Post-Earthquake Dizziness Syndrome (PEDS) ဟာ ငလျင်လှုပ်ပြီးနောက်ပိုင်းမှာ ဖြစ်လေ့ရှိတဲ့ ထူးခြားတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ PEDS ရဲ့ အဓိက လက္ခဏာတွေထဲမှာ အသိသာဆုံးက ခေါင်းမူးတာပါ။ အထူးသဖြင့် ခေါင်းထဲ ထိုင်နေတဲ့၊ မတ်တပ်ရပ်နေတဲ့ နေရာက လှုပ်နေသလို ခံစားရတာ၊ ပတ်ဝန်းကျင်က လည်နေသလို ခံစားရတာနဲ့ ငလျင်လှုပ်နေသေးတယ်လို့ ခံစားမိတာတွေ ပါ၀င်ပါတယ်။ နောက်ထပ် လက္ခဏာတွေက ထလိုက်ရင် ယိုင်သွားတာ၊ ထိုင်လိုက်ရင် ပုံစံမဟန်ပဲ ပြုတ်ကျတာမျိုးပါ။ လက္ခဏာငယ်တွေ အနေနဲ့ –
- ရင်တုန်တာ
- မူးပြီး အော့အန်တာ
- စိုးရိမ်ပူပန်တာနဲ့
- အိပ်မပျော်တာတွေ ဖြစ်နိုင်ပါတယ်။
PEDS လက္ခဏာတွေက ငလျင်လှုပ်ပြီး ရက်အနည်းငယ်ကနေ လပေါင်းများစွာအထိ ကြာမြင့်စွာ ခံစားရတတ်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲဆိုရင် စိတ်ကျန်းမာရေးနဲ့ စိတ်ဒဏ်ရာ(Trauma) ဆေးပညာရှု့ထောင့်အရ နားအတွင်းမှာရှိတဲ့ မြေဆွဲအားကို တုံပြန်ပြီး ဟန်ချက်ထိန်းပေးနိုင်တဲ့ Calcium Carbonate Crystals, တစ်နည်း Otoconia လို့ ခေါ်တဲ့ အစိတ်ပိုင်းလေး အနည်းငယ်ထိခိုက်သွားတာကြောင့် ဖြစ်တယ်လို့ အကြမ်းဖျင်း မှတ်လို့ရပါတယ်။
PEDS လက္ခဏာတွေ ခံစားနေရရင် သက်သာစေဖို့ နိုင်ငံတကာက အတွေ့အကြုံရှိ ဆရာဝန်တွေက ဒီလိုတွေ ပြောပြထားပါတယ်။
၁။ လုံလောက်စွာ အနားယူပါ — ခန္ဓာကိုယ်နဲ့ စိတ်ကို အပြည့်မဟုတ်ရင်တောင် အနည်းအငယ် အနားပေးလိုက်ပါ။ ထိုင်နေတဲ့ အချိန်တွေမှာ ခပ်လှမ်းလှမ်းကို အာရုံစိုက်ပြီး လှမ်းကြည့်ပေးပါ။
၂။ ရေများများ သောက်ပါ — ရေဓာတ်ခမ်းခြောက်တာကလဲ မူးဝေတာတွေနဲ့ အားနည်းပြီး ယိုင်တိုင်တိုင် ဖြစ်စေတာမို့လို့ ရေသောက်ဖို့လဲ လိုပါတယ်။ ရေဓာတ် အနေတော်လေး ရှိနေတာကလဲ မူးဝေတာကို သက်သာစေနိုင်ပေမဲ့ ဒီနေရာမှာ ဓာတ်ဆားထက် ရေကသာ အနီးအစပ်ဆုံး ရနိုင်မှာမို့ ရေပဲ များများသောက်ပါ။
၃။ စိတ်လျှော့ထားပါ — အခုချိန်မှာ စိတ်အရမ်းပင်ပန်းပြီး ဖိအားတွေ များနေမှာကို သိပေမဲ့ ပြန်ပြင်လို့ မရနိုင်တာကို တွေးရင်း စိတ်ဖိစီးမှု တအားများတာကလဲ မလိုလားအပ်တဲ့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်အများကြီး မဟုတ်ရင်တောင် နည်းနည်းဖြစ်ဖြစ် စိတ်ကိုလျှော့ပါ။
PEDS ကိုသက်သာအောင် နေနည်း ပြောပြပြီးပြီဆိုတော့ ပိုဆိုးအောင် မလုပ်ရမဲ့အရာတွေကို သိအောင် ဆက်ပြီးဖော်ပြပေးချင်ပါတယ်။
— ကဖင်း၊ အရက်နဲ့ ဆေးလိပ် ရှောင်ပါ။ မူးတာသက်သာအောင်ဆိုပြီး ကော်ဖီသောက်တာမျိုး၊ အိပ်ရမှာ ကြောက်လို့ အိပ်မပျော်အောင် ကော်ဖီသောက်တာမျိုးနဲ့ စိတ်ရှုပ်လို့ စိတ်ညစ်ဖြေဖို့ အရက်သောက်တာမျိုး မလုပ်ပါနဲ့။ ပိုပြီး ဆိုးသွားစေနိုင်ပါတယ်။
— ချွေးတအားထွက်မဲ့အရာမျိုး၊ နေပူကျဲကျဲကနေ လုပ်ရမှာမျိုးတွေကို တတ်နိုင်သလောက် နားနားပြီးမှ လုပ်ပါ။ မဖြစ်မနေ လုပ်ရမှာဆိုရင်လဲ ရေများများသောက်၊ ဓာတ်ဆားသောက်ပြီး ရေဓာတ်ပြည့်အောင် နေပေးပြီး ထိုက်သင့်အောင် ပြန်အနားယူပေးပါ။
PEDS ဟာ ခံစားရတဲ့သူအတွက် အလွန်ခံရခက်စေနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် မှန်ကန်တဲ့ ကုသမှု၊ ဂရုစိုက်မှုတွေက PEDS ရဲ့ လက္ခဏာရပ်တွေကို သက်သာစေနိုင်ပါတယ်။ ။