May 10, 2026 | မြန်မာ
Article

ငလျင်ကြီးတစ်ခုအပြီး နောက်ထပ်ငလျင်ကြီးတစ်ခု ထပ်လာနိုင်မလား . . .?

ငလျင်တွေကို အမျိုးအစား သုံးမျိုးခွဲလေ့ရှိပါတယ်။ အဓိကငလျင်ကြီး မဖြစ်ခင် လှုပ်တတ်တဲ့ “ရှေ့ပြေးငလျင်” (foreshock)၊ အဖျက်အားအပြင်းဆုံး “အဓိကငလျင်” (mainshock)၊ နဲ့ အဲဒီနောက် ဆက်လှုပ်တတ်တဲ့ “နောက်ဆက်တွဲငလျင်” (aftershock) တို့ပါ။ ဒါပေမယ့် ငလျင်တစ်ခုက ဘယ်အမျိုးအစားဖြစ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ငလျင်ဘယ်အချိန် ဘယ်နေရာမှာ လှုပ်မယ်ဆိုတာကို တိတိကျကျ ကြိုခန့်မှန်းနိုင်တဲ့ နည်းပညာလဲ…

Text size

ငလျင်တွေကို အမျိုးအစား သုံးမျိုးခွဲလေ့ရှိပါတယ်။ အဓိကငလျင်ကြီး မဖြစ်ခင် လှုပ်တတ်တဲ့ “ရှေ့ပြေးငလျင်” (foreshock)၊ အဖျက်အားအပြင်းဆုံး “အဓိကငလျင်” (mainshock)၊ နဲ့ အဲဒီနောက် ဆက်လှုပ်တတ်တဲ့ “နောက်ဆက်တွဲငလျင်” (aftershock) တို့ပါ။ ဒါပေမယ့် ငလျင်တစ်ခုက ဘယ်အမျိုးအစားဖြစ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ငလျင်ဘယ်အချိန် ဘယ်နေရာမှာ လှုပ်မယ်ဆိုတာကို တိတိကျကျ ကြိုခန့်မှန်းနိုင်တဲ့ နည်းပညာလဲ လက်ရှိမှာ မရှိသေးပါဘူး။

၂၀၁၁ ခုနှစ်က ဂျပန်မှာဖြစ်ပွားခဲ့တဲ့ မဂ္ဂနီကျူ ၉.၁ ငလျင်ကြီး မလှုပ်ခင် သုံးရက်အလိုမှာ မဂ္ဂနီကျူ ၇.၁ ရှိတဲ့ ငလျင်တစ်ခု အရင်လှုပ်ခဲ့ပါတယ်။ အဲဒီအချိန်က ပညာရှင်တွေက ၇.၁ ငလျင်ကို အဓိကငလျင်လို့ ယူဆခဲ့ကြပေမယ့် နောက်ပိုင်းမှာ ပိုပြင်းတဲ့ ၉.၁ ငလျင်ကြီး ထပ်လှုပ်တဲ့အခါ သူတို့ရဲ့ ခန့်မှန်းချက်ကို ပြန်ပြင်ခဲ့ရတာပါ။

လက်ရှိသုတေသန ကိန်းဂဏန်းတွေအရတော့ ငလျင်ကြီးတစ်ခုအပြီး နောက်ထပ်ငလျင်ကြီးတစ်ခု ထပ်လာဖို့ ဖြစ်နိုင်ခြေက ၅% အောက်မှာပဲ ရှိပါတယ်။ ဖြစ်နိုင်ခြေနည်းပေမယ့် လုံးဝမဖြစ်နိုင်ဘူးလို့လဲ မဆိုနိုင်ပါဘူး။

လတ်တလော နေပြည်တော်မှာ မဂ္ဂနီကျူ ၅.၁ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဒေသခံတွေအဆိုအရ တော်တော်လေး သိသာခဲ့ပါတယ်။ ဒီငလျင်ဟာ မန္တလေးမှာ လှုပ်ခဲ့တဲ့ မဂ္ဂနီကျူ ၇.၇ အဓိကငလျင်ရဲ့ နောက်ဆက်တွဲလို့ ယူဆနိုင်ပြီး နောက်ထပ်လဲ ငလျင်ငယ်တွေ ဆက်လှုပ်နိုင်သေးတာပါ။

Fact Hub က လေ့လာလို့ ရသမျှ USGS (United States Geological Survey) ရဲ့ ခန့်မှန်းမော်ဒယ်အရ အခုလို အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ 

လက်ရှိမှတ်တမ်းအရ:

– မဂ္ဂနီကျူ ၃ အထက် နောက်ဆက်တွဲငလျင် ၁၄ ခု

– မဂ္ဂနီကျူ ၅ အထက် နောက်ဆက်တွဲငလျင် ၁ ခု (နေပြည်တော်အနီး) လှုပ်ပြီးပါပြီ။

လာမဲ့ ၂၄ နာရီအတွင်း ခန့်မှန်းခြေ

– မဂ္ဂနီကျူ ၃ နဲ့အထက် ငလျင် ၈၉ ခုလောက်

– မဂ္ဂနီကျူ ၄ နဲ့အထက် ငလျင် ၁၀ ခုလောက်

– မဂ္ဂနီကျူ ၅ နဲ့အထက် ငလျင် လှုပ်နိုင်ချေ ၆၂%

– မဂ္ဂနီကျူ ၆ နဲ့အထက် ငလျင် လှုပ်နိုင်ချေ ၁၁%

– မဂ္ဂနီကျူ ၇ နဲ့အထက် ငလျင် လှုပ်နိုင်ချေ ၁% ရှိပါတယ်

ဒါ့ကြောင့် ငလျင်ဒဏ်ခံရတဲ့ ဧရိယာတွေမှာ အဆောက်အဦးတွေ၊ နံရံတွေ၊ ဓာတ်တိုင်တွေလို အမြင့်ပိုင်းအဆောက်အအုံတွေအနီး ခဏလောက် မနေသင့်သေးပါဘူး။ ရက်အနည်းငယ်လောက် စောင့်ကြည့်ဖို့ အကြံပြုပါတယ်။ အကြောင်းကတော့ အဓိကငလျင်ကြီးတုန်းက မပြိုကျသော်လည်း နောက်ဆက်တွဲငလျင်တွေကြောင့် ဖျက်ဆီးမှုအားနည်းနေပြီးသား အဆောက်အအုံတွေ ပြိုကျတာမျိုး ဖြစ်တတ်လို့ပါ။

လက်ရှိအခြေအနေမှာ စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျှောက်ရှိ မြို့ရွာတွေအားလုံး သတိထားနေထိုင်သင့်ပါတယ်။ အန္တရာယ်ကင်းပြီလို့ ပေါ့ပေါ့တန်တန် မယူဆဘဲ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားသင့်ပါတယ်။

Article Credits

Written by Julian Htet Aung

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.