လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ကျန်းမာစွာ လည်ပတ်နေဖို့အတွက် တည်ငြိမ်ပြီး သင့်တော်တဲ့ ကိုယ်တွင်းအပူချိန်ရှိဖို့ လိုအပ်ပါတယ်။ သာမန်လူတစ်ယောက်အတွက် ခန္ဓာကိုယ်အပူချိန်ဟာ 36.5 ဒီဂရီဆဲလဲစီးယပ်စ်မှ 37.2 ဒီဂရီဆဲလ်စီးယပ်စ်ကြားရှိဖို့ လိုအပ်ပါတယ်။ဒီလိုမဟုတ်ဘဲ ပတ်ဝန်းကျင်အပူချိန်ကြောင့် ခန္ဓာကိုယ်အပူချိန် လိုအပ်တာထက် ပိုတက်လာခဲ့ရင် (သို့) ရုတ်ချည်းကျသွားခဲ့ရင် အခန့်မသင့်ပါက အသက်အန္တရာယ်ပါ ရှိလာနိုင်ပါတယ်။
အဲ့တာကြောင့်ပဲ လူတွေဟာ အပူဒဏ် ဒါမှမဟုတ် အအေးဒဏ် ရင်ဆိုင်ရမယ်ဆို ဘယ်တစ်ခုကဘယ်လိုအခြေအနေမှာ ပိုအန္တရာယ်များနိုင်မလဲဆိုတာကို မေးလေ့ရှိကြပါတယ်။ ဆိုတော့ ဘယ်အခြေအနေမှာ ရှင်သန်နိုင်ခြေ ပိုများမလဲပေါ့။
Heat (အပူဒဏ်) နဲ့ Cold (အအေးဒဏ်) ဟာ အန္တရာယ်ကိုယ်စီ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်အပူချိန်က အတိုင်းအတာတစ်ခုထက် လျော့ကျနေတဲ့အခါမှာ Hypothermia လို့ ခေါ်တဲ့ “ကိုယ်အပူချိန်ကျဆင်းခြင်း” ဟာ အန္တရာယ်ပိုပေးနိုင်တာကြောင့် Cold (အအေးဒဏ်) ဟာ ပိုပြီး အန္တရာယ်ရှိပါတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
Hypothermia (ဟိုက်ပိုသားမီးယား) ဆိုတာဟာ ပတ်ဝန်းကျင် အပူချိန် လျော့နည်းမှုကြောင့် ကိုယ်အပူချိန် ကျလာခြင်းဖြစ်ပြီး ဆန့်ကျင်ဘက်အနေနဲ့ Hyperthermia (ဟိုက်ပါသားမီးယား) ကတော့ ကိုယ်အပူချိန် မြင့်တက်လာခြင်းပဲ ဖြစ်ပါတယ်။
ဒီနှစ်ခုလုံးက လူတွေကို အန္တရာယ်ပေးနိုင်ပြီး အချိန်မီသေချာမကုသလိုက်ရင် အသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်။
ဒါပေမဲ့ Hypothermia ဟာ အပူချိန် -30 ° Celcius အောက်ကျလာတာနဲ့ 10 မိနစ် အတွင်းမှာ ဖြစ်လာနိုင်ပြီး တစ်နာရီအတွင်းမှာပဲ လူတစ်ယောက်ကို သေစေနိုင်ပါတယ်။ တစ်ဖက်မှာတော့ Hyperthermia ကြောင့် လူတစ်ယောက်သေဖို့ များသောအားဖြင့်တော့ နာရီအနည်းငယ် ကြာတတ်ပါတယ်။
ဒါကြောင့် Heat (အပူ) နဲ့ Cold (အအေး) တို့မှာအများအားဖြင့် Cold ဟာ လူတစ်ယောက်ကို ပိုပြီး အန္တရာယ်ပေးနိုင်တယ်လို့ ကောက်ချက်ချလို့ရပါတယ်။
ဒါပေမယ့်လဲ လက်တွေ့ကျကျ ပြောရမယ်ဆိုရင် ဒီ Hypothermia နဲ့ Hyperthermia ကိုကောင်းကောင်းကြီး နားလည်ထားပြီး ကြိုတင်ကာကွယ်နိုင်တဲ့ လူတစ်ယောက်ဟာ သဲကန္တာရလိုမျိုးအပူချိန်အလွန်မြင့်တဲ့ နေရာတွေထက် နှင်းတောင်တွေလို အေးတဲ့နေရာတွေမှာ ရေရှည်ရှင်သန်နိုင်ပါတယ်။ ဒါကတော့ နေရာတစ်ခုချင်းစီရဲ့ မတူညီတဲ့ အချက်အလက်တွေကြောင့် အခုလိုမျိုး အဖြေထွက်လာခြင်း ဖြစ်ပါတယ်။
Dehydration (ရေဓာတ်ခန်းခြောက်ခြင်း)
ခန္ဓာကိုယ်ဟာ အပူချိန်လျှော့ချဖို့အတွက် ချွေးထွက်စေပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ခန္ဓာကိုယ်ဟာ ချွေးထွက်များတဲ့ အခါမှာ ရေဓာတ်ခမ်းခြောက်လာနိုင်ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုဟာ ရေဓာတ်ပိုကုန်ဆုံးစေတာကြောင့် ရာသီဥတုပူပြင်းတဲ့ ဒေသမျိုးတွေမှာဆိုရင် Dehydration (ရေဓာတ်ခမ်းခြောက်ခြင်း) ဖြစ်နိုင်ချေ အင်မတန်များပါတယ်။
ရေအရင်းအမြစ်
ခန္ဓာကိုယ်ကောင်းစွာ လည်ပတ်နိုင်ဖို့အတွက် ရေ ဟာအဓိက နေရာတစ်ခုမှာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်က ဆဲလ်လေးတွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက်နဲ့ ကိုယ်အတွင်းမှာရှိတဲ့ အခြားသော လုပ်ငန်းတွေအတွက် ရေက သိပ်ကို အရေးပါပါတယ်။ အပူချိန် အရမ်းမြင့်မားတဲ့ နေရာတော်တော်များများမှာ ရေအရင်းအမြစ်ဟာ အကန့်အသတ်ရှိတာကြောင့် ဒီလိုနေရာတွေမှာသောက်သုံးရေ ရှားပါးမှုကို မကြာခဏကြုံတွေ့ကြရပါတယ်။
အစားအသောက်အရင်းအမြစ်
အပူချိန်မြင့်မားတဲ့ နေရာတွေမှာ ရေရှားသလို ပုံမှန်အားဖြင့် အစားအသောက်လဲ သိပ်ရှားပါတယ်။ စားသုံးနိုင်တဲ့ အပင်၊ အင်းဆက်နဲ့ သဘာဝသားရဲတွေ ရှိနိုင်ပေမဲ့ အေးလွန်းတဲ့ နေရာဒေသတွေမှာတော့ ရေဟာ အလွယ်တကူ ရရှိနိုင်ပါတယ်။
ဒါကြောင့် သာမန်လူတစ်ယောက်အနေနဲ့ အေးတဲ့ အရပ်ဒေသတွေမှာ ရှင်သန်ဖို့ အခွင့်အလမ်းပိုများပါတယ်။
နေရာဒေသအလိုက် အပူချိန်၊ ပထဝီအနေအထား၊ တည်နေရာ စတဲ့ အချက်အလက်တွေဟာလဲ တစ်နေရာနဲ့ တစ်နေရာ မတူတာကြောင့် ဒါတွေအပေါ်လိုက်ပြီး ရရှိနိုင်တဲ့ အဖြေတွေဟာ ပြောင်းလဲသွားပါတယ်။