မောပန်းလာခြင်း
— အလွယ်တကူ နာကျင်ကိုက်ခဲလာတတ်ခြင်း
— သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ တွေ့ဖို့ စိတ်ထိုင်းမှိုင်းလာခြင်း၊ စိတ်မပါလာတော့ခြင်း
— မူးယစ်သေစာကို အလွန်အကျွံ သုံးလာခြင်း
တွေ ဖြစ်ပါတယ်။
ဒီစိတ်ခံစားချက်ကို ရင်ဆိုင်တဲ့အခါ —
(၁) “ဒါက မင်းရဲ့ အပြစ် မဟုတ်ဘူး” ဆိုတဲ့ အကြောင်း ကိုယ့်ကိုယ်ကိုယ် အသိသတိပေးနေဖို့ လိုပါတယ်။ ငလျင်က သဘာဝဘေးတစ်ခုပါ။ လူတစ်ဦးတစ်ယောက်က ထိန်းချုပ်လို့ ရတဲ့ အရာလဲ မဟုတ်သလို ဘယ်ဘုရားကမှ ဒဏ်ခတ်အပြစ်ပေးတဲ့ အရာလဲ မဟုတ်ပါဘူး။ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းနဲ့ အခြားပြည်သူတွေကို ကယ်တင်ဖို့ မစွမ်းနိုင်ရကောင်းလား လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဲ့အစား ရှင်သန်ကျန်ရစ်ခဲ့တာကိုပဲ ကျေးဇူးတင်စိတ်လေး ဖြစ်ပေးဖို့ ကြိုးစားတာက သက်သာစေပါလိမ့်မယ်။
(၂) အခြားသူတွေကို ကူညီပေးရင်းနဲ့ Survivor Guilt ခံစားချက်ကို ကုသနိုင်ပါတယ်။
— အကူအညီလိုအပ်နေသူတွေကို စားစရာ၊ သောက်ရေ၊ နေစရာ အမိုးအကာ၊ ကယ်ဆယ်ရေးအကူအညီ စတာတွေကို တတ်နိုင်သမျှ ကူညီထောက်ပံ့လို့ ရပါတယ်။
— ငွေအား၊ လူအား ကူညီထောက်ပံ့ဖို့ မလွယ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ နွမ်းလျနေတဲ့ ငလျင်ဘေးသင့်သူတွေ ရင်ဖွင့်တာကို နားထောင်ပေးတာ၊ မှန်ကန်တဲ့ အားပေးစကား ပြောတာမျိုးနဲ့ ဖေးမနိုင်ပါတယ်။
— ကယ်ဆယ်ရေးကာလအလွန်မှာ ပြန်လည်ထူထောင်ရေးကာလ လာပါလိမ့်မယ်၊ အဲဒီအခါမှာ ကိုယ် တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီဖို့ ပြင်ဆင်ထားတာကလဲ Survivor Guilt ခံစားချက်ကို သက်သာစေပါလိမ့်မယ်။
(၃) ကိုယ် ခံစားနေရတာတွေကို ကြိတ်မှိတ်ခံစားမနေဘဲ ရင်းနှီးရသူတွေနဲ့ မျှဝေတာကလဲ စိတ်ကို အတိုင်းအတာတစ်ခုထိ ပြေလျော့စေပါတယ်။ ပြီးရင် ငလျင်ဘေးဒဏ်ကနေ ရှင်သန်ကျန်ရစ်ခဲ့ရသူတွေမှာ ဖြစ်တတ်တဲ့ စိတ်ခံစားချက်ဖြစ်တာကြောင့် “ငါ တစ်ယောက်တည်း ဒီလိုစိတ်မျိုး ခံစားနေရတာ မဟုတ်ဘူး” ဆိုတဲ့ အချက်ကို ကိုယ့်စိတ်ထဲ သေချာသိထားနားလည်ထားဖို့လဲ လိုပြန်တာပေါ့။ ခံစားနေရတာတွေကို မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ရင်းနှီးရသူတစ်ယောက်ယောက်နဲ့ စကားပြောကြည့်လိုက်တာ၊ စိတ်ကျန်းမာရေးအတိုင်ပင်ခံ ဒါမှမဟုတ် ကူညီပေးနိုင်တဲ့ တတ်သိနားလည်သူတွေနဲ့ ဆက်သွယ်ဆွေးနွေးလိုက်တာက စိတ်ရဲ့ ကြပ်တည်းမှုကို ပေါ့ပါးလာစေပြီး အားတစ်ခု ပြန်ရစေနိုင်ပါတယ်။
(၄) ကိုယ်ကျန်းမာရေးကို ဂရုစိုက်ဖို့လဲ မေ့ထားလို့ မရပြန်ပါဘူး။
— အိပ်ရေးဝအောင် အိပ်ပါ။ စိတ်ဖိစီးမှုကြောင့် အိပ်ရေးပျက်တာတွေ ဆက်လာတဲ့အခါ နေ့စဉ်လုပ်ဆောင်စရာ ကိစ္စတွေမှာပါ ပိုပြီး ထိခိုက်လာနိုင်ပါတယ်။
— နားသင့်တဲ့ အချိန်မှာ နားပါ။
— အပြင်းအထန် မဟုတ်ဘဲ ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါး လုပ်လို့ ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းအချို့ လုပ်ပါ။
— စိတ်ညစ်လို့၊ ပင်ပန်းလို့ အရက်သောက်တာ၊ ဆေးသုံးတာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ ဒါတွေက Survivor Guilt ခံစားချက်ကို ပိုဆိုးစေနိုင်ပါတယ်။
၅။ သက်သောင့်သက်သာရှိတဲ့ အနေအထားနဲ့ meditate လုပ်တာ၊ ခဏတာ ယောဂလုပ်တာမျိုးကလဲ စိတ်ကို သက်သာစေနိုင်ပါတယ်။
ဒါကြောင့် ငလျင်လို ရုတ်တရက် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးတွေဟာ ကျန်ရစ်သူတို့ရဲ့ စိတ်ကို ထိခိုက်ဒဏ်ရာရစေနိုင်ပေမဲ့ ရှင်သန်နေသေးတာက ကိုယ့်ကို အခွင့်အရေးတစ်ခု ပေးလိုက်တာပါ၊ ခံစားနေရတာတွေကို မြိုသိပ်မထားဘဲ၊ ဖိနှိပ်မထားဘဲ၊ လျစ်လျူရှုမထားဘဲ ဖြည်းဖြည်းမှန်မှန် ကုသရင်း ကျော်လွှားသွားနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။
ရှင်သန်ကျန်ရစ်ရတာက
ရှင်သန်ကျန်ရစ်ခွင့်မရလိုက်သူတွေအတွက်ပါ မှန်ကန်တဲ့ သမိုင်းကို ဆက်ရေးပေးဖို့၊
ကိုယ့်အတွက်တင် မဟုတ်ဘဲ
မရှိတော့တဲ့ သူတွေအတွက်ပါ
အပြည့်အဝ ဆက်လက်ရှင်သန်သွားဖို့ပါ။ ။