နိစ္စဓူဝကိစ္စတွေကို ဆောင်ရွက်တဲ့အခါ လူတိုင်းမှာ အသုံးပြုဖို့ ပိုအားရတဲ့ လက်တစ်ဖက် ဆိုပြီး ရှိကြတယ်။ အဲဒါကို လက်သန်မှု (Handedness) လို့ ခေါ်ပါတယ်။ ညာလက်ကို ပိုသုံးဖြစ်သူတွေကို ညာသန်လို့ သတ်မှတ်ပြီး၊ ဘယ်လက်ကို ပိုသုံးဖြစ်ရင်တော့ ဘယ်သန်လို့ သတ်မှတ်ကြတယ်။ ထူးခြားတာက ကမ္ဘာ့လူဦးရေ ၉၀% လောက်ဟာ ညာသန်ဖြစ်ပြီး ဘယ်သန်က ၁၀% လောက်ပဲ ရှိတာပါ။ ဘယ်သန်တွေ နည်းရတဲ့အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေမဲ့ ဘယ်သန်ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ဆက်နွယ်မှုတွေကိုတော့ တွေ့ရှိထားပါတယ်။ လက်ရှိအချိန်အထိ တွေ့ရှိချက်တွေအရ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်၊ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် အခြေအနေ သက်ရောက်မှုတွေက လူတွေကို ဘယ်သန် ညာသန် ကွဲသွားစေတာပါ။ “ရှေးကတည်းက ရှိနေတဲ့ ဘယ်သန်တွေ”သမိုင်းမတင်မီခေတ်ကတည်းက လူသားမျိုးနွယ်မှာ ဘယ်သန်/ညာသန် ကွဲပြားမှု ရှိနေခဲ့တာပါ။ အထောက်အထားတွေကို ခြေရာကောက်ရသလောက် ဘယ်သန်ထက် ညာသန်တွေ ပိုများတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သန်းလောက်ကတည်းက ဖြစ်ပါတယ်။ ဘယ်သန်တွေ တည်ရှိခဲ့ကြောင်းကိုတော့ မျိုးသုဉ်းပြီးသား လူမျိုးစိတ်တစ်မျိုးဖြစ်တဲ့ နီအန်ဒါသယ်(လ်) (Neanderthal) ရုပ်ကြွင်းတွေနဲ့ သူတို့ အသုံးပြုခဲ့တဲ့ လက်ကိုင်ကိရိယာတွေကို ရှေးဟောင်းသုတေသနပညာရှင်တွေ လေ့လာဆန်းစစ်ရာက သိခဲ့ရတာပါ။ နီအန်ဒါသယ်(လ်)တွေဟာ အသားကို ရှေ့သွားနဲ့ ကိုက်ထိန်း၊ ဓားကို အားသန်ရာလက်က ကိုင်ပြီး လှီးဖြတ်ရာကနေ တစ်ခါတစ်ရံမှာ လက်ချော်ပြီး ရှေ့သွားတွေကို ဓားနဲ့ သွားခြစ်မိပုံရတယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ဒါကြောင့် နီအန်ဒါသယ်(လ်)ရုပ်ကြွင်းတွေရဲ့ ရှေ့သွားက ခြစ်ရာ၊ ချိုင့်ရာတွေကို ကြည့်ပြီး ဓားကို ဘယ်လက်က ကိုင်သူတွေ ရှိခဲ့ကြောင်း သိရတာပေါ့။ အလားတူ၊ နီအန်ဒါသယ်(လ်)တွေ အသုံးပြုခဲ့တဲ့ လက်ကိုင်ကိရိယာတွေရဲ့ သဏ္ဌာန်ကို ကြည့်ပြီးလဲ ဘယ်သန်တွေ ရှိခဲ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအချိန်ကတည်းက ညာသန်နဲ့ ဘယ်သန် အရေအတွက်ကွာဟမှုဟာ ကိုးချိုးတစ်ချိုး ဖြစ်လို့နေပါပြီ။ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ရဲ့ သဘာဝအရ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု ရှိတဲ့ မျိုးစိတ်တွေက ဆက်လက် ရှင်သန်မျိုးပွားခွင့် ရကြပြီး လိုက်လျောညီထွေမှု မရှိတဲ့/နည်းတဲ့ မျိုးစိတ်တွေက တဖြည်းဖြည်း မျိုးသုဉ်းပျောက်ကွယ်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ ဘယ်သန်တွေကတော့ လက်ရှိအချိန်အထိ လူနည်းစုအနေနဲ့ တည်ရှိနေဆဲပါပဲ။ အကြောင်းက ဘယ်သန်တွေမှာ ညာသန်တွေနဲ့ ယှဉ်ရင် တစ်ဦးချင်း ရင်ဆိုင်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အားသာချက်ရှိလို့ ဖြစ်ပါတယ်။ ညာသန်တွေ ကြီးစိုးတဲ့ကမ္ဘာမှာ ညာသန်အချင်းချင်း ယှဉ်ပြိုင်ရနှုန်း ပိုများတာကြောင့် ညာသန်တွေက ဘယ်သန်နဲ့ ရင်ဆိုင်ရတဲ့အခါ အတွေ့အကြုံပိုင်းမှာ အားနည်းသွားတတ်ကြတယ်။ ဘယ်သန်တွေကတော့ ဘယ်သန်အချင်းချင်းထက် ညာသန်တွေနဲ့ ရင်ဆိုင်ရနိုင်ခြေ ပိုများလို့ အတွေ့အကြုံပိုင်းမှာ အားသာနေမှာပါ။ ဒီအချက်ကလဲ ဘယ်သန်ဦးရေ နည်းလို့ အလုပ်ဖြစ်တာပါ — အရေအတွက်နည်းလေလေ တန်ဖိုးရှိလေလေ (Negative Frequency-dependent Selection) ဆိုတဲ့ သဘာဝရဲ့ ရွေးချယ်မှုဖြစ်စဉ်ကြောင့် ဖြစ်ပါတယ်။ ဒီတော့ ဘယ်သန်ဖြစ်စေတဲ့ မျိုးဗီဇတွေ မတိမ်မြုပ်သွားတာဟာ ခေတ်အဆက်ဆက် လူ့အဖွဲ့အစည်းက ပူးပေါင်းမှုနဲ့ ယှဉ်ပြိုင်မှုကို ဒွန်တွဲဆောင်ရွက်ခဲ့လို့ပါပဲ။ “မျိုးရိုးဗီဇရဲ့ လွှမ်းမိုးမှု”ဘယ်သန်/ညာသန်ဖြစ်တာက တစ်စိတ်တစ်ပိုင်း မျိုးရိုးလိုက်တဲ့ လက္ခဏာရပ် (Partly Heritable Trait) ဖြစ်ပါတယ်။ မျိုးရိုးဗီဇက လူတွေရဲ့ ဘယ်သန် ညာသန် ကွဲပြားမှုအပေါ် ၂၅% လောက်ပဲ လွှမ်းမိုးမှု ရှိတာပါ။ လေ့လာမှုတွေအရ မတူညီတဲ့ မျိုးဗီဇ ၄၀ ကျော်လောက်က လူတွေကို ဘယ်သန် ညာသန် ကွဲစေကြောင်း တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီမျိုးဗီဇတွေရဲ့ အလုပ်လုပ်ပုံနဲ့ ဘယ်သန်ဦးရေ နည်းရတဲ့ အကြောင်းရင်းကိုတော့ အသေးစိတ် မသိရသေးပါဘူး။ နောက်ပြီး လက်သန်မှုကို မျိုးဗီဇတွေက တစ်စိတ်တစ်ပိုင်း ဆုံးဖြတ်ပေးတာကြောင့် ဘယ်သန်မိဘတွေက ညာသန်မိဘတွေထက် ဘယ်သန်ကလေးရနိုင်ခြေ ပိုမြင့်ကြပါတယ်။ ရာခိုင်နှုန်းနဲ့ အတိအကျပြောရရင် မိဘနှစ်ပါးလုံးက ညာသန်ဆိုရင် ဘယ်သန်ကလေး မွေးဖွားနိုင်ခြေ ၈.၅% ကနေ ၁၀.၄%၊ အဖေက ဘယ်သန် အမေက ညာသန်ဆို ၁၅% ကနေ ၁၈%၊ အဖေက ညာသန် အမေက ဘယ်သန်ဖြစ်တဲ့အခါ ၂၂% နဲ့ မိဘနှစ်ပါးလုံးက ဘယ်သန်ဖြစ်ရင်တော့ ၂၁% ကနေ ၂၇% အထိ ရှိပါတယ်။ ဒီအချက်အလက်ကို ကြည့်ရင် မိခင်ဆီက အမွေရတဲ့ ဘယ်သန်မျိုးဗီဇဟာ ဖခင်ဆီကထက် ကလေးအပေါ် ပိုသက်ရောက်တာကို တွေ့ရမှာပါ။ ဒါ့အပြင် မိဘနှစ်ပါးလုံးက ဘယ်သန်ဖြစ်ရင်တောင် ဘယ်သန်ကလေး မွေးဖွားနိုင်ခြေက ဘယ်တော့မှ ၅၀% မပြည့်ပါဘူး။ ဒီကိန်းဂဏန်းဟာ လူ့အဖွဲ့အစည်းအတွင်းက ဘယ်သန်နဲ့ ညာသန် အချိုးအစားမညီမျှပုံနဲ့ ဆီလျော်မှု ရှိနေပါတယ်။စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ကိုယ်ဝန်ဆောင်ကာလမှာ သန္ဓေသားရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ကြည့်ပြီး ကလေးရဲ့ လက်သန်မှုကို ကြိုခန့်မှန်းလို့ ရတာပါ။ ပြင်ပလောကနဲ့ အထိအတွေ့ မရှိသေးတဲ့အခြေအနေမှာ တွေ့ရတဲ့ လက္ခဏာတိုင်းက မျိုးဗီဇကြောင့် မဟုတ်ပေမဲ့ တချို့လက္ခဏာရပ်တွေကတော့ ဆက်နွယ်မှု ရှိပါတယ်။ အာထရာဆောင်း (Ultrasound) လေ့လာမှုတွေအရ သန္ဓေသား ၉၀% လောက်က ဘယ်လက်မထက် ညာလက်မကို မကြာခဏ စုပ်ကြတာကို တွေ့ရပြီး အဲဒီအချိုးအစားဟာ လူအယောက် ၁၀၀ မှာ ၉၀ က ညာသန်ဖြစ်တာနဲ့ ကိုက်ညီနေပါတယ်။ နောက်၊ ကိုယ်ဝန် ၉-၁၀ ပတ်လောက်အရောက် သန္ဓေသားရဲ့ လက်မောင်းလှုပ်ရှားမှုတွေကို စမြင်ရလို့ အဲဒီလှုပ်ရှားပုံကို လေ့လာရာမှာလဲ သန္ဓေသား ၇၅% က ညာလက်မောင်းနဲ့ ၁၂.၅% က ဘယ်လက်မောင်းကို ပိုလှုပ်ရှားကြပြီး ကျန်တဲ့ ၁၂.၅% က လက်မောင်းနှစ်ဖက်လုံး မျှမျှတတ လှုပ်ရှားကြတာကို တွေ့ရပါတယ်။ ကိုယ်ဝန် ၃၈ ပတ်လောက် ရောက်ရင်တော့ သန္ဓေသား ခေါင်းစောင်းအိပ်တဲ့ဘက်ကို ကြည့်ပြီး မွေးဖွားလာမဲ့ ကလေးရဲ့ လက်သန်မှုကို ခန့်မှန်းနိုင်မှာပါ — အများစုက ညာဘက်ကို ခေါင်းစောင်းအိပ်တဲ့ အကြိမ်ရေ ပိုများကြပါတယ်။ ဒီအချက်တွေဟာ ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမဆုံး ၄ ပတ်ထဲ သန္ဓေသားရဲ့ ပင်မအာရုံကြောစနစ်ဖွံ့ဖြိုးမှုဆိုင်ရာ မျိုးဗီဇတွေနဲ့ ဆက်နွယ်နေတာပါ။ “ပတ်ဝန်းကျင် အခြေအနေ သက်ရောက်မှုတွေ”မျိုးဗီဇက ဘယ်သန်/ညာသန်ဖြစ်ခြင်းအပေါ် ၂၅% လွှမ်းမိုးမှု ရှိတယ်ဆိုရင် ကျန်တဲ့ ၇၅% က ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွားချိန်နဲ့ မွေးဖွားပြီးနောက်ပိုင်း ပတ်ဝန်းကျင် အခြေအနေ သက်ရောက်မှုတွေနဲ့ ဆက်နွယ်နေတာပါ။ ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်ရဲ့ တက်စတိုစတီရုန်း (Testosterone) ဟော်မုန်း ပမာဏမြင့်တာက သန္ဓေသားရဲ့ ဘယ်ဦးနှောက်ခြမ်း ဖွံ့ဖြိုးမှုကို နှေးကွေးစေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ညာဦးနှောက်ခြမ်းက လှုပ်ရှားမှုဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ် ထိန်းချုပ်မှု ပိုရသွားပြီး မွေးလာမဲ့ ကလေးက ဘယ်သန်ဖြစ်သွားတတ်ပါတယ်။ အကြောင်းက ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းကို ညာဦးနှောက်ခြမ်းက ထိန်းချုပ်ပြီး ခန္ဓာကိုယ်ညာဘက်ခြမ်းကို ဘယ်ဦးနှောက်ခြမ်းက ထိန်းချုပ်လို့ပါ။ ဒါပေမဲ့ ဒီအချက်က တိရစ္ဆာန်စမ်းသပ်မှုတွေကို အများစုအခြေတည်ပြီး ကောက်ချက်ချထားတာမလို့ ပညာရှင်တွေကြား အငြင်းပွားစရာ ဖြစ်နေပါသေးတယ်။ အင်္ဂလန်ဇီဝဘဏ် (UK Biobank) က လူအယောက် ၅ သိန်းရဲ့ အချက်အလက်စစ်တမ်းအရ ကလေးရဲ့ ကိုယ်အလေးချိန်၊ တစ်ဦးတည်းမွေး/အမြွှာမွေးနဲ့ မိခင်နို့ရည် သောက်စို့ခွင့် ရတာ/မရတာတွေက လက်သန်မှုအပေါ် သက်ရောက်မှု ရှိကြောင်း တွေ့ရပါတယ်။ ကိုယ်အလေးချိန် ၂ ပေါင် ၃ အောင်စ,အောက် မွေးဖွားလာတဲ့ ကလေးအယောက် ၁၀၀ မှာ ၅၀ လောက်က ဘယ်သန်အဖြစ် ကြီးလာကြပြီး၊ တစ်ဦးတည်း မွေးလာတဲ့ ကလေးတွေထက် အမြွှာတွေက ဘယ်သန်ဖြစ်နှုန်း ပိုမြင့်ကြတာပါ။ နောက်ပြီး မိခင်နို့ရည် သောက်စို့ခွင့် မရခဲ့တဲ့ ကလေးတွေက မိခင်နို့စို့ခဲ့ရတဲ့ ကလေးတွေနဲ့ ယှဉ်ရင် ဘယ်သန်ဖြစ်နှုန်း ပိုမြင့်တာကို တွေ့ရပါတယ်။ ဒါတွေအပြင် မိခင်ရဲ့ အသက်အရွယ်ကလဲ လက်သန်မှုနဲ့ ဆက်နွယ်နေပါသေးတယ်။ အသက် ၂၀ အောက်နဲ့ အသက် ၃၀ အထက် မိခင်တွေက ပုံမှန်ထက် ဘယ်သန်ကလေး မွေးဖွားနှုန်း ပိုမြင့်ကြပါတယ် — ဒါကလဲ အသက်အရွယ်အရ ကိုယ်အလေးချိန် နည်းလွန်းတဲ့ ကလေး၊ လမစေ့တဲ့ ကလေး မွေးဖွားနိုင်ခြေပိုများလို့ပါ။ နောက်၊ မျိုးဥ တစ်လုံးတည်းကနေ ဖြစ်တည်လာတဲ့ အမြွှာတွေ (Identical Twins) က မျိုးဥ ၂ လုံး မျိုးအောင်ပြီး ဖြစ်လာတဲ့ အမြွှာတွေ (Non-identical Twins) ထက် ဘယ်သန်ဖြစ်တဲ့ ရာခိုင်နှုန်း ပိုများကြပါတယ်။ ဒီအချက်က မျိုးဗီဇရဲ့ လွှမ်းမိုးမှုကို ထောက်ပြနေတာပါ။ ဒါပေမဲ့ မျိုးဥတစ်လုံးတည်းကနေ ဖြစ်တည်လာလို့ မျိုးဗီဇတွေ ရာနှုန်းပြည့်နီးနီး ထပ်တူညီတဲ့ အမြွှာတွေတောင် တစ်ယောက်က ဘယ်သန်၊ တစ်ယောက်က ညာသန် ဖြစ်နိုင်ပါသေးတယ်။ အမြွှာအစုံ ၁၀၀ မှာ ၂၀ လောက်က အဲဒီလို ကွဲကြတာပါ။ ဒီတော့ လက်သန်မှုကို မျိုးဗီဇတစ်မျိုးတည်းကပဲ ဆုံးဖြတ်ပေးတာ မဟုတ်ကြောင်း ဒီအချက်က ထပ်ဆင့် အတည်ပြုပေးလိုက်တဲ့ သဘောပေါ့။ တစ်ခုသတိပြုရမှာက ပညာရှင်တွေအနေနဲ့ အထက်မှာ တင်ပြခဲ့တဲ့ ပတ်ဝန်းကျင် အခြေအနေ သက်ရောက်မှုတွေကို ဘယ်သန်ဖြစ်စေတဲ့ အကြောင်းခံဆိုတာထက် ဘယ်သန်ဖြစ်တာနဲ့ ဆက်နွယ်နေတဲ့ အချက်တွေအဖြစ်ပဲ သတ်မှတ်ထားကြတာပါ။“လွဲမှားနေတဲ့ အထင်အမြင်တွေ”ခေတ်အဆက်ဆက် လူတွေဟာ ညာဘက်ကို ကောင်းတာတွေနဲ့ ယှဉ်တွဲပြီး ဘယ်ဘက်ကိုတော့ မကောင်းတဲ့အရာတွေနဲ့ နှိုင်းယှဉ်တတ်ကြတယ်။ ဥပမာ၊ အင်္ဂလိပ်စကားလုံး ‘Left’ ဆိုရင် ရှေးအင်္ဂလိပ်ဘာသာစကား – အင်ဂလို ဆက်ဆွန် (Anglo-Saxon) ရဲ့ ‘Lyft’ ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာပါ — ‘အားနည်းသော’ လို့ အဓိပ္ပာယ်ရတယ်။ နောက်၊ လက်တင် (Latin) ဘာသာစကားမှာ ညာဘက်က ‘Dexter’ ဖြစ်ပြီး ‘ကျွမ်းကျင်မှု၊ မှန်ကန်မှု’ ဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ ဆက်စပ်နေတာပါ။ အလားတူ၊ မြန်မာ့ယဉ်ကျေးမှုမှာလဲ ညာလက်ကို သုံးရင် သန့်စင်တယ် (ဒါမှမဟုတ်) ယဉ်ကျေးတယ်၊ ဘယ်လက်ကို သုံးရင်တော့ မသန့်စင်ဘူး (ဒါမှမဟုတ်) ရိုင်းပျတယ် . . . စသဖြင့် အယူအဆတွေ ရှိကြပါတယ်။ တကယ်တော့ ဘယ်သန်ဖြစ်တာဟာ မျက်လုံးအရောင်ကွဲပြားမှုလို သာမန်သဘာဝမူကွဲ တစ်ခုပါပဲ၊ ကောင်းတယ်/ဆိုးတယ် မရှိပါဘူး။ တချို့လူတွေကတော့ အားကစားနဲ့ ဂီတအနုပညာမှာ ဘယ်သန်တွေက ညာသန်တွေထက် ပိုပြီး ထူးချွန်တယ်လို့ ဆိုကြပါတယ်။ ဒါကလဲ သိပ္ပံနည်းကျ အတည်ပြုမထားတဲ့ ယူဆချက်ပါ။ တစ်ဦးချင်းယှဉ်ပြိုင်ရတဲ့ အားကစားတွေမှာ ဘယ်သန်တွေဟာ ပြိုင်ဘက်အပေါ် ‘အငိုက်မိစေတဲ့ အကျိုးသက်ရောက်မှု’ (Surprise Effect) ရှိလို့ တစ်မူးသာတာမျိုးပါ။ ဘယ်သန်ဖြစ်လို့ နိုင်တာ မဟုတ်ဘဲ ပြိုင်ဘက်အနေနဲ့ ညာသန်တွေနဲ့ ပြိုင်ရတာကို ပိုအသားကျနေလို့ ဖြစ်ပါတယ်။ နောက်ပြီး အနုပညာနယ်ပယ်မှာ ဘယ်သန်တွေက ညာသန်တွေထက် သာလွန်ကြောင်း အတည်ပြုထားတဲ့ စာရင်းအင်း မရှိပါဘူး။ ဘယ်သန်ဆိုရင် လူတွေက ပိုပြီး သတိထားမိတတ်တော့ သာတယ်လို့ အမှတ်မှားကြတာ ဖြစ်နိုင်ကြောင်း ပညာရှင်တွေက သုံးသပ်ထားပါတယ်။ ဒီတော့ ဘယ်သန်ဖြစ်လို့ မွေးကတည်းက အားကစားနဲ့ အနုပညာမှာ ပါရမီပါတာ မဟုတ်ဘဲ လူတွေရဲ့ အာရုံစိုက်မှုကြောင့် ဘယ်သန်တွေက အဲဒီနယ်ပယ်တွေမှာ ပိုထူးချွန်သယောင် ထင်ရတာမျိုးပါ။အယူမှား၊ အသိမှားတွေကြောင့် ဘယ်သန်ကလေးတွေကို ညာသန်ဖြစ်အောင် အတင်းအကြပ် ဖိအားပေးတာက ကလေးတွေရဲ့ ဦးနှောက်အာရုံကြော လုပ်ငန်းစဉ်တွေကို ကစဉ့်ကလျား ဖြစ်စေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ စကားပြောတဲ့အခါ အသံထွက် မရှင်းတာ၊ စကားထစ်တာ၊ စာရေးစာဖတ် အခက်အခဲရှိတာ၊ အမြင်အာရုံနဲ့ လက်လှုပ်ရှားမှု တိုင်မင် မကိုက်တာ၊ အာရုံစူးစိုက်မှု အားနည်းတာနဲ့ မှတ်ဉာဏ်အားနည်းတာတွေလို ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် နဂိုအားသန်ပြီးသား လက်ကို ဖိအားပေး ပြောင်းလဲစေတာကြောင့် စိတ်ရှုပ်ထွေးတာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လျော့ပြီး အရှက်အကြောက် ကြီးလာတာ၊ စိုးရိမ်စိတ် လွန်ကဲတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုလဲ ဖြစ်စေမှာပါ။ နောက်ပြီး ကလေးက ဖိအားပေး ပြုပြင်ခံရတဲ့ အလုပ်တွေကို ညာလက်နဲ့ ပြောင်းလုပ်ပေမဲ့ တခြားလုပ်ငန်းစဉ်တွေကိုတော့ နဂိုသန်ရာ ဘယ်လက်နဲ့ ဆောင်ရွက်ဖို့ အားသန်ဆဲ ဖြစ်နေတတ်ပါတယ်။ ဥပမာ – စာရေးရင် ညာလက်နဲ့ ပြောင်းရေးပြီး ကစားတဲ့အခါ ဘယ်လက်ကို ပြန်သုံးတာမျိုးပေါ့။ အဲဒီလို ဖြစ်ရတဲ့အကြောင်းက ကလေးတစ်ယောက် ဘယ်သန်လား၊ ညာသန်လား သိသိသာသာ မြင်နိုင်တဲ့အချိန်မှာ လက်သန်မှုအတွက် ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုက အတည်တကျ ဖြစ်နေပြီမို့ပါ။ ထူးခြားချက်အနေနဲ့ လက်နှစ်ဖက်လုံးကို ကောင်းကောင်း အသုံးပြုတတ်သွားသူတွေလဲ ရှိတယ်။ အဲဒါကလဲ လက်နှစ်ဖက်လုံး အညီအမျှသန်တယ်ဆိုတာထက် ကျင့်ယူရင်း ရလာတဲ့ စွမ်းရည်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒါကြောင့် သုတေသီတွေက ဘယ်သန်ကလေးကို ညာသန်ဖြစ်အောင် ဖိအားပေးတာ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ဆိုထားပါတယ်။“ဘယ်သန်တွေရဲ့ ထူးခြားချက်”ဦးနှောက်ဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ဘယ်သန်နဲ့ ညာသန်တွေကြား မတူတဲ့အချက်တွေ ရှိပါတယ်။ ဘယ်သန်တွေရဲ့ ဦးနှောက်က ညာသန်နဲ့ ယှဉ်ရင် လုပ်ငန်းဆောင်တာပိုင်း တစ်ဖက်သတ်အထူးပြုမှု (Brain Lateralization) နှုန်းထား ပိုနည်းပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာပိုင်း တစ်ဖက်သတ်အထူးပြုမှုဆိုတာက လုပ်ငန်းစဉ်တွေအလိုက် ဦးနှောက်ခြမ်း ၁ ခုက ကျန်ဦးနှောက်ခြမ်းပေါ် လွှမ်းမိုးမှုပါ။ ဥပမာ – ညာသန် ၉၇% လောက်မှာ ဘာသာစကားနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ဘယ်ဦးနှောက်ခြမ်းက ထိန်းချုပ်ထားပြီး ဘယ်သန်ဆိုရင်တော့ လူဦးရေ ၆၀% လောက်မှာပဲ ဘယ်ဦးနှောက်ခြမ်းက လွှမ်းမိုးမှု ရှိပါတယ်။ ကျန်တဲ့ ဘယ်သန် ၄၀% မှာ ၃၀% လောက်က ဘာသာစကားဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် ဦးနှောက်ခြမ်း ၂ ခုလုံးကို သုံးစွဲပြီး ၁၀% မှာတော့ ညာဦးနှောက်ခြမ်းက ပိုပြီး လွှမ်းမိုးမှု ရှိတာကို တွေ့ရပါတယ်။ နောက်ပြီး လုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက်တဲ့အခါ အဲဒီလုပ်ငန်းစဉ်အတွက် လွှမ်းမိုးမှုရှိတဲ့ ဦးနှောက်ခြမ်းက ကျန်ဦးနှောက်ခြမ်းကို တားဆီးထားမှုက ညာသန်တွေမှာ ပိုပြီး အားကောင်းပါတယ်။ ဒါ့အပြင် ဘယ်သန်တွေရဲ့ ဦးနှောက်ခြမ်း ၂ ခုကို ဆက်သွယ်ပေးတဲ့ အာရုံကြောအစုအဝေး – ကောပတ်(စ်) ကာလိုဆမ် (Corpus Callosum) က ပုံမှန်ထက် အရွယ်အစား ကြီးနေတတ်ပါတယ်။ အဲဒီလို ပုံမှန်ထက် ကြီးတဲ့ ‘ကောပတ်(စ်) ကာလိုဆမ်’ ဟာ ဦးနှောက်ခြမ်း ၂ ခုကြား အပြန်အလှန်ဆက်သွယ်မှုကို ပိုပြီးအားကောင်းစေနိုင်ပါတယ်။ ဒီတော့ ဘယ်သန်တွေရဲ့ ဦးနှောက်က တချို့လုပ်ငန်းဆောင်တာတွေမှာ လုပ်ငန်းစဉ်အလိုက် အထူးပြုတဲ့ ဦးနှောက်ခြမ်း ၁ ခုတည်းအစား ဦးနှောက်ခြမ်း ၂ ခုလုံးက အဲဒီလုပ်ငန်းစဉ်ကို မျှဝေဆောင်ရွက်နိုင်တဲ့ သဘောပါပဲ။ဘယ်သန်တွေဟာ ဆင့်ကဲပြောင်းလဲမှုသမိုင်းတစ်လျှောက် လူ့အဖွဲ့အစည်းရဲ့ ယှဉ်ပြိုင်မှု၊ မျိုးရိုးဗီဇရဲ့ လွှမ်းမိုးမှုနဲ့ ပတ်ဝန်းကျင် အခြေအနေ အကျိုးသက်ရောက်မှုတွေရဲ့ ရလဒ်ဖြစ်ပါတယ်။ ဘယ်သန်တွေမှာ ညာသန်တွေထက် အားနည်းတဲ့ စွမ်းဆောင်ရည်မျိုး မရှိသလို ထူးထွေပြီး သာလွန်နေတဲ့ လုပ်နိုင်စွမ်းတွေလဲ မရှိပါဘူး။ နောက်၊ ဘယ်သန်ဖြစ်တာက ချို့ယွင်းချက် မဟုတ်ဘဲ အကြောင်းအမျိုးမျိုး စုဆုံပြီး ဖြစ်တည်လာတဲ့ သဘာဝမူကွဲတစ်ခုပါ။ ဒါကြောင့် ဘယ်သန်တွေကို လူထူးဆန်းလို မမြင်ကြဘဲ ဘယ်သန်ကလေးတွေကိုလဲ ညာသန်ဖြစ်အောင် ဖိအားပေးတာမျိုး မလုပ်သင့်ပါဘူး။ မတူကွဲပြားမှုတွေက လူတွေရဲ့ နေ့စဉ်ဘဝ အခိုက်အတန့်တွေကို စိတ်လှုပ်ရှားဖို့ ကောင်းစေတာ မဟုတ်ပါလား . . . ? လူတိုင်းမှာ တူညီတဲ့ ဟန်ပန်တွေ၊ တစ်ထပ်တည်းကျနေတဲ့ အမူအကျင့်တွေ ရှိမယ်ဆိုရင် လူ့လောကကြီးက စိတ်ဝင်စားဖို့ ကောင်းပါအုံးမလား . . . ။ ။
Text size
Article Credits
Written by
Yee Mon Aung
Copy Editing
Khin Myat Noe Zaw
Fact-Checking
Mon Myat Kyaw
Managing Editor
Nyan Win Htet
Final Review
Pyae Thukha

