April 19, 2026 | မြန်မာ

ဓူဝံကြယ်ကို တောင်ကမ္ဘာခြမ်းကနေ မြင်နိုင်လား ?

လူတော်တော်များများက ဓူဝံကြယ်ဆိုတာ မြောက်အရပ်ကို အမြဲဦးတည်ပြတဲ့ကြယ်လို့ သိကြတယ်၊ မြောက်ဝင်ရိုးစွန်းတည့်တည့်မှာ တည်ရှိနေတာပေါ့၊ ဒါကြောင့် မြောက်ကမ္ဘာခြမ်းရဲ့ ဘယ်နေရာကနေမဆို ဓူဝံကြယ်ကို မြင်နိုင်တယ်လို့ဆိုကြတယ်၊ ဒါဆိုရင် တောင်ကမ္ဘာခြမ်းကနေရော ဓူဝံကြယ်ကို မြင်နိုင်မလား? မယုတ်မလွန်ဖြေရမယ်ဆိုရင် အီကွေတာ အောက်ဘက် တောင်ကမ္ဘာခြမ်းရဲ့ တချို့နေရာတွေကနေတော့ ဓူဝံကြယ်ကိုမြင်နိုင်တယ်၊ ကျွန်တော်တို့ သိခဲ့သလို ဓူဝံကြယ်ကမြောက်ဝင်ရိုးစွန်းထိပ်မှာ ရှိနေတာမှန်ပေမဲ့ ၉၀ ဒီဂရီတည့်တည်ကြီးမှာ…

Text size

လူတော်တော်များများက ဓူဝံကြယ်ဆိုတာ မြောက်အရပ်ကို အမြဲဦးတည်ပြတဲ့ကြယ်လို့ သိကြတယ်၊ မြောက်ဝင်ရိုးစွန်းတည့်တည့်မှာ တည်ရှိနေတာပေါ့၊ ဒါကြောင့် မြောက်ကမ္ဘာခြမ်းရဲ့ ဘယ်နေရာကနေမဆို ဓူဝံကြယ်ကို မြင်နိုင်တယ်လို့ဆိုကြတယ်၊ ဒါဆိုရင် တောင်ကမ္ဘာခြမ်းကနေရော ဓူဝံကြယ်ကို မြင်နိုင်မလား?

မယုတ်မလွန်ဖြေရမယ်ဆိုရင် အီကွေတာ အောက်ဘက် တောင်ကမ္ဘာခြမ်းရဲ့ တချို့နေရာတွေကနေတော့ ဓူဝံကြယ်ကိုမြင်နိုင်တယ်၊ ကျွန်တော်တို့ သိခဲ့သလို ဓူဝံကြယ်ကမြောက်ဝင်ရိုးစွန်းထိပ်မှာ ရှိနေတာမှန်ပေမဲ့ ၉၀ ဒီဂရီတည့်တည်ကြီးမှာ မရှိဘူး၊ အဲ့အစား ၉၀ ဒီဂရီနဲ့ အရမ်းနီးတဲ့ ၈၉.၃၄ ဒီဂရီမှာ တည်ရှိနေတာ၊ အလွန်နည်းတဲ့ပမာဏနဲ့ ဝင်ရိုးကနေ တိမ်းစောင်းနေတာပေါ့၊ ဒီလိုမျိုး အနည်းငယ်တိမ်းစောင်းနေတာဖြစ်တဲ့အတွက် ဓူဝံကြယ်ကို တောင်ကမ္ဘာခြမ်းရဲ့ တချို့နေရာတွေကနေ မြင်နိုင်တယ်၊ တည်နေရာ တိတိကျကျ ပြောရရင်တော့ တောင်လတ္တီတွဒ် ၀.၆၆ ဒီဂရီအထက်ပိုင်းကနေ ဓူဝံကြယ်ကို မြင်နိုင်မယ်၊ ဒါပေမဲ့ မြင်ထောင့်က အရမ်းစောင်းနေမှာ ဖြစ်တဲ့အတွက် အဲ့နေရာတွေကနေကြည့်ရင် မိုးကုတ်စက်ဝိုင်းရဲ့အပေါ်မှာ အလွန်နီးကပ်ပြီးတည်ရှိနေမယ်၊ လတ္တီတွဒ် ၀.၆၆ ဒီဂရီထက်များတဲ့ နေရာတွေမှာတော့ ကြယ်က မိုးကုတ်စက်ဝိုင်းအောက်ကို ရောက်သွားပြီဖြစ်တဲ့အတွက် မြင်နိုင်မှာမဟုတ်တော့ဘူး။

ဒီနေရာမှာ နောက်တစ်ခုသိထားရမှာက ကမ္ဘာ့လေထုရဲ့ အလင်းယိုင်ခြင်းပဲ၊ ကျွန်တော်တို့ ဆယ်တန်းမှာ သင်ခဲ့သလို လေရဲ့ အလင်းယိုင်ညွှန်းကိန်းက ၁ ဆိုပြီး တိတိကျကျရှိနေတာမဟုတ်ပဲ ၁.၀၀၃ ပမာဏရှိတာပါ၊ ဒါကြောင့်ကြယ်တွေဆီက အလင်းက လေထုကိုဖြတ်ပြီး မျက်စိမြင်လွှာကို ရောက်တဲ့အခါ အလွန်းနည်းပါးတဲ့ ပမာဏနဲ့ တိမ်းစောင်းနေမှာပါ၊ တွက်ချက်မှုတွေအရ ဓူဝံကြယ်ဆီကအလင်းဟာ လေထုကြောင့် ၀.၅၇ ဒီဂရီတိမ်းစောင်းပါတယ်၊ ဒါကြောင့် နဂို ၀.၆၆ ဒီဂရီနဲ့

ယိုင်ထောင့် ၀.၅၇ ဒီဂရီပေါင်းပြီး ဓူဝံကြယ်ဟာ မြောက်ဝင်ရိုးစွန်းကနေ ၁.၂၃ ဒီဂရီထိ တိမ်းစောင်းသွားမှာပါ။

ဆိုလိုတာက ဓူဝံကြယ်ကို ၀.၆၆ ဒီဂရီလတ္တီတွဒ်ထက်ပိုဝေးတဲ့ ၁.၂၃ ဒီဂရီလတ္တီတွဒ်အထိ တောင်ကမ္ဘာခြမ်းရဲ့ ဘယ်နေရာကနေမဆို မြင်နိုင်ပါတယ်၊ အဲ့ထက်ပိုဝေးရင်တော့ မိုးကုတ်စက်ဝိုင်းက ကာဆီးနေတဲ့အတွက် မမြင်နိုင်တော့ပါဘူး။

ဒီတော့ ကျွန်တော်တို့အနေနဲ့ မိုးတိမ်ကင်းစင်တဲ့ ညတွေမှာ မြို့ပြအလင်းရောင်ညစ်ညမ်းမှုမရှိခဲ့ရင် မြောက်ကမ္ဘာခြမ်းတစ်ခုလုံးတင်မဟုတ်ဘဲ အဲ့ဒီတည်နေရာတွေကနေလည်း ဓူဝံကြယ်ကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။

ကျွန်တော်တို့ Fact Hub က အပတ်စဉ် သော‌ကြာနေ့တိုင်း အချက်အလက်စစ်ဆေးတဲ့ ဆောင်းပါးတစ်ပုဒ် မျှဝေလေ့ရှိပါတယ်။

 

Article Credits

Written by Julian Htet Aung
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.