May 10, 2026 | မြန်မာ

ရေပြင်တွေ တိမ်ကောပြီး ကုန်းမြေထုကြီးအဖြစ် ပြောင်းလဲသွားခဲ့ရင်

ကျွန်တော်တို့ ကမ္ဘာကြီးကို ရေပြင် ၇၁%၊ ကုန်းမြေ ၂၉% နဲ့ ဖုံးအုပ်ထားပါတယ်။ သမုဒ္ဒရာတွေဟာ ကမ္ဘာ့ ရေအရင်းမြစ်အားလုံးရဲ့ ၉၇% ရှိပါတယ်။ အကယ်၍များ ရေပြင်တွေဟာ ကုန်းမြေဖြစ်လာခဲ့ရင် ကမ္ဘာကြီးက ဘာတွေပြောင်းလဲမယ်လို့ ထင်ပါသလဲ။ ဆို‌တော့ အတူတူ လေ့လာကြည့်ကြပါမယ်။ အကယ်၍ ရေပြင်တွေသာ ကုန်းမြေဖြစ်လာရင် အပူချိန်တွေ ထိုးတက်လာမှာပါ။ သမုဒ္ဒရာတွေဟာ…

Text size

ကျွန်တော်တို့ ကမ္ဘာကြီးကို ရေပြင် ၇၁%၊ ကုန်းမြေ ၂၉% နဲ့ ဖုံးအုပ်ထားပါတယ်။ သမုဒ္ဒရာတွေဟာ ကမ္ဘာ့ ရေအရင်းမြစ်အားလုံးရဲ့ ၉၇% ရှိပါတယ်။ အကယ်၍များ ရေပြင်တွေဟာ ကုန်းမြေဖြစ်လာခဲ့ရင် ကမ္ဘာကြီးက ဘာတွေပြောင်းလဲမယ်လို့ ထင်ပါသလဲ။ ဆို‌တော့ အတူတူ လေ့လာကြည့်ကြပါမယ်။

အကယ်၍ ရေပြင်တွေသာ ကုန်းမြေဖြစ်လာရင် အပူချိန်တွေ ထိုးတက်လာမှာပါ။ သမုဒ္ဒရာတွေဟာ ကမ္ဘာ့အပူချိန်ကို လျှော့ချတဲ့ နေရာမှာ အဓိက ပင်တိုင် ဖြစ်တာမလို့ ရေထုမရှိရင် အပူချိန်ဟာ တစ်ဟုန်ထိုး တိုးလာပါလိမ့်မယ်။ များပြားလွန်းတဲ့ ရေပမာဏဟာ သမုဒ္ဒရာကနေ အငွေ့ပျံတာကြောင့် အပူချိန် ရုတ်ချည်းပြောင်းလဲတာတွေကို တားဆီးပေးတဲ့ ကယ်တင်ရှင်တွေပါ။ ကုန်းမြေအဖြစ်သာ ပြောင်းသွားခဲ့ရင် ဖန်လုံအိမ် ဓာတ်ငွေ့စုပ်ယူမှုကလဲ အလွန်မင်းလျော့ကျသွားမှာဖြစ်ပြီး သမုဒ္ဒရာရေတွေမှာလဲ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပါဝင်လာပါလိမ့်မယ်။ အဲ့ဒီကနေ ဖန်လုံအိမ်ဓာတ်ငွေ့ကို မစုပ်ယူနိုင်တော့ဘဲ အပူချိန်တွေ အဆမတန် ထိုးတက်ပြီးတဲ့နောက်  Venus ဂြိုဟ်လို ဖြစ်သွားမှာပါ။

ကုန်းမြေထုတွေချည်းပဲဆိုရင် အဓိကအားဖြင့် ရာသီဥတုပိုင်းမှာ အများကြီး ဆိုဆိုးရွားလာမှာပဲ ဖြစ်ပါတယ်။ သမုဒ္ဒရာတွေရဲ့ အငွေ့ပျံခြင်း၊ ငွေ့ရည်ဖွဲ့ခြင်း စတဲ့ လုပ်ငန်းစဉ်တွေဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အပူချိန်တွေကို မှန်ကန်ဖို့ ထိန်းညှိပေးပါတယ်။ ပင်လယ်ရေတွေ အငွေ့ပျံသလိုပဲ အငွေ့ပျံသွားတဲ့ ရေခိုးရေငွေ့တွေဟာလဲ ကုန်းမြေဆီကို ရိုက်ခတ်ပါတယ်။ ဒါကြောင့် ရေတွေသာ ကုန်းမြေဖြစ်သွားရင် မိုးရွာသွန်းမှု အတော်နည်းပါးပြီး မိုးခေါင်ရေရှားကပ်‌ဘေးတွေ ဆိုက်ကုန်ဖို့ပဲ ရှိလာပါလိမ့်မယ်။

သမုဒ္ဒရာနဲ့ နီးတဲ့ နေရာတစ်ဝိုက်လောက်မှာသာ နေနိုင်ပြီး ဝေးတဲ့ နေရာတွေဟာ လွင်တီးခေါင် ကန္တာရတွေ ဖြစ်နေမှာပါ။ ဒါ့အပြင် ကမ္ဘာ့ရေစီးကြောင်း လုပ်ငန်းစဉ်ဟာလဲ ပျက်ယွင်းသွားတာကြောင့် အပူချိန်တွေက အလွန်အမင်းတိုးပွားလာပြီး ရာသီဥတု ပိုမိုဖောက်ပြန်နိုင်ပါတယ်။

ရေတွေဟာ လေထုအတွက်လဲ အရေးပါပါတယ်။ လေထဲက အောက်ဆီဂျင်မှာ ရေပမာဏ ၅၀% – ၇၀% ထိ ပါဝင်ပြီး အဲ့ပမာဏကို ရေနေအပင်တွေဆီက ရပါတယ်။ သမုဒ္ဒရာတွေဟာ ဧရိယာကျဉ်းမြောင်းတဲ့ နယ်မြေကို ဖုံးလွှမ်းလိုက်ရင် အောက်ဆီဂျင်ပမာဏကို ကုန်းနေသတ္တဝါတွေ သုံးစွဲသလို မြန်မြန်မထုတ်နိုင်ပေးတာမလို့ အောက်ဆီဂျင်ပမာဏ လျော့ကျပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ တိုးလာပါလိမ့်မယ်။ ဒါ့အပြင် လေထုနဲ့ မြေထုတို့ကပါ ပိုညစ်ညမ်းလာပြီး ရေထဲကို စွန့်ပစ်ပစ္စည်းတွေ စွန့်ထုတ်တဲ့ စက်ရုံအချို့ဟာလဲ အမှိုက်ပြဿနာ တက်လာနိုင်ပါတယ်။ လေထုထဲမှာပါ အဆိပ်သင့်မှု ပိုများနိုင်ပါတယ်။

အကယ်၍ ရေပြင်တွေသာ ကုန်းမြေထုအဖြစ် ပြောင်းလဲသွားခဲ့မယ်ဆိုရင် သက်ရှိတွေရဲ့ နေထိုင်မှု အပေါ်ကိုလဲ သက်ရောက်နိုင်ပါတယ်။ ရေနေသတ္တဝါတွေဟာ နေထိုင်စရာ ရေပြင်ပမာဏ နည်းပါးမှုကြောင့် ကုန်းမြေပေါ်ကို ယခင်ကထက် စောစောစီးစီး ရောက်ရှိလာနိုင်ပြီး ကုန်းနေသတ္တဝါမဟုတ်‌တဲ့ အခြားမျိုးစိတ်တွေကပါ ကုန်းပေါ်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ နောက်ပြီး ကုန်းပေါ်မှာ အပင်တွေ၊ အရွက်တွေ နည်းပါးလာမှုကြောင့် သားစားသတ္တဝါတွေ ပိုမိုပေါများလာနိုင်တဲ့အပြင် ရေရှားပါးမှုကြောင့် သက်ရှိတွေရဲ့ အရွယ်အစားဟာလဲ ပိုမိုသေးငယ်လာနိုင်ပါတယ်။ ဒါပေမဲ့ လူသားတွေကတော့ ကုန်းမြေသုံး ကိရိယာတွေကို ပိုမိုတီထွင်လာနိုင်မှာဖြစ်ပြီး နေ့ညအပူ လွန်ကဲမှုကြောင့် ငှက်တွေနဲ့ အခြားသော နို့တိုက်သတ္တဝါတွေ ရှင်သန်နေထိုင်ဖို့ ခက်ခဲလာမှာပါ။ အဲ့ဒီလိုမျိုး ရေပြင်တွေသာ ကုန်းမြေထုဖြစ်လာခဲ့ရင် သွေးအေးမျိုးစုတွေကသာ ကမ္ဘာမြေကို အုပ်စိုးနိုင်တဲ့ အလားလာတွေ ပိုများလာမှာ ဖြစ်ပါတယ်။

ရေပြင်တွေ ဆုံးရှုံးမှုကြောင့် ရှင်သန်ဖို့ပါ ခက်လာပါလိမ့်မယ်။ “ထမင်းအသက် ၇ ရက်၊ ရေအသက် ၁ မနက်” ဆိုသလိုပဲ အပူနဲ့ လျှပ်စစ်ရဲ့ အဓိက ရင်းမြစ်ဖြစ်တဲ့ သမုဒ္ဒရာတွေ မရှိတော့တာကြောင့် ရေချို ရှားပါးလာပါလိမ့်မယ်။ ဒါ့အပြင် အစာကွင်းဆက်‌ဂေဟစနစ်ကိုလဲ အတော်လေး လှိုင်းထရိုက်ခတ်စေမှာပါ။ သမုဒ္ဒရာတွေဟာ မြေထုကြောရွေ့လျားမှုကို ထိန်းပေးတာကြောင့် သူတို့သာ မရှိတော့ရင် မီးတောင်ပေါက်တာ၊ ငလျင်လှုပ်တာ စတဲ့ ကပ်ဘေးတွေ ပိုမိုဖြစ်လာနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ စီးပွားရေးနဲ့ လူနေမှုဘဝတွေကိုပါ ထိခိုက်စေမှာပါ။ မြေထုဟာ ယခင်ကထက် ပိုမိုကျယ်ပြန်လာတာကြောင့် နယ်ချဲ့ပဋိပက္ခစစ်ပွဲတွေ ပိုမိုများလာနိုင်တဲ့အပြင် ကုန်သွယ်ရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ရေကြောင်းကို ကန့်သတ်ပြီး သုံးရမှာဖြစ်တဲ့အတွက် ရေကြောင်းပို့ဆောင်ဆက်သွယ်မှုတွေမှာ ဆုံးရှုံးမှု ပိုများနိုင်ပါတယ်။ ပင်လယ်စာ၊ ငါး၊ ပုစွန်စတာတွေကို မှီခိုပြီး စီးပွားရေးလုပ်ကိုင်နေရတဲ့ နိုင်ငံတွေဟာလဲ ကပ်ဆိုက်မှုတွေ ကြုံလာရပါလိမ့်မယ်။

နောက်ဆုံးမှာ အစာရင်းမြစ်ဆုံးရှုံးပြီး ငတ်ပြတ်သေတာတွေအထိ ဖြစ်လာနိုင်ပါတယ်။ လိုအပ်တဲ့ ရေပမာဏကို မရရှိဘူးဆိုရင် လူသားမျိုးနွယ်ဟာ ကမ္ဘာကနေ အပြီးတိုင် ပျက်သုဉ်းသွားနိုင်တဲ့အထိ ဆိုးကျိုးတွေကို ခံစားရမှာဖြစ်ပါတယ်။

ဒါဟာ ဖြစ်နိုင်ခြေ အလွန့်အလွန်နည်းပါးတယ်လို့ ဆိုရမှာဖြစ်ပေမဲ့ ယနေ့ခေတ်မှာ ပင်လယ်သမုဒ္ဒရာတွေဆီ အဆိပ်သင့်အမှိုက်တွေ စွန့်ပစ်မှုများလာတာကြောင့် တစ်ချိန်ချိန်တော့ သမုဒ္ဒရာတွေဟာလဲ တိမ်ကောပြီး ကမ္ဘာကြီးဟာလဲ ကုန်းမြေထုချည်းအဖြစ် မပြောင်းလဲလာနိုင်ဘူးလို့ ပြောမရပါဘူး။ ဒါကြောင့်မလို့ အဆိပ်သင့်အမှိုက်တွေ၊ ပလတ်စတစ်တွေကို လက်လွတ်စပယ် မပစ်ကြဖို့လဲ လိုအပ်ပါတယ်။ နောက်တစ်ခု သတိပေးချင်တာလေးကတော့ ဒီဇင်ဘာလဟာ ပလတ်စတစ်လျှော့ချရေးလ ဖြစ်တာကြောင့် ဒီလကစပြီး နေ့ရက်တိုင်းမှာ ပလတ်စတစ်တွေ လျှော့သုံးပြီး ပျက်စီးဆွေးမြေ့လွယ်တဲ့ စက္ကူအိတ်တွေအစား သဘာဝထုတ်ကုန်တွေသုံးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။

 

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

Article Credits

Written by Eris
Copy Editing Aww Myat Khin Khin

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.