လူတွေရဲ့ နေ့စဉ်ဘဝ အခိုက်အတန့်တိုင်းမှာ အရောင်တွေဟာ သဏ္ဌာန်အမျိုးမျိုးနဲ့ ရှိနေကြတယ်၊ ဝတ်ထားတဲ့ အဝတ်၊ စီးထားတဲ့ ဖိနပ်၊ အမှတ်တမဲ့ တွေ့လိုက်တဲ့ ငှက်တစ်ကောင်၊ မော့ကြည့်မိတဲ့ ကောင်းကင်ပြာ၊ စိမ်းညို့ညို့ သစ်ပင်တွေ . . . စသဖြင့်ပေါ့။ အရောင်တွေဟာ လူသားတွေရဲ့ အမြင်အာရုံထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စိတ်ခံစားမှုကိုလဲ ခြယ်လှယ်နိုင်ကြတယ်။ တကယ်လို့များ . . . အရောင်တွေသာ မရှိခဲ့ရင်၊ ဒါမှမဟုတ် မရှိတော့ရင် ကမ္ဘာကြီးဟာ အခုလောက် အသက်ဝင် စိုပြည်ပါအုံးမလား . . . ? လူတွေကရော အရောင်မျိုးကွဲ အမြောက်အမြားကို ဘယ်လိုများ သိမြင်ခံစားနိုင်ကြတာပါလိမ့် . . . ?
အလင်းဟာ လှိုင်းရော၊ အမှုန်အဖြစ်ပါ ယှဉ်တွဲတည်ရှိနိုင်ပါတယ်။ ဒါကြောင့် လှိုင်းတွေရဲ့ သဘာဝအရ အလင်းမှာ လှိုင်းအလျားတွေ ရှိပါတယ်။ အရာဝတ္ထုတစ်ခုပေါ် အလင်းတန်း ကျရောက်တဲ့အခါ အဲဒီအရာဝတ္ထုက အလင်းတန်းရဲ့ တချို့လှိုင်းအလျားတွေကို စုပ်ယူပြီး တချို့ကိုတော့ ပြန်ထုတ်လွှတ်တယ်။ ဒီလိုနဲ့ ထုတ်လွှတ်လိုက်တဲ့ ပြန်လင်းတန်း (Reflected Ray) တွေ လူ့မျက်လုံးထဲ ဝင်လာတဲ့အခါ ‘အမြင်အာရုံ’ ဖြစ်လာတာပေါ့။ ဒါပေမဲ့ နေက ဖြန့်ကြက်ပို့လွှတ်လိုက်တဲ့ လျှပ်စစ်သံလိုက်ရောင်စဉ်တန်း (Electromagnetic Spectrum) တစ်ခုလုံးကိုတော့ လူသားတွေ မြင်နိုင်စွမ်း မရှိပါဘူး။ အကြောင်းက လူ့မျက်လုံးဟာ အလင်းလှိုင်းအလျား ၃၈၀ နာနိုမီတာကနေ ၇၀၀ နာနိုမီတာ ဝန်းကျင်အထိပဲ မြင်နိုင်တဲ့အတွက်ကြောင့်ပါ။ အဲဒီလို သာမန်မျက်လုံးနဲ့ မြင်နိုင်တဲ့ အလင်းလှိုင်းအလျား အပိုင်းအခြားကိုပဲ အရောင်တွေအဖြစ် လူတွေက ခံစားသိမြင်ကြတာဖြစ်ပါတယ်။
မျက်လုံးထဲက ဆန်းကြယ်ဆဲလ်များ
အလင်းလှိုင်းတွေ မျက်ကြည်လွှာကို ဖြတ်သန်းပြီး မျက်လုံးထဲ ဝင်လာတဲ့အခါ အလင်းပမာဏပေါ် မူတည်လို့ မျက်ဆန် (Pupil) ရဲ့ အရွယ်အစားကို မျက်ဝန်း (Iris) က ထိန်းချုပ်ချိန်ညှိပေးပါတယ်၊ အလင်းရောင် မှိန်ရင် မျက်ဆန်ကို ချဲ့ပေးပြီး အလင်းရောင် စူးစူးတွေဆို ကျုံ့သွားစေတာမျိုးပါ။ ဒီနည်းနဲ့ အလင်းလှိုင်းတွေဟာ မျက်ဆန်ကို ဖြတ်သန်းပြီး မျက်လုံးရဲ့ ကိုယ်ပိုင်မှန်ဘီလူးတွေ (Lens) ပေါ် ရောက်သွားကြတယ်။ တစ်ဖန်၊ မှန်ဘီလူးကလဲ သူ့ဆီ ကျရောက်လာတဲ့ အလင်းလှိုင်းတွေကို မျက်လုံးအနောက်ခြမ်းက မြင်လွှာ (Retina) ဆီ ပို့ဆောင်ပေးပြန်တယ်။
မြင်လွှာမှာတော့ အလင်းမှုန်တွေကို အာရုံခံ တုံ့ပြန်တဲ့ အလင်းတုံ့ပြန်ဆဲလ် (Photoreceptor) ၂ မျိုး ရှိပါတယ် — လုံးရှည်သဏ္ဌာန် ရှိတဲ့ မျက်ဆဲလ်ချောင်း (Rod) နဲ့ ကန်တော့ချွန်သဏ္ဌာန် ရှိတဲ့ မျက်ဆဲလ်ချွန် (Cone) တို့ပါ။ မျက်ဆဲလ်ချောင်းက အမျိုးအစား တစ်မျိုးတည်းရှိပြီး အရောင်တွေ ပါဝင်တဲ့ အနုစိတ် မြင်ကွင်းတွေကို မထောက်လှမ်းနိုင်ပါဘူး။ ဒါပေမဲ့ အလင်းရောင်မှိန်လွန်းတဲ့ ညတွေမှာ မြင်နိုင်တာဟာ မျက်ဆဲလ်ချောင်းတွေ ရှိလို့ပါပဲ — သူတို့က အရောင်တွေကို ခွဲခြားနိုင်စွမ်း မရှိပေမဲ့ အလင်းရောင်ကို အာရုံခံနိုင်စွမ်းတော့ အတော်လေး မြင့်မားကြလို့ပါ။ မြင်လွှာပေါ်မှာ မျက်ဆဲလ်ချောင်းပေါင်း သန်း ၁၂၀ ခန့်ရှိပြီး အဲဒီပမာဏဟာ မျက်ဆဲလ်ချွန်တွေနဲ့ ယှဉ်ရင် အဆ ၂၀ ပိုများပါတယ်။ တစ်ဖက်မှာ မျက်ဆဲချွန်ကတော့ မျိုးကွဲ ၃ ခုရှိပြီး အလင်းရောင် ကောင်းကောင်းရတဲ့ အချိန်အခါတွေမှာ အလုပ်လုပ်ပါတယ်။ အရောင်တွေကို ထောက်လှမ်းပေးတာ မျက်ဆဲလ်ချွန်တွေဖြစ်ပြီး သူတို့ကြောင့် အရောင်ပေါင်း ၁ သန်းခန့်ကို လူတွေ ခွဲခြားသိမြင်နိုင်တာပါ။ ရှားရှားပါးပါး မျက်ဆဲလ်ချွန်မျိုးကွဲ ၁ ခု အပိုပါသူတွေ (Tetrachromats) — အထူးသဖြင့် အမျိုးသမီးတွေမှာတော့ ခန့်မှန်းခြေ အရောင်ပေါင်း သန်း ၁၀၀ အထိ မြင်နိုင်စွမ်း ရှိပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ မျက်ဆဲလ်ချွန်အမျိုးအစား ၂ ခုပဲပါသူတွေ (Dichromats) ကတော့ အရောင် ၁ သောင်းလောက်ကိုပဲ မြင်နိုင်ကြတာပါ။

အလျားမတူတဲ့ အလင်းလှိုင်းတွေကို ရွေးချယ်တုံ့ပြန်တဲ့ နှုန်းထားပေါ်လိုက်လို့ အက်စ်ဆဲလ်ချွန် (S-cone) ၊ အမ်မ်ဆဲချွန် (M-cone) နဲ့ အယ်လ်ဆဲလ်ချွန် (L-cone) ဆိုပြီး မျက်ဆဲလ်ချွန် ၃ မျိုး ကွဲပါတယ်။ အက်စ်ဆဲလ်ချွန်က လှိုင်းအလျားတိုတဲ့ အပြာရောင်၊ အမ်မ်ဆဲလ်ချွန်က လှိုင်းအလျား အလယ်အလတ်ရှိတဲ့ အစိမ်းရောင်နဲ့ အယ်လ်ဆဲချွန်က လှိုင်းအလျားအရှည်ဆုံး အနီရောင်ကို အင်တိုက်အားတိုက် အသီးသီးရွေးချယ်တုံ့ပြန်ကြတာပါ။ ဒီနေရာမှာ မေးစရာ ရှိလာတာက တခြားအရောင်တွေကိုရော ဘယ်လိုမြင်ရလဲ . . . ? နီ၊ စိမ်း၊ ပြာ မဟုတ်တဲ့ တခြားအရောင်တွေကို ရှေ့မှာ တင်ပြထားတဲ့ ၃ မျိုးနဲ့ နီးစပ်တဲ့ လှိုင်းအလျားတွေကို မျက်ဆဲလ်ချွန်က အထိုက်အလျောက် လက်ခံပေးလို့ မြင်နိုင်ကြတာပါ။ ဥပမာ၊ အပြာရောင်ထက် အလျားပိုတိုတဲ့ အလင်းလှိုင်းကို အက်စ်ဆဲလ်ချွန်က လက်ခံပေးလိုက်ရင် ခရမ်းရောင်ကို မြင်ရပြီး အစိမ်းနဲ့ အနီကြား လှိုင်းအလျားတွေကို အမ်မ်ဆဲလ်ချွန်နဲ့ အယ်လ်ဆဲချွန်တို့ အတူတကွ တုံ့ပြန်ပေးရင်တော့ အဝါနဲ့ လိမ္မော်တို့ကို မြင်ရပါတယ်။ အဝါဖြစ်မလား၊ လိမ္မော်ဖြစ်မလားက မျက်ဆဲလ်ချွန်တစ်ခုချင်းစီရဲ့ တုံ့ပြန်မှုအနည်းအများပေါ် လိုက်လို့ ဦးနှောက်ရဲ့ အဓိပ္ပာယ် ဖော်သွားပုံပေါ် မူတည်ပါတယ်။ ဒီတော့ အရောင်အမျိုးမျိုး ရဖို့ရာ မျိုးမတူတဲ့ မျက်ဆဲလ်ချွန်တွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပါပဲ။
ဒါပေမဲ့ မြင်လွှာပေါ် ကျလာတဲ့ အလင်းမှုန်တွေကို မျက်ဆဲလ်ချွန်တွေက လက်ခံတုံ့ပြန်လိုက်ရုံနဲ့ အရောင်တွေကို သိမြင်ခံစားနိုင်သွားတာမျိုး မဟုတ်ပါဘူး။ အရောင်တွေကို ခံစားတဲ့ အဆင့်ထိ ရောက်ဖို့ဆိုရင် မျက်ဆဲလ်ချွန်တွေရဲ့ တုံ့ပြန်အချက်ပြမှုကို ဦးနှောက်က အဓိပ္ပာယ် ဖော်ပေးဖို့ လိုပါသေးတယ်။ ဒီတော့ မြင်လွှာနဲ့ ဦးနှောက် ချိတ်ဆက်ပြီး အလုပ်လုပ်ရတော့တာပေါ့။ သူတို့အချင်းချင်း ဆက်သွယ်မိဖို့ မျက်ဆဲလ်ချွန်တွေဟာ မြင်လွှာအလယ်ပိုင်းက ဘိုင်ပိုလာဆဲလ် (Bipolar Cells) တွေဆီ ဓာတုဒြပ်ပေါင်း ဂလူးတမိတ် (Glutamate) တွေ ပို့လွှတ်ပေးရတယ်။ ဘိုင်ပိုလာဆဲလ်ကိုတော့ အလင်းဖွင့် ဘိုင်ပိုလာ (ON Bipolar Cell) နဲ့ အလင်းပိတ် ဘိုင်ပိုလာ (OFF Bipolar Cell) ဆိုပြီး အကြမ်းဖျင်း ၂ မျိုး ခွဲနိုင်ပါတယ် — အလင်းဖွင့် ဘိုင်ပိုလာတွေက ဂလူးတမိတ် နည်းတာကို နှစ်ခြိုက်ပြီး အလင်းပိတ် ဘိုင်ပိုလာတွေကတော့ ဂလူးတမိတ် များတာကို သဘောတွေ့ကြပါတယ်။ တစ်ဖက်မှာလဲ အလင်းတုံ့ပြန်ဆဲလ်တွေရဲ့ အလုပ်လုပ်ပုံက အလင်းတောက်ပမှု အားကောင်းရင် ဂလူးတမိတ် နည်းနည်းပဲ ထုတ်ပြီး အလင်းရောင် မှိုင်းရင်တော့ ပမာဏ တိုးထုတ်ကြတယ်။ ဒီတော့ အလင်းများတဲ့အခါ အလင်းဖွင့် ဘိုင်ပိုလာတွေ ကြွလာပြီး အလင်းနည်းတဲ့အခါ အလင်းပိတ် ဘိုင်ပိုလာတွေ တက်ကြွတာပေါ့။
နောက်တစ်ဆင့်မှာ လုပ်ငန်းစဉ်က ပိုလို့တောင် ရှုပ်ထွေးလာပါတယ်၊ ဘိုင်ပိုလာဆဲလ်တွေဟာ မျက်ဆဲလ်ချွန်တွေ ပေးပို့ထားတဲ့ အချက်အလက်တွေကို မြင်လွှာအတွင်းဆုံးက ဂန်ဂလီယွန်ဆဲလ် (Ganglion Cells) တွေဆီ လွှဲပြောင်းကြတာပါ။ အလင်းဖွင့် ဘိုင်ပိုလာက အဖွင့်ဂန်ဂလီယွန် (ON Ganglion Cell) တွေနဲ့ ဆက်သွယ်ပြီး အလင်းပိတ် ဘိုင်ပိုလာက အပိတ်ဂန်ဂလီယွန် (OFF Ganglion Cell) တွေနဲ့ ချိတ်ဆက်ကြတယ်။ ဒီနေရာမှာ ထူးခြားတာက ဘိုင်ပိုလာဆဲလ် ၂ မျိုးလုံးနဲ့ လက်ခံချိတ်ဆက်တဲ့ ဂန်ဂလီယွန်ဆဲလ် (ON-OFF Ganglion Cell) တချို့လဲ ရှိပါသေးတယ်။ ဒီလို ဘိုင်ပိုလာဆဲလ်နဲ့ ဂန်ဂလီယွန်ဆဲလ်တွေကြားက ဆက်သွယ်မှုကိုတော့ ‘အေမက်ခရင်း’ (Amacrine Cells) ခေါ် ဆဲလ်တစ်မျိုးက ထိန်းညှိပေးထားတယ်။ အေမက်ခရင်းဆဲလ်ဟာ ဂန်ဂလီယွန်ဆဲလ်တွေရဲ့ တုံ့ပြန်မှုပြင်းအားကို ဂါဘာ (GABA) နဲ့ ဂလိုင်ဆင်း (Glycine) ဆိုတဲ့ ဓာတုဒြပ်ပေါင်း ၂ မျိုး ထုတ်လွှတ်ပြီး ချိန်ညှိပေးတာပါ။ အဲဒီ့နောက် ဘိုင်ပိုလာဆဲလ် အသီးသီးနဲ့ ဆက်သွယ်၊ သတင်းယူပြီးကြတဲ့ ဂန်ဂလီယွန်ဆဲလ်တွေဟာ သူတို့ လွှဲပြောင်းရရှိတဲ့ အချက်အလက်တွေကို ဦးနှောက်ဆီ ဆက်ပို့ကြတယ်။ အဲဒီလို ပေးပို့နိုင်ဖို့ ဂန်ဂလီယွန်ဆဲလ်တွေရဲ့ အမြီးပိုင်းဖြစ်တဲ့ အက်ဆွန် (Axon) အမျှင်တွေဟာ အမြင်အာရုံကြော (Optic Nerve) အဖြစ်နဲ့ မျက်လုံးကနေ ဦးနှောက်ဆီ ထွက်ခွာ ခရီးနှင်ကြပါတော့တယ်။
ဦးနှောက်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု ကဏ္ဍ
ဒီအဆင့်မှာတော့ မျက်လုံးကနေ ထွက်လာတဲ့ အမြင်အာရုံကြော ၂ ခု ဦးနှောက်ထဲကို ဝင်လာပါပြီ။ ဦးနှောက်ထဲ ရောက်တာနဲ့ အမြင်အာရုံကြောတွေရဲ့ အာရုံကြောမျှင်တစ်ဝက်က တစ်ဖက် အမြင်အာရုံကြောရဲ့ အာရုံကြောမျှင်တစ်ဝက်နဲ့ သွားရောက် ရောယှက်ပြီး အမြင်အာရုံလမ်းကြောင်း (Optic Tract) ၂ ခုအဖြစ် ကူးပြောင်းသွားကြပါတော့တယ်။ ဘယ်ဘက်မျက်လုံးက လာတဲ့ အမြင်အာရုံကြောရဲ့ အာရုံကြောမျှင် တစ်ဝက်က ညာဘက် အမြင်အာရုံလမ်းကြောင်းထဲ ရောက်သွားပြီး ညာဘက် အမြင်အာရုံကြောရဲ့ အာရုံကြောမျှင် ထက်ဝက်ခန့်က ဘယ်ဘက် အမြင်အာရုံလမ်းကြောင်းထဲ ရောက်သွားတာပါ။ (ဒီလို အာရုံကြောမျှင်တွေ ဘယ်ကနေ ညာ၊ ညာကနေ ဘယ်ကို ကြက်ခြေခတ် ဖြတ်ကူးပြီး လားရာပြောင်းတဲ့ ရပ်ဝန်းကို ‘မြင်ရုံဆုံချက်’ (Optic Chiasm) လို့ ခေါ်ပါတယ်။)

အဲဒီနောက် အမြင်အာရုံလမ်းကြောင်းတွေဟာ ဦးနှောက်ဗဟိုမှာ ဘေးချင်းကပ် တွဲလျက်ရှိနေတဲ့ အာရုံခံစားမှု စိစစ်ဖြန့်ချိရေးဗဟိုချက် – သယ်လမက်စ် (Thalamus) ၂ ခုဆီ ခရီးဆက်ကြပြန်တယ်။ လိုရာခရီး ရောက်တဲ့အခါ သူတို့ သယ်ပိုးလာတဲ့ အချက်အလက်တွေကို သယ်လမက်စ်တွေရဲ့ နျူးကလိယက်စ် (Lateral Geniculate Nucleus) တွေထဲ သွန်ချခဲ့ပါတော့တယ်။ နျူးကလိယက်စ်တွေရဲ့ တာဝန်ကတော့ အထဲရောက်လာတဲ့ အချက်အလက်တွေကို ခွဲဖြာစိစစ်တာပါ၊ စိစစ်ပြီးတဲ့အခါ ဦးနှောက်ရဲ့ အနောက်ဘက် အစွန်ဆုံးက ‘အမြင်အာရုံ ဦးနှောက်မြွှာ’ (Occipital Lobe) မှာ ရှိတဲ့ ‘အဓိက ရူပါရုံလွှာ’ (Primary Visual Cortex) ဆီ ပို့ဆောင်ပေးရပါတယ်။ အဲဒီလို ပို့ဆောင်နိုင်ဖို့ ‘မြင်ရုံရောင်ခြည်စု’ (Optic Radiation) လို့ ခေါ်တဲ့ အာရုံကြောမျှင်ထုံးက ကြားခံဆယ်သွယ်ရေး လမ်းကြောင်းအဖြစ် တာဝန်ယူပေးတာပါ။ ပြီးရင်တော့ ‘အဓိက ရူပါရုံလွှာ’ ဟာ အမြင်အာရုံ ဦးနှောက်မြွှာမှာ ရှိတဲ့ ‘ရူပါရုံလွှာပြင်’ (Visual Cortex) တစ်ခုလုံးနဲ့ ပူးပေါင်းပြီး မြင်လွှာကနေ မြစ်ဖျားခံလာတဲ့ အချက်အလက်တွေကို အရောင်တွေအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုပေးပါတော့တယ်။
အံ့သြဖို့ကောင်းတာက . . . ဒီလောက်များပြားရှုပ်ထွေးတဲ့ အဆင့်တွေကို ဖြတ်ကျော်ပြီးတာတောင် ရလဒ်ဟာ ကုန်ကြမ်းအဆင့်ပဲ ရှိသေးတာပါ၊ အာရုံခံစားမှု (Perception) လောက်ပဲ ရှိပြီး မှတ်ဉာဏ်ဟောင်းတွေနဲ့ မချိတ်ဆက်ထားတဲ့၊ အကဲဖြတ်မှုနဲ့ ခံစားမှုတွေ မပါတဲ့အဆင့် ဖြစ်ပါတယ်။ အဆုံးသတ် ‘ခံစားသိမြင်မှု’ တစ်ရပ်ကို ရဖို့ဆိုရင် နားထင်ခြမ်း ဦးနှောက်မြွှာ (Temporal Lobe) ၊ အထက်ခြမ်း ဦးနှောက်မြွှာ (Parietal Lobe) နဲ့ အရှေ့ခြမ်း ဦးနှောက်မြွှာ (Frontal Lobe) တို့ကပါ ပူးပေါင်း ပါဝင်ပေးဖို့ လိုအပ်ပါတယ်။ ရူပါရုံလွှာပြင် (Visual Cortex) ကနေ နားထင်ခြမ်း ဦးနှောက်မြွှာနဲ့ အထက်ခြမ်း ဦးနှောက်မြွှာဆီ ခရီးဆက်တဲ့ ရူပါရုံလမ်းကြောင်း ၂ ခု ရှိပါတယ် — အောက်ရူပါရုံ လမ်းကြောင်း (Ventral Stream) နဲ့ အထက်ရူပါရုံလမ်းကြောင်း (Dorsal Stream) ပါ။ အထက်ရူပါရုံ လမ်းကြောင်းက အမြင်အာရုံထဲမှာရှိတဲ့ ရွေ့လျားမှုနဲ့ တည်နေရာ/အကွာအဝေး အချက်အလက်တွေကို တာဝန်ယူပြီး အောက်ရူပါရုံလမ်းကြောင်းက အဆင်းသဏ္ဌာန်နဲ့ အရွယ်အစား အချက်အလက်တွေကို တာဝန်ယူပါတယ်။ ဒီတော့ အရောင်အချက်အလက်တွေဟာ ရူပါရုံလွှာပြင်ကနေ အောက်ရူပါရုံလမ်းကြောင်းအတိုင်း နားထင်ခြမ်း ဦးနှောက်မြွှာဆီ ရောက်သွားကြတာပေါ့။ နောက် နားထင်ခြမ်း ဦးနှောက်မြွှာမှာ ရှိတဲ့ နားထင်ခြမ်း အောက်ဘက်လွှာပြင် (Inferior Temporal Cortex) က အရောင်တွေနဲ့ သက်ဆိုင်တဲ့ မှတ်ဉာဏ်တွေကို သိမ်းဆည်းထားပြီး လိုအပ်လာရင် ပြန်ထုတ်သုံးပါတယ်။
ဒါနဲ့တင် မပြီးသေးပါဘူး။ အရောင်တွေနဲ့အတူ မြင်တွေ့ရတဲ့ အရာဝတ္ထုတွေရဲ့ တည်နေရာ၊ ဘေးပတ်ဝန်းကျင်နဲ့ ဆက်နွယ်မှုကို အထက်ခြမ်း ဦးနှောက်မြွှာက ထောက်လှမ်းပေးပါတယ်။ ဒီလုပ်ငန်းစဉ်ကို အထက်ခြမ်း ဦးနှောက်မြွှာမှာရှိတဲ့ အထက်ခြမ်း အနောက်ဘက်လွှာပြင် (Posterior Parietal Cortex) က အဓိက ဆောင်ရွက်တာပါ။ အရှေ့ခြမ်း ဦးနှောက်မြွှာကတော့ အထက်ခြမ်းနဲ့ နားထင်ခြမ်း ဦးနှောက်မြွှာတို့ ပူးပေါင်းအဖြေရှာထားတဲ့ အမြင်အာရုံ အချက်အလက်တွေကို လေ့လာ၊ သင်ယူ၊ အကဲဖြတ်ပေးပါတယ် — အာရုံခံစားမှု (Perception) အဆင့်ကို ကျော်လွန်ပြီး သိမှု (Cognition) အဆင့်ကို ရောက်သွားတာပါ။ ဒါ့အပြင် အရှေ့ခြမ်း ဦးနှောက်မြွှာမှာရှိတဲ့ အရှေ့ဘက်လွှာပြင် (Prefrontal Cortex) ဟာ နားထင်ခြမ်း ဦးနှောက်မြွှာမှာရှိတဲ့ စိတ်ခံစားမှုဖြစ်တည်ရာ အမစ်ဒလာ (Amygdala) နဲ့ ချိတ်ဆက်ပြီး ခံစားချက်တွေကို ဖြစ်ပေါ်စေပါတယ်။ တကယ်တော့ သိမှုဖြစ်စဉ်တွေနဲ့ စိတ်ခံစားချက်တွေဟာ တစ်သီးတစ်သန့် ဖြစ်တည်ကြတာ မဟုတ်ပါဘူး — အပြန်အလှန် ဆက်နွယ်မှု ရှိပါတယ်။ ဒါဟာ အရှေ့ဘက်လွှာပြင်နဲ့ အမစ်ဒလာ ပါဝင်တဲ့၊ စိတ်ခံစားမှုနဲ့ မှတ်ဉာဏ်တွေအတွက် တာဝန်ရှိတဲ့ လင်းဘစ်ခ် စနစ် (Limbic System) တို့ကြားက အပြန်အလှန် ဆက်သွယ်မှုကြောင့်ပါ။ အကျိုးဆက်အနေနဲ့ အကဲဖြတ်မှုနဲ့ ဆုံးဖြတ်ချက်ချခြင်း . . . စတဲ့ သိမှုဆိုင်ရာ လုပ်ငန်းစဉ်တွေပေါ် စိတ်ခံစားချက်တွေက လွှမ်းမိုးနိုင်ပြီး စိတ်ခံစားချက်တွေကိုလဲ အသိဉာဏ်က ပြန်ထိန်းချုပ်ပါတယ်။ ဒီတော့ အရောင်တွေကို သိမှုနဲ့ ခံစားမှုဟာ တစ်ခုပေါ်တစ်ခု မှီခိုနေတဲ့သဘောပါပဲ။
ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းတာက အရောင်အမျိုးမျိုးပေါ် လူတွေရဲ့ ခံစားပုံတွေ မတူကြတဲ့ အချက်ပါ။ ဂေဟစနစ်နွယ် စိတ်ခံစားမှုရေချိန် သီအိုရီ (Ecological Valence Theory) ကတော့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ တစ်ဦးဆိုင် အတွေ့အကြုံတွေဟာ လူတွေရဲ့ အရောင်နှစ်သက်မှုပေါ် လွှမ်းမိုးမှု ရှိတယ်လို့ ဆိုပါတယ်။ အတွေ့အကြုံကောင်းတွေနဲ့ ဆက်စပ်နေတဲ့ အရောင်တွေက နှစ်သက်ခံရနှုန်း များပြီး စိတ်ညစ်ညူးစရာ အတွေ့အကြုံတွေနဲ့ ဆက်စပ်နေတဲ့ အရောင်တွေဟာ ဖယ်ကြဉ်ခံရတတ်တယ်။ ဥပမာ၊ အပြာရောင်နဲ့ ပတ်သက်ပြီး စိတ်ချမ်းမြေ့စရာ အခိုက်အတန့်တွေ ရှိခဲ့သူက အပြာရောင်ကို နှစ်သက်နိုင်ခြေများတဲ့ သဘောပါ။ ဒီသီအိုရီဟာ ဘဝအတွေ့အကြုံ အတော်အတန်ရှိပြီးတဲ့ လူငယ်/လူကြီးတွေအတွက်ပဲ မှန်ကန်တာ မဟုတ်ဘဲ ကလေးတွေမှာပါ အလုပ်ဖြစ်ပါတယ်။ ကလေးတွေက သာမန်အရောင်တွေထက် သူတို့အတွက် အသုံးဝင်တဲ့ အရာတစ်ခုခုနဲ့ ဆက်နွယ်နေတဲ့ အရောင်တွေကို ပိုပြီး သတိထားမိတတ်ကြပါတယ်၊ အရောင်ကတစ်ဆင့် တစ်ခုခုကို လေ့လာ၊ သင်ယူနိုင်တာမျိုး မရှိဘူးဆိုရင် အဲဒီအရောင်ကို သိပ်ပြီး အလေးမထားတတ်ကြဘူး — အကျိုးရလဒ် ရှိမှ စိတ်ဝင်စားကြတာမျိုးပေါ့။ ဒါဟာ “လူတွေ ဘယ်လိုများ အရောင်အမျိုးမျိုးကို သိမြင်ခံစားနိုင်ကြသလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေပါပဲ။
ဒီတော့ အရောင်တွေကို မြင်သိနေခြင်းရဲ့ နောက်ကွယ်မှာ ရှုပ်ထွေးပွေလီတဲ့ လုပ်ငန်းစဉ်တွေ အများကြီး ရှိနေပါတယ်။ အလင်းရောင် ရရုံ၊ အလင်းတုံ့ပြန်ဆဲလ်တွေ ရှိရုံနဲ့ အရောင်တွေ မဖြစ်တည်လာနိုင်သလို ဦးနှောက်ကလဲ သူ့ချည်းသီးသန့် အရောင်တွေကို မြင်သိစေဖို့ မစွမ်းနိုင်ပါဘူး။ ရင်းမြစ်ဖြစ်တဲ့ အလင်းလှိုင်း၊ ကြားခံနယ် မြင်လွှာနဲ့ အဓိပ္ပာယ်ဖွင့်ဆိုပေးမဲ့ ဦးနှောက်တို့ စနစ်တကျ တာဝန်ကိုယ်စီ ထမ်းရွက်မှသာ လူသားတွေအနေနဲ့ ‘အရောင်’ ဆိုတဲ့ အလှတရားကို ခံစားနိုင်ကြတာပါ။ ရုပ်ဝတ္ထုတွေကို ကြွရွလာစေပြီး မြင်ကွင်းတွေကို အသက်ဝင် စိုပြည်စေတာ အရောင်တွေ မဟုတ်ပါလား . . . ? အရောင် — အရောင်တွေဟာ အလျားမတူညီတဲ့ အလင်းလှိုင်းတွေပေါ် ဦးနှောက်ရဲ့ ခမ်းနားလှပတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုပါ ။ ။

