ကြိုးမဲ့လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုနည်းပညာကို ကြားဖူးကြပါသလား . . .? ဒီနည်းပညာအကြောင်းကို မသိရင်တောင် နီကိုလာ တက်စလာ (Nikola Tesla) ဆိုတဲ့ နာမည်ကိုတော့ ရင်းနှီးကြလောက်မှာပါ။ နီကိုလာ တက်စလာ ဆိုတာက ဆာဘီးယား-အမေရိကန် (Serbian-American) လူမျိုး အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး သူ့ခေတ်သူ့အခါတုန်းက အလွန်ထူးချွန်တဲ့ တီထွင်သူတစ်ယောက်ပါ။ တက်စလာက မူပိုင်ခွင့် ၃၀၀ လောက်ရှိပြီး အခုလက်ရှိ အိမ်တွေရဲ့ လျှပ်စစ်မီးအတွက် အသုံးပြုနေကြတဲ့ Alternating Current (AC) ကတော့ တက်စလာရဲ့ အအောင်မြင်ဆုံး တီထွင်မှုတစ်ခုပါပဲ။ ဒါပေမဲ့ ဒီဆောင်းပါးဟာ တက်စလာရဲ့ အအောင်မြင်ဆုံး တီထွင်မှုတွေအကြောင်းလို့ ထင်မိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်၊ ဘာလို့ဆို ဒီနေ့ပြောပြသွားမဲ့ အကြောင်းအရာက တက်စလာရဲ့ အကြီးကျယ်ဆုံး ကျရှုံးမှုတစ်ခုအကြောင်းမလို့ပါပဲ။
Subheading 1 – ဝါဒင်ကလစ်ဖ် မျှော်စင် စီမံကိန်းနဲ့ တက်စလာရဲ့ အတွေးအခေါ်
တက်စလာရဲ့ ဝါဒင်ကလစ်(ဖ်) မျှော်စင် (Wardenclyffe Tower) (ဒါမှမဟုတ်) တက်စလာ မျှော်စင် (Tesla Tower) စီမံကိန်းအကြောင်း တော်တော်များများ ကြားဖူးကြမှာပါ။ ဒီဝါဒင်ကလစ်ဖ် စီမံကိန်းဆိုတာက တက်စလာရဲ့ အကြံအစည်ကြီးတစ်ခုဖြစ်တဲ့ ကမ္ဘာကြီးနဲ့ လေထုကို ကြားခံအနေနဲ့ အသုံးပြုပြီး တစ်ကမ္ဘာလုံးကို လျှပ်စစ်စွမ်းအင်ပေးဖို့အတွက် တည်ဆောက်ခဲ့တဲ့ စမ်းသပ်ချက်တစ်ခုပါ။ ဂျွန် ပီယာပွန့် မော်ဂန် (John Pierpont Morgan) ဆိုတဲ့ ဘဏ်လုပ်ငန်းရှင်ကြီးတစ်ယောက်ဆီကနေ ထောက်ပံ့ကြေးရရှိခဲ့ပြီး ၁၉၀၁ ခုနှစ် နယူးယောက်ပြည်နယ် (New York State) ၊ ရှိုဟမ်မြို့ (Shoreham) မှာ ဝါဒင်ကလစ်(ဖ်) မျှော်စင်ကြီးကို စတင်တည်ဆောက်ခဲ့ပါတယ်။ တက်စလာရဲ့ ဒီမျှော်စင်ကြီးက အမြင့် ၁၈၇ ပေမြင့်ပြီး ထိပ်မှာ လျှပ်ကူးသတ္တုနဲ့ ပြုလုပ်ထားတဲ့ သတ္တုအမိုးခုံးကြီးတစ်ခု တပ်ထားပါတယ်။ ဒါအပြင် မြေအောက်အနက်ပေ ၃၀၀ လောက်ထိအောင် မြှုပ်ထားတဲ့ လျှပ်ကူး သံပိုက်ကွန်ရက်ကြီးလဲ ရှိပါသေးတယ်။ စွမ်းအင်ထုတ်လွှင့်တဲ့ မျှော်စင်နဲ့ လက်ခံတဲ့ မျှော်စင်ကို တူညီတဲ့ ကြိမ်နှုန်းတစ်ခု ညှိထားရင် မျှော်စင်နှစ်ခုကြား စွမ်းအင် ထိထိရောက်ရောက် လွှဲပြောင်းနိုင်လိမ့်မယ်လို့ တက်စလာက ယူဆခဲ့တာပါ။ တက်စလာရဲ့ ဝါဒင်ကလစ်(ဖ်) မျှော်စင်က အယူအဆနှစ်ခုအပေါ် အခြေခံပြီး တည်ဆောက်ထားတာပါ၊ ပထမတစ်ခုက ကမ္ဘာကြီးကို လျှပ်ကူးပစ္စည်းတစ်ခုအနေနဲ့ အသုံးချပြီး ဒုတိယတစ်ခုက ကမ္ဘာ့လေထုကို လျှပ်ကူးပစ္စည်းတစ်ခုအနေနဲ့ အသုံးချမယ်ဆိုပြီး ဖြစ်ပါတယ်။
ဒီအယူအဆတွေကို ဝါဒင်ကလစ်(ဖ်) စီမံကိန်းမတိုင်ခင် ၁၈၉၉ ခုနှစ် အမေရိကန်နိုင်ငံ၊ ကော်လိုရာဒို စပရင်း(စ်)မြို့ (Colorado Springs) ကဓာတ်ခွဲခန်းတစ်ခုမှာ တက်စလာကွိုင်ကြီးတွေ တည်ဆောက်ခဲ့ပြီး တက်စလာက လေ့လာစမ်းသပ်ခဲ့တာပါ။ သူ့ရဲ့စမ်းသပ်ချက်တွေအရ တက်စလာဟာ ကမ္ဘာကြီးရဲ့ ပဲ့တင်ရိုက်ခတ်နိုင်စွမ်း (Earth’s Resonance) ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ တက်စလာက ကြိမ်နှုန်းမြင့်၊ ဗို့အားမြင့်တဲ့ လျှပ်စီးကြောင်းတွေကို မြေကြီးထဲ စီးဝင်စေခဲ့ပါတယ်၊ အကြောင်းက သူဟာ လျှပ်စစ်လှိုင်းတွေက ကမ္ဘာကြီးကနေတစ်ဆင့် ဖြတ်သန်းသွားလာနိုင်ပြီး ပဲ့တင်ရိုက်ခတ်နိုင်တယ်လို့ ယုံကြည်ခဲ့လို့ပါပဲ။ လျှပ်စစ်လှိုင်းတွေဟာ အဟန့်အတားတစ်ခုခုနဲ့ တွေ့တဲ့အခါ ပြန်ကန်ထွက်လာပြီး ရပ်တန့်လှိုင်း (Standing Wave) တွေဖြစ်စေနိုင်တယ်လို့ သူက ယူဆခဲ့ပါတယ်။ ဆိုလိုတာကတော့ မြေကြီးထဲကနေ ထုတ်လွှင့်လိုက်တဲ့ လျှပ်စစ်လှိုင်းတွေနဲ့ ပြန်ရိုက်ခတ်လာတဲ့ လျှပ်စစ်လှိုင်းတွေက ထပ်တူကျနေတဲ့အတွက် လှိုင်းတွေက တစ်နေရာထဲမှာပဲ ငြိမ်နေသလိုဖြစ်နေတာကို ပြောတာပါ။ ရပ်တန့်လှိုင်းတွေက တိကျတဲ့ ကြိမ်နှုန်းတစ်ခုမှာပဲ ဖြစ်ပေါ်တာပါ။ အဲဒီကြိမ်နှုန်းကို ပဲ့တင်ထပ်ကြိမ်နှုန်း (Resonant Frequency) လို့ခေါ်ပါတယ်။ တက်စလာက ကမ္ဘာကြီးရဲ့ သဘာဝအတိုင်းဖြစ်နေတဲ့ ပဲ့တင်ထပ်ကြိမ်နှုန်းတွေနဲ့ ညှိပြီး စွမ်းအင်ကို ထိရောက်အောင် လွှဲပြောင်းချင်တာပါ။ တက်စလာက သူ့ရဲ့ ရှာဖွေတွေ့ရှိချက်တွေကို ပြောပြခဲ့ပေမဲ့ ဒီစမ်းသပ်ချက်တွေကို အတည်ပြုနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။
တက်စလာရဲ့ ဒုတိယယူဆချက်ကတော့ လေထုကို လျှပ်ကူးပစွည်းအနေနဲ့ သုံးတာပါ၊ အတိအကျပြောရရင်တော့ လေထုရဲ့ အိုင်ယွန်နိုစဖီးယားအလွှာ (Ionosphere) ပါ။ သာမာန်အခြေအနေမှာ လေထုဟာ လျှပ်ကာပစ္စည်းကောင်းတစ်ခုပေမဲ့ အလွန်မြင့်တဲ့ အိုင်ယွန်နိုစဖီးယားလို အလွှာမျိုးမှာတော့ လေထုထဲက အိုင်ယွန် (Iron) တွေကြောင့် ကြိမ်နှုန်းမြင့်၊ ဗို့အားမြင့်တဲ့ လျှပ်စစ်ဓာတ်ကို စီးကူးနိုင်သွားတာပါ။ အဲဒါကြောင့် တက်စလာက သူ့ရဲ့မျှော်စင်ကို ကြိမ်နှုန်းမြင့်၊ ဗို့အားမြင့်တဲ့ ပြောင်းပြန်လျှပ်စီးကြောင်း (AC) တွေထုတ်လွှတ်ဖို့ ပုံစံချခဲ့တာပါပဲ။ ဒါပေမဲ့ အိုင်ယွန်နိုစဖီးယားအလွှာထိ တိုက်ရိုက်ရောက်နိုင်ဖို့ဆိုရင် အနည်းဆုံး ၁၅ မီတာလောက်ရှည်တဲ့ အင်တာနာကြီးတစ်ခုလိုမှာပါ။ တက်စလာကတော့ ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် သူ နည်းလမ်းရှာတွေ့ခဲ့တယ်လို့ ပြောခဲ့ပေမဲ့ လူထုကို ချမပြခဲ့ပါဘူး။ အိုင်ယွန်နိုစဖီးယားကို ရေဒီယိုလှိုင်းတွေ ထုတ်လွှင့်ဖြန့်ချိတဲ့နေရာ အသုံးပြုကြပေမဲ့ စွမ်းအင်ဆုံးရှုံးမှုတွေများတာရယ်၊ ထိန်းချုပ်နိုင်စွမ်း နည်းပါးတာရယ်ကြောင့် ယခုခေတ်သိပ္ပံပညာနဲ့တောင် တစ်ကမ္ဘာလုံးအနှံ့ လျှပ်စစ်စွမ်းအင်ဖြန့်ချိမဲ့နေရာမှာ လက်တွေ့အသုံးချဖို့ မဖြစ်နိုင်သေးပါဘူး။ တက်စလာအနေနဲ့ သူ့ရဲ့ ဝါဒင်ကလစ်(ဖ်) တာဝါ စီမံကိန်းကြီးကို ဒီအယူအဆနှစ်ခုအပေါ်အခြေခံပြီး တည်ဆောက်ခဲ့တာ မှန်ပေမဲ့ ထောက်ပံ့ကြေးရပ်တန့်သွားတာရယ်၊ နည်းပညာအခက်အခဲတွေအပြင် အဲဒီခေတ်အခါတုန်းက ဂူဂလီယဲ(လ်)မို မာကိုနီ (Guglielmo Marconi) ဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီး ကြိုးမဲ့ရေဒီယိုလှိုင်းကို အကုန်အကျ သက်သက်သာသာနဲ့ အောင်မြင်စွာ ပို့နိုင်ခဲ့တာကြောင့် ရင်းနှီးမြုပ်နှံသူတွေ မျက်စိပိုကျခဲ့ကြပြီး တက်စလာရဲ့ ဝါဒင်ကလစ်(ဖ်) စီမံကိန်းကြီးလဲ တစ်ဝက်တပျက်နဲ့ ရပ်တန့်သွားခဲ့ရတော့တယ်။
Subheading 2 – တက်စလာကွိုင်တွေ ဘယ်လိုအလုပ်လုပ်သလဲ . . . ?
တက်စလာရဲ့ ကြိုးမဲ့လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုတဲ့စနစ်ကို နားလည်ဖို့ဆိုရင် အရင်ဆုံး တက်စလာကွိုင်တွေရဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့ လိုပါလိမ့်မယ်။ တက်စလာကွိုင်တွေဆိုတာက လျှပ်စစ်ဗို့အားကို မြှင့်တင်ပေးတဲ့ ထရမ်စဖော်မာတစ်မျိုးပါပဲ။ ကွိုင်ရဲ့ အလုပ်လုပ်တဲ့ အခြေခံသဘောတရားကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ လျှပ်စစ်သံလိုက်အားနဲ့ ပဲ့တင်ထပ်မှု (Resonance) ကို သုံးထားတာပါ။ တက်စလာကွိုင်တွေမှာ အဓိကအနေနဲ့ ပထမလျှပ်စစ်ပတ်လမ်း (Primary Circuit) နဲ့ ဒုတိယလျှပ်စစ်ပတ်လမ်း (Secondary Circuit) ဆိုပြီး ဖွဲ့စည်းထားတာပါ။ Primary Circuit မှာ စွမ်းအင်ထောက်ပံ့ပေးမဲ့ ရင်းမြစ်တစ်ခု၊ လျှပ်သိုတစ်ခု (Capacitor)၊ ဝါယာအထူကြီးတွေကို အရစ်နည်းနည်းပဲ ရစ်ပတ်ထားတဲ့ ပထမကွိုင် (Primary Coil) နဲ့ စပါ့ခ်ဂတ် (Spark Gap) လို့ခေါ်တဲ့ အီလက်ထရုဒ် (Electrode) နှစ်ခုအကြား လျှပ်စစ်မီးပွားတွေကို ထွက်ပေါ်စေတဲ့ လေဟာနယ်လေးတစ်ခုလဲ ရှိပါတယ်။ Secondary Circuit မှာတော့ ဝါယာအပါးလေးတွေကို အရစ်များများပတ်ထားတဲ့ ဒုတိယကွိုင် (Secondary Coil) နဲ့ လျှပ်သိုအဖြစ်လုပ်ဆောင်ပေးတဲ့ Top Load သို့မဟုတ် Toroid လို့ခေါ်တဲ့ ဒိုးနတ်ပုံစံ သတ္တုကွင်းကြီး၊ တစ်ခါတလေ စက်လုံးပုံစံ သတ္တုလုံးကြီးတစ်ခုလဲ ပါပါတယ်။ ဒီ Circuit တွေကို LC Resonant Circuit တွေလို့လဲ ခေါ်ပါတယ်။ LC Resonant Circuit ဆိုတာကတော့ Inductor ဆိုတဲ့ လျှပ်ကူးနိုင်တဲ့ ကြေးဝါယာကြိုးခွေတွေရယ်၊ Capacitor တစ်ခုရယ်ပါဝင်တဲ့ လျှပ်စစ်ပတ်လမ်းတစ်ခုပါပဲ။ ဒီ Circuit တွေရဲ့ အလုပ်လုပ်ပုံက Inductor ရဲ့ သံလိုက်စက်ကွင်းနဲ့ Capacitor ရဲ့ လျှပ်စစ်စက်ကွင်းကြားမှာ စွမ်းအင် သိုလှောင်တာနဲ့ ကူးပြောင်းတာကို အပြန်အလှန်လုပ်ဆောင်ပေးနိုင်တာပါ။ ဒီမှာ Resonant Frequency ဆိုတာကို နားလည်ဖို့လဲ လိုပါလိမ့်အုံးမယ်။ Resonant Frequency ဆိုတာကတော့ အရာဝတ္ထုနှစ်ခုကို တူညီတဲ့ ကြိမ်နှုန်းတစ်ခုမှာ လွှဲရမ်းစေမယ်ဆိုရင် အဲဒီအရာဝတ္ထုနှစ်ခုကြားမှာ စွမ်းအင် ထိထိရောက်ရောက်နဲ့ လွှဲပြောင်းနိုင်တယ်ဆိုတဲ့ သဘောတရားပါ။ ဥပမာ ကိုယ့်ကောင်မလေးက ကိုယ့်ကိုဒန်းလွှဲခိုင်းတယ် ဆိုပါစို့။ ဒန်းကို အချိန်ကိုက်မဟုတ်ဘဲ ကိုယ်ကြိုက်တဲ့အချိန် လွှဲမယ်ဆိုရင် ဒန်းက နည်းနည်းပဲရွေ့တာကို တွေ့ရပြီး ကောင်မလေး စိတ်ကောက်တာခံရမှာ ကျိန်းသေးပါတယ်။ ဒါပေမဲ့ ဒန်းက ကိုယ့်ဘက်ရောက်လာတဲ့အချိန် အချိန်ကိုက်လွှဲလိုက်မယ်ဆိုရင်တော့ အားသိပ်စိုက်စရာမလိုဘဲ ဒန်းက တစ်ခေါက်လွှဲလိုက်တိုင်းမှာ ပိုပိုပြီး မြင့်တက်သွားတာကို တွေ့ရမှာပါ။ အဲတာက Resonant Frequency ရဲ့ သဘောပါပဲ။ ဒန်းရဲ့ ပုံမှန်ကြိမ်နှုန်းတစ်ခုအပေါ်လိုက်ပြီး အားသက်ရောက်လိုက်တဲ့အခါ စွမ်းအင်ကူးပြောင်းမှု သိသိသာသာ ထိရောက်တာကို တွေ့ရမှာပါ။ ဒီသဘောတရားတွေ နားလည်သွားပြီဆိုရင်တော့ တက်စလာကွိုင်တွေရဲ့ အလုပ်လုပ်ပုံကို ဆက်လို့ရပါပြီ။ ရှေ့မှာပြောခဲ့တဲ့အတိုင်း တက်စလာကွိုင်တွေရဲ့ Circuit တွေက LC Resonant Circuit တွေဖြစ်တဲ့အတွက် Inductor နဲ့ Capacitor ကြားမှာ စွမ်းအင် အပြန်အလှန်စီးဆင်းကြပါတယ်။ ပထမဆုံးအနေနဲ့ စွမ်းအင်ရင်းမြစ်တစ်ခုနဲ့ Capacitor ကိုချိတ်ထားပြီး အားသွင်းထားပါတယ်။ Capacitor ထဲမှာ တဖြည်းဖြည်းနဲ့ ဗို့အားတွေ တက်လာပြီး Spark Gap ကြားမှာရှိတဲ့ လေဟာနယ်ထဲက မော်လီကျူးတွေကို အိုင်ယွန်ဖြစ်ပေါ်ခြင်းဖြစ်စဥ် (Ionization) ဖြစ်စေတဲ့အထိ မြင့်တက်လာတာပါ။ လေထုက ပုံမှန်ဆိုရင်တော့ လျှပ်ကာပစ္စည်းကောင်းတစ်ခုပါ။ ဒါပေမဲ့ အိုင်ယွန်ဖြစ်ပေါ်ခြင်းဖြစ်စဥ်ဖြစ်ပြီးတဲ့နောက်မှာ လေထုထဲမှာ လွတ်လပ်နေတဲ့ အီလက်ထရွင်တွေနဲ့ အဖိုအိုင်ယွန်တွေကြောင့် ခဏတာ လျှပ်စီးကူးနိုင်သွားတာပါ။ အဲတာကြောင့် Capacitor ထဲမှာ ဗို့အားမြင့်တက်လာတဲ့အခါ အီလက်ထရုဒ်နှစ်ခုကြားက Spark Gap ကနေတစ်ဆင့် လျှပ်စစ်မီးပွားသဏ္ဍာန်နဲ့ Primary Coil ထဲကို လျှပ်စီးကြောင်းတွေ ပို့ချပါတော့တယ်။ Electromagnetism အရ လျှပ်စစ်နဲ့ သံလိုက်က သီးခြားစီးမဟုတ်ဘဲ အားတစ်ခုတည်းရဲ့ မတူညီတဲ့ အသွင်ပြင်နှစ်ခုပါပဲ။ လျှပ်စစ်နဲ့ သံလိုက်ကြားက ဆက်နွှယ်မှုကို ကြည့်ရရင် လျှပ်စီးကြောင်းက သံလိုက်စက်ကွင်းကိုဖန်တီးပေးနိုင်သလို၊ ပြောင်းလဲနေတဲ့ သံလိုက်စက်ကွင်းက လျှပ်စစ်စက်ကွင်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ အဲလိုနည်းနဲ့ လျှပ်စစ်စက်ကွင်းနဲ့ သံလိုက်စက်ကွင်းတွေက လှိုင်းပုံစံမျိုးနဲ့ ကြားခံနယ်မပါဘဲ သွားလာနိုင်ကြတာပါ။ တက်စလာကွိုင်မှာလဲ Capacitor ကနေ Primary Coil ထဲကို လျှပ်စီးကြောင်းစီးတဲ့အခါမှာ Primary Coil မှာ သံလိုက်စက်ကွင်းဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ အဲဒီသံလိုက်စက်ကွင်းက တည်ငြိမ်မနေဘဲ လျင်လျင်မြန်မြန်နဲ့ လွှဲယမ်းနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ Capacitor ကနေ Primary Coil ကို စွမ်းအင်တွေ အကုန်ပို့ချသွားပြီးတဲ့နောက်မှာ Primary Coil ရဲ့ သံလိုက်စက်ကွင်းမပျက်ခင်မှာ စွမ်းအင်တချို့ကျန်နေပါသေးတယ်။ စွမ်းအင်ဆိုတာက ဖန်တီး၊ ဖျက်ဆီးလို့မရတဲ့အတွက် သံလိုက်စက်ကွင်းရဲ့ စွမ်းအင်လက်ကျန်တွေက Capacitor ဆီကို လျှပ်စီးကြောင်းတွေ ပြန်တွန်းပို့ပေးပြီး အားပြန်သွင်းပေးပါတယ်။ အဲဒီလို Capacitor နဲ့ Primary Coil ကြား အပြန်အလှန်စွမ်းအင်လွှဲပြောင်းပေးနေတာကြောင့် ရှေ့နောက်လွှဲယမ်းနေတဲ့ လျှပ်စီးကြောင်းတွေ ဖြစ်လာတာပါ။ လျှပ်စီးကြောင်းပြောင်းလဲရင် သံလိုက်စက်ကွင်းပါ လိုက်ပြောင်းတာမလို့ Primary Coil မှာ လျင်လျင်မြန်မြန် လွှဲယမ်းနေတဲ့ သံလိုက်စက်ကွင်း ရှိလာတာပါ။ မိုက်ကယ် ဖာရာဒေး (Micheal Faraday) ရဲ့ လျှပ်စစ်သံလိုက်ညှို့ယူခြင်း နိယာမ (Law of Electromagnetic Induction) အရ ပြောင်းလဲနေတဲ့ သံလိုက်စက်ကွင်းက အနီးနားမှာရှိတဲ့ လျှပ်ကူးပစ္စည်းတစ်ခုကို ဗို့အားဖြစ်ပေါ်စေပါတယ်။ Primary Coil ရဲ့ လျင်လျင်မြန်မြန် ပြောင်းလဲနေတဲ့ သံလိုက်စက်ကွင်းက အနီးနားမှာရှိတဲ့ Secondary Coil မှာ ဗို့အားဖြစ်ပေါ်စေတာပါပဲ။ ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ခုက Primary Coil ရဲ့ သံလိုက်စက်ကွင်းကနေ Secondary Coil ကို ဗို့အားဖြစ်ပေါ်စေတဲ့အခါမှာ Secondary Coil မှာ အဆမတန်မြင့်တဲ့ ဗို့အားတွေ ဖြစ်ပေါ်လာတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကွိုင်တစ်ခုရဲ့ ဗို့အားက အဲဒီကွိုင်ရဲ့ ဝါယာကြိုးအရစ်တွေပေါ်မှာ မူတည်ပါတယ်။ ဥပမာ Primary Coil ကနေ Secondary Coil ကို လျှပ်စစ်ညှို့ယူတဲ့အခါ Secondary Coil မှာက အရစ်တွေအများကြီးရှိတော့ အဲဒီအရစ်တစ်ရစ်ချင်းစီက လျှပ်စစ်ညှို့ယူခြင်းခံရပြီး ဗို့အားနည်းနည်းစီ ဖြစ်ပေါ်ပါတယ်။ Secondary Coil မှာက အရစ်တွေအများကြီးရှိတဲ့အတွက် အားလုံးပေါင်းလိုက်တဲ့အခါမှာ ဗို့အားက အလွန်မြင့်တက်သွားတာပါ။ မြင်သာအောင် နှိုင်းယှဥ်ပြရရင် ယေဘုယျအားဖြင့် Primary Coil မှာ ဝါယာကြိုးအရစ်ပေါင်း ၅ ခုကနေ ၁၀ခုခန့်အထိရှိပြီး Secondary Coil မှာတော့ အရစ်ပေါင်း ၈၀၀ ကနေ ၁၅၀၀ လောက်အထိ ရှိတာပါ။ အဲတာကြောင့် Secondary Coil မှာ အင်မတန်မြင့်တဲ့ ဗို့အားတွေရှိနေပြီး အဲဒီဗို့အားတွေကို သိုလှောင်ပေးဖို့အတွက် Top Load က တာဝန်ယူထားပါတယ်။ Top Load ရဲ့ ချောမွေ့တဲ့ မျက်နှာပြင်တွေက လျှပ်စစ်ဓာတ်တွေကို အချိန်မတိုင်မီ အပြင်ကိုမထုတ်လွှတ်ဖို့အတွက် ထိန်းသိမ်းထားတာပါ။ ဗို့အား လုံလုံလောက်လောက် မြင့်တက်လာပြီဆိုမှ ပြင်ပက လေထုကို အိုင်ယွန်ဖြစ်ပေါ်ခြင်းဖြစ်စဥ်ဖြစ်စေပြီး ခပ်လန်းလန်း လျှပ်စစ်မီးပွားတွေ၊ လျှပ်စစ်အာ့ခ် (Arc) တွေထွက်လာတာပါ။ ဒါပေမဲ့ အဲဒီလျှပ်စစ်မီးပွားတွေက ကြိုးမဲ့လျှပ်စစ်စွမ်းအင်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ ဒီလျှပ်စစ်မီးပွားတွေရဲ့ လုပ်ဆောင်ချက်က Top Load ထဲမှာ ဗို့အားတွေ အရမ်းမများအောင် ကန့်သတ်ထိန်းညှိပေးတဲ့ သဘောပါပဲ။ တကယ်တမ်း ပေအနည်းငယ်က မီးသီးတွေကို ဝိုင်ယာကြိုးတွေမတပ်ဆင်ထားဘဲ မီးလင်းစေနိုင်တာက Secondary Coil ရဲ့ အားကောင်းတဲ့ လျှပ်စစ်စက်ကွင်းကြောင့်ပါ။ အလွန်မြင့်တဲ့ ဗို့အားတွေက အလွန်အားကောင်းတဲ့ သံလိုက်စက်ကွင်းတွေကို ဖြစ်ပေါ်စေပါတယ်။ မီးသီးက အဲဒီလျှပ်စစ်စက်ကွင်းထဲမှာ ကျရောက်နေတဲ့အတွက် လျှပ်စစ်စက်ကွင်းက မီးသီးထဲက အီလက်ထရွင်တွေကို ရှေ့နောက်ရွေ့လျားစေပြီး မီးသီးထဲမှာ AC တွေဖြစ်ပေါ်လာစေပြီး မီးသီးကို မီးလင်းစေနိုင်တာပါ။ စိတ်ဝင်စားစရာကောင်းတာ တစ်ချက်ပြောပြရမယ်ဆိုရင် တက်စလာကွိုင်က ဗို့အားအင်မတန်မြင့်ပေမဲ့ လျှပ်စီးကြောင်း ပြောင်းလဲနေတဲ့နှုန်းမြင့်တာရယ်၊ လျှပ်စီးကြောင်းစီးဆင်းနှုန်း နိမ့်တာရယ်ကြောင့် ထွက်ပေါ်လာတဲ့ လျှပ်စစ်မီးပွားတွေ၊ လျှပ်စစ်အာ့ခ်တွေက လူ့ခန္ဓာကိုယ် အရေပြားပေါ်ကနေပဲ ဖြတ်သွားနိုင်ပြီး လူတွေကို ထိခိုက်မှုမရှိစေပါဘူး။ တကယ်တမ်း လူတွေကိုထိခိုက်စေနိုင်တာက ဗို့အားမဟုတ်ဘဲနဲ့ လျှပ်စီးကြောင်းမလို့ပါ။ တက်စလာကွိုင်တွေက ဝါဒင်ကလစ်ဖ် မျှော်စင်ရဲ့ ပုံကြမ်းငယ်တစ်ခုပါပဲ။ တက်စလာအနေနဲ့ ဒီသဘောတရားကိုပဲ စီမံကိန်းအကြီးကြီးချပြီး ကမ္ဘာကြီးနဲ့ လေထုကို ကြားခံအနေနဲ့သုံးပြီး တစ်ကမ္ဘာလုံးကို ကြိုးမဲ့ လျှပ်စစ်စွမ်းအင်ပေးချင်ခဲ့တာပါ။
Subheading 3 – ယနေ့ခေတ် ကြိုးမဲ့လျှပ်စစ်စွမ်းအင် လွှဲပြောင်းစနစ်တွေနဲ့ တာတို ကြိုးမဲ့လျှပ်စစ်စွမ်းအင် လွှဲပြောင်းစနစ်
ယနေ့ခေတ် ကြိုးမဲ့လျှပ်စစ်စွမ်းအင် လွှဲပြောင်းတဲ့စနစ်တွေကို စွမ်းအင်ထုတ်လွှတ်နိုင်တဲ့ အကွာအဝေး၊ လျှပ်စစ်သံလိုက်လှိုင်းအမျိုးအစားတွေအပေါ်မူတည်ပြီး ယေဘုယျအားဖြင့် ခွဲခြားသတ်မှတ်ကြပါတယ်။ ဒီနေရာမှာ ကြိုးမဲ့လျှပ်စစ်စွမ်းအင် လွှဲပြောင်းတဲ့ နည်းပညာ (Wireless Power Transfer) ကို ဖတ်ရလွယ်ကူစေဖို့ WPT လို့ အတိုကောက် သုံးသွားပါမယ်။ WPT နည်းပညာမှာ အကွာအဝေးပေါ်လိုက်ပြီး သုံးမျိုးခွဲထားပါတယ်။ တာတို (Near-Range) အတွက် inductive coupling နဲ့ capacitive coupling ဆိုပြီး နှစ်မျိုးသုံးပါတယ်။ တာလတ် (Mid-Range) အတွက် resonant magnetic coupling နည်းကို အသုံးပြုပြီး တာဝေး (Long-Range) အတွက် လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့နည်းတွေကို အသုံးချကြပါတယ်။ အရင်ဆုံး near-range wpt ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ရှင်းပြပါမယ်။ Near-range wpt မှာဆိုရင် inductive coupling နဲ့ capactive coupling ဆိုတဲ့ နည်းနှစ်နည်းရှိပါတယ်။ ဒီနည်းနှစ်နည်းလုံးက သူတို့ရဲ့ လျှပ်စစသံလိုက်စက်ကွင်းအနီးမှာပဲ အလုပ်လုပ်ကြတဲ့အတွက် စွမ်းအင်လွှဲပြောင်းပေးနိုင်တဲ့ အကွာအဝေးကတော့ တိုမှာပါ။ Inductive coupling မှာဆိုရင် ပို့လွှတ်တဲ့ကွိုင် (Transmitting Coil) မှာ ရှေ့နဲ့နောက်ဖြတ်သန်းနေတဲ့ AC တွေကြောင့် အချိန်နဲ့အမျှပြောင်းလဲနေတဲ့ သံလိုက်စက်ကွင်းတစ်ခု ဖြစ်ပေါ်စေပြီး၊ ဖာရာဒေးရဲ့ လျှပ်စစ်သံလိုက်ညှို့ယူခြင်းနိယာမအရ transmitting coil နားမှာရှိတဲ့ လက်ခံကွိုင် (Receiving Coil) မှာ လျှပ်စီးကြောင်းစီးဆင်းစေတဲ့ သဘောပါပဲ။ ဒီနည်းက တက်စလာကွိုင်တွေနဲ့ နည်းနည်းဆင်ပေမဲ့ တက်စလာကွိုင်တွေက စွမ်းအင်လွှဲပြောင်းမှု ထိရောက်ဖို့အတွက် ကွိုင်နှစ်ခုကြား လွှဲယမ်းတဲ့နှုန်းကို တူညီအောင် ညှိထားတဲ့ တစ်ချက်တော့ ကွာသွားတာပေါ့။ Inductive coupling နည်းမှာဆိုရင် သံလိုက်စက်ကွင်းက အကွာအဝေးများလာတာနဲ့ သက်ရောက်နိုင်စွမ်းလျော့ကျသွားတာမလို့ transmitter နဲ့ receiver ကြားမှာ အကွာအဝေးက မီလီမီတာ၊ စင်တီမီတာအဆင့်လောက်ထိ နီးကပ်မှ ထိထိရောက်ရောက်နဲ့ စွမ်းအင်လွှဲပြောင်းပေးနိုင်မှာပါ။ ဒါ့အပြင် စွမ်းအင်လွှဲပြောင်းမှု ထိရောက်ဖို့အတွက် ကွိုင်တွေရဲ့ နေရာချထားတဲ့ ပုံစံ (Alignment)၊ ပုံသဏ္ဍာန် (geometry)၊ ကွိုင်တစ်ခုနဲ့ တစ်ခု သံလိုက်စက်ကွင်းကနေတစ်ဆင့် ဘယ်လောက်အားကောင်းကောင်းနဲ့ သက်ရောက်နေနိုင်လဲဆိုတာ ဖော်ပြပေးတဲ့ သံလိုက်ညှို့အား တွဲဖက်ကိန်း (Coupling Coefficient) စတဲ့အချက်တွေအပေါ်မှာလဲ မူတည်နေပါတယ်။ Capacitive coupling ဆိုတာကတော့ သံလိုက်စက်ကွင်းနဲ့မဟုတ်ဘဲ လျှပ်စစ်စက်ကွင်းကိုအသုံးပြုပြီး စွမ်းအင်လွှဲပြောင်းပေးနိုင်တဲ့ နည်းတစ်ခုပါ။ Capacitive coupling ရဲ့ transmitter နဲ့ receiver မှာကျ လျှပ်ကူးပြားနှစ်ပြားစီပါပါတယ်။ အဲဒီလျှပ်ကူးပြားနှစ်ပြားကြားမှာ လေ၊ ပလတ်စတစ်၊ ဖန်စတဲ့ လျှပ်ကာပစ္စည်းတစ်ခုခုခြားထားတာကို ဒိုင်အီလက်ထရစ် (Dielectric) လို့ခေါ်ပါတယ်။ အဲဒီလို လျှပ်ကူးပစ္စည်းနှစ်ခုကြားမှာ လျှပ်ကာပစ္စည်းတစ်ခုနဲ့ခြားထားတာက capacitor တွေရဲ့တည်ဆောက်ပုံပဲဖြစ်တဲ့အတွက် capacitive coupling လို့ခေါ်ကြတာပါ။ Transmitter ရဲ့ လျှပ်ကူးပြားတွေကို AC ပါဝါရင်းမြစ်တစ်ခုနဲ့ ချိတ်ဆက်လိုက်တဲ့အခါမှာ အချိန်နဲ့ အမျှပြောင်းလဲနေတဲ့ လျှပ်စစ်စက်ကွင်းတစ်ခုရလာပါတယ်။ အဲဒီလျှပ်စစ်စက်ကွင်းက အနီးနားမှာရှိတဲ့ receiver ရဲ့ လျှပ်ကူးပြားထဲက အီလက်ထရွင်တွေကို ရွေ့လျားစေပြီး လျှပ်စီးကြောင်းဖြစ်ပေါ်လာစေတာပါ။ မက်စ်ဝဲလ် (Maxwell) ကတော့ အဲလိုလျှပ်စစ်စက်ကွင်းကြောင့် အီလက်ထရွင်တွေရွေ့လျားသွားပြီး ဖြစ်ပေါ်လာတဲ့ လျှပ်စီးကြောင်းကို displacement current လို့ခေါ်ပါတယ်။ Capacitive coupling နည်းလမ်းက တချို့နေရာတွေမှာတော့ အသုံးဝင်ပေမဲ့ လျှပ်စစ်စက်ကွင်းက ဘေးပတ်ဝန်းကျင်က အရာတွေနဲ့ အလွယ်တကူ သက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာ လူ့ခန္ဓာကိုယ်လိုမျိုး လျှပ်ကူးနိုင်တဲ့ အရာတစ်ခု အနားမှာရှိနေရင် လျှပ်စစ်ပတ်လမ်းရဲ့ ထိရောက်မှုကျသွားတတ်တာမလို့ စီးပွားဖြစ် ကုန်ထုတ်လုပ်တဲ့နေရာတွေမှာတော့ inductive coupling နည်းကို အသုံးများပါတယ်။ ယနေ့ခေတ်မှာ near-range wpt နည်းပညာကို ဖုန်းတွေ၊ လူ့ခန္ဓာကိုယ်ထဲ တပ်ဆင်လို့ရတဲ့ စက်ကိရိယာတွေနဲ့ လျှပ်စစ်သွားတိုက်တံတို့လိုမျိုးအရာတွေကို ကြိုးမဲ့အားသွင်းဖို့အတွက် သုံးကြတာများပါတယ်။
Subheading 4 – တာလတ် ကြိုးမဲ့လျှပ်စစ်စွမ်းအင် လွှဲပြောင်းစနစ်
Mid-range wpt စနစ်ကတော့ resonant magnetic coupling သို့မဟုတ် resonant inductive coupling လို့လဲ ခေါ်ကြတဲ့ နည်းကို အသုံးပြုပါတယ်။ Resonant magnetic coupling ဆိုတာ တက်စလာကွိုင်တွေနဲ့ အလုပ်လုပ်ပုံချင်း အတူတူပါပဲ။ သူ့မှာ LC resonant circuit ဆိုတဲ့ inductor တစ်ခုရယ်၊ capacitor တစ်ခုရယ်ပါပြီး capacitor ကနေ inductor ဆီကို လျှပ်စီးကြောင်းစီးစေတဲ့အခါ inductor မှာ သံလိုက်စက်ကွင်းဖြစ်ပေါ်ပြီး သူ့အနားမှာရှိတဲ့ နောက်ထပ် inductor တစ်ခုဆီကို လျှပ်စစ်သံလိုက်ညှို့ယူခြင်းနည်းနဲ့ လျှပ်စီးကြောင်းစီးစေတာပါပဲ။ အဲတာကိုမှ circuit တစ်ခုချင်းစီရဲ့ inductor နဲ့ capacitor ကြားမှာ အပြန်အလှန် စွမ်းအင်လွှဲပြောင်းနေတဲ့ နှုန်းတစ်ခုကို တူညီအောင် ညှိထားလိုက်တော့ စွမ်းအင်ကို ထိထိရောက်ရောက် လွှဲပြောင်းစေနိုင်သွားတာပါပဲ။ Resonant magnetic coupling ကတော့ စင်တီမီတာအနည်းငယ်ကနေ မီတာအနည်းငယ်အထိ စွမ်းအင်လွှဲပြောင်းပေးနိုင်တဲ့အတွက် low-range wpt ကနေ mid-range wpt အထိ သုံးကြပါတယ်။ Mid-range wpt အနေနဲ့ ဖုန်းနဲ့ လျှပ်စစ်ကား (EV) တွေအတွက် ကြိုးမဲ့အားသွင်းစနစ်တွေ၊ ကျန်းမာရေးဆိုင်ရာ ကိရိယာတွေ၊ စမတ်ဟုမ်း (Smart Home) တွေနဲ့ အင်တာနက်နဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့ စက်ပစ္စည်း (IoT) တွေ၊ စက်မှုလူပ်ငန်းတွေမှာ အလိုအလျောက်ထိန်းချုပ်တဲ့စနစ်တွေစသဖြင့် နယ်ပယ်တော်တော်များများအတွက် အသုံးချနိုင်တဲ့ အလားအလာရှိတဲ့အတွက် တခြားစနစ်တွေထက်စာရင် သုတေသနပညာရှင်တွေရဲ့ ပိုပြီးစိတ်ဝင်စားမှုကို ခံနေရပါတယ်။
Subheading 5 – တာဝေး ကြိုးမဲ့လျှပ်စစ်စွမ်းအင် လွှဲပြောင်းစနစ်
Long-range wpt စနစ်မှာတော့ ရေဒီယိုဆက်သွယ်ရေးစနစ်တွေမှာ အသုံးပြုတဲ့ လျှပ်စစ်သံလိုက်လှိုင်းဖြာထွက်ခြင်းနည်းကိုပဲ အသုံးပြုကြပါတယ်။ Long-range wpt အတွက် အသုံးများတဲ့ နည်းနှစ်နှည်းကတော့ မိုက်ခရိုဝေ့ဖ်လှိုင်းသုံး စွမ်းအင်ထုတ်လွှင့်နည်း (Microwave Power Transmission) နဲ့ လေဆာရောင်ခြည်သုံး စွမ်းအင်ထုတ်လွှင့်နည်း (Laser Power Transmission) တို့ပါပဲ။ မိုက်ခရိုဝေ့ဖ်လှိုင်းသုံး စွမ်းအင်ထုတ်လွှင့်နည်းမှာဆိုရင် ထုတ်လွှင့်တဲ့ အင်တာနာ (Transmitting Antenna) တစ်ခုက လျှပ်စစ်စွမ်းအင်ကို မိုက်ခရိုဝေ့ဖ်ဓာတ်ရောင်ခြည်အဖြစ် ပြောင်းလဲပေးပြီး လက်ခံအင်တာနာ (Receiving Antenna) သို့မဟုတ် ရက်တန်နာ (Rectenna) ဆီကို ထုတ်လွှင့်ပေးပါတယ်။ ရက်တန်နာဆိုတာက Rectifying Antenna ကနေ ဆင်းသက်လာတာဖြစ်ပြီး သူ့မှာ ထုတ်လွှင့်လိုက်တဲ့ မိုက်ခရိုဝေ့ဖ်လှိုင်းတွေကို ဖမ်းပေးတဲ့ အင်တာနာ (Antenna) နဲ့ AC ကို DC အဖြစ်ပြောင်းလဲပေးတဲ့ လျှပ်စီးကြောင်း ပြောင်းလဲစက် (Rectifier) ဆိုပြီး အဓိကအစိတ်အပိုင်းနှစ်ခုပါပါတယ်။ ဒီနည်းလမ်းရဲ့ အလုပ်လုပ်ပုံကို ရှင်းပြရရင် အရင်ဆုံး circuit တစ်ခုက ကြိမ်နှုန်းမြင့် AC တွေကို ထုတ်လွှတ်ပေးပြီး ထုတ်လွှင့်မဲ့အင်တာနာဆီကို စီးဆင်းစေပါတယ်။ အင်တာနာကနေတစ်ဆင့် လျှပ်စစ်စွမ်းအင်တွေကို မိုက်ခရိုဝေ့ဖ်လှိုင်းတွေအဖြစ် ပြောင်းလဲလိုက်ပြီး အဲဒီလှိုင်းတွေက လေထုထဲမှာ စွမ်းအင်တွေကို သယ်ဆောင်ရင်းနဲ့ ပျံ့နှံ့သွားကြတာပါ။ ဒီလိုဖြတ်သန်းသွားတဲ့အခါမှာ လားရာတစ်ခုတည်းရှိတဲ့ စုစည်းအလင်းတန်း (focused beam) လို့ခေါ်တဲ့နည်းလမ်းနဲ့ အရပ်မျက်နှာအားလုံးကို ပျံ့နှံ့သွားစေတဲ့ နည်းလမ်းဆိုပြီး ရှိပါသေးတယ်။ Wpt စနစ်တွေအတွက်တော့ အင်ဂျင်နီယာတွေက စွမ်းအင်ဆုံးရှုံးမှုကို လျှော့ချဖို့အတွက် စုစည်းအလင်းတန်းနည်းလမ်းကိုပဲ အသုံးပြုကြတာပါ။ အင်တာနာကနေ ထုတ်လွှင့်လိုက်တဲ့ မိုက်ခရိုဝေ့ဖ်တွေက တုန်ခါနေတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေပါ။ အဲဒီလှိုင်းတွေ ရက်တန်နာကို လာရိုက်ခတ်တဲ့အခါမှာ ရက်တန်နာအတွင်းမှာရှိတဲ့ အီလက်ထရွင်တွေကို ရှေ့နောက်လွှဲယမ်းစေတဲ့အတွက်ကြောင့် AC ဖြစ်ပေါ်စေပါတယ်။ Rectifier ကအဲဒီ AC ကို အသုံးချရလွယ်ကူတဲ့ DC အဖြစ်ပြောင်းလဲပေးပါတယ်။ Capacitive coupling တို့၊ inductive coupling တို့နဲ့မတူတာက ဒီနည်းက လျှပ်စစ်သံလိုက်လှိုင်းတွေကို အသုံးပြုတဲ့အတွက် အကွာအဝေး တော်တော်ဝေးဝေးအထိ အသုံးပြုနိုင်တာပါ။ ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ အာကာသအခြေပြု နေရောင်ခြည်စွမ်းအင်စနစ်ကလဲ ဒီနည်းလမ်းအပေါ် အခြေခံထားတာပါပဲ။ အာကာသထဲက ဆိုလာပြားတွေကနေ လျှပ်စစ်စွမ်းအင်ထုတ်ပြီး မိုက်ခရိုဝေ့ဖ်အနေနဲ့ ပြောင်းလိုက်တာပါ။ ပြီးရင် ကမ္ဘာကို ထုတ်လွှတ်လိုက်ပြီး ကမ္ဘာပေါ်ကနေ ရက်တန်နာတွေနဲ့ ပြန်ဖမ်းပြီး လျှပ်စစ်စွမ်းအင်အဖြစ် ပြန်ပြောင်းလဲလိုက်တာပါပဲ။ လေဆာရောင်ခြည်သုံး စွမ်းအင်ထုတ်လွှင့်နည်းမှာတော့ စွမ်းအင်ကို မိုက်ခရိုဝေ့ဖ်လှိုင်းတွေမဟုတ်တော့ဘဲ အလင်းလှိုင်းကို အသုံးပြုပြီး စွမ်းအင်လွှဲပြောင်းတာပါ။ လေဆာကနေ လျှပ်စစ်စွမ်းအင်တွေကို တစ်နေရာတည်းမှာ စုစည်းနေတဲ့ အလင်းလှိုင်းတွေအဖြစ်ပြောင်းလဲပြီး ထုတ်လွှင့်ပေးပါတယ်။ အဲဒီလေဆာရောင်ခြည်တွေကို ဆိုလာဆဲလ် (Solar Cell) သို့မဟုတ် ဖိုတိုဗော့လ်တစ်ဆဲလ် (Photovoltaic Cell) လို့ခေါ်တဲ့ အလင်းစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးတဲ့ ကိရိယာတစ်ခုဆီ ဦးတည်ထုတ်လွှင့်ထားပါတယ်။ ဖိုတိုဗော့လ်တစ်ဆဲလ်တွေဆိုတာက ဆိုလာပြားတွေ အလုပ်လုပ်ပုံနဲ့ အတူတူပါပဲ။ လေဆာရောင်ခြည်တွေ လာရိုက်ခတ်တဲ့အခါမှာ ဖိုတိုဗော့လ်တစ်ထဲမှာရှိတဲ့ အီလက်ထရွင်တွေက စွမ်းအင်ရရှိသွားတဲ့အတွက် သူတို့ရဲ့ အက်တမ်တွေကနေ လွတ်ထွက်သွားပြီး စတင်ရွေ့လျားလာပါတယ်။ အဲဒီရွေ့လျားမှုကြောင့်ပဲ လျှပ်စီးကြောင်းဖြစ်ပေါ်လာစေတာပါ။ မိုက်ခရိုဝေ့ဖ်လှိုင်းသုံး စွမ်းအင်ထုတ်လွှင့်နည်းနဲ့ လေဆာရောင်ခြည်သုံး စွမ်းအင်ထုတ်လွှတ်နည်းတွေက ရှည်လျားတဲ့ အကွာအဝေးတွေကို ထုတ်လွှင့်နိုင်ပေမဲ့ လေထုထဲက မော်လီကျူးတွေရဲ့ စွမ်းအင်စုပ်ယူတာတွေ၊ အလင်းတန်းဖြန့်ထွက်တာတွေနဲ့ ဘေးကင်းလုံးခြုံမှုဆိုင်ရာ ကန့်သတ်ချက်တွေတော့ ရှိနေပါသေးတယ်။ Long-range wpt နည်းပညာကို အာကာသအခြေပြု နေရောင်ခြည်စွမ်းအင်စနစ်တွေ၊ လူမဲ့ လေယာဥ်တွေ၊ အဝေးထိန်း အာရုံခံစနစ်တွေစတဲ့ နယ်ပယ်တွေမှာ အသုံးချဖို့အတွက် လေ့လာစမ်းသပ်နေကြပါတယ်။ ဒါပေမဲ့ စွမ်းအင်ပျံ့နှံ့ဆုံးရှုံးမှုတွေနဲ့ တိကျတဲ့ အလင်းတန်းထိန်းချုပ်မှုလိုအပ်ချက်တွေကြောင့် အကွာအဝေးများတဲ့နေရာတွေမှာ အစကနေ အဆုံးအထိ စွမ်းအင် ထိထိရောက်ရောက် လွှဲပြောင်းပေးနိုင်ဖို့အတွက် ဆက်လက် သုတေသနတွေပြုလုပ်နေကြဆဲပါပဲ။
Subheading 6 – တက်စလာ့ အိပ်မက်နဲ့ အနာဂတ် ကြိုးမဲ့လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုနည်းပညာ
တက်စလာရဲ့ တစ်ကမ္ဘာလုံးကို ကြိုးမဲ့လျှပ်စစ်စွမ်းအင်ပေးမဲ့ အကြံကတော့ အကွာအဝေးများလာတာနဲ့အမျှ စွမ်းအင်ဆုံးရှုံးတာတွေ၊ ဗို့အားအမြင့်တွေက လူတွေနဲ့ တချို့စက်ပစ္စည်းတွေကို ထိခိုက်စေနိုင်တာတွေ၊ ကမ္ဘာအနှံ့မျှော်စင်ကြီးတွေ ဆောက်ဖို့အတွက် ကုန်ကျစရိတ်တွေနဲ့ နည်းပညာအခက်အခဲတွေကြောင့် ယခုထက်ထိ အိပ်မက်ဆန်တဲ့ အကြံတစ်ခုဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ယနေ့ခေတ် ကြိုးမဲ့လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုနည်းပညာတွေအတွက် တက်စလာရဲ့ တီထွင်မှုတွေက ရှေ့ဆောင်လမ်းပြဖြစ်ခဲ့ပါတယ်။ တက်စလာရဲ့ အိပ်မက်တွေက လက်တွေ့ဖြစ်မလာနိုင်သေးပေမဲ့ ယနေ့ခေတ် ကြိုးမဲ့လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုနည်းပညာတွေအနေနဲ့ စွမ်းအင်ထိထိရောက်ရောက် လွှဲနိုင်ပြီး လက်တွေ့အသုံးချနိုင်တဲ့ နည်းပညာတွေကို ဆက်လက်လေ့လာနေကြပါတယ်။ အခုလောက်ဆိုရင်တော့ ကြိုးမဲ့လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုတဲ့ နည်းပညာတွေအကြောင်းကို သေသေချာချာ သိရှိသွားကြလိမ့်မယ်လို့ ထင်ပါတယ်။ အနာဂတ်မှာ တက်စလာ စိတ်ကူးခဲ့သလိုပဲ တစ်ကမ္ဘာလုံးကို ကြိုးမဲ့လျှပ်စစ်စွမ်းအင်ပေးနိုင်မလားဆိုတာကတော့ စိတ်ကူးယဥ်ကြည့်ဖို့ကောင်းတဲ့ အတွေးလေးတစ်ခုပါပဲ။ ။

