April 18, 2026 | မြန်မာ

ကမ္ဘာဂြိုလ်ပြင်ပ သက်ရှိဖြစ်တည်မှုရှာဖွေခြင်း အပိုင်း (၂)

Click To Read Part 1 မားစ်ဂြိုလ်နဲ့ သူ့ရဲ့အလားအလာ ၂၄.၆ နာရီကြာမြင့်တဲ့နေ့တာ၊ ၂‌၅ ဒီဂရီတိမ်းစောင်း‌နေတဲ့ လည်ပတ်ဝင်ရိုး၊ သံနဲ့ နီကယ်အများစုဖွဲ့စည်းထားတဲ့ ဂြိုဟ်ဝတ်ဆံ၊ ရာသီဥတုပြောင်းလဲနိုင်ခြင်း စတဲ့အချက်တွေ‌ကြောင့် မားစ်ဂြိုလ်ဟာ ကျွန်တော်တို့ကမ္ဘာနဲ့အ‌တော်ကို ဆင်တူနေတယ်။ ကမ္ဘာနဲ့နီးကပ်‌နေတဲ့ ကျောက်သားဂြိုဟ်တစ်စင်းဖြစ်နေတာကြောင့်လည်း လေ့လာရပိုလွယ်ကူစေပါတယ်။ ဒီလိုအချက်တွေကြောင့် ဂြိုဟ်နီကြီးဟာ ပြင်ပသက်ရှိဖြစ်တည်မှုအကြောင်းစူးစမ်းလေ့လာရာမှာ ဦးစားပေးအနေနဲ့ တည်ရှိနေတာပါ။…

artistic impression of a great discovery
Text size

Click To Read Part 1

မားစ်ဂြိုလ်နဲ့ သူ့ရဲ့အလားအလာ
၂၄.၆ နာရီကြာမြင့်တဲ့နေ့တာ၊ ၂‌၅ ဒီဂရီတိမ်းစောင်း‌နေတဲ့ လည်ပတ်ဝင်ရိုး၊ သံနဲ့ နီကယ်အများစုဖွဲ့စည်းထားတဲ့ ဂြိုဟ်ဝတ်ဆံ၊ ရာသီဥတုပြောင်းလဲနိုင်ခြင်း စတဲ့အချက်တွေ‌ကြောင့် မားစ်ဂြိုလ်ဟာ ကျွန်တော်တို့ကမ္ဘာနဲ့အ‌တော်ကို ဆင်တူနေတယ်။ ကမ္ဘာနဲ့နီးကပ်‌နေတဲ့ ကျောက်သားဂြိုဟ်တစ်စင်းဖြစ်နေတာကြောင့်လည်း လေ့လာရပိုလွယ်ကူစေပါတယ်။ ဒီလိုအချက်တွေကြောင့် ဂြိုဟ်နီကြီးဟာ ပြင်ပသက်ရှိဖြစ်တည်မှုအကြောင်းစူးစမ်းလေ့လာရာမှာ ဦးစားပေးအနေနဲ့ တည်ရှိနေတာပါ။
ဒီဂြိုဟ်ဟာ ပါးလွှာတဲ့လေထုကြောင့် နေကလာတဲ့အပူစွမ်းအင်ကို အကြာကြီးမထိန်းသိမ်းနိုင်ဘဲ ဂြိုဟ်အပြင်ကို အလွယ်တကူလွတ်မြောက်သွားစေတယ်။ လေထုက ဖန်လုံအိမ်အာနိသင်ကို ထောက်ပံ့မပေးနိုင်တဲ့အတွက် ဂြိုဟ်ရဲ့အပူချိန်က အတက်အကျကြီးမားပါတယ်။ တိုင်းတာမှုတွေအရ အမြင့်ဆုံး၂၀ ဒီဂရီဆဲလ်စီးယပ်စ်ကနေ အနိမ့်ဆုံး အနုတ်အောက် ၁၅၃ ဒီဂရီဆဲလ်စီးယပ်စ်အထိ အပူချိန်ကွာခြားတယ်။ လေထုဖိအားလည်း အရမ်းနည်းပြီး ရေကအရည်အခြေအနေအဖြစ် မတည်ရှိနိုင်ဘူး။ (ရေဆိုတာ ဓါတုဒြပ်ပေါင်းတွေပျော်ဝင်တဲ့ ပျော်ရည်တစ်ခုအဖြစ် လုပ်ဆောင်ပြီး ဓာတ်ပစ္စည်းတွေကို သက်ရှိခန္ဓာကိုယ်ထဲ ရောက်ရှိစေတယ်။ ဓာတုဓာတ်ပြုမှုတွေကလည်း ရေထဲမှာ အလွယ်တကူ ဖြစ်နိုင်တယ်။ ရေခဲမှာကျတော့ မော်လီကျူးတည်ဆောက်ပုံအရ ‌ဓာတ်ပစ္စည်းတွေ မပျော်ဝင်နိုင်တဲ့အပြင် ဓာတုပေါင်းစပ်ဓာတ်ပြုခြင်းတွေလည်း လွယ်လွယ်ကူကူမဖြစ်နိုင်တော့ဘူး။)
နောက်ပြီး အားကောင်းတဲ့ သံလိုက်စက်ကွင်းမရှိတဲ့အတွက် ဆိုလာဝင်း (Solar Wind) တွေကနေ ဂြိုဟ်ကိုအကာအကွယ်မပေးနိုင်ပါဘူး။ ဒါကြောင့် နေကလာတဲ့ ရောင်ခြည်တွေက ဂြိုဟ်ပေါ်က သက်ရှိတိုင်းကို ဖျက်စီးပစ်မှာပါပဲ။ ခြုံငုံသုံးသပ်ရရင်တော့ လက်ရှိအချိန်မှာ မားစ်ဟာ သက်ရှိတွေအတွက် သင့်တော်တဲ့နေရာတစ်ခု‌တော့မဟုတ်ပါဘူး။ (ရရှိထားတဲ့အချက်အလက်ကိုပဲ အခြေခံထားတာဖြစ်လို့ ရာခိုင်နှုန်းပြည့်တော့ မပြောနိုင်ဘူးပေါ့)
ဒါပေမယ့် ဟိုးအတိတ်ကာလတစ်ချိန်မှာ သက်ရှိဖြစ်တည်နိုင်ခဲ့လားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းပဲ။
ဒီလိုမျိုး မားစ်ရဲ့အတိတ်ကာလသက်ရှိဖြစ်တည်မှုနဲ့ပက်သက်ပြီး ကျွန်တော်စသတိထားမိခဲ့တာကတော့ Ice Age 4 Animation ဇာတ်ကားဖြစ်လိမ့်မယ်။ အဲ့ဒီဇာတ်ကားရဲ့‌ နောက်ဆုံးဇာတ်ဝင်ခန်းထဲမှာ ကွန်ပျူတာသရုပ်ဖော်မှုတွေနဲ့ ပြသထားတဲ့ မားစ်ရဲ့ စိမ်းပြာ‌ရောင် ဂြိုဟ်မျက်နှာပြင်ဟာ ကျွန်တော့်ရဲ့သိချင်စိတ်ကို အလွန်အမင်းဆွဲဆောင်နေခဲ့တာ။
မားစ်ရဲ့ ဂြိုဟ်ပတ်လမ်းအပေါ်လွှတ်တင်ထားတဲ့ အာကာသယာဉ်တွေနဲ့ ‌ဂြိုဟ်ဆင်းယာဉ်တွေကနေ ထောက်လှမ်းရရှိတဲ့အချက်အလက်တွေအရလည်း တစ်ချိန်တုန်းက မားစ်မှာ ရေကန်တွေ မြစ်ဝှမ်း‌‌ဒေသတွေက‌နေ သမုဒ္ဒရာတွေအထိ ကြီးမားတဲ့ရေအရင်းအမြစ်တစ်ခု ဖြစ်တည်နေခဲ့တယ်၊ ရေဟာအရည်အခြေအနေနဲ့ တည်ရှိ‌ခဲ့တယ်လို့ သက်သေပြနေခဲ့ပါတယ်။ အရည်အခြေအနေရှိတဲ့ရေထုဟာ သက်ရှိဖြစ်တည်မှုကိုထောက်ပံ့ပေးနိုင်တယ်။ ဒီလိုအချက်တွေကြောင့် မားစ်‌အပေါ် ကျွန်တော်တို့ရဲ့စူးစမ်းလေ့လာမှုတွေဟာ အတိတ်ကာလတုန်းက သက်ရှိဖြစ်တည်မှုအထောက်အထား၊ တစ်နည်းအားဖြင့်ကျောက်ဖြစ်ရုပ်ကြွင်းတွေအပေါ် အဓိကထားတယ်။
၁၉၉၆ ဩဂုတ်လ ၇ ရက်နေ့မှာ စတန်းဖို့ဒ်တက္ကသိုလ်နဲ့ နာဆာက သိပ္ပံပညာရှင်တွေဟာ မားစ်ရဲ့ဥက္ကာခဲတစ်ခုမှာ ဇီဝရုပ်ဖြစ်တည်မှုကို တွေ့ရှိခဲ့တယ်လို့ ကြေညာတယ်။ ALH84001 လို့နာမည်ပေးထားတဲ့ ဒီဥက္ကာခဲဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄.၅ ဘီလီယံတုန်းက မားစ်ဂြိုလ်ပေါ်မှာ စဖြစ်တည်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆ သန်းမှာ ဥက္ကာခဲဝင်ဆောင့်တဲ့အရှိန်ကြောင့် အာကာသထဲလွင့်ထွက်ပြီး နေအဖွဲ့အစည်းထဲမှာ နှစ်သန်းချီကြာ ခရီးနှင်နေခဲ့တယ်။ အဲဒီနောက် အန္တာတိကတိုက်၊ အယ်လန်တောင်ကုန်းတွေနားက ရေခဲပြင်ပေါ် လွန်ခဲ့တဲ့နှစ်‌ပေါင်း ၁၃၀၀ဝ မှာ သက်ဆင်းခဲ့ပါတယ်။
သူ့ကို ၁၉၈၄ မှာ ဥက္ကာခဲရှာဖွေသူတွေက ကောက်ယူရရှိခဲ့ပြီး အီလက်ခရွန်မိုက်ခရိုစကုပ်နဲ့ စူးစမ်းလေ့လာတဲ့အခါမှာ တီကောင်ပုံသဏ္ဌာန် သက်ရှိတစ်ကောင်ကို တွေ့ရှိခဲ့ရတာပါ။ ရောင်စဉ်ခွဲပညာနဲ့ လေ့လာကြည့်တဲ့အခါမှာလည်း သက်ရှိဖြစ်တည်မှုသ‌င်္ကေတဖြစ်တဲ့ ကာဘွန်အခြေပြုဒြပ်ပေါင်းတွေပါဝင်‌နေတာတွေ့ရပါတယ်။ ဒီတွေ့ရှိမှု‌ကြောင့် မားစ်မှာသက်ရှိဖြစ်တည်ခဲ့လားဆိုတာ သိပ္ပံပညာရှင်တွေကြားမှာ အငြင်းပွားစရာခေါင်းစဉ်တစ်ခုအဖြစ် စရောက်ရှိလာခဲ့တယ်။ (ဒီဥက္ကာခဲနဲ့ပတ်သက်ပြီး အခုချိန်ထိ အငြင်းပွားနေကြဆဲဖြစ်ပြီး အတည်ပြုလို့ရတဲ့အချက်အလက်ကို မတွေ့ရှိရသေးပါဘူး။ သူ့ကို နာမည်ကျော်စမစ်ဆိုနီယမ်ပြတိုက်ထဲမှာ အခုချိန်ထိ ပြသထားပါတယ်။)
ဒီဆောင်းပါးက အခန်းဆက်ဆောင်းပါးဖြစ်တာကြောင့် ဆောင်းပါးမှာပါဝင်တဲ့ အကြောင်းအရာအချက်အလက်တွေနဲ့ ကိုးကားရင်းမြစ်တွေကို ဆောင်းပါးနောက်ဆုံးအပိုင်းမှာ တစ်စုတစ်စည်းတည်း ထည့်သွင်းဖော်ပြပေးသွားပါမယ်။
မားစ်‌ဂြိုလ်ပေါ်မှာလူ‌သားတွေနေထိုင်နိုင်ဖို့ လက်ရှိအချိန်မှာဖြစ်နိုင်ပြီလား။ ဘယ်လို စိန်ခေါ်မှုတွေနဲ့ကြုံတွေ့နေရလဲ။
https://m.facebook.com/story.php?story_fbid=pfbid0xBY8hmsfYWYusKdqPSq1pxi2UBEJexZF5idzHvV2YdHndQEbR6zPMNPDn8VE4mW6l&id=101264989223099&mibextid=Nif5oz

Article Credits

Written by Julian Htet Aung
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.