May 20, 2026 | မြန်မာ

hMPV ဆိုတာက ဘာလဲ . . . ?

အခုရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ တရုတ်နိုင်ငံက ဆေးရုံ၊ ဆေးခန်းဂိတ်ကို တိုး၀င်နေကြ၊ တန်းစီစောင့်ဆိုင်းနေကြတဲ့ စိတ်လန့်ဖွယ် လူနာအုပ်ကြီးကို စာဖတ်သူတို့ တွေ့မိ၊ မြင်မိကြမှာပါ။ ဒီလို ဗီဒိယိုဖိုင်လ်တွေနဲ့ ဓာတ်ပုံတွေကို ကြည့်မိလိုက်တဲ့ လူတွေအဖို့ အခုလို ကိုဗစ်ကပ်ရောဂါအလွန်၊ အရှိန်သတ်ခါစ ကာလမှာ နောက်ထပ်ရောဂါမျိုးကွဲ တစ်ခုများ ပေါ်ထွက်လာလေသလားလို့ စိုးရိမ်မိမှာက မလွဲမသွေပါပဲ။ ဒီမေးခွန်းဟာ…

Text size

အခုရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ တရုတ်နိုင်ငံက ဆေးရုံ၊ ဆေးခန်းဂိတ်ကို တိုး၀င်နေကြ၊ တန်းစီစောင့်ဆိုင်းနေကြတဲ့ စိတ်လန့်ဖွယ် လူနာအုပ်ကြီးကို စာဖတ်သူတို့ တွေ့မိ၊ မြင်မိကြမှာပါ။ ဒီလို ဗီဒိယိုဖိုင်လ်တွေနဲ့ ဓာတ်ပုံတွေကို ကြည့်မိလိုက်တဲ့ လူတွေအဖို့ အခုလို ကိုဗစ်ကပ်ရောဂါအလွန်၊ အရှိန်သတ်ခါစ ကာလမှာ နောက်ထပ်ရောဂါမျိုးကွဲ တစ်ခုများ ပေါ်ထွက်လာလေသလားလို့ စိုးရိမ်မိမှာက မလွဲမသွေပါပဲ။ ဒီမေးခွန်းဟာ လတ်တလော ကမ္ဘာ့လူထုနဲ့ သတင်းမီဒီယာတွေကြား ပွက်လောထနေတဲ့ အငြင်းပွားဖွယ်ရာ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဒီဇင်ဘာလနှောင်းပိုင်း၊ တရုတ်နိုင်ငံမြောက်ပိုင်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်ခု ဖြစ်တဲ့ hMPV (human Metapneumovirus) တဟုန်ထိုး ပျံ့နှံ့လာတယ်ဆိုတဲ့ သတင်း စတင်ခဲ့ချိန်ကစပြီး ဒါဟာ ကိုဗစ်မျိုးကွဲ ကပ်ရောဂါဖြစ်နိုင်မလားဆိုတဲ့ အသိက လူထုရဲ့ ခေါင်းထဲကို ၀င်ရောက်လာပါတယ်။ ပိုဆိုးတာက ဒီရောဂါကို အိန္ဒိယ၊ မလေးရှား၊ ဗြိတိန်၊ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေမှာပါ ရှာဖွေတွေ့ရှိလာတာဖြစ်ပြီး တွေ့ရှိရနှုန်းကလဲ မြန်ဆန်နေပါတယ်။ 

ဒါဆို တကယ်ပဲ hMPV ရောဂါဟာ ကိုဗစ်မျိုးကွဲ ကပ်ရောဂါတစ်မျိုးများ ဖြစ်နေမလား . . . ? 

အဖြေကို ရှင်းရှင်းလင်းလင်း ပြောပြရရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်တဲ့ hMPV ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲဗိုင်းရပ်စ် မဟုတ်သလို၊ ကပ်ရောဂါ ဖြစ်နိုင်တဲ့အထိ ပြင်းထန်ကြမ်းကြုတ်တဲ့ ဗိုင်းရပ်စ်မျိုးလဲ မဟုတ်ပါဘူး။ ဒါဆို တွေးရမှာက လူမှုမီဒီယာပေါ်မှာ ဒီလောက်တောင် ဆူညံပြီး ရောဂါရှာတွေ့နှုန်းတွေ မျက်မြင်ရှိနေတာ ပေါ့သေးသေး ဗိုင်းရပ်စ်တစ်မျိုး ဟုတ်ပါ့မလားဆိုတာပေါ့။ 

အဖြေရှာနိုင်ဖို့အတွက် အရင်ဆုံး hMPV ရောဂါ အကြောင်းကို အကြမ်းဖျင်း နားလည်ထားဖို့ လိုပါတယ်။ 

hMPV ဆိုတာက ဘာလဲ . . . ?

Human Metapneumovirus (hMPV) ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပြီး တချို့သော တုပ်ကွေးဗိုင်းရပ်စ်တွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ စင်ဆီရှယ်ဗိုင်းရပ်စ် (RSV) တွေနဲ့ ဆင်တူပါတယ်။ ပြောရရင် စင်ဆီရှယ်ဗိုင်းရပ်စ်က ပရာမစ်ဇိုဗိုင်းရီဒေ့ (Paramyxoviridae) ဆိုတဲ့ မျိုးရင်းတူတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တစ်မျိုးပါ။ hMPV ဗိုင်းရပ်စ်ပုံစံဟာ အမြှေးပါးဖုံး အနုတ်သဘောဆောင် တစ်ပင်လိမ် အာအမ်အေဗိုင်းရပ်စ် (Negative-sense RNA Virus) မျိုး ဖြစ်ပါတယ်။ ရောဂါအမျိုးအစားကိုတော့ ကဏ္ဍခွဲ A1, A2, B1, B2 ဆိုပြီး အသီးသီး သတ်မှတ်ခွဲခြားထားပါတယ်။ 

ဒီအချက်တွေက ကပ်ရောဂါဖြစ်နိုင်ချေရှိမရှိနဲ့ ဘယ်လို ဆက်စပ်နေလဲ . . . ?

ဒီအသက်ရှုလမ်းကြောင်း ကူးစက်ရောဂါကို လက်ရှိ ဒီဇင်ဘာလနှောင်းပိုင်းကနေ ဇန်နဝါရီလအစောပိုင်းထိ ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့မှုတွေ များနေတာက အမှန်တကယ် မြင်တွေ့နေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဗိုင်းရပ်စ်က သာမန်ဖြစ်နေကျ ဖျားနာတုပ်ကွေး အုပ်စုထဲပဲ ပါ၀င်ပြီး ရာသီအလိုက် ပေါ်လာတတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ဆောင်းရာသီနဲ့ နွေဦးကာလမှာ အဖြစ်များတဲ့ ရောဂါဖြစ်တာမို့ တရုတ်နိုင်ငံရဲ့ ဆောင်းရာသီကာလမှာ ကူးစက်မှုများလာတာ မဆန်းပါဘူး။ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ကလဲ ပြည်သူတွေကို အွန်လိုင်းပေါ်က မဟုတ်မမှန်တွေကို အစိုးရိမ်မလွန်ကြဖို့နဲ့ လိုအပ်တဲ့ ရောဂါကာကွယ်မှုတွေ ဆောင်ရွက်ပြီး စိတ်အေးအေးနေကြဖို့ ပြောထားပါတယ်။ ဒီနှစ်မှာ နည်းပညာအကူအညီကြောင့် ရောဂါတွေ့ရှိမှုနှုန်း သိသိသာသာ များလာတယ်ဆိုပေမဲ့ မနှစ်ကအထိ မရှိသေးကြောင်း၊ ဆေးအင်အားမလုံလောက်တာမျိုးတွေထိ မရှိသေးကြောင်း ကြေညာထားပါတယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့အစည်းကလဲ ဒီရောဂါနဲ့ ပတ်သက်တဲ့ ကာကွယ်ရေးလုပ်ဆောင်မှုတွေကို တိုးမြှင့်နေပြီး တရုတ်နိုင်ငံမှာ ကျန်းမာရေး အရေးပေါ်အခြေအနေထိ မဖြစ်နေကြောင်းကို အတည်ပြုထားပါတယ်။ 

ဒါ့အပြင် ဗြိတိန် ကျန်းမာရေးစောင့်ရှောက်မှုအေဂျင်စီကလဲ ဗြိတိန်မှာ hMPV ဗိုင်းရပ်စ်တွေ တွေ့လာရပေမဲ့ ဒီရာသီဥတုမှာ လက်ရှိနှုန်းကို ကြိုတင် တွက်ချက်ထားပြီးသားလို့ ဆိုထားပါတယ်။ သြစတြေးလျနိုင်ငံ၊ ဖလင်ဒါတက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာ အထူးပြုပညာရှင် ဂျေကွာလင်စတီဖင် (Jacqueline Stephens) က လက်ရှိ အမေရိကန်နိုင်ငံအပါအ၀င် မြောက်ကမ္ဘာခြမ်းက နိုင်ငံတွေမှာလဲ hMPV ကူးစက်နှုန်းကို များများပြားပြား မြင်တွေ့လာရပြီး ဒီလို ပျံ့နှံ့နှုန်းဟာ အနည်းငယ် စိုးရိမ်စရာဖြစ်ပေမဲ့ ရာသီလိုက် တိုးမြှင့်ကူးစက်နှုန်းသာဖြစ်တယ်လို့ ထပ်မံ ပြောကြားထားပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ hMPV ရောဂါရဲ့ လက္ခဏာတွေက သာမန် တုပ်ကွေးမိ၊ ဖျားနာတာတွေနဲ့ ဆင်တူပါတယ်။ ဒါကြောင့်လဲ သာမန် ရာသီလိုက် အအေးမိတာမျိုးပါလို့ သတ်မှတ်ထားတာပါ။ ခန္ဓာကိုယ်ထဲ ရောဂါပိုး တည်ချိန်က ယေဘုယျအနေနဲ့ ၃ ရက် ကနေ ၅ ရက်လောက်ထိ ကြာတတ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အဓိက တိုက်ခိုက်ပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေနဲ့ ခုခံအားစနစ် ချို့ယွင်းသူတွေမှာ အများဆုံး တွေ့ရှိရပါတယ်။ ရောဂါကြောင့် ခဏခဏ ဖျားတာမျိုး ရှိတတ်ပြီး ပုံမှန်လက္ခဏာတွေအနေနဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာပိတ်တာနဲ့ ခန္ဓာကိုယ်ကိုက်ခဲတာတို့ ဖြစ်တတ်ပြီး ရောဂါပိုပြင်းထန်လာရင်တော့ ချွဲကျပ်တာ၊ အသက်ရှုရခက်တာ၊ မူးဝေတာ၊ ရေဓာတ်ခမ်းခြောက်တာထိ ဖြစ်တတ်ပါတယ်။ ဒီရောဂါပိုးဟာ တခြား အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့လဲ အတူပါလာတတ်ပြီး ရောဂါပိုးကနေတစ်ဆင့် အဆုတ်ရောင်ရောဂါ၊ ချောင်းဆိုးရင်ကျပ်နာတို့လိုမျိုး အဆုတ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

hMPV ရောဂါဟာ ကပ်ရောဂါဖြစ်လောက်တဲ့ထိ လောလောဆယ် မရှိသေးပေမဲ့ ကျန်းမာရေးပညာရှင်တွေကတော့ ကြိုတင်ကာကွယ်ထားဖို့ အကြံပြုထားပါတယ်။ အခုလို ရာသီအနေအထားမှာသာ တုပ်ကွေးလိုမျိုး အဖြစ်များပေမဲ့ hMPV ကလဲ ပေါ့ဆမိရင် ရောဂါကြီးတစ်ခုအနေနဲ့ Outbreak အထိပါ ဖြစ်နိုင်တာကြောင့် အထူးသတိထားဖို့ လိုပါတယ်။ ကြိုတင်ကာကွယ်နည်းတွေကတော့ ကိုဗစ်လို အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေလိုပဲ လက်ကို မကြာခဏ သေချာဆေးကြောပေးတာ၊ လူထူတဲ့ နေရာကိုသွားရင် Mask တပ်တာ၊ ညစ်ညမ်းတဲ့ နေရာတွေကို မထိတွေ့တာနဲ့ ကိုယ်ခံစွမ်းအားမြှင့်တင်တာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ပြင်းထန်တဲ့ ရောဂါလက္ခဏာခံစားနေရပြီဆိုရင်တော့ အမြန်ဆုံး ဆရာ၀န်နဲ့ ကုသတာ အကောင်းဆုံး နည်းလမ်းပါ။

လတ်တလော လူမှုကွန်ရက်မှာ ပွက်လောရိုက်နေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ hMPV ရဲ့ အငြင်းပွားဖွယ် မေးခွန်းတွေကို အနှစ်ချုပ်ဖြေရရင် ဒီ ဗိုင်းရပ်စ်ဟာ ကိုဗစ်မျိုးကွဲ ‘ဗိုင်းရပ်စ်သစ်’ မဟုတ်သလို ကပ်ရောဂါအထိ အားကောင်းနိုင်တဲ့ အနေအထားမှာ လက်ရှိမရှိနေသေးပါဘူး။ တရုတ်နိုင်ငံမှာတောင် ဒီနေ့အထိ တရား၀င် ကျန်းမာ‌ရေးအရေးပေါ်ကြေညာချက်  ထုတ်ပြန်ထားခြင်းမရှိဘဲ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတွေကလဲ ရာသီပေါ် ကူးစက်ရောဂါတစ်ခုအဖြစ်သာ သတ်မှတ်ထားပါသေးတယ်။ “မီးမလောင်မီက တား” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခုအတိုင်း ကပ်ရောဂါအဟုန် မရှိပေမဲ့ ပြင်းထန်တဲ့ လက္ခဏာတွေရှိတဲ့ ဒီ hMPV ကူးစက်ရောဂါအတွက် ကြိုတင်ကာကွယ် တားဆီးထားတာကတော့ အကောင်းဆုံးပါ။ ဆယ်စုနှစ်၊ ရာစုနှစ်တွေ ဖြတ်ကျော်လာတာနဲ့အမျှ အဆက်မပြတ် ဆင့်ကဲပြောင်းလဲ အားကောင်းလာနေတဲ့ ဗိုင်းရပ်စ်/ရောဂါပိုးတွေကြား ရှင်သန်ရပ်တည်နိုင်ဖို့ လူသားတွေအနေနဲ့လဲ နေထိုင်မှုစနစ် လိုက်လျောညီထွေ ပြောင်းလဲရမှာ မလွဲမသွေ မဟုတ်ပါလား။     ။    

Article Credits

Written by Khant Nyar Thar
Fact-Checking Mon Myat Kyaw
Copy Editing Nyan Win Htet

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.