Impulse-Momentum Theorem ဟာ လူသိနည်းတဲ့ ရူပဗေဒတိုင်းတာမှုတစ်မျိုးပဲ၊ အားနဲ့အဟုန်အယူအဆလိုမျိုး အခြေခံမကျပေမဲ့ လက်တွေ့လောကမှာတော့ အတိုင်းအတာတစ်ခုအထိ အသုံးဝင်တယ်။ နောက်ပြီး သူ့ရဲ့ညီမျှခြင်းက အဟုန်နဲ့အား တိုင်းတာမှု (၂) ခုကို ဆက်သွယ်ပေးထားတာမို့ ဆက်စပ်နားလည်မှုမှာ အဆင်ပြေနိုင်တယ်။
နားလည်လွယ်အောင်လို့ အရိုးရှင်းဆုံးနည်းနဲ့ ရှင်းပြပါမယ်။
အမှုန်တစ်ခုဟာ ကိန်းသေအလျင်နဲ့ရွေ့နေမယ်ဆိုပါတော့၊ ညီမျှခြင်းအရ v=constant, a=0 ဖြစ်နေတဲ့အတွက် F=0 ဖြစ်နေမယ်၊ သူ့မှာ ဘာအားပမာဏမှ မရှိခဲ့ဘူးပေါ့။ ဒါပေမဲ့ အဲ့အမှုန်က ရပ်နေတဲ့ တစ်ခြားအမှုန်တစ်ခုကို တိုက်မိတဲ့အခါမှာ ဘယ်လိုဖြစ်သွားမလဲ။
ဒီအခါမှာတော့ အတိုက်ခံရတဲ့အမှုန်က လုံးဝကို ရွေ့လျားသွားမှာပဲ။ ရပ်နေရာကနေ ရွေ့လျားသွားတယ်ဆိုတော့ သူ့မှာအရှိန်တစ်ခုရှိလာတာသေချာတယ်။ ဒုတိယနိယာမအရ အရှိန်က အားကြောင့်ဖြစ်ပေါ်လာရတယ်၊ ဒါကြောင့် အားပမာဏတစ်ခုလည်း ဖြစ်ပေါ်မှာပဲ။ အတိုက်ခံရတဲ့အမှုန်က ရပ်နေတဲ့အတွက် အားပမာဏလုံးဝမရှိခဲ့သလို ဝင်တိုက်တဲ့အမှုန်ကလဲ ကိန်းသေအလျင်ဖြစ်တာကြောင့် အားပမာဏမရှိခဲ့ပြန်ဘူး။ ဒါဆိုရင် အဲ့ဒီအားက ဘယ်ကနေပေါ်လာတာလဲ။
ဒီလို Collision ဖြစ်ရပ်တွေထဲက ရွေ့လျားမှုတွေ အကြောင်းကို ရှင်းပြရာမှာ ကျွန်တော်တို့အနေနဲ့ အားဆိုတဲ့ ရူပဗေဒသဘောတရားကို တိုက်ရိုက်အသုံးချလို့မရဘူး။ အဲ့အစား အဟုန်ဆိုတဲ့ ရွေ့လျားမှုကိုတိုင်းတာတဲ့ သဘောတရားနဲ့ပဲ ရှင်းပြလို့ရတယ်။
p₂ + p₁ = p₂’ + p₁’ ဆိုတာပေါ့(p=mv) ၊ အားသက်ရောက်တာလို့ မသုံးနှုန်းတော့ပဲ အဟုန်ကို မျှဝေပေးတယ်လို့ သုံးနှုန်းတော့မယ်။ ရပ်နေတဲ့အမှုန်မှာ အလျင်မရှိလို့ အဟုန်မရှိပေမဲ့ ကိန်းသေအလျင်နဲ့ရွေ့နေတဲ့အမှုန်မှာတော့ အဟုန်ရှိနေတယ်။ သူတို့ (၂) ခုတိုက်မိတဲ့အခါမှာ အဟုန်ရှိနေတဲ့ကောင်က မရှိတဲ့ ကောင်ဆီကိုမျှဝေပေးလိုက်တာပေါ့။ ဒါကြောင့် အဟုန်ရသွားတဲ့ကောင်က ရွေ့လျားသွားရတယ်။ ဒါဆိုရင် ဖြေရှင်းရတာ အတော်ကိုအဆင်ပြေသွားပြီ။
ဒီဖြစ်ရပ်ထဲက ရွေ့လျားမှုအကြောင်းကိုရှင်းပြတာ အဆင်ပြေသွားပြီဆိုပေမဲ့ အားရဲ့သဘောတရားနဲ့ရော ဘယ်လိုရှင်းပြကြမလဲ။ အပေါ်မှာ အားကို တိုက်ရိုက်အသုံးချလို့မရဘူးလို့ ကျွန်တော်ဆိုခဲ့တယ်၊ ဒါဆိုရင် ဘယ်လိုအသုံးချလို့ရနိုင်မလဲ။
အဖြေကတော့ Impulse ဆိုတဲ့ တွန်းအားပါပဲ (Impulse ကို ဆောင့်အဟုန်လို့ ကိုမင်းထွဋ်ကျော်က ဘာသာပြန်ပြတယ်၊ သူဘာသာပြန်တာ သဘောတရားအရမှန်ကန်ပေမဲ့ ကျွန်တော်ကတော့ တွန်းအားလို့ပဲ ဒီထဲမှာဆက်ရေးပါ့မယ်)။
Impulse is defined as the change in momentum of an object when a forece is applied to it fora specific period of time.
တွန်းအားဟာ အချိန်တစ်ခုကြာအားသက်ရောက်မှုကြောင့် ဖြစ်ပေါ်တဲ့ အဟုန်ပြောင်းလဲခြင်းတဲ့။ ဖွင့်ဆိုချက်ထဲမှာ အားနဲ့အဟုန်ကို ဆက်သွယ်ပြထားတယ်။ ဒါကိုညီမျှခြင်းအဖြစ်ချရေးတဲ့အခါ
J = F Δt = p₂ – p₁
J = Impulse
F = Applied Force
∆t = Time taken the force is applied to object
p₁ = Momentum before collision or interaction
p₂ = Momentum after collision or interaction ပေါ့။
လေအိတ်တွေ၊ ပျော့ပျော့အိအိတွေ ဘယ်လိုအလုပ်လုပ်ကြသလဲ။ သေနိုင်လောက်တဲ့ကားအက်ဆီးဒင့်တွေမှာ လေအိတ်ကြောင့် ဘာကြောင့်ထိခိုက်မှုလျော့ကျသွားတာလဲ၊ ကလေးတွေအနေနဲ့ ပျော့ပျော့အိအိပေါ်ကို အမြင့်တစ်နေရာရာကနေ ခုန်ချဆော့ကစားတာတောင် ဘာကြောင့်ထိခိုက်ဒဏ်ရာမရတာလဲ။ ဒီမေးခွန်းတွေအတွက် အဖြေကတော့ Impulse-Momentum Theorem မှာ ရှိလိမ့်မယ်။ အဲ့အကြောင်းအရာကို ဒုတိယပိုင်းမှာ ဆက်ဖော်ပြပါမယ်။ ဒုတိယပိုင်း