May 10, 2026 | မြန်မာ
Biology Explainer

ဒိုင်နိုဆောတွေကို အမြစ်ဖြုတ်ခဲ့တဲ့ ဂြိုဟ်သိမ်ရန်ကနေ ငါးမန်းတွေ ဘယ်လိုလွတ်မြောက်ခဲ့သလဲ။

ငါးမန်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ မီလီယံ‌ဝန်းကျင်လောက်ကစပြီး ယနေ့ချိန်အထိ ကမ္ဘာပေါ်မှာ ရှင်သန်ကျက်စားနေတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒိုင်နိုဆောမျိုးစိတ်ထက် နှစ်ပေါင်း ၂၀၀ မီလီယံခန့် သက်တမ်းပိုရင့်ပြီး လွန်ခဲ့တဲ့ နှစ် ၆၀ မီလီယံ ဝန်းကျင်က ဂြိုဟ်သိမ်ရဲ့ ရိုက်ခတ်မှုကြောင့် ဒိုင်နိုဆောတွေမျိုးသုဉ်းပြီးနောက်မှာတောင် ဆက်လက်ရှင်သန်နေတဲ့ မျိုးစိတ်တွေဖြစ်ပါတယ်။ တိုးတက်လာတဲ့ ယနေ့ခေတ်မှာ ပညာရှင်တွေဟာ ရှေးဟောင်းရုပ်ကြွင်းတွေကို…

Text size

ငါးမန်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ မီလီယံ‌ဝန်းကျင်လောက်ကစပြီး ယနေ့ချိန်အထိ ကမ္ဘာပေါ်မှာ ရှင်သန်ကျက်စားနေတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒိုင်နိုဆောမျိုးစိတ်ထက် နှစ်ပေါင်း ၂၀၀ မီလီယံခန့် သက်တမ်းပိုရင့်ပြီး လွန်ခဲ့တဲ့ နှစ် ၆၀ မီလီယံ ဝန်းကျင်က ဂြိုဟ်သိမ်ရဲ့ ရိုက်ခတ်မှုကြောင့် ဒိုင်နိုဆောတွေမျိုးသုဉ်းပြီးနောက်မှာတောင် ဆက်လက်ရှင်သန်နေတဲ့ မျိုးစိတ်တွေဖြစ်ပါတယ်။

တိုးတက်လာတဲ့ ယနေ့ခေတ်မှာ ပညာရှင်တွေဟာ ရှေးဟောင်းရုပ်ကြွင်းတွေကို အသုံးပြုပြီး သက်တမ်းတွေကို တွက်ချက်နိုင်ပါတယ်။ ဒီတွက်ချက်မှုတွေအရ သက်တမ်းရင့် ငါးမန်းရုပ်ကြွင်းတစ်ခုက ယခင်နှစ်ပေါင်း ၄၄၃ မီလီယံခန့်မှာ ရှင်သန်ခဲ့တဲ့ Doliodus Problematicus ဆိုတဲ့မျိုးစိတ်ရဲ့ ရုပ်ကြွင်းဖြစ်ပါတယ်။ ဒါ့အပြင်နောက်ပိုင်းထပ်မံတွေ့ရှိထားတဲ့ ငါးမန်းကြေးခွံတွေဟာ လွန်ခဲ့တဲ့ နှစ် ၄၅၀ မီလီယံဝန်းကျင်လောက်ကဖြစ်နိုင်တဲ့အတွက် ငါးမန်းမျိုးစိတ်ဟာ ကမ္ဘာပေါ်မှာ သစ်ပင်တွေ မပေါ်ပေါက်လာခင်ကတည်းက ရှိနေခဲ့တယ်လို့ ယူဆလို့ရပါတယ်။

ဒီလောက်နှစ်ရှည်ကြာ ကမ္ဘာပေါ်မှာ နေထိုင်ခဲ့ပြီး ကပ်ဘေးတွေကို ကျော်လွှားခဲ့တဲ့ ငါးမန်းတွေဟာ သာမန်စွမ်းရည်တွေနဲ့ ငါးမျိုးစိတ်သက်သက်ပဲလို့ ထင်ရင် မှားပါလိမ့်မယ်။ ဒီသတ္တဝါတွေဟာ ပတ်ဝန်းကျင် ဖိအားမြင့် ရပ်ဝန်းတွေ၊ အောက်ဆီဂျင်နည်းပါးတဲ့ ဒေ‌သတွေ၊ ပတ်ဝန်းကျင်အပူချိန် အပြောင်းအလဲတွေမှာ အလိုက်သင့် နေထိုင်နိုင်ပါတယ်။ ခြုံပြောရရင် သမုဒ္ဒရာကြမ်းပြင်လို ရေအနက်ပိုင်း ဒေသတွေကအစ မြစ်၊ ချောင်းတွေလိုမျိုး ရေတိမ်ပိုင်းတွေအထိ ပြောင်းလဲနေထိုင်နိုင်ပါတယ်။ အချို့တူခေါင်းငါးမန်းတွေနဲ့ သန္တာကျောက်တန်းနေ ငါးမန်းတွေဆိုရင် သက်ရှိရေအောက်မီးတောင်တွေအတွင်း နေထိုင်နေကြပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် ငါးမန်းတွေဟာ Plankton၊ ငါး၊ ဂဏန်း၊ ပင်လယ်ဖျံ၊ ဝေလငါး စသဖြင့် မျိုးစုံစားကြတဲ့အတွက် ကပ်ဆိုက်ရင်တောင် သူတို့အတွက် အစာမရှားပါဘူး။ ဥပမာဆိုရင် ဒိုင်‌နိုဆောခေတ်မှာ ဂြိုဟ်သိမ်ဟာ ကမ္ဘာကို တိုက်ပြီးတဲ့နောက် ရေနေသတ္တဝါအများစု မျိုးသုဉ်းကုန်ပြီး ရေအောက်အနက်ပိုင်းတွေမှာသာ ငါးအပါအဝင် မျိုးစိတ်‌တချို့တလေလောက်ပဲ ကျန်ရှိခဲ့ပါတယ်။ ငါးမန်းတွေဟာ ရေအနက်ပိုင်းတွေမှာလဲ ရှင်သန်ကျက်စားနိုင်တဲ့အတွက် အဲ့ဒီကျန်ခဲ့တဲ့ မျိုးစိတ်တွေက ငါးမန်းရဲ့အစာ ဖြစ်ကုန်ပါတယ်။

ပိုအံ့ဩစရာကောင်းတဲ့ အချက်ကတော့ အခြေအနေအရပ်ရပ်ကြောင့် (ဥပမာ – နေက လာတဲ့ UV radiation ကြောင့်) DNA တွေ ပျက်စီးတဲ့အခါ ငါးမန်းတွေမှာ ပြန်လည်ပြုပြင် ကုသနိုင်စွမ်း ရှိပါတယ်။ ဒဏ်ရာတွေကိုလဲ အမြန်ကုသနိုင်စွမ်း ရှိတဲ့အတွက် အနာရောဂါတွေက‌နေလဲ သူတို့ကိုယ်ကိုယ် ကာကွယ်နိုင်ကြပါတယ်။ ဒါ့အပြင် ငါးမန်းတွေမှာ Electroreception (သက်ရှိက ထုတ်လွှတ်တဲ့ လျှပ်စစ်စက်ကွင်းကို အာရုံခံနိုင်စွမ်း၊ Lateral Lines (ရေဖိအားကို အာရုံခံနိုင်တဲ့ ‌အင်္ဂါ) တွေကို ပိုင်ဆိုင်ထားကြရုံတင်မကဘဲ အနံ့ခံတဲ့ နေရာမှာပါ ထူးချွန်ကြ‌တဲ့အတွက် အစာရှာတဲ့အခါ၊ အန္တရာယ်တွေကနေ ရှောင်ရှားတဲ့အခါ အဆင်ပြေချောမွေ့စေပါတယ်။ ဒီအံ့ဖွယ်စွမ်းရည်တွေကြောင့် ငါးမန်းတွေက နှစ်ပေါင်းရာချီနေထိုင်ပြီး ဆက်လက်မျိုးပွားနိုင်ပါတယ်။

ဒိလိုအချက်တွေကြောင့် ဂြိုဟ်သိမ်က ကမ္ဘာကိုတိုက်ပြီး ဒိုင်နိုဆောတွေ မျိုးသုဉ်းခဲ့သည့်တိုင်အောင် ငါးမန်းမျိုးစိတ်ဟာ ကျန်ရှိနေခဲ့တာပါ။ သမိုင်းကို နောက်ပြန်ဆုတ်ကြည့်တဲ့အခါမှာ ငါးမန်းတွေဟာ ဒီကပ်ပျက်အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ မီလီယံဝန်းကျင်က ဖြစ်ခဲ့တဲ့ Permian Mass Extinction အတွင်း သက်ရှိမျိုးစိတ် ၉၀ ရာခိုင်နှုန်းလောက် ပျောက်ပျက်ခဲ့တဲ့ အချိန်မှာလဲ မျိုးသုဉ်းမဲ့ ဘေးက လွတ်မြောက်ခဲ့တယ် ဆိုတာကို သိရပါသေးတယ်။

ယနေ့ခေတ်အချိန်မှာဆိုရင်တော့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လွန်ကဲစွာ ငါးဖမ်းခြင်းနဲ့ Climate Change စတဲ့ လူတွေရဲ့ လုပ်ရပ်ကနေ ဖြစ်လာတဲ့ အန္တရာယ်တွေကြောင့် နှစ်စဉ် ငါးမန်းအကောင်ရေ ၁၀၀ မီလီယံလောက် သေဆုံးနေရပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကိုညထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သတ္တဝါတွေကို ထိခိုက်စေမဲ့ လုပ်ရပ်တွေ ရှောင်ရှားခြင်းအားဖြင့် ဒီရှေးဟောင်းမျိုးစိတ်ကို မျိုးသုဉ်းမဲ့ရန်က‌နေ ကာကွယ်ကြဖို့ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။

©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #Science #Short_Article #Shark #How_Did_Sharks_Survive_The_Asteroid

Article Credits

Written by Zay Bhone Hlyan
Copy Editing Aww Myat Khin Khin

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.