May 20, 2026 | မြန်မာ
Public Health Explainer

ငလျင်လှုပ်ပြီးတဲ့နောက် ဘာထပ်ဖြစ်လာနိုင်သလဲ . . .၊ ဘယ်လို ဘေးကင်းအောင်နေမလဲ . . .?

မနေ့က ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းမြို့ရဲ့ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာ (၁၀ မိုင်) အကွာကို ဗဟိုပြုပြီး ပြင်းအား ၇.၇ မက်ဂနီကျု (Magnitude) ရှိတဲ့ အင်အားပြင်းငလျင်တစ်ရပ် လှုပ်ခတ်သွားပါတယ်။ ငလျင်ဗဟိုချက်နဲ့နီးတဲ့ မန္တလေးနဲ့ မန္တလေးအနီးတဝိုက်က အထပ်မြင့်အဆောက်အအုံတွေ၊ လူနေအိမ်တွေနဲ့ သမိုင်းဝင်မယ်နုအုတ်ကျောင်းအပြင် မန္တလေးကျုံးနဲ့…

Text size

မနေ့က ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းမြို့ရဲ့ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာ (၁၀ မိုင်) အကွာကို ဗဟိုပြုပြီး ပြင်းအား ၇.၇ မက်ဂနီကျု (Magnitude) ရှိတဲ့ အင်အားပြင်းငလျင်တစ်ရပ် လှုပ်ခတ်သွားပါတယ်။ ငလျင်ဗဟိုချက်နဲ့နီးတဲ့ မန္တလေးနဲ့ မန္တလေးအနီးတဝိုက်က အထပ်မြင့်အဆောက်အအုံတွေ၊ လူနေအိမ်တွေနဲ့ သမိုင်းဝင်မယ်နုအုတ်ကျောင်းအပြင် မန္တလေးကျုံးနဲ့ စစ်ကိုင်းတံတားဟောင်း၊ နောက် လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျှောက်က မြို့တွေအပြင် ထိုင်းနိုင်ငံမှာပါ ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ်ဖြစ်ခဲ့တာပါ။ အင်အားပြင်း ငလျင်အများစု လှုပ်ခတ်ပြီးချိန်မှာ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ သဘာဝဘေးတွေ ရှိလာနိုင်ပါသေးတယ်။ ဒါကြောင့် ငလျင်အပြီး ထပ်ကြုံရနိုင်တဲ့ အန္တရာယ်တွေနဲ့ ဘေးကင်းလုံခြုံဖို့ရာ ပြင်ဆင်ထားသင့်တာတွေကို Fact Hub က မျှဝေပါရစေ။

အင်အားပြင်းငလျင်တစ်ရပ် လှုပ်ခတ်ပြီးရင် အဲဒီငလျင်နဲ့အတူ နောက်ဆက်တွဲငလျင်တွေလဲ လိုက်လာလေ့ ရှိပါတယ်။ နောက်ဆက်တွဲငလျင်တွေက ရှေ့မှာလှုပ်သွားတဲ့ ငလျင်လောက် အားမပြင်းရင်တောင် အားမပျော့တတ်တာမို့ မပေါ့ဆသင့်တဲ့ထဲ ပါပါတယ်။ မနေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ပြီးတော့ ပြင်းအား ၆.၄ ရှိတဲ့ ငလျင်အပါအဝင် တဖြည်းဖြည်းအားလျော့လာတဲ့ နောက်ဆက်တွဲ ငလျင်တွေလဲ ခန့်မှန်းအကြိမ်ရေ ရာဂဏန်းဝန်းကျင် လှုပ်ခတ်သွားတာကို အနီးစပ်ဆုံး တွေ့နိုင်ပါလိမ့်မယ်။ ဒါကြောင့် လတ်တလောမှာ ခိုင်ခံ့မှု ရှိ/မရှိ မသေချာသေးတဲ့၊ ငလျင်ဒဏ်မခံလိုက်ရဘူးလို့ ယူဆရပေမဲ့ အက်ကွဲရာ ကြီးကြီးမားမား ရှိနေတဲ့ အဆောက်အအုံတွေနဲ့ အထပ်မြင့်တိုက်တွေ၊ ပြိုကျပျက်စီးနိုင်ခြေမြင့်တဲ့ နေရာတွေနဲ့ ခပ်ဝေးဝေးမှာ နေသင့်ပါတယ်။ ငလျင်ပြီးချိန်မှာလဲ မြေကျွံတာ ရှိ/မရှိ ကြည့်ရှုစစ်ဆေးဖို့၊ အခြေအနေငြိမ်သွားလို့ နေရပ်ပြန်ရင်လဲ နံရံတွေမှာ ကြီးကြီးမားမား အက်ကွဲပြတ်ရှရာ ရှိ/မရှိ၊ လှေကားတွေရဲ့ ခိုင်ခံ့မှု အခြေအနေနဲ့ ထိခိုက်ပျက်စီးမှုအခြေအနေကို ကနဦးစစ်ဆေးနိုင်ဖို့ အရေးကြီးပါတယ်။ အမြင့်မှာ ရှိနေတဲ့ လေးလံတဲ့ ပစ္စည်းတွေ၊ ကျကွဲနိုင်တဲ့ ပစ္စည်းတွေကိုလဲ နေရာရွှေ့ထားသင့်တာပါ။ တောင်စောင်းနဲ့ နီးတဲ့ နေရာတွေ၊ မြစ်‌/ချောင်း/ကမ်းပါးဒေသတွေဆိုရင် မြေကြီးအခြေအနေကိုပါ သေချာလေ့လာဖို့၊ မြေပြိုမှုတွေ ရှိနိုင်တာကို ဂရုပြုဖို့ သင့်ပါတယ်။

မီးဘေးအန္တရာယ်ကလဲ ငလျင်ဒဏ်နဲ့ ဆက်စပ်နေတာပါ။ လက်ရှိဖြစ်ရပ်မှာ ငလျင်ကြောင့် အဆောက်အအုံ ပြိုကျတာတွေအပြင် မီးလောင်လို့ ပျက်စီးဆုံးရှုံးရတာတွေလဲ မနည်းပါဘူး။ ဒါကြောင့် ဂတ်စ်မီးဖိုသုံးသူတွေက ငလျင်ပြီးလို့ အိမ်ထဲ ပြန်ဝင်ချိန် ဂတ်စ်ယိုစိမ့်မှု ရှိ/မရှိ သေချာအောင် စစ်ဆေးသင့်ပါတယ်။ ဓာတ်ငွေ့/လောင်စာဆီနံ့လို အနံ့တွေ ရရင်လဲ နေရပ်ကနေ ဘေးလွတ်ရာကို ထွက်ခွာသင့်ပါတယ်။ ဒါ့အပြင် လျှပ်စစ်မီးခလုတ်တွေ၊ လျှပ်စစ်နဲ့ ဆက်နွယ်နေတဲ့ အသုံးအဆောင်တွေကိုလဲ ဂရုတစိုက်စစ်ဆေးဖို့ မမေ့ပါနဲ့။ မီးအစအနတွေကို အထူးဂရုပြုပြီး ဆေးလိပ်သောက်တာ၊ မီးခြစ်တာ၊ ဖယောင်းတိုင် သုံးတာထက် ဘတ္ထရီအခြေပြု ဓာတ်မီးတွေကို ဦးစားပေးသုံးဖို့ တိုက်တွန်းလိုပါတယ်။ မီးလောင်နိုင်ခြေ ရှိသမျှ ကိစ္စအဝဝကို တွက်ဆချင့်ချိန်ရင်း အနားပတ်ဝန်းကျင်မှာ မီးဘေးသင့်တာနဲ့ ရုတ်တရက်ထွက်ခွာနိုင်အောင် အရေးပေါ်ပစ္စည်းတွေ ထုပ်ပိုးထားသင့်ပြီး ထွက်ပေါက်လမ်းကြောင်း ကြိုကြည့်ထားသင့်ပါတယ်။

ငလျင် ပြင်းပြင်ထန်ထန် လှုပ်ပြီးရင် နောက်ဆက်တွဲကြုံရနိုင်တဲ့ထဲ ရေဘေးအန္တရာယ်လဲ အပါအဝင်ပါပဲ။ မိုးရာသီတွေ၊ မုန်တိုင်းကာလတွေမှာ ဖြစ်တတ်တဲ့ ရေကြီးရေလျှံမှုနဲ့ မတူဘဲ ငလျင်ဒဏ်ကြောင့် ဆည်ကျိုးတာ/ဆည်မကျိုးအောင် ရေဖောက်ချတာတွေအပြင် မြေအောက်ရေတွေ ပြန်ကန်လျှံထွက်တာကြောင့်လဲ ခေတ္တခဏ ရေတက်တာတွေ ဖြစ်လာနိုင်တာပါ။ ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့ဒေသတွေမှာ ငလျင်အဖျားခတ်ပြီးရင်လဲ ဆူနာမီလှိုင်းအန္တရာယ်ကိုလဲ သတိရှိရှိ နားစွင့်ထားတာက မမှားပါဘူး။

ငလျင်ဒဏ် မခံရတဲ့ ဒေသတွေမှာ၊ ဒါမှမဟုတ် အသေးစားငလျင်ဒဏ်ပဲ ခံလိုက်ရတဲ့ ဒေသတွေက ပြည်သူတွေကလဲ နောက်ထပ် ထပ်ကြုံရင် အပျက်အစီး/အဆုံးအရှုံးနည်းအောင် (အတတ်နိုင်ဆုံး) တုံ့ပြန်နိုင်မဲ့ နည်းလမ်းတွေကို သတိတရရှိထားသင့်ပါတယ်။ ဥပမာ၊ ငလျင်ဒဏ်သင့်တာ ရှားတဲ့ ထိုင်းနိုင်ငံမှာတောင် မတ်လ ၂၈ ရက်နေ့က မြန်မာပြည်မှာ ဗဟိုချက်တည်တဲ့ ငလျင်ကြောင့် ဆောက်လက်စ အထပ်မြင့်တိုက်တွေ ပြိုကျတဲ့အပြင် အဆောက်အအုံကြီးတွေမှာလဲ နံရံအက်တာ၊ ခေါင်မိုးထပ်ရေကူးကန်တွေက ရေတွေလျှံကျလာတာမျိုးအထိ ရှိခဲ့ပြီး အပျက်အစီးများခဲ့ရပါတယ်။ ကိုယ်နေထိုင်ရာဒေသမှာလဲ အလားတူအခြေအနေတွေ ကြုံလာရနိုင်လို့ ငလျင်ဒဏ် ရုတ်တရက်ခံရချိန် အကာအကွယ်သေချာယူနိုင်ဖို့၊ ရှောင်ရှားနိုင်ဖို့ရာ ကြိုတွက်ဆထားသင့်တာပါ။

ငလျင်လှုပ်ချိန်မှာ အဆောက်အအုံထဲ ရှိနေရင် ထိခိုက်မှုနည်းအောင် အကောင်းဆုံး ကာကွယ်နိုင်တဲ့နည်းက ခန္ဓာကိုယ်ကို ဝပ်ချရင်း ခိုင်ခိုင်ခံ့ခံ့ရှိတဲ့ စားပွဲတွေ၊ ကုတင်တွေအောက် ဝင်ပြီး မှန်နံရံ/ပြတင်းပေါက်၊ လဲကျနိုင်တဲ့ ဗီရိုတွေ၊ စင်တွေရဲ့ အဝေးမှာ နေသင့်ပါတယ်။ ပြင်းထန်ငလျင် လှုပ်ခတ်ချိန်မှာ အိမ်ပြင်ကို ကြောက်လန့်တကြားထွက်ပြေးတာမျိုးက အခန့်မသင့်ရင် အသက်အန္တရာယ်ကို ထိခိုက်နိုင်လို့ ပိုလုံခြုံနိုင်တဲ့ နည်းလမ်းကို ရွေးသင့်တာပါ။ ဓာတ်လှေကားသုံးပြီး အောက်ဆင်းတာကို ရှောင်သင့်တဲ့အပြင် ဓာတ်လှေကားထဲ ရှိနေချိန် ငလျင်လှုပ်ခဲ့ရင်လဲ ရောက်နေတဲ့နေရာနဲ့ အနီးစပ်ဆုံးအထပ်ကို နှိပ်ရင်း အပြင်ကို ထွက်သင့်ပါတယ်။ ဓာတ်လှေကား မပွင့်လာတဲ့ အခြေအနေရှိရင် အရေးပေါ်ခလုတ်ကို နှိပ်တာ၊ အော်ဟစ်အကူအညီတောင်းတာနဲ့ နီးစပ်ရာကို ဖုန်းဆက်တာမျိုး သတိတရ ဆောင်ရွက်ပါ။ ငလျင်လှုပ်နေချိန် ကားထဲရှိနေရင် ပြိုကျနိုင်တဲ့ နေရာတွေနဲ့ ခပ်လှမ်းလှမ်းကို သွားပြီး အပြင်ပြေးထွက်တာမျိုးထက် ပတ်ဝန်းကျင်အခြေအနေကို မသိရမချင်း ကားထဲမှာ ဝပ်နေသင့်ပါတယ်။ စက်ဘီး/ဆိုင်ကယ် စီးနေရင်း၊ လမ်းလျှောက်နေရင်း ငလျင်ကြုံရရင်တော့ ယိမ်းခါနေတဲ့ အဆောက်အအုံတွေ၊ ဓာတ်တိုင်တွေ၊ ဓာတ်ကြိုးတွေနဲ့ ဝေးတဲ့ ကွင်းပြင်ကျယ်ကို ရောက်အောင် အားထုတ်ပါ။

လက်ရှိအချိန်ထိတော့ ငလျင်ဘေးဒဏ်ကို ကြိုခန့်မှန်းနိုင်တဲ့ နည်းပညာ မရှိသေးပါ။ ရှေ့ပြေးငလျင်တွေနဲ့ ကျောက်ချပ်လွှာ ရွေ့လျားမှုတွေကို အမြဲတစေ စောင့်ကြည့်နေနိုင်တဲ့ အခြေအနေလဲ လုံးလုံး မရှိသေးတာကို စိတ်မကောင်းဖြစ်ဖြစ်နဲ့ အသိပေးပါရစေ။ ငလျင်လှုပ်ခတ်ခါနီး မိနစ်ပိုင်းအလိုမှာ ကြိုသိနိုင်ဖို့ ခန့်မှန်းတဲ့ စနစ်တွေကတောင် တစ်ထစ်ချ မမှန်ကန်သေးပါဘူး။ ဒါကြောင့် အင်တာနက်ပေါ်မှာ မတိကျ/မသေချာတဲ့ အချက်အလက်တွေနဲ့ ‘ဘယ်‌တော့ ငလျင်ထပ်လှုပ်မယ်’၊ ‘ငလျင်က ဘယ်ကနေ ဘယ်ကို ဆင်းလာပြီ’၊ ‘ဘယ်ဆည်ကိုတော့ ဖောက်ချလိုက်ပြီ’ . . . စသဖြင့် ချဲ့ကားမှားယွင်းတဲ့ ဖော်ပြချက်တွေဟာ ဖတ်ရှုသူကို သတင်းအချက်အလက်မှား ပေးမိနိုင်ပြီး မလိုအပ်တဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်က ရင်းမြစ်ပေါင်းစုံမှာ ဖော်ပြကြတဲ့ သတင်းတွေကို မမျှဝေခင် နှစ်ခါစဉ်းစားဖို့၊ အတတ်နိုင်ဆုံး ချင့်ချိန်ဖတ်ရှုကြဖို့နဲ့ ယုံကြည်ရတဲ့ မိုးလေဝသပညာရှင်(တွေ)ရဲ့ ဖော်ပြချက်တွေ၊ ငလျင်တွေကို စဉ်ဆက်မပြတ် စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ဘူမိ/ဇလဆိုင်ရာ ဝဘ်ဆိုက်တွေရဲ့ ပြသချက်တွေကိုပဲ ဦးစားပေး စောင့်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအပါအဝင် လက်ရှိငလျင်ဒဏ်ကို ခံစားနေရတဲ့ ပြည်သူအားလုံး အန္တရာယ်ကင်း ဘေးရှင်းစေဖို့ Fact Hub Myanmar အဖွဲ့သားတွေက ဆန္ဒပြုပါရစေ။

စာကြွင်း။ ။ ငလျင်နဲ့ ပတ်သက်လို့ တက်လာတဲ့ သတင်းတွေထဲ သတင်းတု/သတင်းမှားတွေလို့ သံသယရှိတာ‌တွေကို Fact Hub Myanmar ရဲ့ Facebook Page Messenger က တစ်ဆင့် စုစည်းပေးပို့ထားနိုင်ပါတယ်။ အကုန်လုံး စုစည်းပြီး လက်လှမ်းမီသလောက် စစ်ဆေးနိုင်၊ ကောက်ချက်ချနိုင်တာတွေကို ပြန်ဖော်ပြပေးပါ့မယ်။

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

Article Credits

Written by Content Writer Desk

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.