ယခုတပတ် fact check လုပ်ပေးချင်တဲ့ အကြောင်းအရာကတော့ လူသားတွေဟာ ဦးနှောက်ရဲ့ ၁၀% နှုန်းကိုပဲ အသုံးပြုနိုင်ပြီး ကျန် ၉၀% ကိုတော့ လက်တွေ့အသုံးပြုနိုင်ခြင်းမရှိဘူးဆိုတဲ့ အယူအဆမှား conspiracy theory တစ်ခုအကြောင်းကိုပါ။ ဒီသီအိုရီက သိပ္ပံတု၊ သိပ္ပံယောင်တွေထဲမှာ အတော်အတန်ထင်ရှားတာဖြစ်ပြီး သိပ္ပံကိုအခုမှစတင်လေ့လာတဲ့သူတွေအတွက် အယုံလွယ်နိုင်တဲ့ ဂျင်းထည့်မှုတစ်ခုဖြစ်ပါတယ်။ ဒီအကြောင်းအရာက ဘာလို့မှားတယ်ဆိုတာကို ဦးနှောက်ရဲ့ အလုပ်လုပ်ပုံတွေနဲ့ neuroscience နယ်ပယ်ကနေ ချဉ်းကပ် ကြည့်ကြရအောင်ပါ။ အချက်အလက်စစ်ဆေးတဲ့နည်းနဲ့ စတင်ကြပါမယ်။
အချက်အလက်တစ်ခုကို ဟုတ်၊ မဟုတ် ကနဦးစစ်ဆေးတဲ့အခါမှာ အဲ့ဒီအကြောင်းအရာရဲ့ ရင်းမြစ်ကို လိုက်ရပါတယ်။ ဒီယုံတမ်းရဲ့ စတင်ရာနေရာကို လိုက်စစ်ဆေးကြည့်တဲ့အခါမှာလည်း ယုံကြည်ရတဲ့ရင်းမြစ်တွေကနေ ဖော်ပြထားတာမျိုးမရှိပါဘူး။ ပြည်တွင်းမှာ စတင်ပြန့်နှံ့တာကို သတိထားမိသလောက် ‘Lucy’ ဆိုတဲ့ စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်ကနေစတယ်လို့ ခန့်မှန်းရပါတယ်။ အဲ့ဒီရုပ်ရှင်ရဲ့ concept အရတော့ လူတိုင်းက ဦးနှောက်ရဲ့ ၁၀% ကိုပဲ အသုံးပြုနိုင်တယ်၊ တဖြည်းဖြည်းနဲ့ ရာခိုင်နှုန်းတွေ တိုးတိုး သုံးလာရင်း ဉာဏ်ရည်မြင့်လာတယ်၊ ဉာဏ်အလင်းပွင့်လာတယ်ဆိုတဲ့ myth ကိုအခြေခံထားပါတယ်။ အဲ့ဒီအခါ ဒီရုပ်ရှင်ကနေ နာမည်စကြီးလာတဲ့ myth ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီလိုမျိုး ရုပ်ရှင်တွေကနေ မြစ်ဖျားခံပြီး နာမည်ကြီးလာတဲ့ အခြား သိပ္ပံတု၊ သိပ္ပံယောင်တွေကလည်း အရှေ့အရှေ့တွေမှာ အများကြီးရှိပါတယ်။
အခုခေတ်မှာ neuroscience နဲ့ neuroimaging နည်းပညာ၊ Brain Image technique တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ CT scan တွေ၊ fMRI နဲ့ PET scanning တွေကတဆင့် ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ လေ့လာမှုတွေကို ပိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာနိုင်ပါပြီ။ PET (Positron Emission Tomography) စကင်န်နည်းပညာမှာဆိုရင် ဦးနှောက်အတွင်းက ပိုစီထရွန်ပါတစ်ကယ်ထုတ်လွှတ်မှုကို လိုက်လံရှာဖွေနိုင်တဲ့ ရေဒီယိုသတ္တိကြွ အိုင်စိုတုပ်ကိရိယာလေးကို ဦးနှောက်ထဲကို glucose အရည် အနေနဲ့ ထည့်လိုက်ပါတယ်။ Glucose ဆိုတာ သကြားအရည်တစ်မျိုးပါ။ အဲ့ဒီအရည်ကလေးအထဲမှာ အင်မတန်နည်းပါးတဲ့ ရေဒီယိုသတ္တိကြွ material လေးထည့်ပေးလိုက်ပါတယ်။ အဲ့ကနေမှတဆင့် PET scanner စက်ကနေ အဲ့ဒီ glucose အရည်ကို ဦးနှောက်ရဲ့ ဘယ်အပိုင်းက ဆဲလ်တွေက ယူသုံးလဲဆိုတာကို ဦးနှောက်ကထုတ်လွှတ်တဲ့ ပိုစီထရွန် (Positron) ပါတစ်ကယ်လေးတွေကနေ ခြေရာခံပါတယ်။ ဦးနှောက်မှာရှိတဲ့ဆဲလ်တွေက အလုပ်လုပ်ရလေ ပိုစီထရွန်များများထွက်လေဖြစ်တာကြောင့် ခုနက glucose အရည်ထဲက ဂမ်မာရောင်ခြည်သတ္တိကြွမှုတွေထဲမှာ ရှိနေတဲ့ ပိုစီထရွန်ကို ခြေရာခံပြီးတော့ ကွန်ပြူတာကနေတဆင့် သုံးဘက်မြင်ပုံရိပ်တွေ ထုတ်ပေးပါတယ်။ The Journal of Neuroscience နဲ့ Neuroimage တို့မှာ တင်ထားတဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ သုတေသနစစ်တမ်းအရ ဦးနှောက်အတွင်းမှာရှိနေတဲ့ အစိတ်အပိုင်းတွေဟာ နားနေတဲ့အချိန်အတွင်းမှာတောင် ၅၀% အောက်မလျော့တဲ့ လုပ်ဆောင်မှုမျိုးကို လုပ်နေရတယ်လို့ ဆိုပါတယ်။ ဦးနှောက်ပိုင်ရှင်တွေရဲ့ လုပ်နေတဲ့ အလုပ်အသီးသီးပေါ်မူတည်ပြီး ရာခိုင်နှုန်းအတက်အကျရှိသလို သူလိုငါလို ရှင်သန်နေထိုင်နေတဲ့လူတွေရဲ့ ဦးနှောက်အသုံးပြုမှုနဲ့ active ဖြစ်မှုက ၁၀% ထက် အများကြီး ပိုတဲ့ပမာဏမှာရှိတယ်လို့ စာတမ်းထဲမှာ ဖော်ပြထားပါတယ်။ ကျန်းမာတဲ့လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ အိပ်နေတဲ့အချိန်အတွင်းမှာတောင် ခန္ဓာကိုယ်အတွင်းက ဇီဝဖြစ်စဉ်တွေကို ထိန်းချုပ်ညွှန်ကြားရတာမျိုးရှိတာကြောင့် active ဖြစ်နေမှာပါ။ ယုတ်စွအဆုံး ဖွံ့ဖြိုးမှုနည်းပါးတဲ့၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါဝေဒနာမျိုးခံစားနေရတဲ့ ရောဂါသည်တွေ၊ အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန် ရောဂါဝေဒနာသည်တွေတောင် သူတို့ရဲ့ဦးနှောက်ကို ၁၀% ထက်ပိုပြီး အသုံးပြုရတယ်လို့ ဆိုပါတယ်။
ဆင့်ကဲသမိုင်းဘက်က ရှု့ထောင်နဲ့ကြည့်မယ်ဆိုရင်လည်း ဆင့်ကဲဖြစ်စဉ်တောက်လျှောက်မှာ သက်ရှိတွေအတွက် မလိုအပ်တဲ့အစိတ်အပိုင်းတွေက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားကြရတာ ထုံးစံပါပဲ။ ရှေးဦးမျောက်ဝံတွေမှာ အမြီးရှိပေမယ့် ခါးမတ်မတ်နဲ့ လက်ကိုဟန်ချက်ညီ လွှဲပြီး အချိုးကျ လမ်းလျှောက်နိုင်တဲ့ ဟိုမိုဆေးပီးယမ်းတွေမှာဆိုရင် အရင်တုန်းက ခန္ဓာကိုယ်ကို handle လုပ်နိုင်ဖို့ သုံးတဲ့အမြီးဟာ မလိုအပ်တော့တဲ့အတွက်ကြောင့် အချိန်ကြာညောင်းလာတာနဲ့အမျှ ပျောက်ကွယ်သွားကြရပါတယ်။ အကယ်၍ လူသားတွေသာ ဦးနှောက်ရဲ့ ၁၀% ကို အသုံးပြုနိုင်မယ်ဆိုရင် ကျန်တဲ့ပိုနေတဲ့ ၉၀% က အစိတ်အပိုင်းတွေဟာ ကာလကြာရှည်အသုံးမပြုဘူးဆိုရင် အချိန်တစ်ခုရောက်လာတာနဲ့အမျှ ဦးနှောက်ရဲ့ အရွယ်အစားက သေးငယ်လာရမှာ ဖြစ်ပါတယ်။ Natural selection အရပေါ့။
Microstructural သုတေသနအရလည်း ဦးနှောက်ရဲ့ အတွင်းထဲက အစိတ်အပိုင်းတစ်ခုထဲကို electrode တစ်ခုထည့်ပြီး အဲ့ဒီဆဲလ်တွေ အလုပ်လုပ်တာမျိုး ရှိလားစမ်းဖူးပါတယ်။ အကယ်၍သာ ဦးနှောက်ရဲ့ ၉၀% က မသုံးဖြစ်တဲ့အစိတ်အပိုင်းအပိုတွေ ဖြစ်မယ်ဆိုရင် အဲ့ဒီကိရိယာရဲ့ စမ်းသပ်ချက်မှာ ရှိတဲ့ ဆဲလ်ု အလုပ်မလုပ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့တာက အလုပ်ဖြစ်နေတယ်လို့ ဦးနှောက်အာရုံကြောဆိုင်ရာ သုတေသနပညာရှင်ဖြစ်တဲ့ ဘယ်ရီဘေရာစတိုင်း (Barry Beyerstein) က အတိအကျပြောပါတယ်။
ကျွန်တော်တို့ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေ၊ လုပ်ငန်းဆောင်တာတွေနဲ့ မမြင်ရတဲ့ဇီဝဖြစ်စဉ်တွေအကုန်လုံး ယန္တရားကျကျလည်ပတ်နိုင်ဖို့အတွက် ဦးနှောက်ဟာ သူ့နေရာနဲ့သူ သူ့အစိတ်အပိုင်းနဲ့သူ အလုပ်လုပ်နေရတာ ဖြစ်ပြီး အပိုရှိနေတဲ့အစိတ်အပိုင်းဆိုတာ မရှိပါဘူး။ ဒါ့အတွက်ကြောင့် ဦးနှောက်ရဲ့ ၁၀% ကိုသာ လူသားတွေအနေနဲ့ အသုံးပြုနိုင်တယ်ဆိုတာဟာ အချက်အလက်မှားတစ်ခုဖြစ်ပါတယ်။
ကောမန့်မှာ ၁၀% ကိုပဲ အသုံးပြုနိုင်တဲ့ ဦးနှောက်ရဲ့ PET scan နဲ့ ပုံမှန်ဦးနှောက်တစ်လုံးရဲ့ scan ကို ယှဉ်တွဲပြသပေးထားပါမယ်။
အပတ်စဉ်သောကြာနေ့တိုင်း အချက်အလက်စစ်ဆေးတဲ့ ဆောင်းပါးတစ်ပုဒ် မျှဝေလေ့ရှိပါတယ်။ ဒီနေ့လည်း ဒီဇိုင်းနောက်တစ်ခုလုပ်ဖို့ အချိန်အဆင်မပြေဖြစ်တာနဲ့ ပေ့ခ်ျနှစ်ခုစလုံးမှာ publish လုပ်လိုက်ပါတယ်။ ထုံးစံအတိုင်း ပေ့ခ်ျကိုရီဗျူးလေးဝင်ရေးပေးဖို့လည်း တောင်းဆိုချင်ပါတယ်။
Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People.
With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.
Article Credits
Written by
Zwe Thukha Min
Managing Editor
Fact Hub Editor Team