May 20, 2026 | မြန်မာ
Fact Check 1 min read

လူသားတွေက ဆင့်ကဲပြောင်းလဲနေတုန်းလား။

သဘာဝရဲ့ ရွေးချယ်ခြင်းဆိုတာ ဒါဝင့် ဆင့်ကဲပြောင်းလဲမှု သီအိုရီရဲ့ အင်မတန်လှပတဲ့ အစိတ်အပိုင်းတစ်ခုပဲ။ အရိုင်းဆန်တဲ့ လောကကြီးမှာ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်မှသာလျှင် အသက်ရှင်ကျန်ရရိုး ထုံးစံရှိတယ်။ သမိုင်းတစ်လျှောက်မှာလဲ သဘာဝနဲ့ လိုက်လျောညီထွေ အဖြစ်ဆုံး သက်ရှိတွေသာ ရှင်သန်ကျန်ရစ်ခဲ့ရတယ်။ သဘာဝနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ကောင် ပျောက်ကွယ်ရတာပဲ။

လွန်ခဲ့တဲ့ နှစ်သန်း ရာချီ ထောင်ချီတုန်းကလဲပဲ လူသားတွေအနေနဲ့ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင်၊ ရှင်သန်ကျန်ရစ်ခဲ့အောင် ကြိုးစားခဲ့ကြရတာပဲ။ ကာလံဒေသံနဲ့ အံဝင်ခွင်ကျ ဖြစ်မှသာ Survive လုပ်နိုင်တာပါ။ ဒါပေမဲ့ စဉ်းစားစရာတစ်ခုက လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ လူသားတွေက သဘာဝရဲ့ ရွေးချယ်ခြင်းအတိုင်း fit ဖြစ်အောင် .. သဘာဝရဲ့ မျက်နှာသာပေးခြင်း ခံရဖို့ လိုသေးလို့လား။

စဉ်းစားကြည့်ရရင် ကျွန်တော်တို့ ဒီဘက်ခေတ်က အင်မတန် ဖွံ့ဖြိုးတိုးတက်နေပါပြီ။ လူနေမှုစနစ် မြင့်တက်လာတာ၊ နည်းပညာဖွံ့ဖြိုးလာတာ .. အဘက်ဘက်က တိုးတက်လာတာတွေကြောင့် ဟိုးအရင်ကျောက်ခေတ်က ကြုံရတဲ့ ဘေးအန္တရာယ်မျိုး ဒီဘက်ခေတ်မှာ အတော်အတန်လျော့ကျ နည်းပါး သွားပါပြီ။

သဘာဝကိုပါ ပြုပြင်နိုင်စွမ်းရှိလာတဲ့ လူသားတွေက သဘာဝရဲ့မျက်နှာသာပေးမှုနောက် လိုက်ပြီး ဆင့်ကဲပြောင်းလဲမှု ရှိနေဦးမှာလားဆိုတာ စဉ်းစားရ ခပ်ကျပ်ကျပ်ဖြစ်လာတာပေါ့လေ။ ဘာဖြစ်လို့လဲဆိုရင် အသက်ရှင် နေထိုင်နိုင်ဖို့ရာက ရုန်းကန်နေဖို့မှ မလိုတော့တာပဲ။

ဒါပေမဲ့ တော်တော်များများ သတိမပြုမိတာက .. အီဗော်လူးရှင်းက သဘာဝရဲ့ ရွေးချယ်ခြင်းနဲ့ မတူပါဘူး။

―――――――

အီဗော်လူးရှင်း .. ဆင့်ကဲပြောင်းလဲတယ်ဆိုတာ population တစ်ခုက အချိန်တွေ ကြာလာတာနဲ့အမျှ ပြောင်းလဲလာတာလို့ အကြမ်းဖျင်း ပြောလို့ ရတယ်။ ဘာကြောင့် ပြောင်းလဲတာလဲဆိုရင် Selective Pressure ကြောင့်ပေါ့ .. ရွေးချယ်သက်ရောက်တဲ့ ဖိအားလို့ ဘာသာမပြန်ချင်လို့ SC လို့ပဲ သုံးခွင့်ပြုပါ။

SC တွေကြောင့် အီဗော်လူးရှင်း ဖြစ်ရတယ်လို့ ပညာရှင်တွေက ပြောတယ်။ သဘာဝရဲ့ ရွေးချယ်ခြင်း၊ လူရဲ့ ရွေးချယ်ခြင်း၊ လိင်ရဲ့ ရွေးချယ်ခြင်း .. စသဖြင့်ပေါ့။ ဒီထဲမှာမှ သဘာဝရဲ့ ရွေးချယ်ခြင်းကြောင့် ဆင့်ကဲပြောင်းလဲရတာက များပါတယ်။ နမူနာဆိုရင် ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ .. ကျောက်ခေတ်ဦးလူသားတွေက အမဲလိုက်တဲ့အခါ တောတွင်းတိရစ္ဆာန်ရိုင်းတွေရဲ့ အန္တရာယ်ကို အမြဲသတိထားရတယ်။ ထားပါတော့ .. မန်မို့ဆင်ကြီးတွေ လိုက်လို့ ပြေးကြရင် အပြေးသန်တဲ့ သူက အန္တရာယ်က လွတ်မှာပဲလေ။ မပြေးနိုင်တဲ့ သူက သေမှာပါ။ ဒါက သဘာဝရဲ့ ရွေးချယ်ခြင်းပဲ။ ဒီ အပြေးသန်လို့ ရှင်ကျန်ရစ်တဲ့ သူက နောက်ထပ် မျိုးဆက်တစ်ခုကို ထပ်ပွားမယ် .. ဒါဆိုရင် သူ့မျိုးဆက်မှာ အပြေးသန်တဲ့ ဗီဇ ပါကောင်းပါသွားနိုင်တယ်။ ကံကောင်းထောက်မရင် ဒီဗီဇက မျိုးဆက်ပြောင်းလာတာနဲ့ အမျှ ပိုပိုထင်ရှားလာနိုင်ချေ ရှိတယ်။ ဗီဇပြောင်းခြင်းရဲ့ အကျိုးဆက်အနေနဲ့ဆိုရင် ကျွန်တော်တို့ လက်ရှိ လူသားမျိုးနွယ်တွေ အပြေးသန်တဲ့ထဲ ပါလာတယ်။ ဒါ ဆင့်ကဲပြောင်းလဲလာတာပေါ့။

ဒီဘက်ခေတ်ကျတော့ ဆေးတွေ၊ အစားအစာတွေ လိုအပ်ရင် လွယ်လင့်တကူ ရရှိနိုင်တယ်။ ဘာမှ ခက်ခက်ခဲခဲ ရှာဖွေနေစရာ၊ ရုန်းကန်နေစရာမလိုဘူး။ ဒါကြောင့် အီဗော်လူးရှင်းက ရပ်နေပြီလားဆိုရင် ဆင့်ကဲဖြစ်စဉ်က selective pressure တွေ မရှိဘဲနဲ့လဲ ဖြစ်ပွားနိုင်ပါတယ်။ ဥပမာအနေနဲ့ Genetic Drift လို့ ခေါ်တဲ့ ဗီဇပျံ့လွင့်ခြင်းလို ဖြစ်စဉ်မျိုးနဲ့ပေါ့။ အလွယ်ပြောရရင် ဗီဇတစ်မျိုးဟာ အခါအခွင့် သင့်ပြီး ကြုံရာကျပန်း အခြေအနေကြောင့် ဆက်ဆက် ဆင့်ပွားလာတယ်လို့ ပြောနိုင်တယ်။ အဲ့ဒီ မတော်တဆ ကံရဲ့ မျက်နှာသာပေးခြင်း ခံရပြီး ပါလာတဲ့ ဗီဇလေးဟာ မျိုးဆက်တွေ ဆင့်ပွားလာတာနဲ့အမျှ ပိုပိုထင်ပေါ်လာပြီး ဆင့်ကဲပြောင်းလဲတာမျိုးပါ။

―――――――

သာမန် လူတစ်ယောက်က ပျမ်းမျှ အချိန် တစ်မိနစ် နှစ်မိနစ်လောက် သူတို့ အသက်ကို အောင့်ထားနိုင်တယ်။ (ကျွန်တော်ဆို အဆုတ်အား မကောင်းလို့ စက္ကန့် ၃၀ တောင် အနိုင်နိုင်ပါ။)

ဒါပေမဲ့ အရှေ့တောင်အာရှရဲ့ ကျွန်းစုဒေသတစ်ခုက ဘဂျောင် (Bajau) လူမျိုးတွေက ပင်လယ်ရေအနက် ပေ ၂၀၀ လောက်အထိ ရေငုပ်ပြီး ငါးဆင်းဖမ်းတတ်ကြသလို သူတို့တစ်ခါ ရေငုပ်ရင်လဲ အသက်ကို ၁၅ မိနစ်လောက်ထိ အောင့်ထားနိုင်တယ်။ သူတို့က ဘယ်လိုမှ အထူးတလည် လေ့ကျင့်ပြီး ဒီအလေ့အထကို ယူထားတာ မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ရေနဲ့ နီးတဲ့ ပတ်ဝန်းကျင်မှာ နေလို့ ရေကို ကျွမ်းကျွမ်းကျင်ကျင် ကူးနိုင်၊ ငုပ်နိုင်တာမျိုး မဟုတ်ဘဲ မျိုးရိုးစဉ်ဆက်လိုက်ကို ရေကြာကြာငုပ်နိုင်တဲ့ အရည်အသွေးက ပါလာတာ။ သစ်ကုလားအုတ်တွေ လည်ပင်းရှည်သလို .. ပုတ်သင်ညိုတွေ အရောင်ပြောင်းနိုင်သလိုမျိုးကို ဘဂျောင်တွေက ရေငုပ်နိုင်တာပါ။

သမိုင်းတစ်လျှောက်လိုက်ကြည့်တော့ ဘဂျောင်လူမျိုးတွေက လွန်ခဲ့တဲ့ နှစ်သောင်းချီကတည်းက အဲ့ဒီဒေသတစ်ဝိုက်မှာ အခြေချနေထိုင်ခဲ့ကြတာပါ။ ဘဂျောင်လူမျိုးတွေရဲ့ မျိုးနွယ်စုက တစ်ခုတည်းပဲ။ အဲ့ကနေမှ တူညီတဲ့ ဘိုးဘေးတွေက ဆင်းသက်လာတာပါပဲ။ လူမျိုးတွေ ကွဲကုန်တာပေါ့။ ဘဂျောင်တွေ နေတဲ့ နေရာနဲ့ မိုင်အနည်းငယ်အကွာမှာလဲ သူတို့နဲ့ မျိုးနွယ်စုချင်း တူတဲ့ .. အမျိုးစပ်ချင် စပ်လို့ ရနိုင်တဲ့ သူတို့လို ပင်လယ်ပျော်မုဆိုးလူမျိုးတွေ နေထိုင်ကြပေမဲ့ သူတို့လောက်တော့ ရေကြာကြာမငုပ်နိုင်ဘူး၊ ငုပ်နိုင်ဖို့ကိုလဲ ငယ်စဉ်ကတည်းက လေ့ကျင့်ရတယ်။ ဒါဆို ဘဂျောင်တွေကျမှ ဘာလို့ အဲ့လို အရည်အသွေးရှိနေရတာလဲ။

လေ့လာချက်တွေအရ ဘဂျောင်လူမျိုးတွေရဲ့ သရက်ရွက်က ကျွန်တော်တို့ထက် ၅၀ ရာခိုင်နှုန်း ပိုကြီးပါတယ်တဲ့။ သရက်ရွက်ကို အောက်စီဂျင်စုစည်းသိုမှီးရာ ဌာနလို့ ပြောလို့ရတယ်၊ ဘာလို့ဆိုတော့ အောက်စီဂျင်ကို သယ်ဆောင်တဲ့ သွေးနီဥတွေကို သရက်ရွက်က စုစည်းပေးထားတယ်။ သရက်ရွက်အရွယ်အစားကြီးတော့ အသက်ရှူတာက တဆင့် ရလာတဲ့ အောက်စီဂျင်ကို ပိုကြာကြာထိန်းထားနိုင်တဲ့ သဘောပါ။ နမူနာအနေနဲ့ ဝေလငါးတွေမှာဆိုရင် သရက်ရွက်ကြီးကြီး ရှိကြတယ်။

ဟိုးတစ်ချိန်တုန်းက ဘဂျောင်မျိုးနွယ်ဝင် လူတစ်ယောက်မှာ ရေကြာကြာငုပ်နိုင်တဲ့ ဗီဇမျိုး ကံကောင်းထောက်မစွာနဲ့ ပါကောင်းပါလာနိုင်တယ်။ ဒီဗီဇဟာ မျိုးဆက်တွေ အများကြီး အများကြီး ကူးပြောင်းလာပြီးတဲ့ နောက်ပိုင်းမှာ ပိုပြီး ထင်ထင်ပေါ်ပေါ် ရှိလာတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ Founder effect လို့လဲ လူသိများတယ်။ သူတို့ရဲ့ ဒီဗီဇဟာ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်တာကြောင့် သက်ဆိုးရှည်ပြီး မျိုးဆက်တလျှောက် ပါလာတယ်လို့ ပြောကြတယ်။ ဒါဆို အဲ့ဒီ သရက်ရွက်ကြီးတဲ့ ဗီဇက ရေကြာကြာငုပ်ရင်း .. ရေငုပ်လေ့ကျင့်ရင်း ရလာတာမှ မဟုတ်တာ .. ဗီဇပြောင်းလဲခြင်းကြောင့်သာ ရေကြာကြာငုပ်နိုင်လာတာပေါ့။  တစ်နည်းအားဖြင့် ဒီ အီဗော်လူးရှင်းက သဘာဝရဲ့ ရွေးချယ်ခြင်း တစ်ခုတည်းကြောင့် ဖြစ်တာ မဟုတ်ဘူး။

ဘဂျောင်တွေက သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် အတင်းရုန်းကန်နေထိုင်နေရတာ မဟုတ်ဘူး။ သမရိုးကျ နည်းနဲ့ ရေငုပ် ဖမ်းလဲ အဆင်ပြေတာပဲ။ သူတို့အတွက် ဘာ selective pressure မှ ရှိမနေဘူး။ သူတို့ပတ်ဝန်းကျင်က လူမျိုးစုတွေလဲ ရေကြာကြာမငုပ်နိုင်ပေမဲ့ ငါးတော့ လောက်ငအောင် ဖမ်းစားနိုင်ကြသေးတယ်။ ဘဂျောင်တွေမှာတော့ ဘိုးဘေးကနေ အခါအခွင့်သင့်လို့ ပါလာတဲ့ ဗီဇက မျိုးဆက်တွေ ကူးပြောင်းရင်း ပိုထင်ပေါ်လာလို့ ဆင့်ကဲပြောင်းလဲလာရုံပဲ။ Selective pressure မရှိလဲ ဆင့်ကဲပြောင်းလဲနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။

ဒါကြောင့် ဆင့်ကဲပြောင်းလဲတယ်ဆိုတာ သဘာဝရဲ့ ရွေးချယ်ခြင်းတစ်ခုတည်းကြောင့်ပဲ ပြောင်းလဲနေနိုင်တာ မဟုတ်ဘူး။

―――――――

နောက်ထပ် သိသာတဲ့ ဆင့်ကဲပြောင်းလဲမှုတစ်ခု ရှိပါသေးတယ်။

အဲ့တာက အရွယ်ရောက်ပြီးတဲ့ နို့တိုက်သတ္တဝါတိုင်းက နို့ကို သေချာမချေဖျက်နိုင်တာပါ။ လူသားတွေလဲ ဟိုးတစ်ချိန်တုန်းက အလားတူပါပဲ။ လူသားကလေးလေးတွေအနေနဲ့ မိခင် နို့တိုက်ကျွေးတာကို ဖြတ်လိုက်တဲ့ အချိန်ကနေ စပြီး နို့ကိုချေဖျက်နိုင်တဲ့ အန်ဇိုင်းကို ခန္ဓာကိုယ်က ဆက်မထုတ်ပေးတော့ဘူး။ အဲ့ဒီ အန်ဇိုင်းကို လက်တေ့စ် (lactase) လို့ ခေါ်ပါတယ်။ လက်တေ့စ်ဆိုတာက နို့ရည်ထဲမှာ ပါဝင်တဲ့ သကြားဓာတ် လက်တို့စ် (Lactose) ကို ချေဖျက်ပေးနိုင်တဲ့ အန်ဇိုင်းတစ်မျိုးပဲ။ ဒီအန်ဇိုင်းကို ခန္ဓာကိုယ်က ဆက်မထုတ်တော့တဲ့ အခါကျ အရွယ်ရောက်တဲ့အချိန်ကျလို့ နို့သောက်ရင် အော့အန်တာတွေ၊ ဝမ်းပျက်ဝမ်းလျှောတာတွေ ဖြစ်တတ်ကြတယ်။ တခြား နို့တိုက်သတ္တဝါတွေမှာလဲ ဒီပြဿနာကြုံရတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ – ၁၀၀၀၀ လောက်က စပြီး ဥရောပဒေသမှာ နို့ထွက် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေ စတင်လာတော့ နို့သောက်တိုင်း ပြဿနာတွေက စတာပဲ။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ဥရောပဒေသက လူတော်တော်များများမှာ ဗီဇပြောင်းလဲမှု ဖြစ်ပေါ်ခဲ့တယ်။ ဥရောပမြောက်ပိုင်းလိုမျိုး နေရောင်ခြည် ကျရောက်တာ နည်းတဲ့ ဒေသတွေမှာဆိုရင် လူတွေအနေနဲ့ ဗီတာမင် ဒီ ဓာတ် ချို့ယွင်းတယ်။ အဲ့ဒီတော့ လိုအပ်တဲ့ ဗီတာမင် ဒီကို နို့သောက်ပြီးတော့ ဖြည့်တင်းကြရတယ်၊ နို့မှာ ဗီတာမင် ဒီ ပါတာကိုး။

ဒီလို ဓာတ်လိုအပ်ချက်ကြောင့် သောက်ရတဲ့အခါကျ ခန္ဓာကိုယ်ကလဲ ချေဖျက်ပြီး လိုအပ်တဲ့ စွမ်းအင်ကို ရနိုင်ဖို့က လက်တေ့စ်အန်ဇိုင်းကို ပြန်ထုတ်ပေးမှ ရတော့မယ်။ အဲ့ဒီအခါကျ ဆဲလ် နျူးကလီးယပ်စ်ရဲ့ ဒီအန်အေအတွင်းက လတ်တေ့စ်ထုတ်ပေးတဲ့ အန်ဇိုင်းက ပြန်ပွင့်လာရတယ်။ အကျိုးဆက်အနေနဲ့ ဥရောပဒေသက လူ ၇၀ ရာခိုင်နှုန်းလောက်က အခုချိန်အထိ နို့ကို ဘယ်လို ပြဿနာမှ မကြုံရဘဲ အေးအေးဆေးဆေးသောက်နိုင်တယ်။

အကယ်၍ အတိတ်မှာ စားနပ်ရိက္ခာပြတ်လပ်မှုတွေ၊ အစာရေစားရှားပါးမှုတွေနဲ့ ကြုံခဲ့ရတယ်ဆိုပါတော့ .. နွားနို့တွေက အလွယ်တကူရနိုင်တဲ့ ဓာတ်ဖြည့်အစားအစာပဲ။ အငတ်ဘေးဆိုက်နေချိန်မှာ နွားနို့ကို မချေဖျက်နိုင်လို့ သောက်မရတဲ့သူတွေက အငတ်ဒဏ်ကြောင့် သေသွားခဲ့ပြီး ဗီဇပြောင်းလဲမှုကြောင့် နွားနို့ကို ချေဖျက်သုံးစွဲနိုင်တဲ့ သူတွေက ကျန်ရှိခဲ့မှာပါပဲ။ ဒီလို selective pressure ကြောင့် အရွယ်ရောက်တဲ့အချိန်ထိ လတ်တေ့စ်အန်ဇိုင်း ဆက်ထုတ်ပေးနိုင်တဲ့ ဗီဇကပဲ မျိုးဆက်တစ်ခုနဲ့ တစ်ခု ကူးပြောင်းပါရှိသွားပြီး ပိုထင်ရှားလာကာ ဆင့်ကဲခဲ့ရတာပါ။

________

ရောဂါပိုးကူးစက်မှုတွေမှာလဲ အလားတူပဲ။

အတိတ်မှာလဲ နှစ်ပေါင်း အများကြီး ကြာခဲ့တဲ့ ရောဂါပိုးပျံ့နှံ့မှုကြီးတွေ ရှိခဲ့တယ်။ ဗိုင်းရပ်စ်နဲ့ ယှဉ်မဖိုက်နိုင်တဲ့ ခုခံအားစနစ်ကို ပိုင်ဆိုင်ထားရင်တော့ သေကြရမှာပါပဲ။ အကယ်၍ population တစ်ခုမှာသာ အချိန်တွေ ကြာလာတာနဲ့အမျှ ကိုယ်ခံအားစနစ်က ဒီရောဂါပိုးကို ယဉ်ပါးလာသည်သော လည်းကောင်း၊ တန်ပြန်တိုက်ခိုက်လာနိုင်တာသော် လည်းကောင်း .. တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီဗီဇက တခြားမျိုးဆက်တွေမှာပါ လက်ဆင့်ကမ်းပြီး ပါရှိသွားကြတယ်။ ဒီရောဂါကို ဖြတ်ကျော်နိုင်ခဲ့သူတွေက သူတို့ရဲ့ ဗီဇကို ထပ်ဆင့်မျှဝေရင်း ဆင့်ကဲခဲ့တာပေါ့။

ဟိုးအရင်ကဆိုရင် ဘာမဟုတ်တဲ့ သာမန်နှာစေးချောင်းဆိုး၊ ဝမ်းပျက် ဝမ်းလျှောကြောင့်နဲ့တောင်မှ လူတွေ တဖြုတ်ဖြုတ် သေဆုံးကြရတယ်။ ဒီအကြောင်းကို အခုချိန်ပြောရင်တော့ ရယ်ချင်စရာပေါ့။ နှာစေးရင် ပါရာစီတမော့လေး သောက်ပြီး တမှေးအိပ်လိုက်ရုံနဲ့ အဆင်ပြေသွားတဲ့ ဥစ္စာကိုပဲလို့ ပြောချင်စရာရှိတယ်။

ဒါကြောင့်ပဲ ဟိုးအရင်က ပွဲကြမ်းခဲ့တဲ့ ဗိုင်းရပ်စ်တွေက ကျွန်တော်တို့နဲ့ မတိုးတော့ဘူး။ ဗိုင်းရပ်စ်မျိုးကွဲတွေဆိုရင် အစတော့ အနည်းငယ် ထိပေမဲ့ အချိန်ကြာတော့ အဆင်ပြေသွားတာပဲလေ။

ဒါကြောင့် အချိန်တွေ ကြာလာတာနဲ့အမျှ Selective pressure တွေကလဲ တူညီမှာ မဟုတ်လို့ မတူညီတဲ့ အခြေအနေအသစ်တွေတဲ့ လိုက်လျောညီထွေ ပြေလည် ရှင်သန်နေထိုင်အောင် သက်ရှိတိုင်းက ဆင့်ကဲပြောင်းလဲနေရပါတယ်။ လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲမှုဟာလဲ ဘယ်သောအခါမှ ရပ်တန့်မှာ မဟုတ်ပါဘူး။

Share Facebook Telegram Email
Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min
Managing Editor Fact Hub Editor Team

Leave a Reply

Your email address will not be published. Required fields are marked *

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.