May 10, 2026 | မြန်မာ
Biology Explainer

ခန္ဓာကိုယ်ရဲ့ အချို့အစိတ်အပိုင်းက ဒဏ်ရာတွေဟာ ဘာလို့ ပိုပျောက်လွယ်တာလဲ။

  ကျွန်တော်တို့ လူ့ခန္ဓာဟာ ဆဲလ်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဆဲလ်တွေဟာလဲ ထိလွယ်ရှလွယ်ကြပါတယ်။ တစ်ခုခုဖြစ်လို့ ဒဏ်ရာတွေ၊ ပွန်းပဲ့ရာတွေ ရလာတဲ့အခါ အချို့သော ဒဏ်ရာတွေက ပိုမြန်မြန်ပျောက်လွယ်တာကို သတိထားမိကြမှာပါ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ လေ့လာကြည့်ကြရအောင်ပါ။ အရင်ဆုံး အရေပြားနဲ့ ဆက်စပ်တဲ့ ဒဏ်ရာတွေအကြောင်း ပြောပြပါမယ်။ လက်ကို ဓားထိမိတာ (သို့) စက်ဘီးပေါ်က ပြုတ်ကျလို့…

Text size

 

ကျွန်တော်တို့ လူ့ခန္ဓာဟာ ဆဲလ်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဆဲလ်တွေဟာလဲ ထိလွယ်ရှလွယ်ကြပါတယ်။ တစ်ခုခုဖြစ်လို့ ဒဏ်ရာတွေ၊ ပွန်းပဲ့ရာတွေ ရလာတဲ့အခါ အချို့သော ဒဏ်ရာတွေက ပိုမြန်မြန်ပျောက်လွယ်တာကို သတိထားမိကြမှာပါ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ လေ့လာကြည့်ကြရအောင်ပါ။

အရင်ဆုံး အရေပြားနဲ့ ဆက်စပ်တဲ့ ဒဏ်ရာတွေအကြောင်း ပြောပြပါမယ်။ လက်ကို ဓားထိမိတာ (သို့) စက်ဘီးပေါ်က ပြုတ်ကျလို့ ပွန်းပဲ့ဒဏ်ရာတွေရရင် ဒဏ်ရာကို ရေဆေးချပြီး ပတ်တီးစည်းတာမျိုး လုပ်တတ်ကြပါတယ်။ ပတ်တီးအောက်မှာပဲ ဒဏ်ရာကို အနာကျက်စေဖို့ သွေးဆဲလ်တွေဟာ ပုံမှန်ထက် အလုပ်ပိုလုပ်ကြရပါတယ်။

အနာကျက်ခြင်းမှာ ရှုပ်ထွေးလှတဲ့ အဆင့်လေးဆင့် ရှိပါတယ်။ ပထမအဆင့်က သွေးခြေဥခြင်းပါ။ ဒီဖြစ်စဉ်ဟာ သွေးတိတ်အောင်၊ သွေးထွက်မလွန်အောင် လုပ်ပေးတဲ့ ဖြစ်စဉ်ဖြစ်ပြီး ဒဏ်ရာရှိတဲ့နေရာကို သွေးစီးဆင်းမှုအား လျော့စေပါတယ်။

Vasoconstriction ဟာ ဒဏ်ရာတစ်ဝိုက်က အောက်ဆီဂျင်ပြတ်လပ်တဲ့အထိ သွေးထွက်ခြင်းကို ရပ်တန့်ပေးတာကြောင့် fibrin threads ဆိုတဲ့ ချည်မျှင်နဲ့တူတဲ့ သွေးကြောမျှင်တွေက သွေးကြောအတွင်း ပေါက်ပြဲတာကို ပိတ်ဆို့ဖို့အတွက် သွေးခဲစေတဲ့ အကွက်တစ်ခုကို ဖြစ်ပေါ်စေပြီး သွေးထွက်ခြင်းကို ရပ်တန့်ပေးပါတယ်။ အဲ့ဒါကို သွေးခြေဥခြင်းလို့ ခေါ်ဆိုကြပါတယ်။

နောက်တစ်ဆင့်ကတော့ ရောင်ရမ်းခြင်းပါ။ သွေးထွက်ခြင်းကို ထိန်းချုပ်ပြီးတာနဲ့ တစ်ပြိုင်နက် ကိုယ်တွင်းက သွေးဖြူဥဆဲလ်တွေဖြစ်တဲ့ neutrophils, macrophages နဲ့ lymphocytes တို့ဟာ ဒဏ်ရာရှိတဲ့ နေရာကို ရောက်ရှိလာကြပါတယ်။

Neutrophils တွေဟာ phagocytosis ဆိုတဲ့ ဖြစ်စဉ်ကတစ်ဆင့် ရောဂါပိုးမွှားတွေနဲ့ ပျက်စီးသွားတဲ့ တစ်ရှူးဆဲလ်တွေကို ဖယ်ရှားပေးပါတယ်။ ထိခိုက်ဒဏ်ရာရပြီး 72 နာရီအကြာမှာ macrophages တွေ ဝင်ရောက်လာပြီး phagocytosis ကို ဆက်လက်လုပ်ဆောင်ရင်း ခုခံအားစနစ်ရဲ့ အခြားသော ဆဲလ်‌တွေကိုပါ လှုံ့ဆော်ပေးပါတယ်။ T-cells (lymphocytes တစ်မျိုး) ရဲ့ လုပ်ဆောင်ချက်ကိုတော့ နားလည်ဖို့ ခဲယဉ်းပေမဲ့လဲ အဲ့ဒီဆဲလ်အရေအတွက်နည်းပါးခြင်းဟာ အနာကျက်ခြင်းနဲ့ ဆက်စပ်မှုရှိနေပြန်ပါတယ်။

တတိယတစ်ဆင့်ကိုတော့ တိုးပွားလာခြင်းလို့ ဆေးပညာအရ ခေါ်ဆိုကြပါတယ်။ ဒီဖြစ်စဉ်ဟာ ဒဏ်ရာရပြီး သုံးရက်ကနေ နှစ်ပတ်အတွင်း ဖြစ်ပွားပါတယ်။ ခန္ဓာကိုယ်က ပျက်စီးသွားတဲ့ တစ်သျှူးတွေကို ပြုပြင်ပေးပြီး အရေပြားအသစ်ကို ပြန်လည်ဖန်တီးပေးပါတယ်။ ဒါ့အပြင် အနာရဲ့ ဘေးပတ်ပတ်လည်ဟာ ကျုံ့လာပြီး သွေးကြောအသစ်တွေကို ဖြစ်ပေါ်လာစေပါတယ်။

နောက်ဆုံး အဆင့်ကတော့ တစ်သျှူးဆဲလ်တွေကို ပြန်လည်ပြုပြင်ခြင်းဖြစ်ပါတယ်။ အမာရွတ်တစ်သျှူးတွေ ပြန်လည်ဖွဲ့စည်းခြင်းနဲ့အတူ epithelial အလွှာကြီးတစ်ခုပါ ဖြစ်ပေါ်လာပါတယ်။ အရေပြားရဲ့ ကော်လဂျင်အမျှင်တွေဟာ အရေပြားကို ကြံ့ခိုင်လာစေဖို့ ပြန်လည်ဖွဲ့စည်းကြပြီး ဒဏ်ရာသက်သာလာတာနဲ့အမျှ သွေးထွက်ခြင်း နည်းလာပါတယ်။ ဒဏ်ရာရှိခဲ့တဲ့ ဧရိယာတစ်ဝိုက်ဟာ အနာကျက် မြန်လာပြီး ဆဲလ်ပါဝင်မှုတွေ တဖြည်းဖြည်းလျော့ပါးလာပါတယ်။

အရေပြားပေါ်က ဒဏ်ရာတွေဟာ အခြားဒဏ်ရာတွေထက် အနာကျက်ပိုမြန်တယ်ဆိုပေမဲ့ အကြောင်းအရာတချို့အပေါ် မူတည်ပြီး ကွဲပြားပါသေးတယ်။

ပထမဆုံးအချက်ကတော့ အရေပြားရဲ့ အစိတ်အပိုင်းတွေမှာ သွေးစီးဆင်းမှု ဘယ်လောက်ရှိလဲဆိုတာအပေါ် မူတည်ပါတယ်။ သွေးဟာ လိုအပ်တဲ့ အာဟာရတွေနဲ့ အောက်ဆီဂျင်ကို သယ်ဆောင်ပေးပြီး အနာကျက်စေနိုင်တဲ့ သွေးဆဲလ်တွေကိုပါ သယ်ဆောင်ပေးပါတယ်။

ဒုတိယအချက်ကတော့ အရေပြားရဲ့ အစိုဓာတ်ဖြစ်ပါတယ်။ ဒဏ်ရာတစ်ဝိုက်မှာ အစိုဓာတ်နည်းပါးနေရင် ဒဏ်ရာမြန်မြန်ပျောက်လွယ်တယ်လို့ ယူဆလို့ရပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ဒဏ်ရာတစ်ဝိုက်မှာ ရောဂါပိုးမွှားကို ကာကွယ်ပေးမဲ့ ဆဲလ်တွေရှိ၊ မရှိအပေါ်မှာလဲ မူတည်ပါသေးတယ်။

ဒါတွေအားလုံးကို ခြုံကြည့်ရင် အခြားသော ဒဏ်ရာတွေထက် ပါးစပ်အတွင်းထဲက ဒဏ်ရာတွေက ပိုသက်သာလွယ်တယ်ဆိုတာ တွေ့မြင်နိုင်မှာပါ။

ပါးစပ်ရဲ့ အရေပြားပေါ်မှာဆိုရင် သွေးကြောကျယ်တွေရှိပြီး အရေပြားမျက်နှာပြင်မှာသာ ပရိုတင်းဓာတ်ကို တွေ့ရတတ်ပါတယ်။ တံတွေးမှာ ပါဝင်တဲ့ secretory leukocyte protease inhibitors (SLPI) နဲ့ Trefoil Factor 3 (TFF3) က အနာကျက်ခြင်းကို ပိုမိုလျင်မြန်စေပါတယ်။ ဒါ့အပြင် တံတွေးမှာဆိုရင် histidine ကြွယ်ဝတဲ့ ‌antimicrobial peptide ပါဝင်ပြီး အနာအမြန်ကျက်စေဖို့ ကူညီပေးတဲ့ epithelial cells နဲ့ fibroblasts တွေရဲ့ လှုပ်ရှားမှုကို လှုံ့ဆော်ပေးပါသေးတယ်။

တံတွေးဟာ ရောင်ရမ်းနေတဲ့ ဆဲလ်တွေကို အနာကျက်စေဖို့ ကူညီပေးနိုင်တဲ့ စိုစွတ်တဲ့ အနေထားတစ်ခုကို ဖန်တီးပေးပြီး ပါးစပ်ရဲ့ အနေအထားကြောင့် ဒဏ်ရာတွေဟာ အမာရွတ်ကျန်တာမျိုး သိပ်မရှိဘဲ ပျောက်လွယ်ရခြင်း ဖြစ်ပါတယ်။ ဘက်တီးရီးယားများစွာရှိပေမဲ့ ပါးစပ်အတွင်းထဲက ဒဏ်ရာတွေကတော့ ရောဂါပိုးတွေကို သိသိသာသာ လျော့ပါးစေပါတယ်။

ဒဏ်ရာကို ကုသနိုင်စွမ်းဟာ လူတစ်ဦးနှင့်တစ်ဦး မတူညီကြပါဘူး။ အဲ့ဒါအပြင် ဒဏ်ရာကျက်ခြင်းကို နှောင့်နှေးစေတဲ့ အခြားသော အကြောင်းရင်းတွေလဲ ရှိပါသေးတယ်။ အဲ့ဒါတွေကို အုပ်စုနှစ်စု ခွဲထားပါတယ်။

Local factors

ဒေသတွင်းရရှိတဲ့ အချက်လက်တွေအရတော့ အနာကျက်မြန်ခြင်း၊ မမြန်ခြင်းဟာ အောက်ဆီဂျင်ပြည့်ဝမှု၊ သွေးလည်ပတ်မှု၊ ကူးစက်မှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု စတာတွေအပေါ် မူတည်တယ်လို့ တွေ့ရှိရပါတယ်။

ဒဏ်ရာကို ကုသဖို့အတွက် ခန္ဓာကိုယ်က စွမ်းအင်လိုအပ်ပြီး အောက်ဆီဂျင်ဟာ စွမ်းအင်ထုတ်လုပ်မှုအတွက် အလွန်အရေးပါပါတယ်။ ဒဏ်ရာထဲကို ကူးစက်ပိုးမွှားတွေ မဝင်အောင် အောက်ဆီဂျင်က တားဆီးပေးပြီး epithelialization, collagen system စတာတွေကို တိုးတက်စေပါတယ်။ ဒါကြောင့်မို့ အောက်ဆီဂျင်မရခြင်းဟာ အနာကျက်မှုကို နှောင့်နှေးစေနိုင်ပါတယ်။

ပွင့်လျက်ဖြစ်နေတဲ့ အနာမျိုးဆိုရင် ဘက်တီးရီးယားတွေ ပိုဝင်လွယ်ပါတယ်။ ဒါပေမဲ့ အချို့ဘက်တီးရီးယားတွေက ဆေးယဉ်ပါးမှုကို ဖြစ်စေပေမဲ့ အချို့ကတော့ အနာကျက်ရာမှာ ကူညီပေးပါတယ်။

System factors

စနစ်တကျလေ့လာရှာဖွေထားတဲ့ ဖော်ပြချက်တွေထဲမှာတော့ အသက်အရွယ်၊ လိင်ဟော်မုန်း၊ စိတ်ဖိစီးမှု၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ အရက်စွဲခြင်း စတာတွေဟာလဲ အနာကျက်နှေးစေတယ်လို့ ဆိုထားပါတယ်။

အထူးသဖြင့် အသက်ရွယ်ကြီးသူတွေမှာဆိုရင် T-cell တွေဟာ ဒဏ်ရာဆီ ရောက်ဖို့ ပိုကြာတာကြောင့် အနာကျက်နှုန်းလဲ ပိုနှေးပါတယ်။ ထိခိုက်ပွန်းပဲ့မယ်ဆိုရင်လဲ ကျုံ့နိုင်စွမ်းနည်းပါးလာတာကြောင့် အနာကျက်ဖို့ ခဲယဉ်းတယ်လို့ တွေ့ရှိရပါတယ်။

ဒါ့အပြင် သွေးတွင်းသကြားဓာတ်မြင့်မားမှုကလဲ သွေးကြောတွေကို ကျဉ်းမြောင်းစေတာမလို့ ဒဏ်ရာဆီ သွေးထောက်ပံ့မှုကို လျော့နည်းစေပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ အနာကျက်ခြင်းလုပ်ငန်းစဉ်ရဲ့ အဓိကအချက်က သွေးထောက်ပံ့မှုကို လုံလောက်စွာ ရရှိဖို့ ဖြစ်ပါတယ်။ အဝလွန်ခြင်းကတော့ ကျန်းမာရေးအတွက် လုံးဝမကောင်းတဲ့အပြင် အနာကျက်ခြင်းကိုလဲ အလွန်နှေးကွေးစေပါတယ်။

အဲ့အချက်တွေအပြင် ခန္ဓာကိုယ်ရဲ့ ဓာတုဗေဒဖြစ်စဉ်ကို ပြောင်းလဲစေတဲ့ ဆေးတွေ သောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်း စတာတွေဟာလဲ အနာကျက်ဖို့အတွက် နှောင့်နှေးစေပါတယ်။ ဒဏ်ရာကုသခြင်းဟာ ခန္ဓာဇီဝဖြစ်စဉ်တွေထဲက အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့အပြင် ဒဏ်ရာပျောက်ကင်းနှုန်းဟာ သွေးထောက်ပံ့ပေးမှုအပေါ်မှာ မူတည်နေပါသေးတယ်။

အသက်အရွယ်၊ မျိုးရိုးဗီဇ၊ ကူးစက်မှုရောဂါ၊ နဂိုရောဂါအခံရှိခြင်းနဲ့ လူနေမှုပုံစံတွေကလဲ ဒဏ်ရာသက်သာခြင်းကို နှောင့်နှေး‌စေတာမို့လို့ သတိထားဖို့ ပြောရင်းနဲ့ပဲ ဒီမှာတင် အဆုံးသတ်ပါရစေရှင့်။

 

 

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

Article Credits

Written by Eris
Copy Editing Aww Myat Khin Khin

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.