May 20, 2026 | မြန်မာ

အော်ရီယွန်တာရာ (ခ) မောင်ရင်ဆိုင်းထမ်းတာရာ

အော်ရီယွန်တာရာက ကမ္ဘာ့လည်ပတ်ဝင်ရိုးအီကွေတာမျဉ်းအနီးအနား Right Ascentation +5° မှာ တည်ရှိတဲ့အတွက် ကမ္ဘာ့နေရာအနှံ့အပြားကနေ မြင်တွေ့နိုင်တယ် (Right Ascentation ဆိုတာ တည်နေရာကို အီကွေတာကနေ ဝင်ရိုးစွန်းအကြား ဒီဂရီနဲ့ တိုင်းတာလေ့ရှိပြီး အပေါင်းလက္ခဏာဆိုရင် မြောက်ကမ္ဘာခြမ်းပေါ်၊ အနုတ်လက္ခဏာဆိုရင် တောင်ကမ္ဘာခြမ်းပေါ်မှာတည်ရှိတယ်၊ ဓူဝံကြယ်က Right Ascentation +89°မှာရှိနေတဲ့အတွက် မြောက်ဝင်ရိုးစွန်းထိပ်နားလေးမှာရှိနေတယ်၊ နက္ခတ္တကိုသြဒီနိတ်သတ်မှတ်ပုံကို ဆောင်းပါးသပ်သပ်နဲ့ဖော်ပြပါ့မယ်)။…

Text size

အော်ရီယွန်တာရာက ကမ္ဘာ့လည်ပတ်ဝင်ရိုးအီကွေတာမျဉ်းအနီးအနား Right Ascentation +5° မှာ တည်ရှိတဲ့အတွက် ကမ္ဘာ့နေရာအနှံ့အပြားကနေ မြင်တွေ့နိုင်တယ် (Right Ascentation ဆိုတာ တည်နေရာကို အီကွေတာကနေ ဝင်ရိုးစွန်းအကြား ဒီဂရီနဲ့ တိုင်းတာလေ့ရှိပြီး အပေါင်းလက္ခဏာဆိုရင် မြောက်ကမ္ဘာခြမ်းပေါ်၊ အနုတ်လက္ခဏာဆိုရင် တောင်ကမ္ဘာခြမ်းပေါ်မှာတည်ရှိတယ်၊ ဓူဝံကြယ်က Right Ascentation +89°မှာရှိနေတဲ့အတွက် မြောက်ဝင်ရိုးစွန်းထိပ်နားလေးမှာရှိနေတယ်၊ နက္ခတ္တကိုသြဒီနိတ်သတ်မှတ်ပုံကို ဆောင်းပါးသပ်သပ်နဲ့ဖော်ပြပါ့မယ်)။

ဒီနက္ခတ်ကြယ်စုရဲ့ နာမည်က ဂရိဒဏ္ဍာရီလာ မုဆိုးတစ်ယောက်ဖြစ်တဲ့ ‘အော်ရီယွန်’ ကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီး ကောင်းကင်ပေါ်မှာ အတော်ကိုသိသာထင်ရှားတဲ့နက္ခတ်တစ်ခုလည်းဖြစ်တယ်။

ဒဏ္ဍာရီမူကွဲတွေ အများကြီးရှိပေမဲ့ ရှေးအကျဆုံးမူကွဲကတော့ အော်ရီယွန်ဟာ ရေနတ်ဘုရားပိုဆိုက်ဒွန်ရဲ့ သားတော်လို့ ဖော်ပြထားတယ်။ ဖော်ပြချက်တွေအရ အော်ရီယွန်က မိမိကိုယ်ကိုယုံကြည်မှုမြင့်မားပြီး သူဟာကမ္ဘာပေါ်က ဘယ်လိုသက်ရှိကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ကြွေးကြော်တယ်၊ ဒီကြွေးကြော်သံကိုကြားတဲ့အခါ ကမ္ဘာ‌နတ်ဘုရား Gaea ကအရမ်းစိတ်ဆိုးပြီး သူ့ကိုသတ်ဖို့အတွက် ကင်းမြီးကောက်တစ်ကောင်ကို စေလွှတ်ခဲ့တယ်။ ကင်းမြီးကောက်ဟာ အရွယ်အစားကြီးမားသလို ထူထဲတဲ့အရေခွံနဲ့ကာကွယ်ထားတာမို့ အကောင်းဆုံးစစ်သည်တော်တွေတောင်အနိုင်ယူဖို့ခက်ခဲတယ်၊ အော်ရီယွန်ဟာ ကင်းမြီးကောက်နဲ့တိုက်ပွဲမှာ နာရီပေါင်းများစွာတိုက်ခိုက်နိုင်ခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကင်းမြီးကောက်က အသာစီးရလာတယ်၊ နောက်ဆုံးမှာ ကင်းမြီးကောက်က သူ့ရဲ့အမြီးနဲ့အော်ရီယွန်ရဲ့ ရင်ဘတ်ကိုထိုးဖောက်ပြီး အနိုင်ယူခဲ့တယ်။ သေဆုံးသွားတဲ့အော်ရီယွန်ကို တစ်ခါပြန်ရှင်သန်စေတဲ့အနေနဲ့ Zeus ဟာ ကောင်းကင်မှာ Orion ဆိုတဲ့ နက္ခတ်တစ်ခုကိုဖန်တီးခဲ့တယ်၊ သူ့ရဲ့သစ္စာရှိ အမဲလိုက်ခွေးနှစ်ကောင်ဖြစ်တဲ့ Laelaps နဲ့ Procyon ကိုလည်း ကောင်းကင်ပေါ်ကြယ်တွေအဖြစ် ဖန်တီးခဲ့တယ်၊ ဒါကိုတော့ Carnis Major Constellation (ဗမာလို ဝက်ဝံကြီးတာရာ) နဲ့ Carnis Minor Constellation (ဗမာလို ဝက်ဝံသေးတာရာ) အဖြစ် မြင်တွေ့နိုင်တယ်။ ကင်းမြီးကောက်ကိုလည်း ဒီနက္ခတ်ရဲ့ ဆန့်ကျင်ဘက်က အရပ်မှာဖန်တီးခဲ့ပြီး သူတို့ဟာ ဘယ်တော့မှ မတွေ့ဆုံနိုင်အောင်ဖန်တီးထားတယ်။ ဒါကဒီနက္ခတ်ရဲ့ နောက်ကွယ်က ဂရိဒဏ္ဍာရီကိုဖော်ပြတာ (လိုအပ်သ‌လောက်ပဲ ထည့်ဖော်ပြထားပါတယ်)။

ဒီနက္ခတ်ကို ကျွန်တော်တို့မြောက်ကမ္ဘာခြမ်းကနေဆိုရင် အောက်တိုဘာလကနေ မတ်လအထိ ညကောင်းကင်ယံမှာထင်ထင်ရှားရှားမြင်တွေ့နိုင်ပြီး အထူးသဖြင့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလပိုင်းတွေမှာ အကောင်းဆုံးမြင်ကွင်း‌တွေကို မြင်‌တွေ့ရလေ့ရှိပါတယ်။ ဒီနက္ခတ်ကို ရှာဖွေဖို့ အကောင်းဆုံးနည်းလမ်းကတော့ အော်ရီယွန်ခါးပတ်ကို အရင်ရှာဖို့ပဲ။ အော်ရီယွန်ခါးပတ်ကို တောက်ပတဲ့ကြယ် (၃) စင်း (Alnilam, Mintaka, Alnitak) နဲ့ ဖွဲ့စည်းထားတာမို့ ရှာရလည်းလွယ်ကူတယ် (ဒီကြယ်၃စင်းရဲ့ တောင်ဘက်တည့်တည့်ကို မျဉ်းဖြောင့်‌တစ်ကြောင်းဆွဲလိုက်မယ်ဆိုရင်လည်း ကောင်းကင်ပေါ်က အလင်းဆုံးကြယ်ဖြစ်တဲ့ Sirius – ဆီးရီးယပ်စ်ကို တွေ့နိုင်မယ်)။

နက္ခတ်တည်ဆောက်ပုံအရ

Meissa လို့ခေါ်တဲ့ကြယ်က မုဆိုးရဲ့ ဦးခေါင်းပိုင်းမှာ တည်ရှိနေပြီး သူ့ကိုတော့ ကြယ်သုံးစင်းတွဲ စနစ်တစ်ခုအဖြစ်တွေ့ရနိုင်တယ်။

ကြယ်ဘီလူးကြီး Betelgeuse ဟာ မုဆိုးရဲ့ ညာပုခုံးမှာတည်ရှိပြီး Bellatrix ဆိုတဲ့ကြယ်ကတော့ ဘယ်ဘက်ပုခုံးမှာတည်ရှိနေမယ်။ Betelgeuse ကတော့ မဟာကြယ်နီကြီးအဆင့် (Red giant) ကို ရောက်ရှိနေတာဖြစ်ပြီး မကြာခင်မှာ စူပါနိုဗာဖြစ်ပြီး သေဆုံးတော့မယ်လို့ ခန့်မှန်းထားကြတယ် (နှစ်တစ်သိန်းအတွင်းဖြစ်နိုင်ချေရှိတယ်လို့ တွက်ချက်မှုတွေ အရသိရတယ်)။ Bellatrix ကတော့ အော်ရီယွန်နက္ခတ်ထဲမှာ ကမ္ဘာနဲ့အ နီးဆုံးကြယ်ဖြစ်ပြီး အလင်းနှစ် ၂၄၄ နှစ်လောက်‌ကွာဝေးတယ်။ ဒီနက္ခတ်ထဲမှာ တတိယအလင်းဆုံးကြယ်ဖြစ်ပြီး နေထက် ၇.၇ ဆ ကြီးတဲ့ ကြယ်ပြာကြီး (Blue Giant) အဆင့်‌ဝင် ကြယ်တစ်လုံးဖြစ်တယ်။

Mintaka ကတော့ မုဆိုးခါးပတ်ထဲမှာ အမှိန်ဆုံးကြယ်ဖြစ်ပြီး ခါးပတ်ရဲ့ အနောက်ဘက်အကျဆုံးနေရာမှာ တည်ရှိတယ်။ သူကတစ်စင်းတည်း ရှိနေတာမဟုတ်ပဲ သူ့ထက် ဒြပ်ထုပိုသိပ်သည်းတဲ့ တစ်ခြားကြယ်တစ်စင်းနဲ့ ပေါင်းပြီး နှစ်စင်းတွဲကြယ်စနစ်အဖြစ် ဖွဲ့စည်းထားတယ်။ သူတို့ (၂) စင်းက Barycentre ဆိုတဲ့အမှတ်ကို လှည့်ပတ်နေရင်း တစ်စင်းနဲ့ တစ်စင်းထပ်သွားတဲ့အခါ ထောက်လှမ်းရရှိတဲ့ အလင်းရောင်လျော့ကျသွားလေ့ရှိတယ်။ ဒါဟာနေကြတ်တဲ့ ဖြစ်စဉ်နဲ့ဆင်တူပြီး နက္ခတ္တ‌ဗေဒအရတော့ Eclipsing Binaryလို့ခေါ်တယ်။

Alnilam ကတော့ ‌မုဆိုးခါးပတ်ထဲမှာ အလင်းဆုံးကြယ်ဖြစ်သလို အလယ်ထဲမှာတည်ရှိနေတယ်။ မဟာကြယ်ပြာကြီးအဆင့်ကြယ်တစ်စင်း ဖြစ်ပြီး အလင်းနှစ် ၁၃၄၄ နှစ်ကွာဝေးလို့ ဒီနက္ခတ်ထဲက အဓိကကြယ်တွေထဲမှာ အဝေးဆုံးလို့ပြောရမယ်။

Alnitak ကတော့ မုဆိုးခါးပတ်ရဲ့ အရှေ့ဘက်ဆုံးကျတဲ့နေရာမှာ တည်ရှိပြီး သုံးစင်းတွဲကြယ်စနစ်တစ်ခုအဖြစ် တွေ့ရတယ် (စနစ်ထဲက အဓိကကြယ်ကတော့ Alnilamလို မဟာကြယ်ပြာကြီး စာရင်းဝင်ကြယ်တစ်လုံးဖြစ်တယ်)။

Saiphကတော့ မုဆိုးရဲ့ညာ‌ဒူးခေါင်းမှာတည်ရှိနေပြီး အလင်းနှစ် ၆၄၅၀ လောက်ကွာဝေးတယ်။

အော်ရီယွန်နက္ခတ်ရဲ့အလင်းဆုံးကြယ် Rigel ကတော့ မုဆိုးရဲ့ ဘယ်ဘက်ဒူးခေါင်းမှာ တည်ရှိပြီး Betelgeuse လိုမျိုး ကြယ်နီကြီးအဆင့်ကို ရောက်နေတယ်။ မကြာခင်မှာ ကြယ်ပေါက်ကွဲမှုဖြစ်ပေါ်တာ၊ ဒါမှမဟုတ် ကြယ်ရဲ့အပေါ်ယံအလွှာကိုခွာချပြီး ကြယ်ဖြူပု (white dwarf) အဖြစ်ပြောင်းလဲတာ စတာတွေဖြစ်လာမယ်လို့ နက္ခတ္တပညာရှင်တွေက ခန့်မှန်းထားတယ်။

 

 

Article Credits

Written by Julian Htet Aung
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.