ကိုယ့်အနားမှာ “ဝုတ် ဝုတ်” လို့ ဟောင်နေတဲ့ သတ္တဝါတစ်ကောင် ရှိနေမယ်၊ ဒီသတ္တဝါကို သင်က “ခွေး” လို့ ခေါ်လေ့ရှိမယ်။ ဒါပေမဲ့ သင့်အနားကို လူတစ်ယောက် ရောက်လာပြီး ဒီသတ္တဝါကို “ကြောင်” လို့ ပြောလိုက်တဲ့အခါ သင် ဘယ်လို ထင်မိမလဲ။ ဒီလူက ပုံမှန်ရော ဟုတ်ရဲ့လား၊ ထူးဆန်းနေပါလား၊ ငါတို့အားလုံးနီးပါး ခေါ်နေကြတဲ့ “ခွေး” ကို သူက ဘာကြောင့် “ကြောင်” လို့ ခေါ်နေတာလဲ၊ တစ်ခုခုတော့ တစ်ခုခုပဲ . . . စသဖြင့် တွေးကောင်းတွေးနေမိနိုင်ပါတယ်။ အများသဘောတူ လက်ခံထားတဲ့ ဝေါဟာရသတ်မှတ်ချက်ကို အခြားလူတစ်ယောက်က သွေဖည်ပြောလိုက်တဲ့အခါ ဒါဟာ လွဲမှားမှုတစ်ခု ဟုတ်ပါသလား . . . ။
ဒုတိယတစ်ချက်အနေနဲ့ မြန်မာနိုင်ငံတစ်ခုတည်းမှာတင် “ပလာတာ” နဲ့ “ထပ်တရာ” က ခုထိ သတ်မှတ်ချက် သေချာချလိုက်ဖို့ မလွယ်သေးတဲ့ ဝေါဟာရတစ်ခုလို့ အများက မြင်ကြတယ်။ အကြေဒေသက အညာဒေသမှာ ခေါ်တဲ့ “ထပ်တရာ” ကို “ထပ်တရာ” ၊ “ပလာတာ” ကိုလဲ “ထပ်တရာ” လို့ တစ်မျိုးတည်း သတ်မှတ်ခေါ်နေကြချိန်မှာ အညာဒေသမှာ “ပလာတာ” နဲ့ “ထပ်တရာ” တစ်မျိုးစီ သတ်မှတ်ခေါ်ဆိုကြသလို မုန့်ပုံစံကအစ ကွဲပြားနေတာကို တွေ့နေရတယ်။ ဒီအခါမှာ အကြေအရပ်သူအရပ်သားတွေ အညာအရပ်ကို လာကြတဲ့အခါ “ပလာတာ” နဲ့ “ထပ်တရာ” က ပြဿနာ စလာရတော့တာပါပဲ။ ဒါကို ဒေသိယစကားကွာခြားမှုလို့ ပြောနိုင်သလို အခြားသော အကြောင်းအရင်းတစ်ရပ်ကြောင့်လဲ ခုလို ခေါ်ဆိုပုံ ကွာခြားနေကြောင်း ချင့်ဆနိုင်ပါတယ်။
ဒီအကြောင်းအရာနှစ်ရပ်အတွက် အဖြေတစ်ခု ပေးနိုင်မဲ့ သဘောတရားတစ်ခု ရှိပါတယ်။ ဒါကတော့ “ဘာသာစကား ဆိုတာ အတ္တနောမတိတွေပဲ (ဘာသာစကား ဆိုတာ စိတ်ကူးထင်ရာ သတ်မှတ်ချက်တွေပဲ)” ဆိုတဲ့ ဘာသာစကားရဲ့ ဝိသေသလက္ခဏာရပ်တစ်ခုပါ။ လူသားသုံးဘာသာစကားမှာ ရှိတဲ့ စကားလုံးတွေဟာ ဥပမာအားဖြင့် ပတ်ဝန်းကျင်ထဲက အရာဝတ္ထု တစ်ခုခု ဒါမှမဟုတ် အဖြစ်အပျက်တွေကို ကိုယ်စားပြုလိုတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ စကားလုံးတွေ ဆိုတာ ဒေသတစ်ခု၊ နေရာတစ်နေရာမှာ နေထိုင်သူ၊ အသုံးပြုသူတို့ ဘုံသဘောတူ သတ်မှတ်လက်ခံထားတဲ့ စိတ်ကူးထင်ရာ သတ်မှတ်ချက်တွေပါ။ တစ်နည်းပြောရရင် အမှတ်သင်္ကေတပြုပုံက သူ့အဓိပ္ပာယ်နဲ့ ဆက်စပ်မှု မရှိပါဘူး။
ခွေးတစ်ကောင်ကို “dog” လို့ ဘာကြောင့် ခေါ်သလဲ။ အဲဒီ “dog” က နာမည်ကို ဖော်ပြနေတာလဲ မဟုတ်၊ အသံကလဲ dog လို့ မထွက်သလို dog တစ်ကောင်ကို ဘယ်နည်းမှလဲ ကိုယ်စားပြုမနေပါဘူး။ “Brownie” လို့ အမည်ပေးထားတဲ့ dog တစ်ကောင်က “Brownie” ဆိုတဲ့ နာမတစ်ခုပဲ ရှိပြီး အဲဒီအမည်က “dog” ဆိုတဲ့ အဓိပ္ပာယ် ဘာကြောင့် ရှိရတယ်၊ အဲဒီနာမည်က dog တစ်ကောင် ဘယ်လို ကိုယ်စားပြုနေလဲ အဖြေရှာကြည့်ရင် ရှာရင်းသာ အချိန်ကုန်သွားနိုင်ပေမဲ့ အဖြေရနိုင်ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ မြန်မာစကားမှာတော့ “dog” ကို “ခွေး” လို့ ခေါ်ပါတယ်။
အချို့စကားလုံးတွေက အသံနဲ့ ဆင်တူပေမဲ့ အသံကို ကိုယ်စားပြုထားတဲ့ စကားလုံးတွေတောင်မှ ဘာသာစကားအားလုံးမှာ မတူညီကြပြန်ပါဘူး။ အင်္ဂလိပ်စကားမှာ ခွေးတွေဟာ “woof, woof” ဒါမှမဟုတ် “bow wow” လို့ ဟောင်ပြီး မြန်မာစကားမှာတော့ “ဝုတ် ဝုတ်” လို့ ဟောင်ကြပါတယ်။ ဒီနေရာမှာ တွေ့နိုင်တဲ့ အချက်က ဘာသာစကားတစ်ခုရဲ့ စကားသံတွေကို ကျပန်း ရွေးယူထားတယ် ဆိုရင်တောင်မှ လူသားတိုင်းမှာ ဘာသာစကားအားလုံးရဲ့ အသံတွေကို ထွက်နိုင်ဖို့ လိုအပ်တဲ့ စကားသံဖြစ်အင်္ဂါတွေ ရှိနေပေမဲ့လဲ ဘာသာစကားတိုင်းက အဲဒီစကားသံအားလုံးကို အသုံးမပြုကြပါဘူး။ ဥပမာအနေနဲ့ အင်္ဂလိပ်စကားမှာ မတူညီတဲ့ စကားသံ ဒါမှမဟုတ် သံရင်းပေါင်း ၄၀ ခန့် အသုံးပြုကြတယ်။ တစ်ဖန် အဲဒီစကားသံတွေကို အက္ခအရာတွေနဲ့ စိတ်ကူးထင်ရာ ကိုယ်စားပြုကြပါတယ်။ ပုံဆောင်ရရင် တစ်ခါတစ်ရံ [k] သံ ကို အက္ခရာတစ်ခုထက် ပိုပြီး ကိုယ်စားပြုနိုင်ပါတယ် (kite မှ k ၊ cut မှ c) ဒါမှမဟုတ် မတူညီ တဲ့ [i] နဲ့ [ai] အသံတွေကို အက္ခရာတူတစ်ခုတည်းနဲ့ ကိုယ်စားပြုနိုင်ပါတယ် (dig နဲ့ dine မှ i) ။
ပြီးရင် အသံတွေကို စကားလုံးတွေအဖြစ် ပေါင်းစပ်ထားတဲ့ နည်းလမ်းကလဲ စိတ်ကူးထင်သလို ပြုလုပ်ထားတာဖြစ်ပေမဲ့ ကြုံရာကျပန်းတော့ မဟုတ်ပြန်ဘူး။ အသံတွေ စကားလုံးအဖြစ် ဘယ်လို ပေါင်းစပ်သွားလဲ ဆိုတာကို နည်းစနစ်တကျ ကန့်သတ်သတ်မှတ်ထားတဲ့ ဥပဒေသတွေ ရှိနေပါတယ်။ သံရင်းတွေကို ရုပ်ရင်းအဖြစ်သို့ ပေါင်းစပ်ရမဲ့ နည်းအတိုင်း အသံထွက်ရတယ်လို့ နည်းစနစ်ကျကျ ပြောနိုင်တာပေါ့။ “txai” ဆိုတဲ့ စကားလုံးကို အားလုံး သတိပြုမိကြမှာပါ၊ “txai” ကိုတော့ အင်္ဂလိပ် ဒါမှမဟုတ် ဟန်ဂေရီစကားမှာ ရှိတဲ့ စကားလုံးတစ်လုံး မဖြစ်နိုင်ဘူး လို့ ခန့်မှန်းမိမှာပါ။ ဘာသာစကားတွေက ပုံစံတကျ ရှိနေပြီး ဘာသာစကား အသုံးပြုသူတွေက စည်းစနစ်တွေကို ကိုယ်တိုင် မသတ်မှတ်နိုင်ဘူး ဆိုရင်တောင်မှ နည်းဥပဒေသတွေကိုတော့ လိုက်နာကြတယ်။ အင်္ဂလိပ်စကားနဲ့ ဟန်ဂေရီစကားမှာ “tx” နဲ့ စတဲ့ စကားလုံး မရှိဘူး၊ မြန်မာစကားမှာ “ဃ” နဲ့ စပြီး မွေးစားစကားလုံး မဟုတ်တဲ့၊ ပါဠိသတ်မဟုတ်တဲ့ စကားလုံး မရှိဘူး ဆိုတဲ့ စည်းမျဉ်းတွေကို သတ်မှတ်နိုင်ဖို့အတွက် သင်ရော စွမ်းဆောင်ကြည့်ဖို့ တွေးမိဖူးပါသလား။
ဒါကြောင့် “ဟောင်တတ်၊ ကိုက်တတ်သည့် အိမ်မွေးတိရစ္ဆာန်တစ်မျိုး” လို့ ကျွန်တော်တို့ သဘောတူလက်ခံထားတဲ့ “ခွေး”/ “dog” ဆိုတဲ့ သတ္တဝါကို အခြားလူတစ်ယောက်က “အမှောင်တွင် မြင်နိုင်စွမ်းသော၊ ကြွက်ခုပ်တတ်သော သားစားအိမ်မွေးတိရစ္ဆာန်တစ်မျိုး” ဆိုပြီး ကျွန်တော်တို့က “ကြောင်” အဖြစ် လက်ခံထားတဲ့ ဝေါဟာရနဲ့ ရည်ညွှန်းခေါ်ဆိုလိုက်တဲ့အခါ ဒီလူ သုံးလိုက်တဲ့ အသုံးက မှားနေတယ် လို့ စံဘာသာစကားသတ်မှတ်ချက်ပေတံအရ ယူလိုက်နိုင်ပေမဲ့၊ သွေဖည်နေတယ် လို့ သုံးသပ်လိုက်နိုင်ပေမဲ့ ဘာသာစကား ဆိုတာ စိတ်ကူးထင်ရာ သတ်မှတ်ချက်တွေပဲ ဆိုတဲ့ အချက်ကိုတော့ မေ့ထားလို့ မရပြန်ပါဘူး။
အထက်က သဘောတရားတွေလိုပဲ . . .
ဘာသာစကားအဘိဓာန်မှာ “ဂျုံမုန့်ညက်ကို အထပ်ထပ် အလွှာလွှာ ဖြစ်အောင် လုပ်၍ ဆီပူထိုးထားသော မုန့်” လို့ ဖွင့်ဆိုထားတဲ့ “ထပ်တစ်ရာ” ဟာ “ပလာတာ” နဲ့ အတူတူ လို့ ပြထားတယ်။ ဟိန္ဒီဘာသာစကားကနေ ဆင်းသက်လာတဲ့ အဓိပ္ပာယ်တူစကားလုံးတွေအဖြစ် ပြထားတာပါ။ ဒါပေမဲ့ လက်တွေ့သုံးနေကြရာမှာတော့ အညာနဲ့ အကြေမှာ ကွဲလွဲမှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။ အညာဒေသမှာ တွေ့ရတဲ့ “ပလာတာ” ဟာ “ထပ်တရာ” နဲ့ အသွင်မတူသလို မုန့်ဆရာတွေ ပြုလုပ်ကြပုံကလဲ တစ်ခုနဲ့ တစ်ခု မတူကြပြန်ပါဘူး။ အများအားဖြင့် “ထပ်တရာ” က အဝိုင်းသဏ္ဌာန်ရှိပြီး ပိုထူတတ်သလို “ပလာတာ” ကတော့ လေးထောင့်သဏ္ဌာန်ရှိပြီး ပိုပါးနေတတ်ပါတယ်။ (အဝိုင်းသဏ္ဌာန်လဲ တွေ့ရများပါတယ်။) ဒီအသုံးအနှုန်းနှစ်ခုကို ကြည့်ရင်လဲ ဘာသာစကား ဆိုတာ စိတ်ကူးထင်ရာ သတ်မှတ်ချက်တွေပဲ ဆိုတဲ့ အချက်က ပေါ်လွင်နေပြန်ပါတယ်။
ဒါကြောင့် အဆုံးသတ်အနေနဲ့ ပြောရရင် ဒီနေရာ ဒီဒေသမှာ ကျွန်တော်တို့ သဘောတူလက်ခံထားတဲ့ ဝေါဟာရတွေဟာ အခြားနေရာ အခြားဒေသမှာတော့ ပြောင်းပြန်ဖြစ်နေတာ၊ လုံးဝကွဲပြားတဲ့ ဝေါဟာရတစ်မျိုးနဲ့ ခေါ်နေတာတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် “ခွေး” က “ခွေး” မဟုတ်ဘဲ “ကြောင်” ဖြစ်နေနိုင်သလို “ပလာတာ” နဲ့ “ထပ်တရာ” တို့ကလဲ နေရာဒေသအပေါ် မူတည်ပြီး တူညီတဲ့ မုန့်တစ်မျိုးတည်း ဖြစ်နေနိုင်သလို မတူကွဲပြားတဲ့ မုန့်တစ်မျိုးလဲ ဖြစ်နေနိုင်တာပေါ့။ “ရောမ ရောက်ရင် ရောမလို ကျင့်” ဆိုတဲ့ စကားလဲ ရှိတယ် မဟုတ်လား။ ။
(ထပ်တစ်ရာ/ ထပ်တရာ ဟူ၍ နှစ်မျိုး ရေးကြသည်ကို တွေ့ရ။ ပလာတာသည် “parata” မှ ဆင်းသက်လာသည်ဟု ဖော်ပြထား။)
*** ဤဆောင်းပါးတွင် ပါရှိသည့် “ပလာတာ” နှင့် ထပ်တရာ” အသုံးပြုပုံအကြောင်းနှင့် ပတ်သက်၍ အကြေအဒေသနှင့် အညာဒေသတွင် နေထိုင်ကြသူအချို့ကို ဒေသအလိုက် ခေါ်ဆိုကြပုံကိုမေးမြန်းပြီး ကဖေးဆိုင်များတွင် မုန့်ဆရာများ မုန့်လုပ်ပုံကို လက်တွေ့လေ့လာပြီးမှ ရေးခြင်းဖြစ်သည်။